“အစိုးရသက်တမ်း ငါးလကျော်အတွင်း နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုအခြေအနေ နှင့် စီးပွားရေးမူဝါဒ အသေးစိတ်
အချက်များကို မကြာမီထုတ်ပြန်မည်ဟုဆို”
၁။ "စီးပွားရေးမူဝါဒ အသေးစိတ်အချက်များ ယခုလ
ထုတ်ပြန်မည်"
ပြီးခဲ့သည့် ဇူလိုင်လကုန်က ထွက်ပေါ်ခဲ့သော နိုင်ငံတော်
စီးပွားရေးမူဝါဒ၁၂ ချက်နှင့် ပတ်သက်၍ အကောင်အထည်
ဖော်သွားမည့် လုပ်ငန်းစဉ်များကိုယခုလအတွင်း ထုတ်ပြန်
သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
ယခုလ ၁၃ ရက်နှင့် ၁၄ ရက်များက နေပြည်တော်တွင်
ပြုလုပ်သော မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ၀န်ကြီးက
အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
* လက်ရှိအချိန်တွင် နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံလိုသူများမှာ
မြန်မာ့နိုင်ငံရေးအခြေအနေအပါအ၀င် အစိုးရသစ်က
ဖော်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့်ဥပဒေများကို
စောင့်ကြည့်နေဆဲဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
တုံ့ဆိုင်းနေခြင်းဖြစ်ကြောင်း၊ အစိုးရသစ်ဖော်ဆောင်မည့်
မူဝါဒကို ရှင်းလင်းစွာနားလည်ပြီးနောက်တွင်
ရင်းနှီးမြှုပ်နှံမှုများ စုပြုံ ၀င်ရောက်လာနိုင်ကြောင်း *
ဦးကျော်ဝင်းကပြောသည်။
"မြန်မာနိုင်ငံရဲ့လက်ရှိရောက်နေတဲ့အနေအထားကို
နားလည်လေ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ အခွင့်အလမ်းပိုများ
လေပဲ။ ရင်းနှီး မြှုပ်နှံမှုဥပဒေသစ်မှာလည်း ပြည်တွင်း ပြည်ပ
ရင်းနှီးမြှုပ်နှံသူတွေကို မျှတတဲ့ လုပ်ပိုင်ခွင့်တွေပေးဖို့
ရေးဆွဲထားပါတယ်" ဟု ၎င်းကပြောသည်။
ယခုနှစ်တွင် ယခင်နှစ်များထက်ရင်းနှီး မြှုပ်နှံသူများကို
ဆွဲဆောင်နိုင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။
"ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်ရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်လာမလဲ။
အခွန်သက်သာခွင်နဲ့ ကင်းလွတ်ခွင့်တွေဘယ်လိုပြောင်းလဲ
သွားမယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အစိုးရနဲ့ ချိတ်ဆက်
ဆောင်ရွက်တဲ့အခါ ဘာတွေ ပြောင်းလဲသွားမယ်ဆိုတာ
တွေက ရင်းနှီးမြုပ်နှံသူတွေ စိတ်ဝင်စားတဲ့အချက်တွေ
ဖြစ်တယ်" ဟု ၎င်းက ပြောသည်။
အစိုးရသစ်လက်ထက်တွင် လုပ်သားအင်အား အများအပြား
လိုအပ်သည့် ရင်းနှီး မြှုပ်နှံမှုများနှင့်အခြေခံအဆောက်အအုံပိုင်း
ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးသည့် ကဏ္ဍများအဖြစ်
ထားရှိကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
"စက်တင်ဘာလထဲမှာ လုပ်မယ့် အစည်းအဝေးမှာဆို
ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော်
လောက်ရှိပြီ။ ကုန်ထုတ်လုပ်မှု၊ဆက်သွယ်ရေးနဲ့ အိမ်ခြံမြေတွေ
က အများဆုံးရင်းနှီးမြှုပ်နှံတဲ့ နယ်ပယ်တွေ ဖြစ်တယ်။
အစိုးရသစ်တက်တဲ့ အကူး အပြောင်းချိန်တွေမှာ ရင်းနှီးမြှုပ်နှံမှု
တန်ဖိုး ကျတတ်ပါတယ်။
၂၀၁၁ တုန်းကလည်း ရင်းနှီးမြှုပ်နှံမှုနည်းတယ်။၂၀၁၆ အကုန်မှာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ
မျှော်မှန်းထားပေမဲ့ ပြည့်မီနိုင်မယ် မထင်ဘူး"ဟု
၎င်းက ပြောသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရင်းနှီးမြှုပ်နှံမှုဖိုရမ်နှင့်
ပတ်သက်ပြီး ပါရမီစွမ်းအင်ကုမ္ပဏီဥက္ကဋ္ဌ ဦးပြည့်ဝထွန်းက
"ဖိုရမ်က နှစ်စဉ် လုပ်နေတာဆိုတော့ အခုနှစ်မှာတော့
မြန်မာနိုင်ငံဟာ ဘယ်လောက်ထိ ပွင့်လင်း မြင်သာမှုရှိလာ
ပြီလဲ။ အစိုးရရဲ့ အနေအထားကဘယ်လိုရှိလဲဆိုတာတွေကို
ရင်းနှီးမြှုပ်နှံ သူတွေ သိအောင်ပြောတဲ့သဘောပါပဲ။
ဖိုရမ်ပြီးတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေချက်ချင်း ၀င်လာမယ်လို့တော့
မပြောနိုင်ဘူး။ နိုင်ငံတကာကရင်းနှီးမြှုပ်နှံသူတွေက မြန်မာဟာ
ရင်းနှီးမြှုပ်နှံဖို့ ကောင်းတဲ့ပတ်ဝန်းကျင် ဖြစ်နေပြီဆိုတာကို
သိသွားရင် နောက်က ရင်းနှီးမြှုပ်နှံမှုတွေ လိုက်လာမှာပါ"ဟု
ပြောသည်။
စီးပွားရေးမူဝါဒများနှင့် ဖော်ဆောင်မည့်လမ်းစဉ်များကို
လုပ်သာကိုင်သာရှိအောင်ချမှတ်ထားခြင်းသည် ယှဉ်ပြိုင်မှု
ပိုမိုပြင်းထန်လာသည့် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများအကြား
ဝင်ဆံ့နိုင်ရန် အရေးကြီးသည့်အချက် ဖြစ်ကြောင်း
Infra Capital Myanmar မှ
ဒါရိုက်တာ Yanis Boudjouher က ပြောသည်။
"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အရမ်းကိုထိလွယ်ရှလွယ်ဖြစ်တယ်။
မြန်မာနိုင်ငံနားကဒေသတွင်း နိုင်ငံတွေမှာလည်း အချိန်မရွေး
ပြောင်းလဲမြှုပ်နှံသွားနိုင်တဲ့ အနေအထားတွေရှိတဲ့အတွက်
ယှဉ်ပြိုင်မှုများတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်လိုနေရာတွေမှာ
အားသာအောင်လုပ်သာကိုင်သာရှိအောင် မူဝါဒတွေချမှတ်မလဲ
ဆိုတာ စဉ်းစားရမယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ (၁၉၁၄) ကိုလည်း
ခေတ်နှင့်အညီဖြစ်စေရန် အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီနှင့်
ပြင်ဆင် ရေးဆွဲနေပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က
လည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် မူကြမ်းကို ရေးဆွဲပြီး
ဖြစ်ကြောင်းဦးကျော်ဝင်း က ပြောသည်။
" * ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မှာ လုပ်ငန်းနှင့် ဒေသအလိုက်
အခွန်ကင်းလွတ်ခွင့်တွေ ပါဝင်လာပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်
အစိုးရအဖွဲ့ကိုလည်း လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးမယ့် အကြောင်း
အချက်တွေ ထည့်သွင်း ရေးဆွဲထားပါတယ်။
လုပ်သားအင်အား အများအပြား လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို
အစိုးရက အားပေးမှာဖြစ်ပါတယ်။ ပြီးရင် လိုအပ်ချက်မြင့်နေတဲ့
အခြေခံအဆောက် အအုံတွေဖြစ်တဲ့ စွမ်းအင်ထုတ်လုပ်မှု၊
ပို့ဆောင်ဆက်သွယ်ရေး၊အထူးစီးပွားရေး ဇုန်နဲ့ စက်မှုဇုန်
တွေကို ဖွံ့ဖြိုးအောင်လုပ်ရမှာ ပါ * "ဟု ဦးကျော်ဝင်းက
ပြောသည်။
နိုင်ငံတစ်ခုလုံး ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ် မီးရရှိနေပြီး
၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင် နှုန်းလျှပ်စစ်ပေးနိုင်အောင်
ဆောင်ရွက်နေသည့် နိုင်ငံတော် လျှပ်စစ်ဓာတ်အားပေးရေး
စီမံချက်အရစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို
လိုအပ်နေကြောင်း ဦးကျော်ဝင်းက ပြောသည်။
(စုဖြိုးဝင်း)
***
၂။ "အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဒေါ်လာသန်း ၉၀၀ ကျော် ရရှိထားပြီး ၂၀၁၆-၂၀၁၇
ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံ ရရှိအောင်
ဆောင်ရွက်မည်ဟုဆို"
အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဒေါ်လာသန်း ၉၀၀ ကျော် ရရှိထားကာ ၂၀၁၆-၂၀၁၇
ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံ ရရှိရန် မျှော်မှန်းထား
ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အတွင်းရေးမှူး
ဦးအောင်နိုင်ဦးက ပြောကြားသည်။
“အစိုးရသစ်လက်ထက်မှာ ပြီးခဲ့တဲ့ အစည်းအဝေးအထိ
ဒေါ်လာသန်း ၉၀၀ နီးနီး ရှိခဲ့ပါတယ်။ ဒီလ အစည်းအဝေး
ထိုင်ပြီးရင်တော့ သန်း ၁၀၀၀ အထက်ကို ရောက်သွား
ပါလိမ့်မယ်”ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဆက်လက်ပြီး
“ဒီနှစ်ကုန်ရင်၊ တစ်နှစ်ကုန်လို့ရှိရင် အမေရိကန်ဒေါ်လာ
ခြောက်ဘီလျံရအောင် လုပ်မယ်။ အရင်ကထက် တိုးတက်မှု
ကိုတော့ နှိုင်းယှဉ်ပြောလို့ မရသေးဘူးပေါ့။ ရင်းနှီးမြှုပ်နှံမှုကို
သုံးလတစ်ကြိမ် သုံးသပ်တယ်။ တကယ့် reality ကတော့
နှစ်ကုန်မှပဲ သုံးသပ်ချက် ထွက်မယ်” ဟု ဦးအောင်နိုင်ဦး က
ပြောကြားသည်။
အလုပ်အကိုင်ရှာဖွေပေးနိုင်မှုတွင်လည်း နောက်ဆုံး
တွက်ချက်ထားမှုအရ သုံးလတာ ကာလအတွင်း၌
အလုပ်အကိုင် ကိုးသောင်းကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း
သိရသည်။
အဓိကရင်းနှီးမြှုပ်နှံမှုများမှာ
- ကုန်ထုတ်လုပ်မှုကဏ္ဍ၊
- ဆက်သွယ်ရေးကဏ္ဍနှင့်
- အိမ်ရာ အဆောက်အအုံကဏ္ဍတို့ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လက်ရှိတွင်
လုပ်သားအင်အား အများအပြားသုံးရသည့် လုပ်ငန်းများတွင်
- နိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်း
ဖန်တီးပေးနိုင်ရန်၊
- အခြေခံအဆောက်အအုံအား ကောင်းလာစေရန်နှင့်
- လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်
အတွက် ယင်းကဏ္ဍများတွင် ၀င်ရောက်မည့် ရင်းနှီးမြှုပ်နှံမှု
များကို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒါလေးတွေက MIC အနေနဲ့ လတ်တလောကာလမှာ
ဦးစားပေး ဆောင်ရွက်နေတယ်။ သို့သော်လည်း ဥပဒေသစ်
ပြဋ္ဌာန်းပြီးတဲ့အခါ ဒီထက် ပိုအသေးစိတ်တဲ့ ကဏ္ဍတွေကို
နိုင်ငံတော်အစိုးရက ဘယ်ကဏ္ဍတွေမှာ ဖွံ့ဖြိုးစေချင်သလဲ
ဆိုတဲ့အပေါ် မူတည်ဆုံးဖြတ် သွားမှာဖြစ်ပါတယ်”ဟု
ဦးအောင်နိုင်ဦးက ပြောကြားသည်။
(ကျော်မျိုး)
credit - The Myanmar Times & Eleven Media Group
မှတ်ချက်
----------
အိမ်ခြံမြေ အကြောင်းအရာများနှင့် တိုက်ရိုက်
မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့်
စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
No comments:
Post a Comment