“အိမ်ငှားလိုင်စင် လျှောက်ရတော့မည့် မန္တလေးနှင့်
လိုင်စင်မဲ့အဆောင်ငှားရမ်းမှုများကို အရေးယူတော့မည့်
ရန်ကုန်”
၁။ "မန္တလေးတွင်အိမ်ငှားလျှင် အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်
လျှောက်ထားရမည်"
မန္တလေးမြို့နယ်အတွင်း အဆောက်အအုံများ ငှားရမ်းနေသော
အိမ်ပိုင်ရှင်များသည် လာမည့်၂၀၁၇ ခုနှစ်၊ မတ်လမှစတင်ကာ
အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်များ လျှောက်ထားရမည်
ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊
သန့်ရှင်းရေးဌာနထံမှ သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၆ အရနှင့်
အဆောက်အအုံများဆိုင်ရာ နည်းဥပဒေ (၃)အရ အိမ်ပိုင်ရှင်
များက အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရမည်
ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊
သန့်ရှင်းရေးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
*** စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အိမ်ငှားလုပ်ငန်း
လုပ်ကိုင်လျက်ရှိသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ
အငှားချထားသော လူနေအိမ်၊ ဘော်ဒါဆောင်နှင့် အခြား
အဆောက်အအုံများအတွက် အိမ်ငှားရမ်းလုပ်ကိုင်ခွင့်
လိုင်စင်များ လျှောက်ထားရမည်ဖြစ်ကြောင်း ***
မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီက
အသိပေး ကြေညာထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၁၀၉(က)
အရ
" လုပ်ငန်းလိုင်စင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ
ငှားရမ်းခြင်း၊မြေငှားရမ်းခြင်းများ ပြုလုပ်နေသည်ကို စစ်ဆေး
တွေ့ရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ
အရေးယူဆောင်ရွက်နိုင်ကြောင်း" ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ရာပြတ်ဌာနမှ
လက်ထောက်ဌာနမှူးဦးတင်ဦးက
" * ရန်ကုန်စည်ပင်မှာတော့ အဲဒီစနစ် မရှိသေးသလို
လောလောဆယ်တော့ အဲဒီလိုလုပ်ဖို့ အစီအစဉ်မရှိသေး
ပါဘူး။ ရန်ကုန်စည်ပင်ဥပဒေမှာလည်း ငှားရမ်းခွင့်လိုင်စင်
လုပ်ရမယ်ဆိုတာ မပါပါဘူး * " ဟု ပြောသည်။
ရုံးခန်းနှင့် အိမ်များ ငှားရမ်းမှုများပြားသော မြန်မာနိုင်ငံတွင်
အိမ်ငှားရမ်းခွင့် လိုင်စင်ပြုလုပ်ရန် မလွယ်ကူနိုင်ကြောင်းနှင့်
နိုင်ငံတကာတွင်လည်း အဆိုပါစနစ်မျိုး မရှိကြောင်း
ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်
စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း
မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင်က ပြောသည်။
"ဒီကိစ္စကိုသိပ်နားမလည်သလို နိုင်ငံတကာမှာလည် ဒီစနစ်
မရှိဘူး။ ပိုင်ရှင်အိမ်ငှားရင် လိုင်စင်လျှောက်ရမယ်ဆိုတာ
လည်း မကြားဖူးဘူး။ ရန်ကုန်ကလူဦးရေများသလို အိမ်တွေ
လည်းများတယ်။ ဘယ်သူတွေ မှတ်ပုံတင်လုပ်ထားတယ်၊
လိုင်စင်လုပ်ထားတယ် ဆိုတာကို ဘယ်သူက စောင့်ကြည့်
မလဲ။ ရန်ကုန်ကအရမ်းကျယ်ပြီး လူခုနစ်သန်းကျော်ရှိလို့
အိမ်ငှားနေတယ် မနေဘူး။ အိမ်ရှင်လိုင်စင်ရှိတယ် မရှိဘူး
ဆိုတာ ဘယ်သူက စောင့်ကြည့်ကြမှာလဲ၊
မဖြစ်နိုင်သလိုနိုင်ငံတကာမှာလည်း ဒီစနစ်ကို မကြာဖူးဘူး"
ဟု ပြောသည်။
(ဇေယျာလင်းနှင့် တင်ရတနာထွန်း)
***
၂။ "လိုင်စင်မဲ့အဆောင် ငှားရမ်းမှုများကို စိစစ်အရေးယူ
သွားမည်"
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်
အတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းမရှိဘဲ
အခကြေးငွေရယူကာ လူနေအိမ်များ၊ တိုက်ခန်းများကို
အဆောင်အဖြစ်ဖွင့်လှစ်ငှားရမ်းမှုများ အများအပြားရှိလာ
နေသည့်အတွက် မြို့နယ်အလိုက် စစ်ဆေးကာဥပဒေနှင့်
အညီ ဆက်လက်အရေးယူ လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီထံမှ သတင်းရရှိသည်။
"အဆောင်ဆိုတာက အဆောင်စည်ကမ်းနဲ့အညီ လိုင်စင်
တင်ပြရမယ်။ လိုင်စင်လျှောက်ပြီးမှလုပ်ရမှာ။ လူတွေ
မသိတာလည်း ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ သိလျက်နဲ့ မလိုက်နာဘဲ
လုပ်နေတဲ့ အဆောင်တွေလည်း ရှိနိုင်တယ်။ ၀င်စစ်ဖို့အတွက်
မြို့နယ်အလိုက် တာဝန်ပေးထားတာ ရှိပါတယ်။ သူတို့ကို
လွှတ်ပေးထားတာလားဆိုတော့လည်း မဟုတ်ပါဘူး။
မြို့နယ်စည်ပင်ကလူတွေအနေနဲ့ အလုပ်ကလည်း အရမ်းများ
ပါတယ်။ မြို့နယ်အတွင်းမှာလိုင်စင်မဲ့လုပ်ငန်းတွေကို
စစ်ဆေးရင်းနဲ့ အဆောင်တွေ လိုင်စင်မရှိဘဲနဲ့ လုပ်နေတာ
တွေ့ရင် နို့တစ်ပေး၊ အကြောင်းကြားတယ်။ လိုင်စင်တင်ဖို့
အတွက် နှိုးဆော်တယ်။နို့တစ် ပေးရဲ့သားနဲ့ လာပြီး လိုင်စင်
မတင်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူနေပါတယ်"ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာ
ဌာနမှ ဒုတိယဌာနမှူး ဦးလှကြိုင်မှ မြန်မာတိုင်း(မ်)ကို
ပြောသည်။
ရန်ကုန်မြို့တော်အတွင်း၌ လူနေတိုက်ခန်းများ၊လူနေအိမ်များ
ကို ငှားရမ်းကာအခကြေးငွေရယူပြီး အဆောင်အဖြစ် ဖွင့်လှစ်
လုပ်ကိုင်သူများ ရှိလာသကဲ့သို့ အချို့သောအိမ်ပိုင်ရှင်
တိုက်ခန်းပိုင်ရှင်များ ကိုယ်တိုင် အဆောင်အဖြစ်
ဖွင့်လှစ်ငှားရမ်းမှုများလည်းတစ်နေ့တခြား များပြားလာ
လျက်ရှိသည်။
လူနေအဆောင်များ ဖွင့်လှစ်လာသည့်အတွက်ပတ်ဝန်းကျင်
ထိခိုက်မှု မဖြစ်စေရေး၊ အဆောင်နေပြည်သူများ သက်သာ
ချောင်ချိစွာနေထိုင်နိုင်ရေးအတွက် စည်းစနစ်တကျ လုပ်ငန်း
လိုင်စင်ရယူပြီးမှသာ စနစ်တကျဖွင့်လှစ်ဆောင်ရွက်နိုင်ရန်
အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ
လုပ်ဆောင်လျက်ရှိသည်။
လုပ်ငန်းလိုင်စင်ရရှိပြီးမှသာ အဆောင်အဖြစ် ငှားရမ်းလုပ်ကိုင်
ခွင့်ရှိသော်လည်းရန်ကုန်မြို့တော်အတွင်း၌ လုပ်ငန်းလိုင်စင်
မရှိဘဲ အဆောင်အဖြစ် ငှားရမ်းလုပ်ကိုင်မှုများကိုတွေ့ရှိ
နေရဆဲဖြစ်သည့်အတွက် သတိပေးအကြောင်းကြားစာ
ပေးပို့ပြီး လုပ်ငန်းလိုင်စင်များလျှောက်ထားစေခြင်းများကို
ပြုလုပ်ပေးလျက်ရှိသည်။
"လုပ်ငန်းလိုင်စင်မရှိဘဲ အလုပ်တွေလုပ်နေကြမယ်ဆိုရင်
လိုင်စင်ခွင့်ပြုချက်မရှိဘဲလုပ်တဲ့အတွက် ဥပဒေနှင့်အညီ
အရေးယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဆောင်တစ်ခုတည်းကိုပဲ ဦးတည်ပြီး စစ်နေတာတော့
မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုတည်းကိုပဲ လုပ်ရတာမဟုတ်တဲ့
အတွက် ကျန်ခဲ့တာတော့ ရှိကောင်းရှိနိုင်တယ်။ လုပ်တဲ့လူက
အများစုဖြစ်နေပြီးစစ်ဆေးရတဲ့ လူကလည်း ရှိတဲ့ အင်အား
ကလည်းနည်းတော့ လုပ်ငန်းတစ်ခုတည်းကိုဇောင်းပေးပြီး
တော့ မလုပ်နိုင်၊ မစစ်ဆေးနိုင်သေးပါဘူး။ လိုင်စင်မဲ့
ဆောင်ရွက်နေတာတွေတွေ့ရင်တော့ စည်ပင်သာယာဥပဒေ
အရ အရေးယူသွားမှာ ဖြစ်ပါတယ်။ စည်ပင်ဥပဒေပုဒ်မ
၆၈ / ၆၉ နဲ့ အညီ အရေးယူမှာ ဖြစ်ပါတယ်"ဟု
၎င်းက ဆက်လက်ပြောသည်။
အခကြေးငွေရယူကာ လူနေတိုက်ခန်း များ၊ လူနေအိမ်များကို
အဆောင်အဖြစ် ငှားရမ်းလုပ်ကိုင်လိုသူများအနေဖြင့်
- မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် လိုင်စင်
ဦးစွာလျှောက်ထားရန် လိုအပ်သည်။
- မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများမှမြေပြင်
ကွင်းဆင်းစစ်ဆေးကာ
- နေရာအကျယ်အ၀န်းနှင့် ထားရှိနိုင်မည့် လူဦးရေအချိုးအစား
တွက်ချက်ပြီး
- ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်လက်
တင်ပြကာ လိုင်စင်ရယူရခြင်းဖြစ်သည်။
အဆောင်ဖွင့်လှစ်လိုသူမှ အဆောင်အတွင်း ထားရှိမည့်
လူဦးရေအလိုက် သတ်မှတ်လိုင်စင်ကြေးပေးဆောင်စေပြီးမှသာ
ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးများ လုပ်ငန်းလိုင်စင်များ
ထုတ်ပေးသည့်စနစ်ကို ကျင့်သုံး လျက်ရှိသည်။
"တစ်လကို ငှားခ ကျပ် ၃၅,၀၀၀ ပေးရပြီး ခုတင်တစ်လုံးစာ
နေရာတော့ ရပါတယ်။ရေဖိုးမီးဖိုးတော့ ထပ်မပေးရပါဘူး။
တိုက်ခန်းထဲမှာ လူ ၂၀ လောက်တော့ ရှိပါတယ်။
အိမ်သာ၊ ရေချိုးခန်းကတော့ အားလုံးစုသုံးတဲ့ စနစ်ပေါ့။
အဆင်ပြေတဲ့အခါလည်း ရှိသလိုအဆင်မပြေတဲ့အခါလည်း
ရှိပါတယ်။ ကိုယ့် ဘာသာကိုယ် သီးသန့် ငှားနေဖို့ဆိုတာ
ကလည်းတိုက်ခန်းငှားခတွေ ဈေးကြီးလို့ ဈေး သက်သာတဲ့
အဆောင်မှာ ငှားနေရတာပါ။ လိုင်စင်ရှိမရှိကတော့ မသိပါဘူး"
ဟု အနော် ရထာလမ်းမပေါ်ရှိ ပုဂ္ဂလိက အဆောင်တစ်ခုတွင်
ငှားရမ်းနေထိုင်သူ တစ်ဦးဖြစ်သည့် မကေသီက ပြောသည်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ
အခန်း (၂၀) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် ဖော်ပြထားချက်
အရ အပိုဒ်ခွဲငယ် ၈၆ အရ မည်သူမဆို ဥပဒေပါ တားမြစ်ချက်
တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း သို့မဟုတ်
လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူကို
ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ အများဆုံး ငွေဒဏ်
ကျပ် ငါးသိန်းအထိ ချမှတ်နိုင်သည်။
ထို့ပြင် အပိုဒ်ခွဲငယ် ၆၈ အရ ပြစ်ဒဏ် ချမှတ်ခြင်းခံရသူသည်
အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များကိုဆက်လက်ဖောက်ဖျက်
ကျူးလွန် လျှင် (သို့မဟုတ်) ပျက်ကွက်ခြင်းပြုသည့်
နေ့ အသီးသီးအတွက်တစ်နေ့လျှင် အနည်းဆုံး ငွေဒဏ်
ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ်ကျပ်လေးသိန်းအထိ
ဖြစ်စေ၊ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ ချမှတ်နိုင်ကြောင်း
အတိအလင်း ဖော်ပြထားပြီးဖြစ်သည်။
အဆောင်အဖြစ် လူနေတိုက်ခန်းများကို အဆောင်အဖြစ်
လုပ်ကိုင်သူများ ရှိနေသလို၊ စက်မှုဇုန်များအများအပြားရှိသည့်
မြို့ပြင် မြို့နယ်များ၌လည်း လူနေအိမ်များကို အခန်းများ
ကန့်ကာ မိသားစုအလိုက်နေထိုင်နိုင်သည့် အဆောင်များ
အဖြစ်ထားသည့် အိမ်ရှင်များလည်းရှိကြောင်း သိရသည်။
(ဇေယျာလင်း)
***
၃။ "အဆောင်ငှားရမ်းမှုတွေမှာ လိုင်စင်လျှောက်ထားရမယ်
ဆိုတာ မသိသူများနေ"
သည်နှစ်အစောပိုင်းလောက် ခေတ်စားလာတဲ့ မြို့တွင်းနဲ့
ဆက်စပ်မြို့နယ်တွေက အဆောင်ငှားရမ်းမှုတွေမှာ
အဆောင်ဖွင့်လှစ်သူကိုယ်တိုင် ဘော်ဒါဆောင်လိုင်စင်
လျှောက်ထားရမယ့်ကိစ္စတွေကိုမသိနားမလည်တဲ့အခြေအနေ
တွေ တောင်ဥက္ကလာပမြို့နယ်အတွင်းအဖြစ်များနေပါတယ်။
"အဆောင်ဖွင့်ထားတာ နှစ်နှစ်လောက်ရှိပြီ၊ ဒီလိုလိုင်စင်တွေ
ဘာတွေလုပ်ရမယ်ဆိုတာ အခု နောက်ပိုင်းအဆောင်လိုင်စင်
မလုပ်တဲ့သူတွေကို အရေးယူမယ်ပြောတော့မှ သတင်းစာ
ဖတ်ပြီးသိတာ၊ ဘယ်လိုလိုင်စင်လုပ်ရမယ် ဆိုတာလဲ
နားမလည်ဘူး၊ ကိုယ်တွေကကိုယ်ပိုင်မြေကို ကိုယ်တိုင်
ကန်ထရိုက်ပေးပြီး အခန်းတွေကို အဆောင်ဖွင့်စားတော့
သိပ်နားမလည်ဘူး" လို့ တောင်ဥက္ကလာပမြို့နယ်မှာ
ခြောက်ထပ်ကန်ထရိုက်တိုက်ပေါ်မှာအဆောင်ဖွင့်လှစ်ထားတဲ့
ဒေါ်သူဇာက သူ့အဖြစ်ကိုရှင်းပြပါတယ်။
အဆောင်ဖွင့်လှစ်သူတွေအတွက် ဘော်ဒါဆောင်လိုင်စင်ကို
အရင်ကတည်းကလျှောက်ထားနိုင်တာဖြစ်ပေမဲ့ ကိုယ်တိုင်
နေထိုင်ပြီး အဆောင်စုနေသူအများစုနဲ့ အခုနောက်ပိုင်း
ကန်ထရိုက်တိုက်ခေတ်စားလာတဲ့ မြို့နယ်တွေမှာတော့
သည်လိုလိုင်စင်ပြုလုပ်ဖို့ မရင်းနှီးကြတဲ့ အခြေအနေပါ။
လိုင်စင် လျှောက်ထားမယ် ဆိုရင်
----------------------------------
အခုနောက်ပိုင်းမှာတော့ သက်ဆိုင်ရာမြို့နယ်အလိုက်
စည်ပင်သာယာရေးကော်မတီက လိုင်စင်ပြုလုပ်ရမယ့်ကိစ္စကို
သတိပေးတာတွေရှိသလို စည်ပင် ဥပဒေ ပုဒ်မ ၆၈၊ ၆၉ နဲ့
အရေးယူမယ်ဆိုတဲ့ကိစ္စတွေကြောင့် အဆောင်ဖွင့်သူတွေမှာ
လိုင်စင်လုပ်ဖို့စိတ်အား ထက်သန်လာကြပါတယ်။
ဘော်ဒါဆောင် လိုင်စင်လျှောက်ထားမှုကို အွန်လိုင်းက
တစ်ဆင့်လျှောက်ထားနိုင်သလို သက်ဆိုင်ရာ မြို့နယ်စည်ပင်
ရုံးတွေမှာလည်း သွားရောက်လျှောက်ထားနိုင်ပါတယ်။
* အွန်လိုင်းကတစ်ဆင့် လျှောက်ထားမယ်ဆိုရင်
လိုအပ်တဲ့အချက်အလက်တွေကတော့
- လုပ်ငန်းတည်နေရာဖြစ်တဲ့ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ လမ်း၊
အိမ်နံပါတ်၊ အခန်းနံပါတ်တို့ လိုအပ်သလို
- လုပ်ငန်းအချက်အလက်တွေအနေနဲ့ လုပ်ကိုင်မယ့်
လုပ်ငန်းနာမည်၊ လုပ်ငန်းဖုန်း၊လုပ်ငန်းအီးမေးလ်၊
- ပထမအကြိမ် မှတ်ပုံတင်တဲ့နေ့၊ အမှန်တကယ်လုပ်ငန်း
စတင်တဲ့ နှစ်၊
- စုစုပေါင်း အလုပ်သမားအရေ အတွက်စတာတွေ
လိုအပ်ပါတယ်။
* လုပ်ငန်းအသေးစိတ်အချက် အလက်တွေအနေနဲ့ကတော့
- ခုတင်အရေအတွက်၊ တည်းခို နိုင်တဲ့ လူဦးရေပေါင်း၊
သီးခြားအိမ်သာအရေအတွက်၊သီးခြားရေချိုးခန်းအရေ
အတွက်၊ ရေသိုလှောင်နိုင်တဲ့ ရေဂါလန်ပေါင်းစတာတွေ
လိုအပ်ပါတယ်။
* လုပ်ငန်းရှင်အချက်အလက်နေရာမှာတော့
- အမည်၊ မှတ်ပုံတင်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနဲ့
အီးမေးလ် စတာတွေလိုအပ်ပါတယ်။
အွန်လိုင်းက လျှောက်ထားမယ်ဆိုရင်တော့
www. ycdc. gov.mm ရဲ့အွန်လိုင်း ဝန်ဆောင်မှု ကဏ္ဍမှာ
ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
* လျှောက်ထားမှုတွေမှာတော့
- ဘေးဝဲယာ နေအိမ်တွေရဲ့ ထောက်ခံချက် ၁၀ခု လိုအပ်ပြီး
- လိုင်စင်ကြေးအနေနဲ့ကတော့ တစ်နှစ်စာအတွက်
ခုတင်တစ်လုံးကို ကျပ် ၂၀ဝ၀ ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။
- လျှောက်ထားမှုတွေကတော့ တစ်ပတ်လောက်အထိကြာမြင့်
နိုင်ပြီး လိုင်စင်ရရှိတဲ့ကတ်ကိုတော့ သက်ဆိုင်ရာစည်ပင်ရုံးမှာ
ငွေသွင်းပြီးချလန်ထုတ်ရမှာ ဖြစ်ပါတယ်။
"လိုင်စင်လုပ်မယ်ဆိုရင် လွယ်ကူအောင်အွန်လိုင်းကလဲ
လျှောက်ထားလို့ရတယ်၊ အပြင်က လျှောက်မယ်ဆိုရင်လဲ
သက်ဆိုင်ရာ မြို့နယ်အီးအိုရုံးမှာလျှောက်ထားနိုင်တယ်၊
အချိန်ကတော့အချက် အလက်ပြည့်စုံရင်တစ်ပတ်လောက်ပဲ
ကြာတယ်" လို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
စီမံရေးရာဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဆောင်ဖွင့်တဲ့ ဈေးကွက်က အရင်ကနယ်ဘက်ကလာရောက်
အလုပ်လုပ်ကိုင်ကြတဲ့ သူတွေက မြို့ထဲပိုင်းနဲ့လှည်းတန်းဘက်
တွေမှာသာ ခေတ်စားပေမဲ့ အခုနောက်ပိုင်းမှာတော့
တက္ကသိုလ်ကျောင်းနဲ့နီးစပ်တဲ့ တောင်ဥက္ကလာပ၊
မြောက်ဥက္ကလာပနဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံမြို့နယ်တွေမှာပါ
ခေတ်စားလာပါတယ်။ သည်လိုအဆောင်ဖွင့်လှစ် သူတွေ
များပြားလာပေမဲ့လည်း အမှန်တကယ် မှတ်ပုံတင်သူနည်းပါး
နေသေးတယ်လို့ လည်း သိရပါတယ်။
အဆောင်ဈေးနှုန်းတွေကတော့ မြို့တွင်းပိုင်းမှာ
ကျပ် ၅၀,ဝ၀ဝ ဝန်းကျင်ကနေ ကျပ်တစ်သိန်းလောက်အထိ
လူအရေအတွက်အရ ကွဲပြားပါတယ်။
နောက်ပိုင်းမြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေက အဆောင်ငှားခ
ကတော့ ကျပ် ၃၀,ဝ၀ဝ ကနေ ၅၀,ဝ၀ဝ လောက်အထိ
ရှိပါတယ်။ အများစုကတော့လချင်းပေးတွေများပြီး သုံးလပြတ်နဲ့
ငှားတဲ့ အဆောင်တွေလည်းရှိပါတယ်။
(ပြည့်ဖြိုးမြင့်မွန်)
credi - The Myanmar Times & Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment