"အိမ်ခြံမြေတိုက်ခန်း အ၀ယ်မမှားစေဖို့ (၂)"
မြေအမျိုးအစားတွင်
ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ ဥယျာဉ်ခြံမြေ
စသည်ဖြင့်နိုင်ငံတော်ကမြေအမျိုးအစား သတ်မှတ်ပေးထား
ပါသည်။
ဘိုးဘွားပိုင်မြေနှင့် ဂရန် မြေတို့ကို အရောင်းအဝယ် ပြုလုပ်
ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်
အရောင်းအဝယ်စာချုပ် ချုပ်ဆိုခွင့် ရပေသည်။
သို့ရာတွင် ဥယျာဉ်ခြံမြေ၊ ပါမစ်မြေတို့မှာမူ စာချုပ်စာတမ်း
မှတ်ပုံတင်ရုံးတွင် အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ပြုလုပ်
ချုပ်ဆိုခွင့် မပြုသည့် မြေအမျိုးအစားတွင် ပါဝင်သဖြင့်
အရောင်း အဝယ် ကတိစာချုပ် - Sale Contract ဖြင့် သာ
လွှဲပြောင်း ဝယ်ယူကြပြီး ထိုမှတစ်ဆင့် ဂရန်သစ်
လျှောက်ထားကြရပေသည်။
လယ်ယာမြေ၊ ခြံမြေဆိုလျှင်လည်း လူနေရပ်ကွက်အတွင်း
ရှိ ရွာမြေအဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း သက်ဆိုင်ရာ
မြေစာရင်း ဦးစီးဌာန သို့မဟုတ် ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီ မြေယာဌာနမှ သက်သေခံ
လက်မှတ် ရရှိထားရန် လိုအပ်ပေသည်။
ထိုသို့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုခွင့် မရသည့်
ဥယျာဉ်ခြံမြေ၊ ပါမစ်မြေတို့ကို အရောင်းအဝယ် ပြုရာတွင်
အရောင်းပဋိဥာဉ်ကတိစာချုပ်(အရပ်စာချုပ်) များပေါ် မူတည်၍
အဆင့်ဆင့် လွှဲပြောင်း၊ ရောင်းချကြသဖြင့် ပိုင်ဆိုင်မှု
မခိုင်မာဘဲ ပြဿနာများဖြစ်ပေါ်လာလေ့ ရှိပေသည်။
ဤသည်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ထားသည့် တရားစီရင်ထုံး
တစ်ခုကို ဖော်ပြလိုပါသည်။
'ဦးစိုးမြင့်နှင့် ဦးအောင်ကျော်မင်း၊ ပါ (၂)
၂ဝဝ၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ- ၁၆၇'
အမှုမှာ
ရွှေတောင် မြို့နယ် တရားရုံး၌ ဦးအောင်ကျော်မင်းနှင့်
ဒေါ်သန်းနွဲ့တို့က ဦးစိုးမြင့် အပေါ် ပဋိဥာဉ်အတိုင်း မှတ်ပုံတင်
စာချုပ် ချုပ်ဆိုပြီး မြေနှင့်အိမ်ကို လက်ရောက်ရလိုမှု စွဲဆိုရာ
မြို့နယ် တရားရုံးက အနိုင်ဒီဂရီ ချမှတ်ခဲ့သည်။
ဦးစိုးမြင့်က မြို့နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီဂရီကို
ပဲခူးတိုင်း တရားရုံး (ပြည်ခရိုင်) သို့ အယူခံဝင်ခဲ့ရာ
ပလပ်ခြင်း ခံခဲ့ရသည်။
တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီဂရီကို မကျေနပ်၍ ဦးစိုးမြင့်
က တရားရုံးချုပ်သို့ ထပ်မံအယူခံ ဝင်ခဲ့ရာ အောင်မြင်မှု
မရရှိခဲ့သဖြင့် အထူးအယူခံရုံးသို့ အယူခံဝင်ခဲ့သောအမှု
ဖြစ်သည်။
အထူးအယူခံခုံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ
- အချင်းဖြစ် မြေကွက်ကို ဦးအောင်ကျော်မင်းတို့က
ဦးစိုးမြင့်ထံမှ သက်သေခံမြေနှင့် အဆောက်အအုံ
အရောင်းအဝယ် ကတိစာချုပ်အရ အဖိုးစားနားပေး၍ ဝယ်ယူ
ခဲ့သဖြင့် ပဋိဥာဉ် အတိုင်း အရောင်းအဝယ် မှတ်ပုံတင်စာချုပ်
ချုပ်ဆိုပြီး မြေနှင့်အဆောက်အအုံကို လက်ရောက် ပေးအပ်ရန်
ဦးအောင်ကျော်မင်းတို့က အဆိုပြု၍ တရားစွဲဆိုခြင်းဖြစ်သည်။
- ပဋိဥာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုတွင် တရားလိုနှင့်
တရားပြိုင် အကြား ပြီးမြောက်သော ပဋိဥာဉ်ရှိဖို့ လိုပေသည်။
- ယင်း ပဋိဥာဉ်ပါ စည်းကမ်းချက်များကို ကတိပါ အတိုင်း
ဆောင်ရွက်ပေးစေလိုခြင်းဖြစ်၍ ကတိပဋိဥာဉ် အပေါ်
အခြေခံစွဲဆိုခြင်း ဖြစ်သည်။
- ပစ္စည်းကို လက်ရောက် ပေးစေလိုမှုများ၊ ပစ္စည်းလွှဲပြောင်း
ခြင်းစာချုပ် ပဋိဥာဉ်အပေါ် အခြေခံ ဆုံးဖြတ်ရမည် ဖြစ်သည်။
- ယခုအမှု သည် ပစ္စည်း လက်ရောက်ရရှိခဲ့ခြင်း မရှိသဖြင့်
ပဋိဥာဉ် အတိုင်း ဆောင်ရွက်ပေးစေလိုမှု အပြင်
ပစ္စည်းလက်ရောက် ရလိုမှုပါ ပူးတွဲစွဲဆိုထားပေသည်။
- ပစ္စည်းလက်ရောက် ရလိုမှုဖြစ်လျှင် အချင်းဖြစ်ပစ္စည်း၏
ပိုင်ဆိုင်မှုကို မူတည်၍ တရားရုံးက ဆုံးဖြတ်ပေး ရမည်
ဖြစ်သည်။
- အချင်းဖြစ်မြေကွက်၏မြေပုံနှင့်မြေရာဇဝင်အရ မြေကွက်
အမည်ပေါက် ပိုင်ရှင်မှာ ဦးမောင်ခနှင့် ဒေါ်စောရှင်တို့
အမည်ပေါက် ဖြစ်နေသည်။
- ဦးစိုးမြင့်သည် အချင်းဖြစ်မြေကွက်ကို ခြံမြေ
အရောင်းအဝယ် ကတိစာချုပ် အရ ငွေကျပ်တစ်ထောင်ဖြင့်
ဦးသူတော်ထံမှ ဝယ်ယူခဲ့သည်။
- ဦးသူတော်နှင့်မြေကွက်အမည်ပေါက်ဦးမောင်ခ၊ဒေါ်စောရှင်
တို့၏ တရားဝင် အရောင်းအဝယ် ပြုလုပ်ထားသည့်
ဆက်စပ်စာချုပ် များလည်း မတွေ့ရပေ။
- ဦးစိုးမြင့် တင်ပြသော ခြံမြေအရောင်းအဝယ် ကတိစာချုပ်မှာ
လည်း တံဆိပ်ခေါင်း ထမ်းဆောင်ထားခြင်း မရှိသည့်အပြင်
မှတ်ပုံတင်ထားခြင်း မရှိသဖြင့် ပစ္စည်းလွှဲပြောင်းခြင်း
အက်ဥပဒေ ပုဒ်မ ၅၄ နှင့် စာချုပ်စာတမ်း များ မှတ်ပုံတင်
အက်ဥပဒေ ပုဒ်မ ၁၇ တို့အရ တရားမဝင်သောကြောင့်
အချင်းဖြစ်မြေကွက်ကို ဦးစိုးမြင့်က တရားဝင် ပိုင်ဆိုင်ခွင့်
မရှိနိုင်ပေ။ ရောင်းချပိုင်ခွင့်လည်း မရှိချေ။
ထို့ကြောင့်
- အချင်းဖြစ်မြေနှင့် အိမ်ကို ဦးစိုးမြင့်က ပဋိဥာဉ်အတိုင်း
မှတ်ပုံတင် အရောင်းစာချုပ် ချုပ်ဆိုပြီး လက်ရောက်ပေးအပ်ရန်
တရားရုံး က အမိန့်ချနိုင်မည် မဟုတ်ဟု ဆုံးဖြတ်ထား
ပေသည်။
- သို့ရာတွင် ရောင်းကြေးငွေ အတွက် တစ်စိတ်တစ်ဒေသ
ပေးသွင်းထားပါက ရောင်းသူသော်လည်းကောင်း၊
ဝယ်သူသော် လည်းကောင်း၊ ပဋိဥာဉ်အတိုင်း ဆောင်ရွက်ရန်
ပျက်ကွက်လျှင် ထိုငွေကို ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။
ဤအမှုတွင်
- ဦးစိုးမြင့်က ပဋိဥာဉ်အတိုင်း ဆောင်ရွက်မပေး နိုင်သော
အခြေအနေ ရှိသဖြင့် အရောင်း အဝယ် ကတိစာချုပ်ပါ
အတိုင်း ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပေ။
- ဝယ်သူ ဦးအောင်ကျော်မင်းတို့က တစ်စုံတစ်ရာပျက်ကွက်
ခြင်းမရှိကြောင်း တွေ့ရသည်။
- ဦးအောင်ကျော်မင်းတို့က ဦးစိုးမြင့်သို့ ရောင်းကြေးငွေ
တစ်သိန်းလေးသောင်း ကျပ် အပြည့်အဝ ပေးအပ်ခဲ့ပြီး
ဖြစ်သဖြင့် ထိုငွေကို ဦးစိုးမြင့်က ပြန်လည်ပေးစေသင့်သည်
ဟု သုံးသပ်ပြီး ဦးစိုးမြင့်က ဦးအောင်ကျော်မင်းတို့ကို
ရောင်းကြေးငွေ ကျပ် တစ်သိန်းလေးသောင်းကိုပြန်ပေး
စေရန် အမိန့်ချမှတ်ခဲ့ပေသည်။
ထို့အတူ
အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်ယူရာတွင် အမှန်တကယ်
ရောင်းပိုင်ခွင့်ရှိသူထံမှ မဟုတ်ဘဲ ပိုင်ရှင်အစစ်ဟုထင်၍
ဝယ်မိသဖြင့် တိုက်ခန်းမှ ဖယ်ရှားပေးခဲ့ရသော အမှုတစ်ခု
ကို ဖော်ပြ လိုပါသည်။
'ဒေါ်တင်မော်၊ ပါ (၂) နှင့် ဦးမြင့်သိန်း၊ ပါ (၂)။
၂ဝဝ၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈၉' အမှု
တွင်
- ရန်ကုန်တိုင်းတရားရုံး၌ ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်း
တို့က ဦးမြင့်သိန်းနှင့် ဒေါ်ဆွေဆွေမြင့်တို့အပေါ် တရားလို
များ ပိုင်ဆိုင်သော တိုက်ခန်းအတွင်းသို့ ကျူးကျော် ဝင်ရောက်
နေထိုင်သည့် တရားပြိုင်များအား ဖယ်ရှားထွက်ခွာပေးစေလိုမှု
စွဲဆိုရာ အနိုင်ဒီဂရီ ရခဲ့သည်။
- တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီဂရီကို ဦးမြင့်သိန်းတို့က
တရားရုံးချုပ်သို့ အယူခံဝင်ရာ မူလ ဒေါ်တင်မော်တို့ စွဲဆို
သည့် အမှုကို ပလပ်ကြောင်း အမိန့် ချမှတ်ခဲ့သည်။
- ယင်း အမိန့်ကို ဒေါ်တင်မော်တို့က မကျေနပ်၍
အထူး အယူခံခုံရုံးသို့ အယူခံဝင်လာခြင်းဖြစ်သည်။
အထူးအယူခံခုံရုံးက သုံးသပ် ဆုံးဖြတ်သည်မှာ
ဤအမှုတွင်
- ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့သည် ရန်ကုန်မြို့၊
ပန်းဘဲတန်းမြို့နယ်၊ (၈) ရပ်ကွက်၊ လမ်း ၃ဝ၊ ပထမထပ်၊
၂၃၂ အချင်းဖြစ် တိုက်ခန်းကို ၂၈-၄-၉၄ နေ့တွင်
ဒေါ်လှလှစိန်ထံမှ တန်ဖိုးငွေကျပ် တစ်ဆယ့်သုံးသိန်း
ငါးသောင်းဖြင့် သက်သေခံ တိုက်ခန်း အရောင်းအဝယ်
ကတိစာချုပ်အရ ဝယ်ယူခဲ့သည်။
- ဝယ်ယူပြီးနောက် ဒေါ်တင်မော်တို့သည် အချင်းဖြစ်တိုက်ခန်း
ကို ဦးချင်တိန်ဟောက်အား ငှားရမ်းထားခဲ့သည်။
- အိမ်ငှား ဦးချင်တိန်ဟောက် ပြောင်းရွှေ့ချိန်တွင်
ဒေါ်တင်မော်၏ သားဖြစ်သူ ဦးတင်ထွန်းဝင်းအား ခေတ္တ
နေထိုင်ခွင့်ပြု ခဲ့သည်။
- ဒေါ်တင်မော်နှင့် ဒေါ် သန်းသန်းဝင်းတို့သည်နိုင်ငံခြားသို့
သွားရောက်လည်ပတ်ပြီး ပြန်ရောက်လာသည့်အခါ
အချင်းဖြစ် တိုက်ခန်းသို့ သွားရောက်ကြည့်ရှုသည်။
ဤတွင်
- တိုက်ခန်း၌ ဦးမြင့်သိန်းတို့ မိသားစုက ကျူးကျော်ဝင်ရောက်
နေထိုင်လျက် ရှိသည်ကို တွေ့ရ၍ ဦးမြင့်သိန်းတို့အပေါ်
တိုက်ခန်းမှ ဖယ်ရှားထွက်ခွာပေးစေလိုမှု စွဲဆိုခြင်း ဖြစ်သည်။
- အချင်းဖြစ်တိုက်ခန်း ပါဝင်သော တိုက်အမှတ် ၂၃၂ ၏
မြေပိုင်ရှင် ဦးရာကွတ်မောင်မောင် က ၁၉၉၃ ခုနှစ်တွင်
အချင်းဖြစ် တိုက်ခန်းကို ဒေါ်လှလှစိန်က ဒေါ်တင်မော်နှင့်
ဒေါ်သန်းသန်းဝင်းတို့ထံ ရောင်းချခဲ့သည်။
- ဒေါ်လှလှစိန်က ကျွန်တော့်အား အမည်ပြောင်းခ
ခြောက်သောင်းပေးသဖြင့် ကျွန်တော်သည် တိုက်ခန်း ပိုင်ရှင်
အဖြစ် ဒေါ်လှလှစိန်အမည်မှ ဒေါ်တင်မော်နှင့်
ဒေါ်သန်းသန်းဝင်းအမည် သို့ ပြောင်းပေးလိုက်သည်။
- ဒေါ်တင်မော်နှင့် ဒေါ် သန်းသန်းဝင်းတို့သည် ယခုအချိန်ထိ
အိမ်လခပေးချေရန် ပျက်ကွက်မှု လုံးဝမရှိသေးပါဟု
ထွက်ဆိုထားသည်။
ယင်း အချက်ကို ထောက်ရှုခြင်းအားဖြင့်
- ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့သည် အချင်းဖြစ်
တိုက်ခန်းကို အပျောက်စနစ်ဖြင့် ဝယ်ယူကြောင်း
ထင်ရှားသည်။
- ဦးတင်ထွန်းဝင်းသည် မိခင်ဒေါ်တင်မော်နှင့်ဒေါ်သန်းသန်းဝင်း
တို့ နိုင်ငံခြားသို့ ခရီး ခေတ္တသွားနေစဉ် အချင်းဖြစ်တိုက်ခန်းကို
မိခင်ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့၏ ခွင့်ပြုချက်
သို့မဟုတ် လွှဲအပ်ချက် တစ်စုံတစ်ရာ မရှိဘဲ မိမိပိုင်ဆိုင်
လေဟန်ဖြင့် လိမ်လည်၍ ဦးမြင့်သိန်းတို့အား လွှဲပြောင်း
ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သည်။
'Nemo Dat Quod non habet' ဥပဒေဆိုရိုးအရ
မည်သူမျှ မိမိတွင် မရှိသော အခွင့်အရေးကို သူတစ်ပါးအား
မအပ်နှင်းနိုင်ပေ။
ထို့ကြောင့်
- ပစ္စည်းလွှဲပြောင်းပေးရန် အခွင့်အရေးမရှိသူက လွှဲပြောင်း
ပေးခြင်းသည် တရားဝင် အတည်မဖြစ်ပေ။
- ဦးတင်ထွန်းဝင်းသည် အချင်းဖြစ် ဥပစာနှင့် စပ်လျဉ်း၍ စီမံ
ခန့်ခွဲနိုင်သည့် အခွင့်အရေး တစ်စုံတစ်ရာရှိသူ မဟုတ်သဖြင့်
ဦးမြင့်သိန်းတို့သည် ၄င်းထံမှ အချင်းဖြစ်တိုက်ခန်းကို
လွှဲပြောင်း ရယူခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်
အပြင် ၄င်းတို့အနေဖြင့် တရားဝင် လက်ရှိထားပိုင်ခွင့်လည်း
ရှိမည် မဟုတ်ပေ။
- ဦးမြင့်သိန်းတို့အနေဖြင့် ရောင်းသူ ဦးတင်ထွန်းဝင်းအပေါ်
တွင်သာ မိမိတို့ နစ်နာမှုအတွက် ထိုက်သင့်သော
သက်သာခွင့်ကို တောင်းဆိုရန်သာ ရှိပေသည်။
အထက်ပါ အကြောင်းများကြောင့်
- ဒေါ်တင်မော်တို့သည် အချင်းဖြစ် တိုက်ခန်းကို လက်ရောက်
ရထိုက်ခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့ပေသည်။
ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်းများ ဝယ်ယူရာတွင် ရောင်းချသူ
သည် အမှန်တကယ် ပိုင်ရှင်ဖြစ်သူ ဟုတ်၊ မဟုတ်ကို သေချာ
လေ့လာ စုံစမ်းဖို့ လိုအပ်ပေသည်။
ပိုင်ရှင် အစစ်အမှန် မဟုတ်သူထံမှ မှားယွင်းဝယ်ယူမိပါလျှင်
ပစ္စည်းဆုံးရှုံး နစ်နာသည် အထိ ဖြစ်နိုင်ကြောင်း သတိပေး
ရေးသားလိုက်ပါသည်။
(ထီယု - ဥပဒေ အတိုင်ပင်ခံ)
credit - Zaygwet Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment