“အထူးစီးပွားရေးဇုန်အတွင်းမှ လယ်မြေလျော်ကြေး
သတင်းများ”
၁။ "သီလဝါ အထူးစီးပွားရေးဇုန်နှင့် မြေနေရာများမှ ဦးပိုင်မှ
သိမ်းယူခဲ့သည့် လယ်မြေ ဧကတစ်ရာခန့်ကို တစ်ဧကလျှင်
ကျပ်သိန်း ၂၅ဝ စီ လျော်ကြေးပေး"
သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်မြေနေရာဖြစ်သော
ဦးပိုင်မှ သိမ်းယူခဲ့သည့် လယ်မြေဧကအနက် ကနဦးဧက
တစ်ရာခန့်ကို တစ်ဧကလျှင် ကျပ်သိန်း ၂၅ဝ နှုန်းဖြင့်
လျော်ကြေးပေးခဲ့ကြောင်း ဒေသခံ လယ်သမားများထံမှ
သိရသည်။
ထိုသို့ သိမ်းယူခဲ့သည့် လယ်မြေဧက ၆ဝ၆ ဧကမှာ သီတာမြိုင်
ရပ်ကွက်နေ လယ်သမားတချို့ပိုင်ဆိုင်သည့် လယ်မြေဧကများ
သာဖြစ်ပြီး အဆိုပါရပ်ကွက်မှ လယ်သမားများပိုင်ဆိုင်သည့်
လယ်မြေဧကပေါင်းမှာ ဧကလေးထောင်ခန့်ရှိကြောင်း
သိရသည်။
''သီလဝါ အထူးစီးပွားရေးဇုန်ထဲမှာ ပါဝင်တဲ့ ဒုတိယအဆင့်
ဇုန်ဘီဘက် ဧရိယာ၂-၂ နဲ့ ၂-၁ဘက်မှာ တစ်ဧကကို
ကျပ်သိန်း ၂၅ဝနဲ့ လျော်ကြေးပေးခဲ့တယ်။
ဦးတို့ သီတာမြိုင်ကတော့ ဇုန်ထဲမှာတော့ မပါဝင်တဲ့ လယ်မြေ
MEC (ဦးပိုင်) ကုမ္ပဏီက လယ် မြေဧက ၆ဝ၆ ဧကထဲက
ဧကတစ်ရာကို ဒီနှစ်ဧပြီမှာ ကမ္ဘောဇဘဏ်ကနေ ပေးခဲ့တယ်။
ကျန်တဲ့ ဧကတွေကိုလဲ တစ်ရစ်ချင်း ပေးသွားမယ်လို့
သိရတယ်''ဟု သီလဝါအထူးစီးပွားရေးဇုန်ထဲတွင်ပါဝင်သည့်
ကျောက်တန်းမြို့နယ် သီတာမြိုင်ကျေးရွာနေ လယ်သမားကြီး
ဦးအေးဌေးက ပြောသည်။
သီလဝါ ဒုတိယ အထူးစီးပွားရေးဇုန်ဘီထဲတွင်ပါဝင်သည့်
ဧရိယာ၂-၂နှင့် ၂-၁ထဲ တွင် ပါဝင်သည့်လယ်မြေများအား
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် လယ်မြေတစ်ဧကလျှင်
ကျပ်သိန်း ၂၅ဝ၊ ဥယျာဉ်ခြံမြေ ဖြစ်ပါက တစ်ဧကလျှင်
ကျပ်သိန်း၂၇ဝနှုန်း သတ်မှတ်ကာ လျော်ကြေးပေးခဲ့သလို
သီးပင်စားပင်များကိုလည်း အပင်အရေအတွက်အလိုက်
လျော်ကြေးပေးခဲ့ကြောင်း သိရသည်။
''သူတို့လွှဲတာက စီမံကိန်းလုပ်တော့မယ်ဆိုရင် အဲဒီမြေနေရာ
က လူတွေကို နေရာအစားပြန်ပေးဖို့ကို အရင်မလုပ်ဘဲ
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလကတည်းက ပြောင်းရွေ့စရိတ်
သုံးသိန်းနဲ့ အိမ်ငှားနေစရိတ် တစ်လကို တစ်သိန်းနှုန်းနဲ့
လေးလစာပေးခဲ့တယ်။
အဲဒီလူတွေကို ထွက်ခိုင်းပြီး စီမံကိန်းကို စလုပ်ခဲ့တယ်။
သူတို့မြေနေရာ အစားပြန်ပေးရမယ့် ၉၁ အိမ်ကို အခုအိမ်ခြေ
၆ဝ လောက်ပဲ ပြီးသေးတော့ ကျန်တဲ့ ၃ဝကျော်ကတော့
အခုထိ အိမ်ငှားနေရတုန်းပဲ'' ဟု ကျောက်တန်းမြို့နယ်
ရွှေပြည်သာကျေးရွာမှ ခေါင်းဆောင်ဖြစ်သူ ဦးမြလှိုင်က
ပြောသည်။
သီလဝါ ဒုတိယစီးပွားရေးဇုန်ဘီထဲတွင် ပါဝင်သည့် ဧရိယာရှိ
ကျေးရွာများမှာ ရွှေပျောက်ကျေးရွာနှင့် ဖလန်းကျေးရွာတို့
ဖြစ်ကြောင်း သိရသည်။
ယခု ပေးလျော်ခဲ့သည့် လယ်မြေများအား ယခင်က မြန်မာ့
စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်မှ မိမိတို့ပိုင်ဆိုင်သည့်
လယ်မြေများဖြစ်ပြီး လယ်သမားများမှ ကျူးကျော်လုပ်ကိုင်ခြင်း
သာ ဖြစ်သည်ဟု ဆိုကာ ၂ဝ၁၄ ခုနှစ်တွင် တရားစွဲဆိုခဲ့
ကြောင်းသိရသည်။
''အမှုကတော့ ရင်ဆိုင်နေဆဲပဲ ရှိသေးတယ်။ နိုင်လို့ပေးတာ
မဟုတ်ဘူး။ အဲဒီအမှုမှာ ဦးတို့ကို ကျူးကျော်နဲ့တရားစွဲထားတာ။
ဖြစ်ခဲ့တာလဲ ၂ဝ၁၄ ခုနှစ်ကတည်းက သုံးနှစ်ထဲ ဝင်လာပြီ
ဆိုတော့ အမှုမမြောက်ဘူး။
စစ်တဲ့အခါတိုင်း အစိုးရဘက်က ဥပဒေအရာရှိကမေးတိုင်းမှာ
လယ်သမားတွေက မကျူးကျော်ဘူး။
ကျွန်တော်တို့ လယ်သမားတွေက ၁၉၉၆-၁၉၉၇ ခုနှစ်မှာ
လယ်သိမ်းပြီးကတည်းက နိုင်ငံတော်ကို မြေခွန်ပြေစာတွေ
ဆောင်ထားတဲ့အတွက် ကိုယ့်မြေပေါ်ကိုယ် လုပ်တာပါလို့
ပြောတဲ့အတွက် ကျူးကျော်မမြောက်ဘူး။
တစ်ဖက်ကလဲ ဦးပိုင်၊ နိုင်ငံဘက်ကဖြစ်နေတဲ့ အတွက်
လယ်သမားတွေဘက်ကတော့ အမှုနိုင်ဖို့တော့များပေမယ့်
တရားသူကြီးဘက်က ဆုံးဖြတ်ဖို့ခက်နေတယ်'' ဟု ၎င်းက
ဆက်ပြောသည်။
မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီမှသိမ်းယူခဲ့သည့် လယ်မြေ
ဧကများအနက် ဧကတစ်ရာအား ကမ္ဘောဇကုမ္ပဏီမှ
လျော်ကြေးပေးခဲ့ကာ လာမည့်စက်တင်ဘာနှင့်
အောက်တိုဘာလများတွင် ၆၈ ဧကအား လျော်ကြေးပေးသွား
မည်ဖြစ်ကြောင်းသိရသည်။
သီတာမြိုင်ကျေးရွာမှ လယ်သမားကြီးများပိုင်သည့် လယ်မြေ
ဧက ၄ဝဝဝရှိပြီး ယင်းဧကများအား မြန်မာ့စီးပွားရေးဦးပိုင်မှ
ဧက ၆ဝ၆ ဧက၊ ၂ဝ၁၄-၂ဝ၁၅တွင် မြန်မာ့ဆိပ်ကမ်း
အာဏာပိုင်မှ ဧက၂၈ဝ အား လျော်ကြေး ရခဲ့ပြီး မွေးမြူရေးဇုန်
ထဲတွင် ဧက ၁၃ဝဝနှင့် ကျန်မြေများဖြစ်သည့် သီလဝါ
စက်မှုဇုန်ထဲတွင် ပါဝင်သွားခြင်း စသဖြင့် လေးပိုင်းခွဲကာ
သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ဌေးဌေး)
*****
၂။ "ကျောက်ဖြူ အထူးစီးပွားရေးဇုန် လယ်မြေလျော်ကြေး
တစ်ဧက ကျပ်သိန်း ၉၀၀ အထိတောင်း"
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း အကောင်ထည်ဖော်
မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက်
သိမ်းဆည်းမည့် လယ်မြေများအတွက် တစ်ဧကလျှင်
လျော်ကြေး ကျပ်သိန်း ၉၀၀ ပေးလျော်ရန် တောင်းဆို
လိုက်ကြောင်း လယ်ပိုင်ရှင်များက ပြောကြားသည်။
အဆိုပါ စီးပွားရေးဇုန် ဖော်ဆောင်ရန်အတွက် ဇွန်လ ၁၉ ရက်
နေ့မှ စတင်၍ အစိုးရအဖွဲ့၊ လယ်ပိုင်ရှင်များနှင့် စီးပွားရေးဇုန်
တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းရာတွင် ယင်းသို့ တောင်းဆို
လိုက်ခြင်း ဖြစ်သည်။
သိမ်းဆည်းမည့်မြေအမျိုးအစားအလိုက် လယ်မြေတစ်ဧကကို
ကျပ်သိန်း ၉၀၀၊ ဥယျာဉ်မြေတစ်ဧကကို ကျပ်သိန်း ၇၀၀ နှင့်
နွားစားကျက်မြေ၊ တောင်မြေတစ်ဧကလျှင် ကျပ်သိန်း ၅၀၀
ပေးရန် တောင်းဆိုခဲ့ကြကြောင်း လယ်မြေ ၅ ဧက ပိုင်ဆိုင်
သည့် လယ်ပိုင်ရှင် ဦးစောမောင်နုက ပြောဆိုသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ကျောက်ဖြူမြို့နှင့် ၁၀ မိုင်ခန့်
ကွာဝေးသည့် နေရာတွင် တည်ဆောက်မည်ဖြစ်ပြီး မြေဧက
၂၅၀ ဖြင့် စတင် အကောင်အထည် ဖော်ဆောင်ကာ
စီးပွားရေးဇုန်ကို မြေဧက ၄၂၈၀ ကျော်အထိ အသုံးပြုရန်
လျာထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်
ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး
ဦးကျော်အေးသိန်းက ပြောကြားသည်။
အစိုးရအနေဖြင့် သိမ်းဆည်းမည့် လယ်မြေများအတွက်
နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး၊
လျော်ကြေးငွေတောင်းဆိုမှုကို ကုမ္ပဏီနှင့် ဆွေးနွေးပြီးမှသာ
အကြောင်းကြားမည်ဟု ပြောဆိုခဲ့ကြောင်း ဇိုင်ချောင်း
ကျေးရွာမှ လယ်လုပ်ကိုင်သူ ဦးအောင်ကြီးက ရှင်းပြသည်။
credit - Yangon Media Group & The Voice
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment