"အစိုးရအလွှဲအပြောင်းကာလအတွင်း ခွင့်ပြုလိုက်သော
လုပ်ငန်းကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ချို့က
စီမံကိန်းများကို ပြန်လည်စိစစ်မည်ဟုဆိုလာ"
၁။ "အစိုးရအပြောင်းအလဲမတိုင်မီ ရက်ပိုင်းအလိုတွင်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အကြီးစားရင်းနှီး
မြှုပ်နှံမှု လုပ်ငန်း ၄၈ ခုကို ခွင့်ပြု"
ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ လက်ကျန်
သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်းတွင်အပန်းဖြေစခန်း၊
ရုံးခန်းအဆောက်အအုံ၊ ဆိပ်ကမ်းဆောက်လုပ်ရေး၊
စက်ရုံအလုပ်ရုံ နှင့်လမ်းပြုပြင်ရေးစီမံကိန်းများ
ပါဝင်သည့် အကြီးစား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခုကို
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က
ခွင့်ပြုလိုက်သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် လစဉ်ပြုလုပ်သော
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင့်ပြုရေးဆိုင်ရာ
အစည်းအဝေးများ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခုမှ
၂၀ အထိသာ အများဆုံးခွင့်ပြုလေ့ရှိသော်လည်း
အစိုးရ သက်တမ်း၏ နောက်ဆုံး ခွင့်ပြုမိန့်အဖြစ်
စီးပွားရေးလုပ်ငန်း အမြောက်အမြားကို
ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
မတ်လ ၂၅ ရက်နေ့ အစည်းအဝေးဆုံးဖြတ် ချက်အရ
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည်လုပ်ငန်းပေါင်း ၄၈ခု
ကိုခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု
ဦးစီးဌာန၏တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာပေါ်တွင်
မတ် ၂၈ ရက်က ထုတ်ပြန် ဖော်ပြခဲ့သည်။
ထိုကဲ့သို့လုပ်ငန်းအမြောက် အမြားကို ခွင့်ပြုခဲ့ခြင်းနှင့်
စပ်လျဉ်း၍ တာဝန်ရှိသူများထံ မြန်မာတိုင်း(မ်)က
ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ
အတည်ပြုခဲ့ခြင်း မရှိခဲ့ပေ။
ခွင့်ပြုခဲ့သည့်လုပ်ငန်းများအနက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ် စီမံကိန်းလည်း ပါဝင်ခဲ့သည်။နိုင်ငံသားရင်းနှီးမြှုပ်နှံ
မှုလုပ်ငန်းအဖြစ် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့်သင်္ဘောဆိပ်
ဧရိယာများတွင် လိုအပ်သောအခြေခံအဆောက်အအုံများ
ဖွံ့ဖြိုးရေးတည်ဆောက်မှုစီမံကိန်းအတွက် အစိုးရတင်ဒါ
အောင်နိုင်သူဖြစ်သောထိပ်သီးစီးပွားရေးလုပ်ငန်းရှင်
စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ကောင်းမြန်မာအောင်
သင်္ဘောလိုင်းကုမ္ပဏီကို ခွင့်ပြုခဲ့သည်။
ဦးခင်မောင်အေး၏ ကုမ္ပဏီခွဲတစ်ခုဖြစ် သော
New City Development ကုမ္ပဏီကလည်းရန်ကုန်မြို့၊
အရှေ့ဒဂုံမြို့နယ်အတွင်း အပေါ့စား ကုန်ထုတ်လုပ်မှု
စက်မှုဇုန် စီမံကိန်းနှင့် အခြားကုမ္ပဏီခွဲတစ်ခုဖြစ်သည့်
ကေတုမတီကုမ္ပဏီက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့
အတွင်းစီးပွားရေးလုပ်ငန်းများ ဆိုင်ရာ စက်မှုဇုန်
တည်ဆောက်ငှားရမ်းခြင်း ဆိုင်ရာ စီမံကိန်းနှစ်ခုကို
ရင်းနှီးမြှုပ်နှံခွင့် ရရှိခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ နောက်ဆုံးပိတ်
ခွင်ပြုချက်များနှင့်စပ်လျဉ်း ၍ မကြာမီ တာဝန်ထမ်းဆောင်
တော့မည့် အစိုးရသစ်အဖွဲ့သည် တစ်စုံတစ်ရာသိရှိခြင်း
မရှိသေးဘဲ လက်ရှိအစိုးရအဖွဲ့၏ လုပ်ငန်းစဉ်များ
အဖြစ်သာ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင်
ဦးဟံသာမြင့်က ပြောသည်။
နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဖြစ်
New Downtown Development Public ကုမ္ပဏီက
နန်းသီတာဆိပ်ကမ်းနယ်မြေအတွင်း ဈေးဝယ်စင်တာများ၊
လက်လီအရောင်းဆိုင်များနှင့် ရုံးခန်းများပါဝင်သည့်
စီမံကိန်း ကို ခွင့်ပြုချက်ရရှိသည်။
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းဖြစ်သည့်
New StrandDevelopment ကုမ္ပဏီက အလုံမြို့နယ်ရှိ
အမှတ်(၁)အလုံဆိပ်ကမ်းနှင့် ကုန်တင်ကုန်ချ ဆိပ်ကမ်း
နေရာများတွင် ရုံးခန်းအဆောက် အအုံများ၊ လက်လီ
အရောင်းဆိုင်များ၊ ဟိုတယ်ဝင်းနှင့်
ဝန်ဆောင်မှုတိုက်ခန်းများ ပါဝင်သည့်
စီမံကိန်းများကို အသီးသီး လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
ခိုင်ဦးကုမ္ပဏီလီမိတက် သည်လည်း
သန်လျင် - ကျောက်တန်းမြို့နယ်ရှိ သီလ၀ါ ဆိပ်ကမ်း
မြေကွက် အမှတ် ၂၃ နယ်မြေအတွင်း ကုန်တင်ကုန်ချ
ဆိပ်ကမ်းများနှင့် ဆိပ်ခံတံတားတည်ဆောက်ရေး
လုပ်ငန်းများ လုပ်ကိုင်ရန်နှင့် သီလ၀ါ ဆိပ်ကမ်းဧရိယာ
မြေကွက်အမှတ် ၂၇ တွင် ဆိပ်ခံတံတား၊ အခြားသော
အဆောက်အအုံ တည်ဆောက် ရေးစီမံကိန်းများကို
သီလ၀ါအများပိုင်ကုမ္ပဏီ ၏ မြန်မာဘက်ကုမ္ပဏီတစ်ခု
ဖြစ်သော မြန်မာနိုင်ငံ စားသုံးဆီလုပ်ငန်းဆိုင်ရာ
အများပိုင် ကုမ္ပဏီက ရရှိခဲ့သည်။
ဟိုတယ်လုပ်ငန်းကဏ္ဍအတွက် တနင်္သာရီ တိုင်းဒေသကြီး၊
ထားဝယ်ခရိုင်၊မြင်သာမြို့၊ ထီးခီးကျေးရွာတွင်
ဟိုတယ်လုပ်ငန်းတစ်ခုရင်းနှီးမြှုပ်နှံနိုင်ရန် နိုင်ငံခြားလုပ်ငန်း
တစ်ခု ဖြစ်သည့်Pongpipat Developmen ကုမ္ပဏီ ကို
ခွင့်ပြုပေးခဲ့သည်။
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ရှိ မြေအကျယ်အ၀န်း
၁၁ ဒသမ ၇၅၃ ဧက ပေါ်တွင် ဟိုတယ်၊ ရုံးခန်း၊ လက်လီ
ဝန်ဆောင်မှုတိုက်ခန်းများနှင့် အခြားစီးပွားရေးဆိုင်ရာ
အဆောက်အအုံ များပါဝင်သည့် စီမံကိန်းကိုလည်း
KT Developmentကုမ္ပဏီကလီမိတက်က ရရှိခဲ့ခြင်း
ဖြစ်သည်။
ထို့အပြင် HanTharwady Development Public ကုမ္ပဏီ
လီမိတက်က ပဲခူးတိုင်း၊ အင်းတကော်ဒေသ၊ရန်ကုန်-ပဲခူး
အမှတ်(၂) လမ်းမအနီးရှိ မြေဧရိယာ၂၄၅၅ ဒသမ ၇၇ ဧက
အတွင်း အဆင့်မြင့်အိမ်ရာစီမံကိန်း တစ်ခုကို လုပ်ကိုင်ခွင့်
ရရှိခဲ့သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ယခင်ကလက်ခစား
လုပ်ငန်းများအစား စက်မှုဇုန်၊ အိမ်ရာတည်ဆောက်ရေး၊
ဟိုတယ် လုပ်ငန်း၊ ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်း
များကို အများဆုံးခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများ ဖြစ်သော
Mya Kan Engineering၊ ထူးနိုင် လင်းနှင့် လင်းရွှေစင်
ကုမ္ပဏီသုံးခုသည်လမ်းခင်းကျောက်ထုတ်လုပ်ရေးနှင့်
ဖြန့်ဖြူးရေး လုပ်ငန်းကို ရရှိခဲ့ပြီး၊ စင်ကာပူအခြေစိုက်
Sembcorp ကော်ပိုရေးရှင်းက ပြည်တွင်းကုမ္ပဏီနှင့်
ပူးတွဲ၍ မြင်းခြံသဘာဝဓာတ်ငွေ့သုံးလျှပ်စစ် ဓာတ်အားပေး
စက်ရုံစီမံကိန်းနှင့် မလေးရှား နိုင်ငံက OCK သည်
ဆက်သွယ်ရေးနှင့်အခြေခံ အဆောက်အအုံ
တည်ဆောက်ရေးလုပ်ငန်းကို ရရှိခဲ့ပြီး
ရွှေသံလွင်ကုမ္ပဏီအုပ်စုနှင့်ဂျပန် နိုင်ငံက ANA Holdings
တို့က Asian Blue လေကြောင်းလိုင်းသစ်
တည်ထောင်ခွင့်ကိုရရှိခဲ့သည်။
ဦးသိန်းစိန်အစိုးရတာဝန်ယူခဲ့သည့် ငါးနှစ်တာကာလအတွင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၂၃ ဒသမ ၄၁၄
ဘီလျံ ကျော် တန်ဖိုးရှိလုပ်ငန်းများကို ခွင့်ပြုပေးခဲ့သည်။
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများအဖြစ် လည်း ၁၉၈၈ ခုနှစ်မှ
လက်ရှိ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ လုပ်ငန်းပေါင်း
၁,၁၂၉ ခုအတွက် ကျပ်ငွေ ၈,၀၅၀ ဒသမ ၂၂၉ ဘီလျံ
ကျော် တန်ဖိုးရှိလုပ်ငန်းများကို ခွင့်ပြုပေး ထားကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက
ထုတ်ပြန် ထားသည်။
(ကလဲဟမ်မွန်းနှင့်ထင်လင်းအောင်)
***
၂။ "အစိုးရအလွှဲအပြောင်းကာလတွင် မန္တလေး၌ ခွင့်ပြုခဲ့သည့်
စီမံကိန်းများ ပြန်လည်စိစစ်မည်"
မန္တလေးတိုင်းဒေသကြီးအစိုးရသစ်လက်ထက် ပထမဦးစားပေး
အဖြစ် အစိုးရအလွှဲအပြောင်းကာလ ခွင့်ပြုခဲ့သည့် စီမံကိန်း
များကို ပြန်လည်စိစစ်မည် ဖြစ်ကြောင်း ၀န်ကြီးချုပ်
ဒေါက်တာ ဇော်မြင့်မောင်ကပြောကြားသည်။
‘‘မန္တလေးတိုင်းမှာ စီမံကိန်းချပြီး မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ
ရှိသလား။ နောက်ပြီး အသစ်လုပ်တဲ့ စီမံကိန်းတွေ၊ ဒါတွေက
ပြည်သူကို အကျိုးရှိသလား၊ မရှိ ဘူးလား။ အာဏာ
လွှဲပြောင်းခါနီး တစ်လအလို၊ ပြည်ထောင်စုလွှတ်တော်မှာ
အာဏာလွှဲပြောင်းနေတဲ့ အချိန်မှာတောင်မှ စာချုပ်တွေ
ချုပ်သွားတာ ဒီမှာအများကြီးပဲ။ ခင်ဗျားတို့ ပိုသိပါတယ်။
အဲဒီဟာတွေဟာ တကယ်ပဲ ပြည်သူကို အကျိုးရှိသလား၊
မရှိဘူးလား ဆိုတဲ့ ဆန်းစစ်ချက်ကတော့ ကျွန်တော်
အရင်ဆုံးလုပ်ရလိမ့်မယ် ထင်တယ်’’ဟု
ဒေါက်တာဇော် မြင့်မောင်က မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ်အဖြစ် မတ်လ ၃၁ ရက် က ကျမ်းသစ္စာ
ကျိန်ဆိုပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို
ဖြေကြားသည်။
လောလောလတ်လတ် ခွင့်ပြုပေးထားခဲ့သည့် စီမံကိန်းများကို
ပညာရှင်များဖြင့် အမြန်ဆုံး စိစစ်မည်ဖြစ်သည်ဟု ၎င်းက
ဆိုသည်။ သို့သော် ဥပဒေပြဋ္ဌာန်းချက်များအရ
* အစိုးရတစ်ရပ်က စာချုပ်ချုပ်ဆိုခွင့်ပြုပေးခဲ့သည့် လုပ်ငန်း
စီမံကိန်းများကို နောက်တက်လာမည့် အစိုးရက
အလွယ်တကူ ပယ်ဖျက်၍မရဘဲ ဆက်လက်လုပ်ကိုင်ရမည်
ဖြစ်ပြီး စာချုပ်ပြင်ဆင်ချုပ်ဆိုခြင်း၊ ပြန်လည်ညှိနှိုင်းခြင်း
မျိုးသာပြုလုပ်နိုင်မည်ဖြစ်သည် * ဟုဆိုသည်။
‘‘အစိုးရဟောင်းက ချုပ်သွားတဲ့ စာချုပ်၊ အစိုးရသစ်က
လက်ဆင့်ကမ်းသယ်ဆောင်ရတယ်လေ။ ဒါက ထုံးစံပဲလေ။
ဒါပေမဲ့ TERMS AND CONDITION မှာပါတဲ့ဟာတွေ
ကိုတော့ ကျွန်တော်တို့ပြင်ခွင့်ရှိရမယ်။ သိပ်နစ်နာတဲ့
ဟာကြီးတွေကိုတော့ ကျွန်တော်တို့က လက်သင့်ခံလို့မရဘူး။
ဒါ ကတော့ ညှိယူရမှာပေါ့ဗျာ။ အပ်ကျမပ်ကျ မပြောနိုင်တာ
အဲဒါပါ။ ဘာလို့လဲဆိုတော့ ဒီဟာတွေကို Analysis လုပ်ဖို့
ပညာရှင်အဖွဲ့ လိုတယ်။ ကမန်းကတန်းနဲ့ မြန်မြန်ဆန်ဆန်
လည်း လုပ်ရမယ်လေ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့
တိုင်းဒေသကြီးနဲ့ ဆိုင်တယ်လေ။ နစ်နာမယ့်လူတွေက
အများကြီးလေဗျာ။ အဲဒါက တကယ်ပဲ အကျိုးရှိတယ်
ဆိုရင်တော့ ဆက်လုပ်ပေါ့။ အကျိုးမရှိဘူးဆိုရင်တော့
ညှိကြတာပေါ့။ ဆွေးနွေး ကြတာပေါ့’’ဟု ၎င်းကဆိုသည်။
(မောင်တာ)
***
၃။ ဧရာဝတီတိုင်းဝန်ကြီးချုပ် တာဝန်ယူမည့် မန်းဂျော်နီ
စီမံကိန်းများပြန်စစ်မည်"
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ယူမည့်
မန်းဂျော်နီက ပွင့်လင်းမြင်သာသည့် စိမံကိန်းများ
ဟုတ်မဟုတ်ကို ပြန်စိစစ်သွားမည်ဖြစ်ကြောင်း ပြောသည်။
" ပြည်သူတွေကို သိအောင်အားလုံးအသိပေးရမယ်၊
နိုင်ငံနဲ့နိုင်ငံတော် အကျိုးဖြစ်လား၊အစိုးရအကျိုးကြီးပဲမရဘူး၊
ပြည်သူအကျိုးအတွက်ဖြစ်ရမယ်၊ပြည်သူမကြိုက်ရင်
မလုပ်ဘူး"ဟု ဝန်ကြီးချုပ်သစ် မန်းဂျော်နီက
မဇ္ဈိမသို့ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရ ပထမသက်တမ်းတွင်
ငပုတောမြို့နယ်၊ငရုပ်ကောင်းမြို့နယ်ခွဲတွင် တည်ဆောက်ရန်
လျာထားသည့် ကျောက်မီးသွေးစက်ရုံအား ဒေသခံများက
တည်ဆောက်ရန်ကန့်ကွက်မှုများဖြစ်ခဲ့သည်။
တိုင်းဒေသကြီးဖွံဖြိုးရေးနှင့်ပတ်သက်ပြီးမေးမြန်းရာ
"ပညာရှင်တွေအများကြီးရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ်
ထဲမှာတင်မကဘူး နိုင်ငံသားပညာရှင်တွေ အများကြီးရှိတော့
ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်
တွေအပါအဝင်ပြည်သူတွေအပါအဝင် အားလုံး
ပွင့်ပွင့်လင်းလင်းချပြီးလုပ်ရင် တိုးကိုတိုးတက်မယ်၊
မတိုးတက်စရာမရှိဘူး"ဟု မန်းဂျော်နီက
မဇ္ဈိမသို့ပြောသည်
- ပုသိမ်မြို့Platinum Pathein အိမ်ရာစီမံကိန်းအား
Mya Bay ကုမ္ပဏီမှပုသိမ်မြို့၊အမှတ်၁၄ ရပ်ကွက်၊
ပုသိမ်-ငွေဆောင်ကားလမ်းဘေး မြေဧရိယာ
(၁၇.၈၈)ဧကပေါ်တွင်လည်းကောင်း၊
- ပုသိမ် မြကျွန်းသာ အိမ်ရာစီမံကိန်းအား အမှတ်၃ရပ်ကွက်
နှင့်ပျဉ်ကတိုးကုန်းကျေးရွာတွင် DIG Co.Ltdမှ ဝယ်ယူ
ထားသည့်လယ်မြေ(၁၄၄.၇၂)ဧကပေါ်တွင်လည်းကောင်း၊
- PATHEIN INDUSTRIAL CITY PROJECT စီမံကိန်းအား
ဧရာဝတီဖွံဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီမှ ပုသိမ်မြို့
တောင်ဘက်နှင့်ကန်ကြီးထောင်မြို့နယ်များမှ ၀ယ်ယူ
ထားသည် လယ်မြေ(၂၇၀၀)ဧကပေါ်တွင် တည်ဆောက်
မည်ဖြစ်ကြောင်း ပထမအကြိမ် တိုင်းလွှတ်တော်တွင်
မှတ်တမ်းထားရှိကြောင်းသိရှိရသည်။
ဦးမန်းဂျော်နီအား နိုင်ငံတော်သမ္မတမှ ရွေးချယ် ခန့်အပ်ခဲ့ပြီး၊
ဒုတိယအကြိမ် အစိုးရသက်တမ်းတွင် ဧရာဝတီတိုင်း
ဒေသကြီးအစိုးရအား ဦးဆောင်မည် ဝန်ကြီးချုပ်အဖြစ်
လွှတ်တော်တွင်ကြေညာခဲ့ပြီးဖြစ်သည်။
(စည်သူမောင်မောင်)
cedit - The Myanmar Times / 7day Daily
& မဇ္ဈိမသတင်းဌာန
No comments:
Post a Comment