“တန်ဖိုးနည်းတိုက်ခန်းဝယ်မည်ဆိုလျှင် …
သတိပြုစရာများ”
၁။ "ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင်
အရစ်ကျဖြင့် အိမ်ဝယ်သူများ သုံးလအထိ ငွေမသွင်းလျှင်
တိုက်ခန်းပြန်လည် သိမ်းယူမည်"
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်း
ဖွင့်ထားသည့် အရစ်ကျ စနစ်ဖြင့် အိမ်ဝယ်ယူခွင့် ရသူများ
သုံးလအထိ ငွေလာသွင်းခြင်းမရှိပါက တိုက်ခန်းပြန်လည်
သိမ်းယူမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနမှ
သတင်းရရှိသည်။
လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာဝယ်ယူခွင့်ကို ၁၀ နှစ်စနစ်
ဖြင့် ရောင်းချပေးနေပြီး ငွေသွင်းနေစဉ်အတွင်း သုံးလ
ကျော်သည်အထိ ငွေလာသွင်းခြင်းမရှိပါက ဘဏ်က မြို့ပြ
နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ စာပို့အကြောင်းကြားကာ
တိုက်ခန်းကို ပြန်လည်သိမ်းဆည်းမည့် အစီအစဉ်များ
ဆက်လက် လုပ်ဆောင်မည်ဟု ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး
ဦးဝင်းဇော်က ပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က လက်ရှိတွင်
ငွေလာစုသူများထဲမှ အစဉ်လိုက် စီပြီး ၃၀ ရာခိုင်နှုန်း ပြည့်မီ
သူတိုင်း ရောင်းချပေးနေကာ အခန်းပေါင်း ၆၀၀ ကျော်ကို
အရစ်ကျ စနစ်ဖြင့် စတင်ရောင်းချပေးနေသည်။
ဘဏ်မှ လိုအပ်သည့် ၇၀ ရာခိုင်နှုန်းကို စိုက်ထုတ်ပြီး အခန်း
တန်ဖိုးအတွက် ပေးချေခဲ့ရာ ကျန်ငွေများကို အခန်းဝယ်ယူ
ထားသူများက ၁၀ နှစ်အထိ အရစ်ကျ ပေးဆပ်ရမည်
ဖြစ်သည်။
ဘဏ်တွင် ငွေစုစဉ် ၃၀ ရာခိုင်နှုန်းပြည့်သူများသည်
အခန်းဝယ်ယူခွင့်ရရှိပါက မိမိဝယ်လိုသည့် အခန်းကို
စိတ်ကြိုက်လျှောက် ထားခွင့်ပေးခဲ့ရာ မြေညီထပ်သာ
အများဆုံးလျှောက်ထားကြသောကြောင့် မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးမှုဦးစီးဌာနဘက်တွင် အခက်အခဲများ ကြုံတွေ့
ခဲ့ရကြောင်း ဦးဝင်းဇော်က ဆိုသည်။
မြေညီထပ်ကို လျှောက်ထား သူများပါက မဲစနစ်ဖြင့် ခွဲဝေ
သည့် စနစ်ကို ကျင့်သုံးနေကြောင်း ၎င်း က ဆိုသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာ
ဝယ်ယူရန် စုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူ
၁၆,၀၀၀ အထိရှိလာ ပြီဖြစ်သည်။
ဆောက်လုပ်ရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း
ဖွင့် လှစ်ပါက ကျပ်တစ်သောင်းဖြင့် စတင်ဖွင့်လှစ်နိုင်ပြီး
တန်ဖိုးနည်း တိုက်ခန်းဝယ်ယူခွင့်ရရန် စုဆောင်းငွေသည်
အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီရမည်ဟု
သတ်မှတ်ထားသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တန်ဖိုးနည်း
တိုက်ခန်း များ ရောင်းချရန် အစီအစဉ်ရှိလာပါက ငွေစာရင်း
ဖွင့်လှစ်ထားသူ များထဲမှ တိုက်ခန်း တန်ဖိုး ၃၀ ရာခိုင်နှုန်း
စုဆောင်းထားပြီးသူများကို အစဉ်လိုက် ရောင်းချနေကြောင်း
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဈေးကွက်ဌာန
လက်ထောက်မန်နေဂျာ ဦးဟိန်းဝေနောင်က ပြောသည်။
လက်ရှိအချိန်အထိ ဘဏ်စာရင်းဖွင့်ထားသူ ၁၆,၀၀၀ မှ
လူဦးရေ ၆၀၀ အားအိမ်ရာဝယ်ယူရန် ချေးငွေထုတ်ချေးထား
ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည်
လက်ရှိတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တည်ဆောက်
နေသည့် အိမ်ရာစီမံကိန်းကို နှစ်ရှည် အစီအစဉ်ဖြင့် ချေးငွေ
ထုတ်ချေးနေသည်။
မကြာမီ ပြင်ပတွင် ပုဂ္ဂလိက က ရောင်းချနေသည့် လူနေ
တိုက်ခန်း လုံးချင်းအိမ်အားလုံးကို ဘဏ်ချေးငွေဖြင့်
ဝယ်ယူရန် ကူညီပေးမည့် အစီအစဉ် ဖော်ဆောင်ရန်
ရည်ရွယ်ထားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ချေးငွေ
ကဏ္ဍစုံမှ ကျပ် ၁၃၀ ဘီလီယံကျော် ထုတ်ချေးထားကြောင်း
သတင်းထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရ
အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ပြင်ပစီးပွားရေး
လုပ်ငန်းရှင်များ စုစည်း၍ ၂၀၁၄ က စတင်တည်ထောင်
ခဲ့သည်။
(မိုးညို)
*****
၂။ "တန်ဖိုးနည်းအိမ်ခန်း ရောင်း/ငှားရင် အရေးယူမည်"
တန်ဖိုးနည်းအိမ်ရာတွေကို နိုင်ငံတော်က ဝယ်ယူပြီးတော့
တစ်ဆင့် ပြန်ရောင်းချတာတွေ၊ အိမ်ရာစည်းကမ်းတွေ
ဖောက်ဖျက်ကြောင်းကို စစ်ဆေးချက်အရ တွေ့ရှိရင်
အမည်ပျက်စာရင်းသွင်းပြီးတော့ အရေးယူမယ်လို့
သိရပါတယ်။
အမှန်တကယ်အိမ်ရာလိုအပ်သူတွေအတွက်သာ ရောင်းချဖို့
ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက်အမှန်တကယ်နေထိုင်ခြင်း
ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးမှာ ဖြစ်ပါတယ်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက
“ပြန်ရောင်းစားဖို့ ယူထားတာဆိုရင် အဲဒီလူကို အမည်ပျက်
ကြေညာမယ်၊ အဲဒီစာရင်းဝင်သွားရင် နောက်ပိုင်းမှာ
တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့်လျှောက်လို့မရတော့ပါဘူး၊
ပုဂ္ဂလိကတွေဆောက်တဲ့ အပြင်အခန်းပဲ ဝယ်ရတော့မယ်၊
ဘဏ်ချေးငွေနဲ့ ဝယ်ထားတဲ့ အခန်းတွေဆိုရင် အမှတ်အသား
တွေသွားကပ်ထားမှာဖြစ်ပြီးတော့ မကြာခဏလဲ ဘဏ်က
အိုးအိမ်နဲ့ပေါင်းပြီး မြေပြင်မှာ သွားရောက်စစ်ဆေးမှာ
ဖြစ်ပါတယ်။ မနေဘဲငှားတာ၊ပြန်ရောင်းတာတွေလုပ်လို့
မရဘူး၊မနေနိုင်သေးဘူး၊ လောလောဆယ်အဆင်မပြေနိုင်
သေးဘူးဆိုရင် ပိတ်ထားရမှာ ဖြစ်ပါတယ်၊ ငှားတာတောင်
ငှားခွင့်ပေးမထား ပါဘူး”လို့ ပြောပါတယ်။
မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့
အိမ်ရာစည်းကမ်းချက်အရ တိုက်ခန်းလျှောက်ထားသူ
အနေနဲ့ အိမ်ပိုင်မရှိကြောင်း ကတိခံဝန်ချက်ပါ တစ်ပါတည်း
တင်ပြရမှာ ဖြစ်ပါတယ်။
အိမ်ပိုင်ရှိသူတွေ၊ နိုင်ငံတော်က တိုက်ခန်းရရှိထားပြီးသူတွေ
ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရင် တိုက်ခန်းဝယ်ယူခွင့်ကို
ပယ်ဖျက်မယ့်အပြင် ပေးသွင်းထားတဲ့တိုက်ခန်းတန်ဖိုးရဲ့
ငါးရာခိုင်နှုန်းကို ဒဏ်ကြေးသတ်မှတ်ပြီး တိုက်ခန်းပြန်သိမ်း
ယူမယ်လို့ သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေကို ဝယ်ယူခွင့်ရရှိထားသူ
တွေဆိုရင်လည်း ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခွင့်
မပြုလုပ်ဖို့ တားမြစ်ထားသလို ငါးနှစ်ပြည့်မြောက်တဲ့အချိန်မှာ
ပြန်ပြီးရောင်းချရင်လည်း မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
က သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့သာ ရောင်းချဖို့ စည်းကမ်း
ထုတ်ထားတယ်လို့ သိရပါတယ်။
(မေသက်)
credit - 7day Daily & Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment