Sunday, April 3, 2016

“ဝေဖန်ခံနေရသော တန်ဖိုးသင့် အိမ်ရာစီမံကိန်းနှင့် ၀င်ငွေနည်းပြည်သူများ ၀ယ်ယူရန် အဆင်မပြေ သေးသည့် တန်ဖိုးနည်းအိမ်ရာ”

“ဝေဖန်ခံနေရသော တန်ဖိုးသင့် အိမ်ရာစီမံကိန်းနှင့်
ဝင်ငွေနည်းပြည်သူများ ၀ယ်ယူရန် အဆင်မပြေ
သေးသည့်  တန်ဖိုးနည်းအိမ်ရာ”   


၁။ "ဝေဖန်ခံနေရသော တန်ဖိုးသင့် အိမ်ရာစီမံကိန်း"

အခြေခံလူတန်းစားများအတွက်ရည်ရွယ်ခဲ့ပြီး
အခန်းတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်မှ ၂၀၀ ခန့်ဖြင့်
ရောင်းချမည်ဆိုသည့် ဧရာဝဏ်နှင့် ရတနာ
တန်ဖိုးသင့်တင့်အိမ်ရာ စီမံကိန်းမှ အခန်းများကို
ကျပ်သိန်း ၆၀၀ မှ သိန်း ၁,၂၀၀ တန်ဖိုးဖြင့် စတင်
ရောင်းချမည်ဆိုခြင်းကြောင့် ဝေဖန်မှုများ
စတင်ကြုံတွေ့နေရပြီဖြစ်သည်။

၂၀၁၃ က စတင် တည်ဆောက်ရန်ရည်ရွယ်စဉ်က
အခန်းတန်ဖိုးကို အများပြည်သူတတ်နိုင်သည့်
နှုန်းထားဖြင့် ရောင်းချမည်ဟု ဆောက်လုပ်ရေး
ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ပြီးခဲ့သည့် သုံးနှစ်ကရောင်း ချရန်သတ်မှတ်ခဲ့သည့်
အခန်းတန်ဖိုးများဖြင့် စတင်ရောင်းချခြင်းမဟုတ်
သောကြောင့် ၀ယ်ယူရန်ပြင်ဆင်ထားသူများ၊
မျှော်လင့်နေသူများ အခက်တွေ့ခဲ့ရသည်။

ရတနာနှင့်ဧရာဝဏ်အိမ်ရာ စီမံကိန်းရှိ အခန်းတစ်ခန်း၏
တန်ဖိုးမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းနှင့်တောင်ဥက္ကလာပ
မြို့နယ်များမှ ကန်ထရိုက် တိုက်ခန်းတန်ဖိုးများထက်
များပြားသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်
တစ်ဦးက ခိုင်းနှိုင်းပြောကြားသည်။

‘‘Square Feet(အခန်းပတ်လည်အကျယ်)၆၀၀ကျယ်တဲ့
အခန်းကို ဒီအိမ်ရာစီမံကိန်းမှာ သိန်း၆၀၀နဲ့ ရောင်းနေတဲ့
အချိန် သင်္ဃန်းကျွန်းလိုနေရာမျိုးမှာ အဲဒီအကျယ်အ၀န်း
အတိုင်း သိန်း ၂၀၀ ကနေ ၃၀၀ လောက်ပဲရှိမယ်။
သွားရေးလာရေးလည်း အချက်အချာနေရာ
ကောင်းတယ်’’ဟု အထက်ပါဆောက်လုပ်ရေး
လုပ်ငန်းရှင်က ပြောသည်။

ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းမှာ ဒဂုံဆိပ်ကမ်း
မြို့နယ်တွင်တည်ရှိပြီး ရန်ကုန်မြို့ထဲနှင့် အလှမ်းဝေး
ခြင်းကြောင့် သွားရေးလာရေးပိုင်းတွင် အခက်အခဲရှိနိုင်
ကြောင်း ၎င်းက ဆိုသည်။

‘‘မြေတန်ဖိုး မပါဘူး။ ရေ တွေ၊ မီးတွေကို လိုအပ်တဲ့
အခြားအခြေခံအဆောက်အအုံတွေကို အစိုးရဘတ်ဂျက်နဲ့
လုပ်ပေးထားတာပါ။ ဒီလိုမျိုး အခန်းကို
ဈေးသက်သက်သာသာနဲ့ ဆောက်နိုင်မယ့် Developer
ရှိရင် ကျွန်မတို့ကို ရှာပေးပါ’’ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး
ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ပြင်ပမှဝေဖန်
နေမှုများအပေါ် ပြန်လည်ရှင်းလင်းပြောကြားသည်။

အဆိုပါ အိမ်ရာစီမံကိန်းမှာ အခန်းအရေအတွက်ပမာဏ
လွန်စွာများပြားသောကြောင့် မရောင်းချမီက မြို့တွင်း
အိမ်ခြံမြေဈေးကွက် ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ထင်မှတ်ခဲ့
ကြသော်လည်း လက်တွေ့ရောင်းချသောအခါ လက်ရှိ
ရန်ကုန်အိမ်ခြံမြေဈေးကို ရိုက်ခတ်မှု မရှိကြောင်း
Excellent choice အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ
ကိုမင်းမင်းမောင်က ဆိုသည်။

‘‘အစိုးရအိမ်ရာတောင် ဈေးတင်ရောင်းလို့ ပြင်ပအခန်း
တွေလည်း ဈေးတင်ရောင်းမယ်ဆိုပြီး လုပ်လို့မရဘူး။
ရန်ကုန်အိမ်ခြံမြေက အ၀ယ်မရှိသလောက်ကို
ဖြစ်နေတာ’’ ဟု ၎င်းကဆိုသည်။

ယခင်အစိုးရလက်ထက်က မြို့ပြင်တွင် တည်ဆောက်ခဲ့
သည့် အိမ်ရာစီမံကိန်းအများစုသည် စီမံခန့်ခွဲမှုနှင့် အိမ်ရာ
ထိန်းသိမ်းမှုအပိုင်းတွင်ညံ့ဖျင်းသောကြောင့် ယခုအိမ်ရာ
စီမံကိန်းမှာလည်း အောင်မြင်ရန် မလွယ်ကူကြောင်း
၎င်းက သုံးသပ်သည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်
သည့်တန်ဖိုးသင့်၊ တန်ဖိုးမျှတအိမ်ရာစီမံကိန်းများထဲတွင်
ယခုအိမ်ရာစီမံကိန်း က ဈေးနှုန်းအကြီးမြင့်ဆုံး အိမ်ရာ
စီမံကိန်းတစ်ခုလည်းဖြစ်သည်။

ယင်းဌာနကပင် သိန်း ၁၀၀ ကျော်ဖြင့် ရောင်းချသည့်
ရွှေလင်ဗန်းအိမ်ရာနှင့် အခြားအိမ်ရာများကမူ
အရေအတွက်အနည်းငယ်သာ တည်ဆောက်ခြင်း
တို့ကြောင့် အမှန်တကယ်အိမ်ရာလိုအပ်သူများ
လက်ထဲသို့ မရောက်ရှိခဲ့ပေ။

ယခုအိမ်ရာ စီမံကိန်းမှာ ဆောက်လုပ်ရေးနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဘဏ်က ရှစ်နှစ်ချေးငွေဖြင့် ဝယ်ယူနိုင်ခြင်း၊
ငွေပေးသွင်းရမှု ပမာဏမများပြားခြင်းကြောင့် စိတ်ဝင်စား
သူများပြားနေခြင်းဖြစ်သည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ဆိုသည်။

အစိုးရမြေတွင် တည်ဆောက်ခြင်းကြောင့် ဈေးသက်သက်
သာသာဖြင့် ရောင်းချနိုင်မည်ဟု ခန့်မှန်းတွက်ချက်
တည်ဆောက်ခဲ့ကြသော်လည်း တည်ဆောက်ချိန်ကြာလာ
သည်နှင့်အမျှ အခန်းတန်ဖိုးမြင့်တက်လာခြင်းဖြစ်သည်။

မူလတည်ဆောက်စဉ်က ဓာတ်လှေကားများထည့်သွင်း
မည်ဟုဆိုခြင်း၊ အထပ်မြင့်မည်ဆိုခြင်းကြောင့် တန်ဖိုး
သက်သက်သာသာဖြင့် ရောင်းချရန်မဖြစ်နိုင်သဖြင့်
ပြန်လည်ပြင်ဆင်သင့်ကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီအကြံပေး ဒေါက်တာကျော်လတ်က
ပြီးခဲ့သည့်နှစ်တွင် အခမ်းအနားတစ်ခု၌ ထည့်သွင်း
ပြောကြား သတိပေးခဲ့ဖူးသည်။

‘‘အခုရောင်းတော့မှ ဈေးကြီးတယ်ဆိုပြီး အမြင်အမျိုးမျိုး
ကွဲပြားနိုင်တယ်’’ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က 7Day News အား
ပြောသည်။

အခန်းတန်ဖိုးများပြားသွားရခြင်းမှာ တည်ဆောက်စရိတ်
မူရင်း တန်ဖိုးသတ်မှတ်ချက်ကြောင့် အခန်း၏
စံချိန်စံညွှန်းကိုလိုက်ပြီး အခန်းတန်ဖိုးသတ်မှတ်ရခြင်း
ဖြစ်ကြောင်း ဦးမင်းထိန်က ရှင်းသြည်။

အများစုက ယင်းအိမ်ရာစီမံကိန်းအပေါ်
- ရန်ကုန်မြို့နှင့်အလှမ်းဝေးနေခြင်း၊
- ကျပ်သိန်းထောင်ကျော်တန်ဖြစ်နေခြင်း၊
- အစိုးရကတည်ဆောက်ခဲ့သည့် အိမ်ရာစီမံကိန်း
အများစုမှာ မအောင်မြင်ခဲ့ခြင်းတို့အပေါ်
ထောက်ပြဝေဖန်ကြသည်။

ယခု ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းမှ
အခန်းတန်ဖိုးမှာ ကျောက်မြောင်း၊ တာမွေ၊ လသာ
အစရှိသည့် မြို့တွင်းမြို့နယ်များမှ မီနီအဆင့်မြင့်ကွန်ဒို
တိုက်ခန်းဈေးနှင့်ညီမျှကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်တစ်ဦးက ပြော သည်။

‘‘၁၈ ထပ်၊ ၁၇ ထပ်တွေ ဆောက်တယ်။
သိန်း ၆၀၀ ကနေ ၁,၀၀၀ ကျော်၊ တော်ရုံလူတွေ
ဘယ်ဝယ်နိုင်ပါ့မလဲ’’ဟု
မြို့ပြနှင့် အိမ်ရာစီမံကိန်းများအကြောင်း ဝေဖန်ရေး
ဆောင်းပါးများရေးသားနေသူ ဆောင်းပါးရှင်
မြင့်မိုရ်ဆွေက ပြောသည်။

အစိုးရက အိမ်ရာစီမံကိန်းတည်ဆောက်ပါက
မြို့ပြ၀င်ငွေနည်း ပြည်သူများကို အဓိကဦးစားပေး
ရောင်းချသင့်ကြောင်း မြင့်မိုရ်ဆွေက ပြောသည်။

အခြေခံလူတန်းစားများအတွက် လက်ရှိ ရောင်းချပေးနေ
သည်ဟုဆိုသော ရွှေလင်ဗန်းအိမ်ရာ၊ဗန္ဓုလအငှားအိမ်ရာ
တို့မှ ရောင်းချသည့်အခန်းအရေအတွက် အလွန်နည်းပါး
ကြောင်း ၎င်းကဝေဖန်သည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းစတင်တည်ဆောက်
စဉ်က စီမံကိန်းကို အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း
၂၀၁၃ ဖေဖော်ဝါရီက ပြည်ထောင်စုလွှတ်တော်အစည်း
အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက
အဆို ပြုခဲ့သော်လည်း စီမံကိန်းမှာ ဆက်လက်
လုပ်ဆောင်ခဲ့သည်။

စီမံကိန်းထဲမှ အခန်းပေါင်း ၅၀၀ ကျော်ပါရှိသည့်
တိုက်နှစ်လုံးကို ရောင်းချနေခြင်းဖြစ်ပြီး လျှောက်လွှာ
ရောင်းချခဲ့သည့် မတ်လ ၁၅ ရက်မှ ၁၈ ရက်အထိ
လျှောက်လွှာပေါင်း ၂၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။
ငွေလာသွင်း သူ အရေအတွက်အားဖြင့် ၂၀ ကျော်
သွားပြီဖြစ်ကြောင်း ဒေါ်စန်း စန်းအေးက ပြောသည်။

‘‘ထင်တောင်မထင်ထားဘူး။ တော်တော်လေးစိတ်ဝင်
တစား လာဝယ်ကြပါတယ်။ နိုင်ငံခြားက ပြန်လာပြီးနေဖို့
လာဝယ်တဲ့သူတွေ၊ဝင်ငွေအလယ်အလတ်ရှိပြီး
ငွေစုဆောင်းထားတဲ့သူတွေ တော်တော်လေး
လာဝယ်ကြတာပါ’’ဟု ၎င်းက ဆိုသည်။

(မိုးညို)

***

၂။ "ရန်ကုန်မြို့သို့ နှစ်စဉ်လူဦးရေ သုံးသိန်းကျော် ပြောင်းရွှေ့
လျက်ရှိသောကြောင့် တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်မြင့်မား
နေသော်လည်း အိမ်ရာများ၏တန်ဖိုးမှာ ၀င်ငွေနည်း
ပြည်သူများဝယ်ယူရန် အဆင်မပြေသည့် ဈေးနှုန်းများဖြစ်နေ"

ရန်ကုန်မြို့သို့ နှစ်စဉ်လူဦးရေ သုံးသိန်းကျော်ခန့် ပြောင်းရွှေ့
လျက်ရှိသောကြောင့် တန်ဖိုးနည်းအိမ်ရာလိုအပ်ချက် မြင့်မား
နေသော်လည်း တန်ဖိုးမှာ ၀င်ငွေနည်းပြည်သူများ ၀ယ်ယူရန်
အဆင်မပြေသည့် ဈေးနှုန်းများဖြစ်နေကြောင်း
House. com. mm ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ House. com. mm ၏ သတင်းထုတ်ပြန်ချက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဌာနခွဲ
တာဝန်ခံဒေါက်တာတိုးအောင်နှင့် မေးမြန်းထားမှုတွင်
“ ကျွန်တော်တို့ဘက်ကရော မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနကရော အတတ်နိုင်ဆုံး အကောင်အထည်ဖော်
ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ မြေလိုအပ်ချက်ကြောင့်
ထင်သလောက် မဖော်ဆောင်နိုင်ဘူး ဖြစ်နေတယ်။
ကျွန်တော်တို့ဆောက်တဲ့ တန်ဖိုးမျှတအိမ်ရာတွေရဲ့
တန်ဖိုးက သိန်း ၃၀၀လောက် ဖြစ်နေတော့
တကယ့်ဝင်ငွေနည်းတဲ့ သူတွေအတွက် ၀ယ်ယူဖို့
အဆင်မပြေဖြစ်နေတယ်” ဟု ပြောကြားသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်နှင့်
အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းများကြောင့် ရန်ကုန်မြို့
သို့  ရွှေ့ပြောင်းနေထိုင်မှုသည် နှစ်စဉ် ၃၃၀၀၀၀ ခန့်ရှိပြီး
အဆိုပါပြောင်းရွှေ့နေထိုင်သူများ အများစုသည် အိမ်ရာ
ဝယ်ယူနေထိုင်ရန် မတတ်နိုင်သူများဖြစ်သောကြောင့်
ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက် ပိုမို
မြင့်မားလာခြင်းဖြစ်ကြောင်း  House. com. mm ၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မူ အသင်းမန်နေးဂျင်း
ဒါရိုက်တာ ဦးခင်မောင်သန်းက
“ရန်ကုန်မြို့တွင်းမှာ အနယ်နယ်အရပ်ရပ်က ပြောင်းရွှေ့
ဝင်ရောက်လာသူတွေအတွက် တန်ဖိုးနည်း အငှားအိမ်ရာ
တွေ ပိုမို ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာမှာ
ဆိုရင် ဒီလိုအိမ်ရာကို ဖော်ဆောင်ဖို့ အစိုးရဘက်ကနေ
အစီအစဉ် ရေးဆွဲနေကြပါတယ်” ဟု ပြောကြားသည်။

“မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ဆောက်လုပ်
တာတွေ ရှိပါတယ်။ ဒါတွေက ကောင်းတယ်။ မြေတွေ
ကျွန်တော်တို့လက်ထဲရောက်ရင် ကျွန်တော်တို့လည်း
ဆောက်မှာပါ၊ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ဖို့
အတွက် မြေဈေးကြီးမြင့်နေတာက အခက်အခဲတစ်ခု
ဖြစ်နေတယ်။ လက်ရှိ ရန်ကုန်မြို့ပြင်မှာရှိတဲ့
မြေလွတ်မြေရိုင်းလို့ ထင်ရတဲ့ မြေနေရာတွေကလည်း
ပိုင်ရှင်တွေ ရှိပါတယ်။ အဲဒီလိုမြေတွေပေါ်မှာ ဆောက်ဖို့
ဆိုရင်လည်း ကာလပေါက်ဈေးနဲ့ မြေတန်ဖိုး ပြန်လည်
ပေးချေရတဲ့အတွက် ကုန်ကျစရိတ်မြင့်ပြီး အိမ်ရာတန်ဖိုးပါ
လိုက်ပါမြင့်တက်သွားတဲ့အတွက် အဆင်မပြေပြန်ဘူး။
ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရလက်ထဲမှာရှိတဲ့
မြေနေရာတွေပေါ်မှာပဲ အိမ်ရာစီမံကိန်းလုပ်နိုင်တဲ့အခါ
ကျတော့ ကန့်သတ်ချက်တွေ အများကြီးရှိတယ်” ဟု
ဒေါက်တာ တိုးအောင်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှ စီမံခန့်ခွဲသော  ဒဂုံမြို့သစ်တောင်ပိုင်းရှိ
တန်ဖိုးသင့် ဧရာဝဏ်-ရတနာအိမ်ရာစီမံကိန်း ပထမအဆင့်
မှ တိုက်ခန်းများကို ကျပ်သိန်း ၆၀၀ နှင့် ၁၂၀၀
သတ်မှတ်ကာ စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ 
                         
(ဆန်းထူးအောင်)

credit - 7day Daily & Eleven Media Group

No comments:

Post a Comment