Sunday, July 30, 2017

"မြေနှင့်အိမ် အပေါင်ခံမှာလား၊ ဂရန်/ပါမစ်တွေ အတုအစစ် ခွဲခြားသိဖို့ အလျင် ကြိုးစား"

"မြေနှင့်အိမ် အပေါင်ခံမှာလား၊
ဂရန်/ပါမစ်တွေ အတုအစစ် ခွဲခြားသိဖို့ အလျင် ကြိုးစား"


အိမ်ခြံမြေများ လယ်ယာမြေများ ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း
ဓလေ့သည် ယခုခေတ်သမယ၌ ပိုမို ထွန်းကားလာသည်ကို
မြင်တွေ့ရသည်။

ရောင်းဝယ် ပေါင်နှံကြရာတွင်လည်း နှစ်ဦးသဘောတူ
ကတိစာချုပ် ချုပ်ဆို၍ တိုးတိုးတိတ်တိတ် ပေါင်နှံခြင်းနှင့်
ဘဏ်များတွင် တရားဝင်ပေါင်နှံ၍ ငွေချေးခြင်းများလည်း
ရှိကြသည်။

"အိမ်ခြံမြေ ပေါင်နှံလျှင် စာချုပ်ရုံးမှာလည်း မှတ်ပုံတင်"

ယင်းသို့ ပေါင်နှံခြင်းပြုလုပ်ရာတွင် စာချုပ်စာတမ်းရုံးသို့
သွားရောက်၍ တရားဝင် ပေါင်နှံခြင်း စာချုပ်ချုပ်ဆိုကာ
မှတ်ပုံတင်ကြသူ နည်းပါးသေးသည်ကို တွေ့ရသည်။

မရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် မြေကို
ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊
စွန့်လွှတ်ခြင်း စသည်တို့ ပြုလုပ်ရာ၍ အိမ်မြေ၊ လယ်မြေ၊
ဥယျာဉ်ခြံမြေတို့၏ တန်ဖိုးမှာ အခွန်ဦးစီးဌာန ကာလတန်ဖိုး
စိစစ် သတ်မှတ်ရေးအဖွဲ့ ဆုံးဖြတ်ချက်အရ ကျပ်တစ်ရာ
အထက်(ယခုပြင်ဆင်ပြဋ္ဌာန်းရန် ပြင်ဆင်ဆဲ ဥပဒေအရ
ကျပ်တစ်သိန်း အထက်) ဖြစ်လျှင် မှတ်ပုံတင်ရန်
စာချုပ်စာတမ်းဥပဒေတွင် ပြဌာန်းထားသည်ကို
တွေ့ရသည်။

"ဘဏ်ငွေချေးရန် မြေပုံ/မြေရာဇဝင် အရေးပါ"

သို့သော် မရွှေ့မပြောင်းနိုင်သော မြေ တရားဝင် မှတ်ပုံတင်၍
ပေါင်နှံမည်ဆိုပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မှလွဲ၍
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဘဏ်ငွေချေးရန်
အတွက် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း
ဦးစီးဌာန(ယခင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန) နှင့်
ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့တွင်
မြေပုံ/ မြေရာဇဝင်(ပုံစံ-၁၀၅/ပုံစံ-၁၀၆) ထုတ်ပေးရန်
လျှောက်ထားရသည်။

ယင်းသို့ လျှောက်ထားရခြင်းမှာ ဘဏ်တစ်ခုခုတွင် ငွေချေး
ရာ၌ မြေပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံမှသာလျှင်
ငွေချေး၍ ရပါသည်။

"အမည်ပေါက် မြေဂရန်ရှိသူကိုသာ ဘဏ်က ငွေချေးမှာ"

ဘဏ်ငွေချေးလျှောက်ထားသူမှာ မြေနှင့်အိမ်ကို
အမှန်တကယ် ပိုင်ဆိုင်ပြီး အရှုပ်အရှင်း တစ်စုံတစ်ရာ
မရှိကြောင်း ကန့်ကွက်ချက် ကင်းရှင်းကြောင်း တွေ့ရှိမှသာ
မြေစာရင်းဌာနမှ ထောက်ခံသည့် မြေပုံ၊ မြေရာဇဝင်
ထုတ်ပေးခြင်း ဖြစ်သည်။

ထို့ကြောင့် ငွေချေးတော့မည်ဆိုလျှင် ပုံစံ-၁၀၅/ပုံစံ-၁၀၆
ဟု ခေါ်သော မြေပုံ၊ မြေရာဇဝင်သည် အရေးအကြီးဆုံး
ဖြစ်သည်။

ယင်းမြေပုံ၊ မြေရာဇဝင်မရှိလျှင် ဘဏ်ငွေချေး၍ မရနိုင်ပါ။
မြေပုံ၊ မြေရာဇဝင် ထုတ်ယူနိုင်ရန်မှာ ဘဏ်ငွေချေးလိုသူ၏
အမည်ပေါက် မြေငှားဂရန် တင်ပြနိုင်ရန်လည်း
လိုအပ်သည်။

"ဘဏ်ငွေချေးသူ မလှုပ်နိုင်အောင်
အော်ဒီမံစာချုပ်/ SP ပါဝါတို့နှင့် ချည်နှောင်ထား"

ယင်းသို့ မိမိအမည်ပေါက် မြေငှားဂရန်နှင့် မြေပုံ/မြေရာဇဝင်
တင်ပြမှသာ ဘဏ်များက ငွေချေးလိုသူ၏ မြေနှင့်အိမ်သို့
သွားရောက်စစ်ဆေးကြည့်ရှုပြီး အမှန်တကယ် တန်ဖိုး၏
ထက်ဝက်ခန့်သာ ငွေချေးငှားလေ့ ရှိကြသည်။

ယင်းသို့ ချေးငှားရာတွင်လည်း လွယ်လွယ်ကူကူ ချေးငှားခြင်း
မပြုကြပါ။

ဘဏ်မန်နေဂျာသို့ ငွေချေးသူမှ ဝန်ခံကတိပြုသည့်
"အော်ဒီမန် စာချုပ်" ချုပ်ဆိုပေးရခြင်း၊ စာချုပ်စာတမ်း
မှတ်ပုံတင်ရုံးတွင် ပေါင်နှံသည့်မြေကွက်နှင့်ပတ်သတ်၍
ပြန်လည် မရုတ်သိမ်းနိုင်သည့် "အထူးကိုယ်စားလှယ်လွှဲစာ"
လွှဲပေးရခြင်းတို့ ပြုလုပ်ပေးကြရသည်။

အကယ်၍ ပေါင်နှံထားသည့် မြေနှင့်အိမ် (သို့) လယ်ယာမြေ
တို့ကို ပြန်လည် ရွေးယူနိုင်ခြင်း မပြုပါက ပေါင်နှံထားသည့်
မြေနှင့်အိမ်ကို တရားစွဲယူ၍ လေလံတင်ရောင်းချခြင်း
ခံရသည်။

ဘဏ်မှ ရရန်ရှိသည့် အတိုးနှင့် အရင်းပေါင်းငွေ အားလုံးကို
နှုတ်ယူပြီး ကျန်ငွေကိုသာ ပေါင်နှံသူသို့ ပြန်ပေးသည်။

ဘဏ်များအနေဖြင့် ဤသို့ စေ့စပ်သေချာစွာ
ဆောင်ရွက်သည့် ကြားမှ လွှဲချော်မှု ရှိခဲ့သည်သာမက
တစ်ခုကို (၁၉.၇.၂၀၁၇ - အာဇာနည်နေ့) ၌
မြန်မာ့အလင်း သတင်းစာတွင် ဖတ်လိုက်ရသည်။

"ကမ္ဘာ့ရတနာဘဏ်မှာ ပိုင်ဆိုင်မှုပြ ငွေချေးသည့်
ဇနီးမောင်နှံ"

ပုံစံတူ ဂရန်များဖြင့် ဘဏ်အသီးသီးတွင် ချေးငွေ ရယူသူ
လင်မယားနှစ်ဦးကို အမှုဖွင့်တိုင်ကြားသူမှာ
ကမ္ဘာ့ရတနာဘဏ်(မကွေးဘဏ်ခွဲ)မှ အကြီးတန်းမန်နေဂျာ
ဦးလေးမြင့် ဖြစ်သည်။

(၁၀.၉.၂၀၁၄) နေ့ကတည်းက မကွေးမြို့၊ ရွာသစ်ပွဲကြို
ရပ်ကွက်၊ ရွာသစ်(၁၉)လမ်းနေ ဦးဇော်မျိုးနိုင်+ဒေါ်သူဇာတင်
တို့သည် ကမ္ဘာ့ရတနာဘဏ်(မကွေးဘဏ်ခွဲ)သို့ ရောက်ရှိ
လာပြီး ဘဏ်မှ ငွေကျပ် (ကျပ်သိန်းနှစ်ထောင်) ချေးယူခဲ့ရာ၊
ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အော်ဒီမန်စာချုပ်တွင်
လက်မှတ်ရေးထိုးစေပြီး ၎င်းတို့အား ချေးငွေများ
ထုတ်ချေးခဲ့ပါသည်။

"မြေဂရန်(၂) ကွက်နှင့် တိုက်(၄)လုံး၊ ဂိုဒေါင်တစ်လုံး အပေါင်
ထား၍ လုပ်ငန်းသုံး"

ယင်းသို့ ထုတ်ချေးရာတွင် အပေါင်ပစ္စည်းအဖြစ်
- မကွေးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကွင်းအမှတ်နှင့်
အမည်[၁၃-ရန်အောင်(တောင်)] ဦးပိုင်အမှတ်/ မြေကွက်
အမှတ်-၁၀၀/၂၆၆ ဂရန်မြေ ၀.၀၆၀ ဧကနှင့်
ယင်းမြေကွက်ပေါ်ရှိ ဘီအန်နှစ်ထပ်တိုက်တစ်လုံးနှင့်
ဘီအန်(ဂိုဒေါင်) တစ်လုံးနှင့်
- မကွေးမြို့ အောင်စေတနာ(အေ) ရပ်ကွက်၊
တောင်တွင်းကြီးလမ်း၊ ကွင်း/အကွက် အမှတ်နှင့်
အမည်(၁၆၄၇ အလယ်ရပ်)၊ ဦးပိုင်အမှတ်(အေ-၂၀)၊
ဂရန်မြေ ၀.၀၆၀ ဧကနှင့် ယင်းမြေကွက်ပေါ်ရှိ ဘီအန်
နှစ်ထပ်တိုက်တစ်လုံးနှင့် ဘီအန်တစ်ထပ်တိုက်
နှစ်လုံးတို့အား အပ်နှံထားပါသည်။

"ပရိယာယ်ကြွယ်ကြွယ်ဖြင့် ဘဏ်(၅)ခုကို လိမ်သွားသူ"

သို့သော် ယခုအခါ ဘဏ်စာရင်းများ တိုက်ဆိုင်စစ်ဆေးမှု
အရ
- သမဝါယမ(CB ဘဏ်)၊
- ကမ္ဘောဇဘဏ်၊
- အင်းဝဘဏ်နှင့်
- အသေးစား စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်
စသည်ဖြင့် ဘဏ်(၄)ဘဏ်တို့တွင်လည်း
- ကမ္ဘာ့ရတနာဘဏ်တွင် အပ်နှံထားသော
မြေနှင့်အဆောက်အအုံစာချုပ်စာတမ်းများနှင့် ဆင်တူနေ
သောကြောင့် မရိုးမဖြောင့်သော သဘောဖြင့် ငွေကျပ်
သိန်းနှစ်ထောင်အားလိမ်လည်ရယူသွားသူ
ဇော်မျိုးနိုင်နှင့်ဇနီး ဒေါ်သူဇာတင်တို့အား အရေးယူပေးပါရန်
ဘဏ်မန်နေဂျာမှ တိုင်ကြားခဲ့သဖြင့် မကွေးမြို့မ ရဲစခန်းက
အမှုဖွင့်စစ်ဆေးနေရသည်ဟု သိရသည်။

ဇော်မျိုးနိုင်တို့ဇနီးမောင်နှံအနေဖြင့် မြေပိုင်ဆိုင်မှုပြ၍
ဘဏ်(၅)ခုတွင် ငွေချေးယူပုံ ချေးယူနည်းကလည်း
ပရိယယ် ကြွယ်လှသည်ဟု ဆိုရပေမည်။

အမှန်ဆိုရလျှင် ဂရန်စာချုပ်မူရင်းနှင့် မြေပုံ/မြေရာဇဝင်မူရင်း
တစ်စုံစီသာ ရှိရမည် ဖြစ်သော်လည်း၊
ယခုမူ ဂရန်(၅)ခု၊ မြေပုံ(၅)စုံ ဖြစ်နေခြင်းက
အံ့ဩစရာကောင်းလှသည်။

"အိမ်ခြံမြေ ဂရန် အတုအစစ် သက်ဆိုင်ရာဌာနမှာ ပြ၍စစ်"

မည်သို့ဖြစ်စေ၊ ယနေ့ သိပ္ပံခေတ်တွင် နည်းပညာများမှာ
လိုက်မမီအောင် တိုးတက်နေသဖြင့် ဆင်တူရိုးမှား
အတုအပများမှာလည်း လွန်စွာပေါများလျှက်ရှိသည်။

ယခင်က ငွေကြေးများကိုသာ အတုအပ ပြုလုပ်ခဲ့ကြသော်
လည်း ယခုအခါတွင် အဖိုးထိုက်တန်သော အိမ်ခြံမြေ နှင့်
သက်ဆိုင်သော မြေချပါမစ် စာရွက်စာတမ်းများနှင့် မြေငှား
ဂရန်စာချုပ်စာတမ်းများကိုလည်း ဆင်တူရိုးမှား တုပ
ပြုလုပ်၍ ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်းများ
ပြုလုပ်လာနေကြပြီ ဖြစ်သည်။

ထို့ကြောင့်
ဘဏ်များ၊ အပေါင်ဆိုင်များ၊ ငွေတိုးချစားသူများနှင့်
အမှန်တကယ်နေထိုင်ရန် မြေနှင့်အိမ် ဝယ်လိုသူများ
အနေဖြင့်
မြေဂရန်များကို ရောင်းဝယ်ပေါင်နှံခြင်း ပြုလုပ်ရာတွင်
သက်ဆိုင်ရာ မြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းအင်း ဦးစီးဌာန၌ဖြစ်စေ၊ မြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတို့၌ဖြစ်စေ
သွားရောက်စစ်ဆေးပြီးမှသာလျှင် ရောင်းဝယ် ပေါင်နှံခြင်း
ကို ပြုလုပ်သင့်ကြပါကြောင်း စေတနာကောင်းဖြင့်
တင်ပြလိုက်ရပါသည်။

"ကိုယ်ကကျူးသော်၊ ကိုယ့်ဒူးကိုယ်မျှ မယုံရ"ကြတာပေါ့။
ဒါဟာ "ဘယ်သူမပြု မိမိအမှုပဲလေ" ။

ဒါကြောင့် အိမ်ခြံမြေများ ဝယ်ယူကြတော့မယ်ဆိုရင်
ကိုယ်ဝယ်ယူနေထိုင်မယ့်မြေဟာ
- လူနေထိုင်ခွင့်ရှိတဲ့ မြေမျိုးလား၊
- ပုဂ္ဂလိကပိုင်မြေလား၊
- အစိုးရပိုင်မြေမျိုးလား စသည်ဖြင့် ခွဲခွဲခြားခြား၊
ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး
ဒါမှမဟုတ် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
(ယခင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန) တို့မှာ
မေးမြန်းစုံစမ်းပြီးမှ ဝယ်ယူကြပါလို့သာ
တိုက်တွန်းနှိုးဆော်လိုက်ရပါတော့သည်။

"မိလိန္ဒ နှင့် ရှင်နာဂသိန်း" တို့ ထုံး နှလုံးမူနိုင်ကြပါစေ။

(ခေတ္တရာ မြင့်အောင်)

credit - iMyanmar House

 “အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment