Saturday, July 8, 2017

"မြို့ကုန်ရှုံးလျှင် တစ်သက်လုံး မှောက်မည် (၁)"

"မြို့ကုန်ရှုံးလျှင် တစ်သက်လုံး မှောက်မည် (၁)"

မြန်မာစကား၌ ‘ငွေကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးလျှင်
တစ်သက်လုံးမှောက်’ ဟူသော ဆိုရိုးရှိ၏။ လွန်စွာအဓိပ္ပာယ်
လေးနက်လှ၏။

အိမ်ထောင်ရေးအတွက် မိန်းမသားတို့ ကြိုတင် ဆင်ခြင်ရန်
သတိပေးသော ဆိုရိုးလည်းဖြစ်၏။ အလားတူပင် စာရေးသူ
သည် မြန်မာနိုင်ငံ၌ မြို့သစ်တည်ထောင်လိုသူများအား
ရှေ့ရေးကို ကြိုမျှော်တွေးဆင်ခြင်နိုင်ကြရန် အသိပေးလို
သော စေတနာဖြင့် ‘မြို့ကုန်ရှုံးလျှင် တစ်သက်လုံး မှောက်’
ဟူ၍ ပြင်ဆင်ဆိုရိုးပြုရ ခြင်းဖြစ်ကြောင်း ပဏာမရှင်းလင်း
ဖော်ပြလိုပါသည်။

ဆက်လက်ပြီး ‘မြို့ကုန်’ဟု အဘယ်ကြောင့် သုံးစွဲရပါသနည်း
ဟူသော မေးခွန်းကိုလည်း ရှင်းလင်းဖြေဆို လို၏။

ယေဘုယျအားဖြင့် အထက်ပါ မြန်မာ့ဆိုရိုးတွင် လင်ကို ကုန်နှင့်
ယှဉ်၍ သုံးစွဲသကဲ့သို့ မြို့ကို ကုန်နှင့်ယှဉ်တွဲသုံးစွဲသည်ဟု
ဆိုနိုင်၏။

ဝိသေသပြုပြီး ထပ်မံရှင်းလင်းလိုသည်မှာ မြန်မာနိုင်ငံ၌
ယခင်မြို့ သစ်များတည်ဆောက်မှုသည် အိမ်ရာမဲ့ကျူးကျော်
အိမ်များအား ပြန်လည် နေရာချထားရေးအတွက် ဖြစ်သည်
ဟု အတိအလင်း ကြေညာပြီး အစိုးရဘတ်ဂျက်ကို
အသုံးပြု၍ တည်ဆောက်ခြင်းဖြစ်၏။

ထိုက်သင့်သော မြေစည်ပင်စရိတ်ကို မြေငှားချထားခြင်းခံ
ရသော ပြည်သူတို့က ပြန်လည်ပေးသွင်းရကြောင်း တွေ့ရှိ
နိုင်၏။

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ဖြစ်သော
စတုရန်းမိုင် ၃၀၆ မိုင်တွင် ၁၉၅၈ ခုနှစ်က တည်ထောင်ခဲ့သော
တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် သာကေတမြို့သစ်
များ၏ ဧရိယာ ၁၉ ဒသမ၂၅ စတုရန်းမိုင်ပါဝင်၏။

၎င်း မြို့သစ်များ တည်ဆောက်စဉ်က ကျူးကျော်အိမ်ရာများ
အတွက် ပေ ၄၀ × ပေ ၆၀ အကျယ် မြေကွက်ပေါင်း
၃၂,၈၆၆ ကွက် ဖော်ထုတ်ပြီး ချထားပေးခဲ့ကြောင်း သိရှိရ၏။

၁၉၈၉ ခုနှစ်ဝန်းကျင်တွင် လှိုင်သာယာ၊ ရွှေပြည်သာနှင့်
ဒဂုံမြို့သစ် စသည့်မြို့သစ်များတည်ဆောက်ရာ၌ ဧရိယာ
စုစုပေါင်း ၁၅၀ စတုရန်းမိုင်ရှိပြီး ကျူးကျော် အိမ်ရာများနှင့်
အိမ်ရာမဲ့ဝန်ထမ်းများအတွက် ပေ ၄၀×ပေ၆၀ မြေကွက်
စုစုပေါင်း ၉၈,၁၁၇ ကွက် ဖော်ထုတ်ချထားပေးခဲ့ကြောင်း
တွေ့ရှိရ၏။

၎င်းမြို့သစ်သုံးမြို့အတွက် ၁၉၉၂ ခုနှစ်အထိ အစိုးရ၏
အသုံးစရိတ်စုစုပေါင်းမှာ ကျပ် ၂,၄၃၇ သန်းရှိခဲ့ပြီး မြေစည်ပင်
စရိတ် ရရှိငွေမှာ ကျပ် ၈၁၉ သန်းဖြစ်ကြောင်း လေ့လာသိရှိ
ရပေသည်။ အဓိကအားဖြင့် အစိုးရ၏ ထောက်ပံ့ငွေ Subsidy
ကို အားပြုတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိနိုင်၏။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရက တည်ဆောက်မည့်
ရန်ကုန်မြို့သစ်ဟုခေါ်ဆိုသော မြို့သစ်တည်ဆောက်မှု
လုပ်ငန်းကို လေ့လာကြည့်သောအခါ ကျူး ကျော်အိမ်ရာများ
အား နေရာချထားရန်ဟု ကြေညာခြင်းမရှိကြောင်း တွေ့ရှိရ၏။

မတည်ငွေရင်းအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း
တည်ထောင်မည်ဟု လည်း သိရှိရ၏။ အစိုးရမှ ၅၁ ရာခိုင်နှုန်း
ကိုလည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ
၄၉ ရာ ခိုင်နှုန်းကိုလည်းကောင်း မတည် ငွေရင်းထည့်ဝင်မည့်
Metro-politan Development Co; မှ တာဝန်ယူအကောင်
အထည်ဖော်မည်ဟု သိရှိရ၏။

ထို့ကြောင့် ယခင် မြို့သစ်များ တည်ဆောက်မှုပုံစံ သည်
လူမှုရေးပုံစံဖြစ်ပြီး ယခုပုံစံသည် စီးပွားရေးပုံစံမျိုး ဖြစ်ကြောင်း
ကောက်ချက်ချနိုင်၏။

အမြတ်အစွန်းရရှိရေးသက်သက်ကို မရည်ရွယ်သည့်
တိုင်အောင် အရှုံးခံ၍ ဆောင်ရွက်ပေးမည့်ပုံစံမျိုးဟု မဆိုနိုင်ပေ။
ထို့ကြောင့် မြို့သစ်သည် အထက်ပါကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်
ထုတ်လုပ်သော ထုတ်ကုန်တစ်ရပ်ပမာ ဖြစ်ထွန်းပေါ်ပေါက်မည်
ဖြစ်ကြောင်း သိသာစေရန်အတွက် ‘မြို့ကုန်’ဟု သုံးနှုန်း
ထားခြင်းလည်း ဖြစ်ပေသည်။

‘မြို့ကုန်’တွင် ပါဝင်သော အဓိကကုန်ပစ္စည်း အမျိုးအစားမှာ
မြေကွက်နှင့် အိမ်ရာများပင် ဖြစ်၏။ အိမ်ရာမြေ ဈေးကွက်တွင်
၎င်း ကုန်စည်များ၏ ၀ယ်အားကောင်း ပါမှ ထုတ်လုပ်မှု
အားကောင်းမည် ဖြစ်၏။

ထုတ်လုပ်ပြီးနောက် ၀ယ်အားမကောင်းလျှင် Ghost City ခေါ်
တစ္ဆေမြို့များသာဖြစ်လာနိုင်၏။ လက်ရှိအချိန်သည် အိမ်ရာ နှင့်
မြေဈေးကွက်မှာ ၀ယ်လိုအား လုံးဝကျဆင်းနေသော
အချိန်ကာ လဖြစ်၏။

နေရာအကွက် အကွင်း ကောင်းပါမှ ကြိုက်ရောင်း၊ ကြိုက်ဝယ်
အလုပ်ဖြစ်ကြ၏။ လူဦးရေတိုး၍ အိမ်ရာလိုအပ်ချက်မြင့်မားလျှင်
ဝယ်လိုအား မြင့်မားလာမည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သော်
လည်း လက်ရှိမြန်မာနိုင်ငံတွင် အိမ်ရာလိုအပ်ချက် မြင့်မားသော
ပြည်သူများမှာ ၀င်ငွေနည်းပြည်သူများသာ ဖြစ်၏။

သို့သော် လက်ရှိအိမ်ရာထုတ်လုပ်မှုမှာ ၀င်ငွေနည်းပြည်သူ
များ၏ ၀ယ်လိုအားနှင့် လက်လှမ်းမမီနိုင်သေးကြောင်း တွေ့ရှိ
နိုင်၏။

စီးပွားရေးအခြေအနေအရ နောင်တိုးပွားလာမည့် လူဦးရေ
အများစုသည်လည်း အလားတူ ၀င်ငွေနည်း ပြည်သူများသာ
ဖြစ်မည်ဆိုသောအချက်မှာ အလွန် ထင်ရှား၏။

ထို့ကြောင့် ‘မြို့ကုန်’ ကို မည်သူတို့၏ အဓိက၀ယ်လို အားကို
မျှော်မှန်းပြီး ပြည်သူတို့၏ ဘဏ္ဍာငွေ ထည့်ဝင်သုံးစွဲမှုဖြင့်
တည်ဆောက်ပါမည်နည်း ဟူသော မေးခွန်းကို အရင်ဆုံး
ဖြေဆို ကြရန်နှင့် ဈေးကွက်အခြေအနေ ကို အတွင်းကျကျ
လေ့လာကြည့်ရန် တိုက်တွန်းလိုပေသည်။

ဤကဲ့သို့ တိုက်တွန်းရသည်မှာ အကြောင်းတစ်ရပ်ရှိနေခြင်း
ကြောင့်ဖြစ်၏။

ကိုရီးယားမှ ဂမ်းနန်စတိုင် မြို့သစ်တည်မည်ဟုလည်း
သတင်းများကြားသိရပေရာ စာရေးသူကိုယ်တိုင် ရောက်ခဲ့ဖူး
သော ဂမ်းနန်သည် သူဌေးရပ်ကွက်ဖြစ် ပြီး စီးပွားရေးလုပ်ငန်း
များလည်း တည်ရှိကြောင်း တွေ့ရှိခဲ့ရ၏။

ငွေ နှင့်ရင်းပြီး ငွေကြေးအမြတ်ယူရန် တည်ဆောက်သည့်
‘ကောင်းကောင်းဆောက် ကောင်းကောင်း ရောင်း’ပုံစံဖြစ်၏။
သို့သော် ကိုရီးယား၌ အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီ ပူးပေါင်း၍
မြို့သစ်တည်သည်ဟူ၍ မမြင်ခဲ့၊ မကြားခဲ့ဖူးပေ။

၎င်းနိုင်ငံတွင် အိမ်ရာဝယ်လိုအားက အမြဲလိုမြင့်မားနေပြီး
အစိုးရကိုယ်တိုင် တာဝန်ယူ တည်ဆောက်ကြောင်း တွေ့ရှိ
ရ၏။ အရင်းအနှီးအတွက် ငွေချေးစာချုပ် (Bond) များ
ထုတ် ရောင်းသည့် စနစ်ကိုလည်း ကျင့်သုံး၏။ မြန်မာနိုင်ငံ၏
လက်ရှိစီး ပွားရေးအခြေအနေနှင့် လုံးဝမတူညီသော
ဂမ်းနန်ကိုမှန်းလျှင် အရှုံး ပေါ်သည့် ကဏန်း အညှပ်ခံရမည့်
ကိန်းနှင့်သာ ကြုံတွေ့နိုင်ကြောင်း သတိပြုအပ်ပေသည်။

ဒုတိယအချက်မှာ မြို့သစ်မှန်သမျှအတွက် Target Group
ဟူသော ပင်မအခြေချနေထိုင်ရန် လျာထားသည့် ပြည်သူ
(သို့မဟုတ်) လျာထားသော ၀င်ငွေအုပ်စု ရှိရမည်သာ
ဖြစ်၏။

စစ်ပွဲတစ်ရပ် ခင်းကျင်းရာ၌ အဓိကပစ်မှတ်ကို အရင်ဆုံး
အုံနှင့်ကျင်းနှင့် အရယူ သိမ်းပိုက်သကဲ့သို့ဖြစ်၏။ ပြီးမှ
ပတ်ဝန်းကျင်ဒေသအားလုံးကို ချဲ့ထွင် သိမ်းကျုံးယူငင်ကြောင်း
တွေ့ရှိရ၏။

ထို့အတူ လူနေမြို့ရွာသစ် (New Human Settlement)
တစ်ခုထူထောင်ရာ၌ မည်သို့သော ပြည်သူများနေထိုင်ရန်
တည်ထောင်ပေးမည် ဟူသော ရည်မှန်းပြည်သူ
(Target Group) အတိအကျရှိရန် လိုအပ်၏။

နောင်တိုးပွားလာမည့် လူဦးရေအတွက်ဟု လုံးချ၍ မရပေ။
လက်ရှိလူများနေထိုင်မှ နောက်လူက ၀င်လာမည်ဖြစ်၏။
ထို့ကြောင့် မည်သူများနေထိုင်ရန် ဆိုသည့် အဓိက
ရည်မှန်းချက်ကို အရင်ဆုံး သိမ်းကျုံးယူငင်နိုင်စွမ်း ရှိရမည်
ဖြစ်၏။

ဥပမာအားဖြင့် ကျူးကျော်ပြည်သူများနေထိုင်ရန် မြို့သစ်
တည်လျှင် ပထမကျူး ကျော်များအား စနစ်တကျနေရာ
ချထားမှုကို ပစ်မှတ်ထားဆောင်ရွက်ရန်ဖြစ်၏။ သို့သော်
ကျူး ကျော်များ သက်သက်ဆိုပါလျှင် ဆင်းရဲသားမြို့သာ
တစ်သက်လုံး ဖြစ်နေမည်ဖြစ်၏။ ထို့ကြောင့် အခြားဝင်ငွေ
အုပ်စုများပါဝင်ပြီး ရော နှောနေထိုင်သည့်ပုံစံ
(Social Mix) ဖြစ်လာအောင် စီမံကိန်းဖြင့် ဆက်လက်
ဖန်တီးပေးရကြောင်း တွေ့ရှိရ၏။

တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၌
ဝင်ငွေ အလယ်အလတ်အုပ်စုသည် အလွန်ကြီးထွား
ခိုင်မာ၏။ ၀င်ငွေအလယ်အလတ်များ အင်အားတောင့်
တင်း၍လည်း တိုင်းပြည်ကြွယ်ဝချမ်းသာခြင်း ဖြစ်ပေသည်။

ထို့ကြောင့် အဆိုပါနိုင်ငံများ၌ မြို့သစ်တည်သောအခါ၌
ရည်မှန်းပြည်သူ (Target Group) သည် အိမ်ရာလိုအပ်သော
ဝင်ငွေအလယ်အလတ် အုပ်စုသာဖြစ်ကြောင်း တွေ့ရှိရ၏။

ကျူးကျော်အစုအဝေးများမရှိဘဲ ၀င်ငွေနည်းပြည်သူတို့အတွက်
အငှားအိမ်ရာများကို သီးခြားဆောက်လုပ်ပေးထား၏။
လူချမ်းသာများ ပါဝင်လာစေရန် စီမံကိန်းဖြင့် သိမ်းသွင်း
ဆွဲငင်ကြောင်းလည်း တွေ့ရှိနိုင်၏။

မြန်မာနိုင်ငံ၌ ၀င်ငွေအလည်အလတ်အုပ်စု လုံးဝ
အားမကောင်းသေးကြောင်း အထူးပြောရန် လိုအပ်မည်
မဟုတ်ပေ။ ၀င်ငွေနည်း ဆင်းရဲသားပြည်သူများသာ
အလွန်အားကောင်း နေ၏။

စီးပွားရေးအမြင်အရပြောရလျှင် ၀ယ်လက်က အားနည်းပြီး
ထုတ်လုပ်မှုစရိတ် အရမ်းကြီးမည် ဖြစ်၏။
ဥပမာတစ်ခုပြရလျှင် ရန်ကုန်မြို့သစ် တည်မည်ဆိုသော
မြို့တည်မည့် မြေနေရာသည် လက်ရှိ လှိုင်သာယာမြို့ထက်
ပင်  ၂၀  ပေခန့်ပင်လယ်ရေမျက်နှာ အောက်သို့ ရောက်ရှိနေ၍
ဧရိယာတစ်ခုလုံးမြေဖို့ခြင်းလုပ်ငန်းကို အမြင့်ပေ ၂၀ ခန့်အထိ
ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရ၏။
စရိတ်ကြီးလှမည်မှာ သေချာ၏။

ထို့ ကြောင့် အထက်ပါနိုင်ငံများကဲ့သို့ မြို့သစ်တည်လိုလျှင်
အရွယ် အစားကြီးကြီး၊ ဧကပေါင်း သောင်း ဂဏန်းမလို။
ဧက ရာဂဏန်း၊ ထောင်ဂဏန်းမျှသာ ထုတ်လုပ်သင့်၏။

အထူးသဖြင့် ၀ယ်လိုအား ကျဆင်းနေချိန်တွင် အရေအတွက်
နည်းပါးလှသော ၀င်ငွေအလယ်အလတ် အိမ်ထောင်စုများ၏
အိတ်ထောင်မှ ငွေကို မျှော်ကိုးပြီး အကြီးအကျယ်
တည်ဆောက်ပါက ‘မြို့ကုန်ရှုံး၍ တစ်သက်လုံးမှောက်’ မည့်
ကိန်းနှင့် ကြုံတွေ့နိုင်ပေသည်။

အကယ်၍ ကိုရီးယားနိုင်ငံကဲ့သို့ ၀ယ်လိုအားကောင်းမွန်လာ
စေရန် ငွေချေးစာချုပ် (Bond)များ ထုတ်ပြီး ရောင်းချသည့်
စနစ်ကို ကျင့်သုံးလျှင်လည်း မြေ၀ယ်လှောင်သည့် လုပ်ငန်း
(Speculation) က ၀င်ရောက်နေရာယူလာနိုင်ကြောင်း
တွေ့ရှိရပေသည်။

တစ်ဆက်တည်းမှာပင် မြေလှောင်ဈေးကစားသည့် လုပ်ငန်း
အန္တရာယ်နှင့် မြို့သစ်တည်ဆောက်မှုအကြောင်းကို ဆွေးနွေး
လိုပါသည်။

မြန်မာနိုင်ငံ၌ မြို့ကြီးများကို တိုးချဲ့နိုင်ရန်နှင့် မြို့သစ်များ
တည်ထောင်နိုင်မည့် မြို့ပတ်ဝန်းကျင်ဒေသရှိ လယ်ယာမြေ
မှန်သမျှသည် ၂၀၁၂ ခုနှစ်လွန် ကာလမှစ၍ ၀ယ်လှောင်သူ
(လယ်လယ် ၀ယ်ဝယ်)များ၏ လက်တွင်းသို့ အစုအဝေးဖြင့်
သက်ဆင်းကျရောက်သွားပြီဖြစ်ကြောင်း ၀မ်းနည်းဖွယ်ရာ
တွေ့ရှိရ၏။

ဤအချက်မှာ မြန်မာနိုင်ငံ၏ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးအတွက်
ကြီးမားသော အဟန့်အတား (Critical Issue) တစ်ရပ်လည်း
ဖြစ်၏။

အဓိကအားဖြင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၏ အားနည်း
ချက် များကြောင့် ဖြစ်ပြီး လယ်သမား လောကတွင် ကိုယ်တိုင်
လယ်မလုပ်ဘဲ လက်ဝါးကြီးအုပ်ဝယ်ယူ ရပ်တည်နိုင်ရန်
လမ်းဖွင့်ပေးထားကြောင်း တွေ့ရှိနိုင်၏။

ထို့အပြင် လယ်ယာမြေ၀ယ်ယူထားသူသည် ဘာမျှမလုပ်ဘဲ
အခိုင်အမာခြံစည်းရိုးများ ခတ်ထားနိုင်ခွင့်ပါ ရရှိနေ၏။
ဝယ်ယူသူသည် မြေလှောင် ဈေးကစားသူ မဖြစ်စေရန်လည်း
ဥပဒေက ဟန့်တားနိုင်ခြင်းမရှိရုံမျှမက မြို့ပြဖွံ့ဖြိုးရေးနှင့်
အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းအတွက် အခြားနည်းဖြင့်
မြေအသုံးပြု ခွင့်လျှောက်ထားမှု လုပ်ငန်းစဉ်များတွင် ရှုပ်ထွေး
ခက်ခဲ့စေမည့် ပြဋ္ဌာန်းချက်များပါဝင်နေပြန်၏။

လယ်ယာမြေ၀ယ်ယူမှုအပေါ် ၀င်ငွေခွန်စည်းကြပ်ရေးကို
လည်း ပီပီ ပြင်ပြင် ဖော်ဆောင်နိုင်ခြင်းမရှိသော အားနည်း
ချက်များလည်း ဖြစ်ပေါ်နေ၏။

ထို့အပြင် မြန်မာနိုင်ငံ၌ မြို့ ပြဒေသရှိ အိမ်ရာမြေကွက်များကို
ဝယ်ပြီးလှောင်ထားမှုများ အပါအ၀င် စည်းကမ်းဖောက်ဖျက်မှု
များနှင့် ပတ်သက်၍ တာဝန်ရှိ သော မြေစီမံခန့်ခွဲမှုယန္တရားက
လျစ်လျူရှုလိုက်လျောထားသည့် ကျင့်ထုံးကို ကျင့်သုံးနေသည်
မှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်၏။
စက်မှု မြေကွက်များ အပါအ၀င်ဖြစ်၏။

‘ကျောက်တိုင်စိုက်သော အိမ်’၊
‘ကျောက်တိုင်စိုက်သော စက်မှု မြေ’၊
‘ကျောက်တိုင်စိုက်သော လယ်ယာ’နှင့် တကွ
‘ခြံစည်းရိုး ကာရုံမျှသက်သက် ခွင့်ပြုပေးထားသော စီမံကိန်း
များ’ အလွန်များ ပြားနေ၏။

အခြားနိုင်ငံများကဲ့သို့ မြို့ပြအိမ်ရာမြေပိုင်ဆိုင်မှုအပေါ် အခွန်
ကောက်သည့်စနစ်များ လုံးဝ မရှိသေးပေ။

ဥပဒေကို ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းသဲ့သဲ့ကြားရရုံမျှ
ရှိသေး၏။

ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် လှောင်ထားသည့်
မြေအပေါ် နှစ်စဉ် ကောက်ခံသည့် အခွန်စနစ်
(Idle Land Tax) ၊ မြေဖွံ့ဖြိုးမှုလုပ်ငန်းကြောင့် မြေဈေးမြင့်
တက်လာမှု အပေါ် သီးခြားကောက်ခံသည့် အခွန်စနစ်
(Betterment Tax) များလည်း ပြဋ္ဌာန်းသင့်ပြီဖြစ်ကြောင်း
တွေ့ရှိရ၏။

မြို့တိုင်း၌ ပြဋ္ဌာန်း ရန် မဟုတ်ကြောင်းနှင့် ကိုရီးယားနိုင်ငံ၌ပင်
ခြောက်မြို့ကိုသာ စတင်ပြဋ္ဌာန်းခဲ့ကြောင်း ပြောကြားလို၏။

(မြင့်မိုရ်ဆွေ)

credit - 7day Daily

(မှတ်ချက်)

Facebook policy အရ စာရှည်လျှင် တစ်ခါတည်း တင်ဖို့ရန်
အခက်အခဲရှိပါသဖြင့် “မြို့ကုန်ရှုံးလျှင် တစ်သက်လုံးမှောက်မည်”
အပိုင်း(၂) အား ဆက်လက်တင်ပေး ပါမည်။

ကျေးဇူးတင်စွာဖြင့်
"အိမ်ခြံမြေလမ်းဆုံ"

အပိုင်း (၂) အား ဆက်လက် ဖတ်ရှုလိုပါလျှင် ---
https://www.facebook.com/permalink.php?story_fbid=1221751627933774&id=726764717432470&substory_index=0

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment