Sunday, January 31, 2016

“ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသော ကွန်ဒိုမီနီယံ ဥပဒေကြမ်းနှင့် ပတ်သက်သည့် အမြင်အမျိုးမျိုး”


“ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသော
 ကွန်ဒိုမီနီယံ ဥပဒေကြမ်းနှင့် ပတ်သက်သည့်
အမြင်အမျိုးမျိုး”


၁။ "ကွန်ဒိုမီနီယံဥပဒေတွင် နိုင်ငံခြားသားများ အခန်း
ဝယ်ယူနိုင်ခွင့်အချက်မှာ ဈေးကွက် သွက်လက်စေဖို့အတွက်
အထောက်အကူဖြစ်"

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်သည့် စုပေါင်း
အဆောက်အအုံဥပဒေ(ကွန်ဒိုမီနီယံဥပဒေ)၌ နိုင်ငံခြားသားများ
ကွန်ဒိုအခန်းဝယ်ယူခွင့်ရှိသည့်အချက်သည်အေးစက်နေသည့်
ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်အပေါ် ၀ယ်လိုအားများ
ပြန်လည်မြင့်တက်လာစေသည့် အဓိကအချက်များဖြစ်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များကပြောသည်။

ဇန်န၀ါရီ ၂၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးတွင် စုပေါင်းအဆောက်အအုံဥပဒေအပေါ်
အပိုဒ် လိုက်ဆွေးနွေးကာ ဥပဒေတစ်ခုလုံးကို အတည်ပြု
လိုက်ခြင်းဖြစ်ပြီး ထိုကဲ့သို့ အတည်ပြုခဲ့ရာတွင် ပြည်တွင်းရှိကွန်ဒို
အဆောက် အအုံတစ်ခု၏အခန်းများအနက် ၄၀ ရာခိုင် နှုန်းအား
နိုင်ငံခြားသားများကို ရောင်းချခွင့် ရှိသည့်အချက်အပါအ၀င်
အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအချက်သည် ပြည်တွင်း
ဆောက်လုပ် ရေးလုပ်ငန်းများအတွင်းသို့ ပြည်ပ၀င်ငွေ များ
ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ဇေကမ္ဘာဆောက်လုပ်ရေး
လုပ်ငန်းစုမှ ဒါရိုက် တာ ဦးဇေသီဟက ပြောသည်။

"နိုင်ငံခြားသား တွေကို ၀ယ်ယူခွင့်ပေးလိုက်တာက ပြည်တွင်း
က ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းရဲ့ ၄၀ ရာခိုင်နှုန်းကို
နိုင်ငံခြားငွေ စီးဝင်လာခွင့် ပေးလိုက်သလိုပါပဲ။ ကွန်ဒိုတွေ
ဝယ်လို အား တက်လာတာနဲ့အမျှ ဆောက်လုပ်ရေးကဏ္ဍမှာ
မြှုပ်နှံမယ့်သူတွေကလည်း အရှိန် အဟုန်နဲ့ မြင့်တက်လာမှာပါ။
အဲဒီတော့ဆောက်လုပ်ရေးကဏ္ဍမှာ ဖွံ့ဖြိုးလာစေဖို့ တွန်းအား
ပေးလိုက်သလိုလည်း ဖြစ်ပါတယ်" ဟု
ဦးဇေသီဟက ပြောသည်။

လက်ရှိတွင် ပြည်တွင်းရှိ ကွန်ဒိုဆောက် လုပ်ရေးအများစုတွင်
မရောင်းရသေးဘဲကျန်ရှိနေသည့်အခန်းများမှာလည်း
လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေကြောင့် အရောင်း
အ၀ယ် ပြန်လည်လှုပ်ခတ်စေနိုင်ကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များကပြောသည်။ ထိုကဲ့သို့ ကျန်ရှိနေသည့်အခန်း
များသည် ယခင်က သတ်မှတ်ထားသောနိုင်ငံခြားသားများက
ဝယ်ယူခွင့်မရှိသည့် မူဝါဒနှင့် ပြည်တွင်းဝယ်လိုအားလျော့နည်းမှု
တို့ကြောင့် ကျန်ရှိနေခြင်းလည်းဖြစ်ကြောင်း ရွှေကမ္ဘာ
ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌဦးမောင်မောင်က ပြောသည်။

"အခုဆိုရင် မရောင်းရတဲ့အခန်းတွေအများအကြီး ရှိတယ်။
ပြည်တွင်းဝယ်လိုအားကမရှိဘူး။နိုင်ငံသားတွေရဲ့ စီးပွားရေး
အခြေအနေကလည်း တစ်ချက်ပေါ့။ ဥပဒေကြောင့် ဒီအခန်း
တွေကပြန်ရောင်းလာရတော့မှာဆိုတော့ လုပ်ငန်းရှင်တွေရဲ့
မြုပ်နေတဲ့ငွေတွေလည်းပြန်ပြီးပေါ်လာတော့မှာ။ ဒါတွေကြောင့်
အခွန်ရရှိမှုကလည်း တက်လာမှာပါ " ဟုဦးမောင်မောင်က
ပြောသည်။ သို့ရာတွင် နိုင်ငံခြားသားများကို ကွန်ဒို အခန်း
ရောင်းချမှုမှနိုင်ငံတော်အခွန်ငွေ တိကျစွာ ရရှိရေးနှင့် အစိုးရ
အခွန်ဌာန ၀န်ထမ်းများနှင့် ဆောက်လုပ်ငန်းရေးလုပ်ငန်းရှင်များ
နှစ်ဦးနှစ်ဖက်စလုံးက စနစ်တကျလိုက်နာ ဆောင်ရွက်ရေး
မှာလည်းအရေးကြီးကြောင်းလည်း ၎င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးခဲ့ သည့် စုပေါင်း
အဆောက်အအုံဥပဒေတွင် ကွန်ဒို(စုပေါင်းအဆောက်အအုံ)
သည် အထပ်အရေအတွက် ခြောက်ထပ်အထက် ရှိရမည်
ဖြစ်ကာအကျယ်အားဖြင့် စတုရန်းပေ နှစ်သောင်းနှင့် အထက်ရှိ
သည့် အဆောက် အဦးများကိုသာကွန်ဒိုအဖြစ် သတ်မှတ်ရန်
အချက်ကိုလည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုအချက်သည်
စတုရန်းပေနှစ်သောင်း အကျယ်မရှိသော မြေပိုင်ရှင်များ
အတွက်မူ အားနည်းချက်အနေဖြင့်ရှိနေကြောင်း
ဦးမောင်မောင်က ထောက်ပြသည်။

ကွန်ဒိုမီနီယံဥပဒေကို နိုင်ငံခြားသားများကို၄၀ ရာခိုင်နှုန်းအထိ
ရောင်းချနိုင်ခွင့် ဖြင့် အတည်ပြုပြဋ္ဌာန်းနိုင်ခြင်းသည် မြန်မာနိုင်ငံ
တွင်ကြုံတွေ့နေရသည့် ကုန်သွယ် ရေးလိုငွေကို လေးပုံတစ်ပုံ
အထိ ဖြည့်ဆည်း နိုင်မည်ဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင်
တစ်ဦးလည်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက
ပြောကြားသည်။

ထို့ပြင် ကွန်ဒိုတိုက်ခန်းများ ရောင်းချခြင်းမှ ကုန်သွယ်လုပ်ငန်းခွန်
ငါးရာခိုင်နှုန်းကောက်ခံရရှိမည် ဖြစ်သောကြောင့်လည်း အခွန်ရရှိ
ငွေပါ တိုးလာမည်ဖြစ်သည်ဟု ဦးခင်ရွှေကပြောသည်။

"ဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက် တိုက်ခန်းဈေးကွက်တွေ ဖရိုဖရဲ
ဖြစ်နေတဲ့၊ လျော့ရဲရဲဖြစ်နေတဲ့ အခြေအနေကနေ ပြန်ပြီးတော့
တည့်မတ်လာပါမယ်။ တိုက်ခန်းတွေကိုနိုင်ငံ ခြားသားက တရားဝင်
ဝယ်ယူခွင့် ရှိတယ်လို့ ပြဋ္ဌာန်းလိုက်တာကို မြန်မာနိုင်ငံနဲ့စီးပွားဘက်
နိုင်ငံတွေအားလုံးက စိတ်ဝင်စားသွားမယ်။ အဲဒီအတွက် မြန်မာ
ကျပ်ငွေဟာခိုင်မာ လာမယ်။ ကွန်ဒိုတိုက်ခန်းတွေရဲ့ အရောင်း
အ၀ယ် ဈေးကွက်လည်း မြင့်တက်လာမယ်"ဟုပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးခိုင် မောင်ရည်က ပြောကြားခဲ့သည်။

ယင်းဥပဒေသည်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် ၀င်ရောက်လာမည့်
နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန် ပြဋ္ဌာန်း ပေးခြင်း
ဖြစ်သည့်အတွက် နိုင်ငံခြားသား များသည် အိမ်ခန်းကိုသာ
ပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်ပြီး မြေကိုပိုင်ဆိုင်ခွင့်ရှိမည် မဟုတ်သည့်
အတွက် မြေကိုပိုင်ဆိုင်ခွင့်ရှိမည်မဟုတ် ကြောင်း မန္တလေးတိုင်း
ဒေသကြီး အမရပူရမြို့နယ်မှ ဦးသိန်းထွန်းဦးကပြောသည်။

၎င်းဥပဒေတွင် ကွန်ဒိုအခန်းများ၏ရေမီး နှင့် အခြားသောစီမံခန့်ခွဲ
မှုများနှင့် သက်ဆိုင် သည့်အချက်များကို မည်သို့ ဥပဒေရေးဆွဲ
ထားသည်ဆိုသည့်အချက်မှာလည်း အရေး ကြီးသည့် အချက်
ဖြစ်ကြောင်း ရန်ကုန်မြို့၏ပထမဆုံးဆောက်လုပ်သည့် ကွန်ဒို
ဖြစ်သော ပုလဲကွန်ဒိုတွင် နေထိုင်သူ ဦးစစ်ဟန်ကြည်က
ပြောသည်။

"လက်ရှိမှာ ကွန်ဒိုစီမံခန့်ခွဲမှုကို ကွန်ဒိုဆောက်လုပ်သူတွေကပဲ
လုပ်နေကြတယ်။ဒါက တကယ်တမ်းနေထိုင်သူတွေအတွက်
အဆင်မပြေတာတွေ ဖြစ်စေတယ်။ နောက်ပြီးလူတစ်ယောက်က
အခန်းကိုဝယ်ပြီး အမည်ပြောင်းတဲ့အခါမှာလည်း မူလမြေပိုင်ရှင်ကို
အမည်ပြောင်းခအဖြစ် အခန်းတန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို ပေးနေ
ရတဲ့ အချက်တွေက ရှိနေသေးတယ်။ ဒါတွေကို ဥပဒေထဲမှာ
ဘယ်လိုရေးဆွဲထားလဲဆိုတာက တကယ်ဥပဒေ ပြဋ္ဌာန်းလာရင်
စောင့်ကြည့်ရဦးမှာပါ" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိကွန်ဒိုအခန်းများအား နိုင်ငံခြားသား
များက အငှားစနစ်ဖြင့်သာနေထိုင်ရခြင်းဖြစ်ကာ၊ ရုံးသုံးအခန်း
အဖြစ် အသုံးပြုပါက ငှားရမ်းခ အဆမတန် မြင့်မားမှုများကို ခံစား
နေရခြင်းဖြစ်သည်။ အဓိကအားဖြင့် နိုင်ငံခြားသားကို ရောင်းချ
နိုင်ခွင့်ရှိသည့်အရေအတွက်၊ လိုအပ်သည့်အကျယ်အ၀န်း၊
မြေပိုင်ဆိုင်မှုကဏ္ဍစသည့်အကြောင်းအရာများသည် လွှတ်တော်
နှစ်ရပ် အကြား အဓိကဆွေးနွေးစရာများ ဖြစ်ခဲ့ရ ခြင်းဖြစ်သည်။

(ထင်လင်းအောင်နှင့်ထူးသန်)

***့

၂။ "ကွန်ဒိုမီနီယံ ဥပဒေ အတည်ပြုပြီးသော်လည်း အလောတကြီး
ဝယ်ယူကြဖွယ် မရှိ"

မြန်မာနိုင်ငံတွင် ကျင်းပလျှက်ရှိသော မကြာခင်ပြီးဆုံးတော့မည့်
ပြည်ထောင်စုလွှတ်တော်က ဇန်န၀ါရီလ ၂၂ ရက်နေ့တွင်
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် ကွန်ဒိုမီနီယံ ဥပဒေကို
အတည်ပြုလိုက်ရာတွင် ပိုင်ဆိုင်မှု လုပ်ထုံးလုပ်နည်း အချို့ကို
ရှင်းလင်းဖော်ပြခဲ့ပြီး ၆ ထပ်နှင့် အထက် အခန်းများ၏ ၄၀
ရာခိုင်နှုန်းအားနိုင်ငံခြားသားများကို ၀ယ်ယူခွင့်ပြုခဲ့သည်။

ပြုပြင်ပြောင်းလဲရေးများ ပိုမိုဖြစ်ပေါ်လာသည့် အချိန်ကို
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စောင့်ဆိုင်း နေကြဆဲဖြစ်သည်ဟု
အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက ကြိုတင်ခန့်မှန်း
ထားသော်လည်း ၃ နှစ်ကြာ ရေးဆွဲခဲ့သည့် ဥပဒေသည်
အေးစက်နေသော အိမ်ခြံမြေဈေးကွက်အတွက် ထွက်ပေါက်
တစ်ခုဖြစ်လာမည်ဟု မျှော်လင့်နေကြသည်။

ဥပဒေအသစ်အရ နိုင်ငံခြားသားများအနေဖြင့် ၆ ထပ်နှင့်အထက်
ဖြစ်သော တိုက်ခန်းများကို ၀ယ်ယူခွင့်ရှိမည်ဖြစ်သည်။
သို့သော်လည်း ပိုင်ဆိုင်မှုအပေါ် စီမံခန့်ခွင့်ပေးမထားပါ။
ဝယ်ယူသူများက ကွန်ဒိုတည်ဆောက်ထားသည့် မြေနေရာကို
အချိုးကျ ပိုင်ဆိုင်ခွင့် ပြုထားခြင်းက အခန်းပိုင်ရှင်များထက်
မြေပိုင်ဆိုင်သူကို ပိုမိုဦးစားပေးထားသည့် ယခင်ဥပဒေများ ထက်
စာလျှင် တိုးတက်မှုတခု အဖြစ် ရှုမြင်နေကြသည်။

ဥပဒေသစ်က ကွန်ဒိုမီနီယမ်များအတွက် စံနှုန်းများ ချမှတ်ပေး
ထားပြီး၊ အထပ် အရေအတွက်၊ အခန်း အရေအတွက်၊ ကား
ရပ်နားရန် နေရာ၊ အခြားပံ့ပိုးမှုများနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်
ချက်များကိုလည်း အသေးစိတ်ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးခိုင်မောင်ရည်က ဥပဒေကို
လွှတ်တော် ၂ ရပ်လုံးက အတည်ပြုခဲ့ခြင်း ဖြစ်ပြီး သမ္မတ
ဦးသိန်းစိန်က အတည်ပြုပေးပြီးလျှင် အသေးစိတ် အကြောင်း
အရာများကို ထုတ်ပြန်ကြေညာလိမ့်မည်ဟု ဇန်န၀ါရီလ ၂၅ ရက်
နေ့တွင် ပြောခဲ့သည်။

ဥပဒေအတည်ပြုအပြီးတွင် အရောင်းအ၀ယ် အနည်းငယ်မြင့်
တက်လာမည်ဟု အိမ်ခြံမြေလုပ်ငန်းမှ ကျွမ်းကျင်သူများက
မျှော်လင့်ကြသည်။ အထူးသဖြင့် ပြီးခဲ့သည့် နှစ်များအတွင်း
ဆောက်လုပ်ရေးလုပ်ငန်းများ များပြားလာမှုကြောင့် ရောင်းလိုအား
က ၀ယ်လိုအားထက် ကျော်လွန်သွားခဲ့သည့် စီးပွားရေး မြို့တော်
ရန်ကုန်တွင် ဖြစ်သည်။ ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုနှင့်
နိုင်ငံရေး တည်ငြိမ်မှုအပေါ် စိုးရိမ်ခြင်းများကြောင့် ၂၀၁၄ ခုနှစ်မှ
စ၍ အိမ်ခြံမြေဈေးကွက် နှေးကွေးသွားခဲ့ရပါသည်။

“ရောင်းဖို့ အသင့်ဖြစ်နေတဲ့ ကွန်ဒိုတွေ ရန်ကုန်မှာ အများကြီး
ရှိပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူ အများအပြားက တိုင်းပြည်ရဲ့
နိုင်ငံရေးနဲ့ ဥပဒေတည်ငြိမ်မှုကို စောင့်ကြည့်နေခဲ့ကြတဲ့ အတွက်
ဈေးကွက်က နှေးကွေးသွားခဲ့တယ်” ဟု မြန်မာ နိုင်ငံ အိမ်ခြံမြေ
ဝန်ဆောင်မှုအသင်း ဒုဥက္ကဌ ဦးသန်း ဦးကပြောသည်။

“ဒါပေမယ့် အခုအချိန်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ
လာတော့မှာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင် တွေ
အသက်ရှုပေါက်ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု သူက
ထပ်ပြောသည်။

သို့သော်လည်း အချို့သော ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင်
အခွန်ကောက်ခံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ပြီးစီး ခြင်း
မရှိသေးသည့်အတွက် သတိထားစောင့်ကြည့်နေကြဆဲဖြစ်သည်ဟု
မန္တလေး အခြေစိုက် CAD Construction ကုမ္ပဏီ၏ မန်နေးဂျင်း
ဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောသည်။ ပိုင်ဆိုင်မှုနှင့်
အရောင်းခွန်များကို မြှင့်တင်ရန် လွှတ်တော် ကိုယ်စားလှယ်
အများအပြားက အဆိုပြုခဲ့ကြပြီး ကြပ်မတ်ဆောင်ရွက်မှုများက
လာမည့်နှစ်များအတွင်းတွင် ပိုမိုတင်းကျပ် လာမည်ဟု
မျှော်လင့်ရသည်။

“အစိုးရက ပိုင်ဆိုင်မှုဈေးကွက်ကို အခွန်ဥပဒေတွေနဲ့ ထိန်းချုပ်ဖို့
ကြိုးစားမှာကို ကျနော်စိုးရိမ်တယ်။ သူတို့က ၀ယ်သူတွေ အတွက်
ပိုင်ဆိုင်မှုအခွန်ကို ပြန်သုံးသပ်လိမ့်မယ်” ဟု ဦးဇင်မင်းဆွေက
ပြောသည်။

ရင်းနှီးမြှုပ်နှံသူများက ရှင်းလင်းပြီး မျှတသည့် ပိုင်ဆိုင်မှု အခွန်
ဆိုင်ရာ မူဝါဒ တခုကိုမြင်တွေ့ရသည့် အချိန်အထိ စောင့်ကြည့်နေ
ကြမည် ဖြစ်ပြီး အိမ်ခြံမြေ ပိုင် ဆိုင်မှုများကို အလောတကြီး
ဝယ်ယူကြဖွယ်မရှိဟု သူက ရှင်းပြသည်။

မရေရာသော မခိုင်မာသော ဥပဒေများ ရှိနေသည့် အပြင်
ရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာ မူဝါဒများအတွင်း အခြားသော
ပြင်ဆင် ပြောင်းလဲမှုများ ရှိသည်ကို မြင်တွေ့လိုကြသည်။

အမေရိကန် အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ တခုဖြစ်သည့်
Colliers International မှ မန်နေးဂျင်း ဒါရိုက်တာ Tony Picon က
ဝယ်ယူသူများအနေဖြင့် ရှင်းလင်းသည့် မြေပိုင်ဆိုင်မှုစနစ်နှင့်
ကားရပ်နားရန်နေရာ လိုအပ်ချက်များ ပြောင်းလဲခြင်း ကို
စောင့်ကြည့်နေကြမည်ဟု ပြောသည်။
“အဲဒါတွေက ကွန်ဒိုမီနီယံ လုပ်ငန်းမှာ အတားအဆီး
ဖြစ်နေပါတယ်။”

(ကျော်ဆုမွန်)

***

၃။ "နိုင်ငံခြားသားများအား ရောင်းခွင့်ရှိသည်ဟု ထည့်သွင်းထား
သော ကွန်ဒိုမီနီယံ ဥပဒေကြောင့် အိမ်ခြံမြေဈေးကွက် အရောင်း
အ၀ယ် ပိုဖြစ်လာနိုင်သော်လည်း ဥပဒေ၏ အကျိုးသက်ရောက်မှု
ကို စောင့်ကြည့်ရန်လို"

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပြီးပါက
အိမ်ခြံမြေ ဈေးကွက်အတွင်း နိုင်ငံခြားသားများမှ ၀ယ်ယူမှုများ
အပါအ၀င် အရောင်းအ၀ယ် ပိုမိုဖြစ်လာနိုင်သော်လည်း
ယင်းဥပဒေ၏ အကျိုးသက်ရောက်မှုကို အချိန်ကာလ တစ်ခုအထိ
စောင့်ကြည့်ရန် လိုအပ်ဟု အိမ်ခြံမြေဆိုင်ရာ ကျွမ်းကျင်သူများက
သုံးသပ်မှုများ ရှိနေသည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း အတည်ပြုခဲ့
သည့်အတွက် ယခင်က စံချိန်စံညွှန်းများနှင့် ပတ်သက်ပြီး
ဆောက်လုပ်ရေး လုပ်ငန်းများအား မယုံကြည်မှုများ
အထိုက်အလျောက် လျော့နည်းစေနိုင်မည် ဟုလည်း
သုံးသပ်မှုများ ရှိခဲ့သည်။

"ကွန်ဒိုမီနီယံ (စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ)
ဥပဒေက အခုလွှတ်တော်က အတည်ပြုလိုက်တယ်ပေါ့။
ဒီဥပဒေကို ကျွန်တော်တို့ အိမ်၊ ခြံ၊ မြေလောကသားတွေ
အားလုံးကြိုဆိုကြတယ်။ အားလုံးက စောင့်မျှော်ကြတယ်။
အခုအချိန်ကျမှ ထွက်လာတာ။ အားလုံးက ၀မ်းသာစွာနဲ့ ကြိုဆို
ကြပါတယ်။ အိမ်ခြံမြေ လောကအပေါ်မှာ ဘယ်လိုမျိုး အကျိုး
သက်ရောက်မှု ရှိမလဲဆိုတော့ နိုင်ငံခြားသားတွေကို ၀ယ်ယူခွင့်
ပြုလိုက်တဲ့ အတွက်ကြောင့် ပြည်တွင်းမှာ အခြေချ နေထိုင်
ကြတဲ့ နိုင်ငံခြားသား အများအပြား ရှိတယ်။ သူတို့တွေသာ
ပေးဝယ်ခွင့်ပြုတယ်ဆိုရင် အမှန်တကယ် ၀ယ်ယူပြီး နေထိုင်
ကြမှာပေါ့။ ဈေးကွက်ထဲမှာ အရောင်းအ၀ယ်တွေ ပိုပြီးတော့
ဖြစ်လာလိမ့်မယ်။ နောက်တစ်ချက်ကတော့ ဆောက်လုပ်ရေး
လုပ်ငန်းတွေ အပေါ်မှာ အများပြည်သူက ယုံကြည်မှုတွေ
ပျက်ပြားနေကြတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ
စံချိန်စံညွှန်း မမီတာတို့၊ ကွန်ဒိုမီနီယံနဲ့ မကိုက်ညီတဲ့ 
စံချိန်စံညွှန်းတွေ ဖြစ်နေတာတွေ ရှိတယ်။ အဲဒီအတွက်ကြောင့်
ဆောက်လုပ်ရေး လုပ်ငန်းတွေ အပေါ်မှာ ယုံကြည်မှုတွေ
ပျက်ပြားနေတယ်။ ဒီကွန်ဒိုမီနီယံ ဥပဒေ ထွက်ပေါ်လာတဲ့
အတွက်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေက နိုင်ငံတကာ
အဆင့်မီဖြစ်အောင် ထိန်းကျောင်းသွားဖို့  ဖြစ်လာလိမ့်မယ်လို့
ယုံကြည်တယ်။ အများပြည်သူတွေ ယုံကြည်မှု ပျက်ပြားနေတာ
ကနေ ယုံကြည်မှု ပြန်ရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု
အွန်လိုင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း iMyanmarHouse မှ
မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက သုံးသပ် ပြောကြားသည်။

"အခုလွှတ်တော်က အတည်ပြုလိုက်တဲ့ ကွန်ဒိုဥပဒေကြောင့်
ကွန်ဒိုဈေးတွေ ကောင်းလာနိုင်တယ်။ အရမ်းကြီး သိသိသာသာ
မြင့် တက်သွားတာ မဟုတ်ပေမယ့် နိုင်ငံခြားသားပါ ၀ယ်လို့ရတာ
ကြောင့် ဈေးနည်းနည်း တက်နိုင်မယ်။ အိမ်ခြံမြေ ဈေးကွက်မှာ
အစကတည်းက နိုင်ငံခြားသား လာဝယ်ရင် နဂိုက သိန်း ၁၀၀
ပေမယ့်သူဝယ်ရင် သိန်း ၁၅၀ လည်း ဖြစ်နိုင်တယ်။ ဒါက ပွဲစားတွေ
နဂိုကတည်းက လှည့်ကွက် လုပ်နေကျပါ။ အခုက တရားဝင် ခွင့်ပြု
လိုက်တော့ ကွန်ဒိုဈေးမြင့် နိုင်တယ်လို့ ကျွန်တော့်အနေနဲ့
ထင်တယ်။ တိုက်ခန်းနဲ့ ကွန်ဒိုယှဉ်ရင်တောင် ကွန်ဒိုဈေး မြင့်နိုင်
ပေမယ့် မြေဈေးမှာတော့ တော်တော်ဈေးကျနေတယ်။ အဲဒါကြောင့်
ကွန်ဒိုဘက်ကို ပြန်ပြီးလှည့်မယ် ဈေးကစားမယ်လို့ ထင်ပါတယ်"
ဟု အိမ်ခြံမြေ အကျိုးဆောင် ကိုဇင်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်ပနိုင်ငံများမှ
နိုင်ငံခြားသားများ ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းများကို ၀ယ်ယူရန်
စိတ်ဝင်စားမှုများ ရှိခဲ့ပြီး ကွန်ဒိုမီနီယံ ဥပဒေကို စောင့်ဆိုင်း
နေကြသည်ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း အသိုင်း
အ၀ိုင်းက ပြောကြားသည်။

"ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း စတဲ့နေရာတွေက ကွန်ဒိုတွေပါ
နိုင်ငံခြားသားတွေ စိတ်ဝင်စားနေကြတယ်။ ဒါပေမဲ့ ကွန်ဒိုမီနီယံ
ဥပဒေ မထွက်သေးတော့ ၀ယ်ဖို့ခက်နေကြတယ်။ နိုင်ငံခြားသား
တွေ အနေနဲ့က မြန်မာနိုင်ငံမှာ တိုက်ခန်းတွေ မ၀ယ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ တိုက်ခန်းတွေမှာက နှစ်ဦးနှစ်ဖက်ပဲ
အရောင်းအ၀ယ် စာချုပ်ချုပ်ကြတာ။ နိုင်ငံတကာမှာဆိုရင်
အစိုးရက၀င်ပြီး အရောင်းအ၀ယ် စာချုပ်ကို တရားဝင် အသိအမှတ်
ပြုပေးတော့ နိုင်ငံခြားသားတွေက အဲဒီလို ခိုင်မာမှုရှိတာကိုပဲ
လိုချင်ကြတယ်။ ကွန်ဒိုမီနီယံ ဥပဒေ ထွက်လာရင်တော့
နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းတွေ ၀ယ်နိုင်ပြီး ပိုင်ဆိုင်မှုတွေ
ခိုင်မာလာမှာ ဖြစ်ပါတယ်" ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်
တစ်ဦးက ပြောကြားသည်။

"ကွန်ဒို Law ကပြောရရင် နည်းနည်းတောင် နောက်ကျနေတယ်။
အခုခွင့်ပြု တော့ ဘာသွားတွေ့လဲဆိုတော့ စတုရန်းပေ နှစ်သောင်း
ဆိုတာ များနေတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီလို
မြေနေရာတွေက နည်းနည်း ရှားသွားပြီ။ မြေဧရိယာကတော့
နည်နည်းစဉ်းစားဖို့ လိုတယ်လို့ မြင်ပါတယ်" ဟု မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး (ငြိမ်း)
ဦးမြင့်ဆွေက ပြောကြားသည်။

"နိုင်ငံခြားသား ၀ယ်ခွင့်ပြုတာ ကောင်းပါတယ်။ အချိုးကျ
သတ်မှတ်ထားတော့ အကုန်လုံးတော့ မပိုင်ဘူးပေါ့။ သူများနိုင်ငံ
တွေလည်း ၀ယ်ခွင့်ပေးနေတာပဲ။ အရောင်းအ၀ယ်လည်း
သွက်တာပေါ့" ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ 
ဒုတိယ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမြင့်ဆွေက ဆက်လက်
ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများ အနေဖြင့်
မြေ၀ယ်ယူရန်မှာလည်း မြေဈေးနှုန်း လွန်စွာကြီးမြင့်နေသဖြင့်
ကွန်ဒိုတိုက်ခန်းများကိုသာ ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားကြကြောင်း
သိရသည်။

ဝန်ကြီးဌာနအနေဖြင့် စုပေါင်းပိုင် အဆောက်အအုံ တစ်ခုဖြစ်ရန်
သတ်မှတ်အထပ်အရေအတွက်၊ အိမ်ခန်းအရေအတွက်၊
လုံလောက်သော ယာဉ်ရပ်နားရန် နေရာနှင့် စုပေါင်းပိုင်သူများ
အသုံးပြုရန် စီမံထားရှိရမည့် စုပေါင်းပိုင် ပစ္စည်းများ၊
ယင်းအဆောက်အအုံနှင့် ပစ္စည်းများ၏ နည်းပညာအဆင့်အတန်း၊
လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများ စသည်ဖြင့်
စံချိန်စံညွှန်းများကို သတ်မှတ်ထားရမည်ဟု ပြည်ထောင်စု
လွှတ်တော်က အတည်ပြုခဲ့သည်။

ယခုအတည်ပြုလိုက်သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ
ဥပဒေကြမ်းအရ ကွန်ဒိုတိုက်ခန်း ၀ယ်ယူသူများ အနေဖြင့်
မြေပိုင်ဆိုင်မှုကိုလည်း ရရှိမည်ဖြစ်ပြီး ကွန်ဒိုပျက်စီးသွားပါကလည်း
ဥပဒေအရ မြေပေါ်တွင် အကျိုးခံစားခွင့် ဆက်လက် ရှိနေဦးမည်
ဖြစ်ကြောင်း သိရသည်။

"ကွန်ဒိုတိုက်ခန်းမှာနေတဲ့ ပြည်သူတွေ အနေနဲ့ကတော့ ကွန်ဒိုက
စုပေါင်းပိုင်ဖြစ်သွားတဲ့အတွက် ဒီမြေကို တိုက်ခန်းပိုင်၊ မြေပိုင်
စနစ်မျိုး ဖြစ်သွားမယ်။ ကန်ထရိုက်က တစ်ဝက်၊ မြေပိုင်က
တစ်ဝက် အကျိုးတူ ဆောက်ပေမယ့် မြေကို ကန်ထရိုက်လည်း
စွန့်လွှတ်လိုက်ရမယ်။ မြေပိုင်လည်း စွန့်လွှတ်လိုက်ရမယ်။
ဒီမြေနဲ့ တိုက်ခန်း အသီးသီးကို တိုက်ခန်းဝယ်ထားတဲ့
သူတွေကပဲ ပိုင်သွားမှာ ဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ ကွန်ဒိုမှာ
နေတဲ့သူတွေဟာ ဒီကွန်ဒိုကြီး ပျက်စီးသွားရင်တောင်မှ
မြေပေါ်မှာ အကျိုးခံစားခွင့် ဆက်ရှိနေမှာ ဖြစ်တယ်။ ဒါကြောင့်
ဒီဥပဒေနဲ့ အညီဆောက်ပြီးတော့ စုပေါင်းပိုင်ခံစားကြမယ်ဆိုရင်
မြေပျောက်သွားတာ၊ ကန်ထရိုက် လက်ထဲကို ရောက်သွားတာ
တွေ၊ ကန်ထရိုက်  စားသွားတာတွေ မဖြစ်နိုင်တော့ဘူး။ ပြီးတော့
ဒီတိုက်ခန်းတွေကို ဘဏ်မှာတရားဝင် ပေါင်နှံခွင့် ရရှိသွားမှာ
လည်း ဖြစ်တယ်" ဟု အလုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

ထို့ပြင် နိုင်ငံခြားသားများ အနေဖြင့် ကွန်ဒိုတိုက်ခန်းများတွင်
ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သော်လည်း စီမံခန့်ခွဲမှုကို ရရှိမည်
မဟုတ်ကြောင်း၊ စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ ပြဋ္ဌာန်း
ပြီးပါက လက်ရှိတွင် တည်ဆောက်ထားပြီးဖြစ်သည့် ကွန်ဒို
တိုက်ခန်းများသည် ယခုဥပဒေနှင့် ညီညွတ်ပါက အကျုံးဝင်မည်
ဖြစ်ပြီး ဥပဒေပါ အကျိုးခံစားခွင့်များကို ခံစားခွင့် ရရှိမည်ဖြစ်
ကြောင်း ဦးခိုင်မောင်ရည်က ဆက်လက် ပြောကြားသည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေထွက်ပေါ်ပြီးပါက
သာမန်လူနေ တိုက်ခန်းနှင့် မြေဈေးနှုန်းအပေါ်
အကျိုးသက်ရောက်နိုင်မှုနှင့် ပတ်သက်၍
"ဈေးနှုန်းအရ ပြောရမယ်ဆိုရင် အကျိုးသက်ရောက်မှုကတော့
ရှိလိမ့်မယ်။သိပ်အများကြီးတော့ ရှိမှာ မဟုတ်ဘူး။ဘာဖြစ်လို့လဲ
ဆိုတော့ ၂၀၁၆ ခုနှစ်မှာ အစိုးရသစ် တက်လာလိမ့်မယ်။
အစိုးရသစ်က အခြေခံ လူတန်းစာတွေနဲ့  လူလတ်တန်းစားတွေ
အပေါ်မှာ ကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ပြီးတော့
ဆောင်ရွက်မယ်လို့ ယုံကြည်ထားတယ်။ သုံးသပ်ထားပါတယ်။
အဲဒီတော့ ကွန်ဒိုမီနီယံ ဥပဒေက တစ်ဖက်ကနေပြီးတော့
နိုင်ငံခြားသားတွေကို ပေးဝယ်ထားခဲ့တဲ့ အတွက်ကြောင့်
ဝယ်လိုအားတော့ ပိုများလာလိမ့်မယ်။ ပုံမှန်အားဖြင့်တော့
ဝယ်လိုအား များလာရင် ဈေးကတော့ တက်လေ့ရှိတယ်။ ဒါပေမဲ့
ဒီနှစ်ထဲမှာ အစိုးရ ချမှတ်ဖော်ဆောင်မယ့် မူဝါဒတွေကြောင့်
ဒီဈေးနှုန်းအပိုင်းကို သုံးသပ်ရမယ်ဆိုရင် တက်လာလိမ့်မယ်လို့
မျှော်မှန်းမထားပါဘူး။ အကျပိုင်းနဲ့ ဈေးနှုန်းတန့်နေတဲ့ အပိုင်းပဲ
ဦးတည်သွားလိမ့်မယ်" ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း
တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လွှတ်တော်က အတည်ပြုလိုက်သည့် စုပေါင်းပိုင် အဆောက်အအုံ
ဆိုင်ရာ ဥပဒေကြမ်းအပေါ်တွင် အချိန်ကာလ တစ်ခုပေး၍
စောင့်ကြည့်သုံးသပ်ရန် လိုအပ်ပြီး မြန်မာ့အိမ်ခြံမြေ ဈေးကွက်နှင့်
မကိုက်ညီသည့် အချက်များကို ပြင်ဆင်သင့်ပါက ပြင်ဆင်ရန်
လိုအပ်မည်ဖြစ်သည်။

"အခုလိုမျိုး ဥပဒေကို အကောင်အထည် ဖော်ပေးလိုက်တာ
ကျေးဇူးတင်ပါတယ်။ ဒီဥပဒေကိုလည်း အချိန်ယူပြီး သုံးသပ်
ရဦးမယ်။ ဒီဥပဒေက အိမ်ခြံမြေ လောကအပေါ် ဘယ်လိုမျိုး
အကျိုးသက်ရောက်မလဲ ဆိုတဲ့ဟာကို အချိန်ကာလ တစ်ခုပေး
ပြီးတော့ စောင့်ကြည့်ရမယ်။ ခြောက်လတန်စေ၊ ရှစ်လတန်
စေပေါ့။ စောင့်ကြည့်လို့မှ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်နဲ့
မကိုက်ညီတဲ့ဟာကို ပြင်သင့်တာကို ပြင်ဖို့တော့ လိုမယ်လို့
ပြောချင်တယ်" ဟု iMyanmarHouse မှ မန်နေဂျင်း ဒါရိုက်တာ
ဦးနေမင်းသူက ဆိုသည်။

လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းအတွင်း ကွန်ဒိုမီနီယံအချို့
ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်း မပြည့်မီမှု၊ ကွန်ဒိုဟု
ဆိုသော်လည်း ပါဝင်သင့်သည့် Facilities များပါဝင်မှု
မရှိခြင်းများကို စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေက
မည်သို့မည်ပုံ အကျိုးသက်ရောက်မည်ကို စောင့်ကြည့်ရဦးမည်
ဖြစ်သည်။

(သတင်းအယ်ဒီတာအဖွဲ့- EMG)

credit - The Myanmar Times / Irrawaddy Publishing
Group & Eleven Media Group

No comments:

Post a Comment