“ရန်ကုန် ညဈေးတန်း သတင်းများ”
၁။ "ရန်ကုန်မြို့၌ ညဈေးတန်း စတင်ဖွင့်လှစ်"
ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သော ကျောက်တံတား၊
ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်တို့ရှိ ပျံကျ
လမ်းဘေးဈေးသည်များအား ကမ်းနားလမ်း ညဈေးတန်း
သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်
ညနေက စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ကမ်းနားလမ်း ညဈေးတန်းကို Pilot Project အနေဖြင့်
စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး နေရာအနေအထားအရ
အစားအသောက်ရောင်းချသည့် ဈေးဆိုင်များ၊
သစ်သီးဆိုင်များကို ဦးစားပေးပြောင်းရွှေ့သွားမည်ဖြစ်ကာ
ဈေးဆိုင်နေရာအား မဲနှိုက်ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာ
ဌာန ဌာနမှူး ဦးမောင်မောင်ဇော် က ပြောသည်။
''ဒီနေ့ညနေမှာ စည်စည်ကားကားနဲ့ ဖျော်ဖြေရေးတွေပါ
ထည့်သွင်းပြီး ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
အစားအသောက်ဆိုင်တွေနဲ့ သစ်သီး ဆိုင်တွေကို အဓိက
နေရာ ပေးခဲ့ပါတယ်။ စနစ်တကျ အမှိုက်စွန့်ပစ်တာတွေနဲ့
ရေရှည်ကောင်းမွန်တဲ့ ညဈေးအဖြစ် မျှော်မှန်းထား
ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြို့တွင်းမြို့နယ် ၄ မြို့နယ်ရှိ ပျံကျလမ်းဘေးဈေးသည်များ
ကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စတင်ပြောင်းရွှေ့
ဖွင့်လှစ်စေခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ပြောင်းရွှေ့နိုင်ရေး
အတွက် တွန်းအားပေးဆောင်ရွက်စေမည်ဟု သိရသည်။
ဈေးဆိုင်များ ပြောင်းရွှေ့မှုမတိုင်မီတွင် ရောင်းချသူအမည်၊
ဓာတ်ပုံနှင့် ရောင်းချမည့်ကုန်စည်တို့ကို စနစ်တကျ
သက်သေခံ လက်မှတ်ပြုလုပ်ပေးမည်ဖြစ်ပြီး ကတ်ပြားအတု၊
လက်လွှဲရောင်းချခြင်းများ မပြုလုပ်နိုင်ရန် လုံခြုံရေးစနစ်
ထည့်သွင်းထားကာ စစ်ဆေးဆောင်ရွက်ထားကြောင်း
သိရသည်။
ရန်ကုန်မြို့တွင်းရှိ ပျံကျလမ်းဘေးဈေးသည်များကို ယခုနှစ်
ဇူလိုင်လအတွင်း ကြိုတင်ကောက်ခံခဲ့ပြီး သက်ဆိုင်ရာ
မြို့နယ်အလိုက် စနစ်တကျ မှတ်ပုံတင်ခဲ့ရာ အဆိုပါ
၎ မြို့နယ်အတွင်း လမ်းဘေးဈေးသည်စုစုပေါင်း ၆ဝ၄၁ ဦး
ရှိပြီး ယင်းအနက် ကမ်းနားလမ်း ညဈေတန်းသို့ ဈေးသည်
၁၆ဝဝ ကျော်ခန့်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ခြင်း
ဖြစ်သည်။
ကျန်ဈေးသည်များ အနေဖြင့်လည်း မြို့တွင်းလမ်းမကြီး
၁၁ လမ်းပေါ်တွင် ရောင်းချခွင့်မရှိတော့ဘဲ လမ်းသွယ်များ
နှင့် နံပါတ်တပ်ထားသောလမ်းများတွင် သတ်မှတ်ချိန်
အတိုင်း စနစ်တကျ ရောင်းချရမည်ဟုသိရသည်။
ကမ်းနားလမ်း ညဈေးတန်းဧရိယာအဖြစ် ကမ်းနားလမ်း
တစ်လျှောက် အောင်ရတနာလမ်းမှ ပန်းဆိုးတန်းလမ်း
အထိ၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း
(မဟာဗန္ဓုလနှင့် ကမ်းနားလမ်းကြား) တွင်
သတ်မှတ်ထားကြောင်း သိရသည်။
ညဈေးတန်းပြုလုပ်မည့် ကမ်းနားလမ်းတိုးချဲ့ဧရိယာတွင်
ညဈေးတန်းဖွင့်လှစ်နိုင်ရေးအတွက်
- ၈ ပေ ပတ်လည်၊ ၆ ပေ ပတ်လည်၊ ၄x၈ ပေ ဆိုင်ခန်း
နေရာ သတ်မှတ်ခြင်း၊
- ဈေးဆိုင်ခန်းများအတွက် ရေ၊ လျှပ်စစ်မီး သွယ်တန်း
ပေးခြင်း၊
- လုံခြုံရေးဆိုင်ရာအတွက် စီစီတီဗီ ကင်မရာများ
တပ်ဆင်ခြင်း၊
- အမှိုက်စွန့်ပစ်စနစ်အတွက် ဆောင်ရွက်ခြင်း၊
- သန့်စင်ခန်းများ အသစ်စီစဉ်ပေးခြင်းတို့အပါအဝင်
စနစ်တကျ ရောင်းချနိုင်ရေးအတွက် အခြေခံလိုအပ်ချက်များ
ကို ငွေကြေးသုံးစွဲကာ ရေရှည်ရည်မှန်းဆောင်ရွက်ခဲ့ခြင်း
ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
စီမံရေးရာဌာန ဌာနမှူး ဦးမောင်မောင်ဇော်က ပြောသည်။
''ကျွန်တော်တို့အနေနဲ့ ရည်ရှည်ရည်မှန်းတဲ့ နိုင်ငံတကာက
ညဈေးတန်းလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့
အစားအသောက်တွေ ရောင်းချဖို့နဲ့ စနစ်တကျ အမှိုက်စွန့်
ပစ်ဖို့ ဆောင်ရွက်စေမှာပါ။ဈေးရောင်းချပြီးတဲ့ နောက်ပိုင်း
မှာ သန့်ရှင်းရေးဆောင်ရွက်ပြီး အမှိုက်တွေကို
စနစ်တကျ ပုံး၊အိတ်နဲ့ ထည့်သွင်း စွန့်ပစ်ရမှာပါ'' ဟု
ဦးမောင်မောင်ဇော်က ရှင်းပြသည်။
အဆိုပါ လမ်းဘေးဈေးသည်များကို ဈေးကောက်
ကောက်ခံမည်မဟုတ်ဘဲ သက်သေခံ မှတ်ပုံတင်ကတ်ပြား
ဆောင်ရွက်ခ နှစ်စဉ်ကျပ် ၅ဝဝ ပေးသွင်းရမည်ဟု
သိရသည်။
သို့သော် အမှိုက်သန့်ရှင်းရေးခ အနေဖြင့်
- ၈ ပေပတ်လည် ဆိုင်ခန်းအတွက် တစ်ရက် ကျပ် ၃ဝဝ ၊
- ၄ ပေ x ၈ ပေ ဆိုင်ခန်းနှင့် ၆ ပေ ပတ်လည်ဆိုင်ခန်း
အတွက် တစ်ရက် ကျပ် ၁၅ဝ၊
Aerial Mast များ ထွန်းပေး ရာတွင် ကုန်ကျသည့်
လျှပ်စစ်ဓာတ်အားခအနေဖြင့်
- ၈ ပေ ပတ်လည်ဆိုင်ခန်း အတွက် တစ်လလျှင် ၇ဝဝ၊
- ၄ ပေx ၈ပေ ဆိုင်ခန်းနှင့် ၆ ပေ ဆိုင်ခန်းအတွက်
တစ်လလျှင် ကျပ် ၃၅ဝ သာ ကောက်ခံ မည်ဖြစ်ပြီး၊
ရေအသုံးပြုမှု တွင်လည်း ရေဖိုးရေခအနေဖြင့်
- ၈ ပေ ပတ်လည်ဆိုင်ခန်းများအတွက် တစ်ရက်လျှင်
ကျပ် ၃ဝဝ၊
- ၄ ပေ x ၈ ပေနှင့် ၆ ပေ ပတ်လည်ဆိုင်ခန်းအတွက်
တစ်ရက် ကျပ် ၁၅ဝနှုန်း ပေးဆောင်ရမည်ဟု သိရသည်။
(ဆုနှင်းလဲ့)
***
၂။ "ရန်ကုန်မြို့လယ်ရှိ လမ်းမကြီး ၁၁ လမ်းကို လမ်းဘေး
ဈေးသည် ဈေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး
ယင်းလမ်းမကြီးများတွင် ရောင်းချပါက စည်ပင်ဥပဒေဖြင့်
အရေးယူမည်ဟု ဆို"
ရန်ကုန်မြို့လယ်ရှိ လမ်းမကြီး ၁၁ လမ်းကို လမ်းဘေး
ဈေးသည် ဈေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး
ယင်းလမ်းမကြီးများတွင် ရောင်းချပါက ရန်ကုန်မြို့တော်
စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။
အဆိုပါ လမ်းများမှာ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်း
လမ်း၊ မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်း၊
ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ လသာလမ်း၊
လမ်းမတော်လမ်း၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်း စသည့်
လမ်းမကြီးများဖြစ်ကြောင်း သိရသည်။
“လမ်းဘေးဈေးသည် မရောင်းရနယ်မြေအဖြစ် လမ်း ၁၁လမ်း
သတ်မှတ်လိုက်တယ်။ အဲဒီမှာ ရောင်းရင် အရေးယူမှာပေါ့။
ကမ်းနားလမ်းမှာက ဈေးသည် ၁၆၀၀ လောက်ကိုပဲ ထည့်မှာ။
ကျန်တဲ့ ဈေးသည်တွေကတော့ အတွင်းလမ်းတွေထဲမှာ
ရောင်းရမှာ။ ခုနက ၁၁ လမ်းကိုတော့ ဈေးရောင်းချခွင့် မပေး
တော့ဘူး။ အဲဒီလမ်းတွေက အဓိက ပိတ်နေတဲ့ လမ်းတွေ
ဖြစ်နေတယ်။ အဲဒီ လမ်းမကြီး ၁၁ လမ်းမှာ ဈေးရောင်းရင်
စည်ပင်ဥပဒေပုဒ်မ ၆၈၊ ၇၀ စတာတွေနဲ့ အရေးယူမယ်” ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာ
ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သို့ဖြစ်ရာ ကမ်းနားလမ်းရှိ ညဈေးတန်းကိုလည်း ယခုလ
ရက် ၂၀ ကျော်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနေရာတွင်
ရေ၊ လျှပ်စစ်မီး ရရှိရန်လည်း စီစဉ်ပေးထားပြီး နေ့စဉ်
မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပြုကြောင်း၊
ဈေးသည် ၁၆၀၀ ကိုသာ ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း
အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
ထိုသို့ ကမ်းနားလမ်း ညဈေးတန်းတွင် ရောင်းချခွင့်
မရရှိသည့် ကျန်ရှိဈေးသည် ၄၀၀၀ ကျော်ကို ရန်ကုန်မြို့
တွင်းရှိ နံပါတ်တပ်လမ်းများအတွင်း ဈေးရောင်းချခွင့်ပြု
သည့် ကိစ္စအား အဆိုပါ လမ်းများတွင် နေထိုင်သူများက
လက်မခံကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်
အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။
“အစ်မတို့မြို့ထဲမှာ အခုတောင် ကားပါကင် ကျပ်တယ်။
အဲဒါကို နံပါတ်တပ်လမ်းထဲမှာ မြေညီထပ်က အိမ်ရှင်က
လက်ခံလိုက်တယ် ဆိုရင်တောင် ကားပိတ်တာ၊ ကားပါကင်
ထိုးမရရင် အားလုံး မကျေမနပ် ဖြစ်မှာလေ။ တစ်တိုက်လုံး
က မကျေမနပ် ဖြစ်မှာ။ အဲဒါလေးကတော့ လတ်တလောမှာ
ပြဿနာ ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောကြားသည်။
ယခင်က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ညဈေးတန်း
ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။
ယခုပြုလုပ်မည့် ညဈေးတန်းသည်လည်း ဘဏ္ဍာငွေများစွာ
ကုန်ထားသဖြင့် အောင်မြင်ရန် အရေးကြီးကြောင်း
ဒေါ်ကြည်ပြာက ဆက်လက်ပြောကြားသည်။
(ကျော်ထင်)
***
၃။ "ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏
အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် တွေ့ဆုံခြင်း"
(ရန်ကုန်မြို့လယ်ရှိ လမ်းဘေးဈေးသည်များ စည်းစနစ်
ရှိစေရေးနှင့် မြို့တော်သန့်ရှင်းလှပရေးအတွက် ဈေးဆိုင်ခန်း
ပေါင်း တစ်ထောင်ကျော်ရှိသော ညဈေးတန်းတစ်ခုကို
ကမ်းနားလမ်းတွင် နိုဝင်ဘာလ ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး
ရေရှည်တည်တံ့ရေးနှင့် ကျန်ရှိဈေးသည်များကို မည်သို့
ဆက်လက်ဆောင်ရွက်မည် ဆိုသည်ကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး
ဒေါ်လှိုင်မော်ဦးနှင့် The Voice တို့ မေးမြန်းထားသည်ကို
ကောက်နှုတ်ဖော်ပြပါသည်။)
Voice : ညဈေးတန်းမှာ ရောင်းနေတဲ့ ဈေးသည်တွေကို
စည်းကမ်းစနစ်တကျနဲ့ ရောင်းနိုင်အောင် ဘယ်လို
ဆောင်ရွက်သွားဖို့ ရှိလဲ။
DHMO : ညဈေးနဲ့ ပတ်သက်လို့ လမ်းမကြီးတွေမှာ ဈေးရောင်း
နေတဲ့ ဈေးသည်တွေကို စနစ်တကျနဲ့ ရောင်းလို့ရအောင်
ဖန်တီးပေးတာပါ။ အဲဒီလို ဖန်တီးပေးပြီးတော့ နေရာပေးတယ်။
စနစ်တကျ မှတ်ပုံတင်ပြီးတော့ ရောင်းခိုင်းပါတယ်။ လမ်းမကြီး
တွေမှာ ရောင်းချခွင့်မရှိဘူး ဆိုတာ ဈေးသည်တွေကို နားလည်
အောင် ပြောပြနေပါတယ်။ ဒီလကုန်အထိ စည်းရုံးပြီး
ရောင်းချဖို့ ပြောပါမယ်။ လကုန်ရင်တော့ လမ်းမကြီးတွေမှာ
ဈေးသည်တွေ ရောင်းချခွင့် မရှိတော့ပါဘူး။
Voice : ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာနဲ့ လမ်းမတော်
်မြို့နယ်မှာ ဈေးသည် ခြောက်ထောင်ကျော်ရှိပြီး လက်ရှိ
ညဈေးတန်းကို ရွှေ့ပြောင်းပေးတဲ့ ဈေးသည်တွေက ၁၆၀၀
ကျော်ပဲ ရှိတော့ ကျန်တဲ့ဈေးသည်တွေကို စည်ပင်အနေနဲ့
ဘယ်လိုမျိုး ဆောင်ရွက်ပေးသွား မလဲ။
DHMO : ဈေးသည် ခြောက်ထောင်ဆိုတာက လမ်းသွယ်တွေမှာ
ရောင်းချနေတဲ့ ဈေးသည်တွေလည်း ပါတယ်။ လမ်းမကြီးမှာ
ရောင်းချနေတဲ့ ဈေးသည်တွေလည်း ပါပါတယ်။ အဲဒီထဲကမှ
လမ်းမကြီးပေါ်မှာရှိတဲ့ စားသောက်ဆိုင်နဲ့ သစ်သီးသည်တွေကို
အရင်ဆုံး စရွှေ့ပါတယ်။ လမ်းမကြီးမှာရှိတဲ့ ဈေးသည်တွေကို
ပေးမရောင်းတော့ပါဘူး။ လမ်းသွယ်မှာရောင်းတဲ့ ဈေးသည်တွေ
ကို ပြည့်စုံစွာ မလုပ်ပေးနိုင်သေးတဲ့ အတွက် လမ်းသွယ်ထဲမှာ
ရောင်းချခွင့် ပြုပါတယ်။
Voice : ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာနဲ့ လမ်းမတော်
လေးမြို့နယ်က ဈေးသည်တွေကို ဒီလကုန် အပြီးပြောင်းရွှေ့
အောင် ဘယ်လိုမျိုး ဆောင်ရွက်သွားမလဲ ခင်ဗျ။
DHMO : Downtown လေးမြို့နယ်မှာ ရောင်းတဲ့ ဈေးသည်
တွေကို ဘယ်သူ့ဘယ်သူမှ ဒီလကုန်ပြီးရင် ရောင်းချခွင့်
မပေးတော့ပါဘူး။ ရောင်းချတဲ့ ဈေးသည်ကိုလည်း
တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်။ လမ်းမကြီးက
ဈေးသည်တွေကို ကမ်းနားလမ်း ညဈေးတန်းမှာ ရေ၊ မီး၊
အိမ်သာတွေကအစ စနစ်တကျ စီစဉ်ပေးပြီးမှ ပြောင်းရွှေ့ပေးဖို့
စီစဉ်တာပါ။ ဈေးသည်တွေကိုလည်း ဒီလကုန်အထိ
ညဈေးတန်းမှာ ရောင်းချဖို့ စည်းရုံးနေပါတယ်။
Voice : ဒီလကုန်မှ ပြောင်းရွှေ့ဖို့ စည်းကမ်းမလိုက်နာတဲ့
ဈေးသည်တွေကို ဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ရှိလဲ ခင်ဗျ။
DHMO : ကျွန်မတို့က ဥပဒေဘောင် အတွင်းကနေ စည်းကမ်း
မလိုက်နာတဲ့ ဈေးသည်တွေကို လုပ်သင့်လုပ်ထိုက်တာကို
အကုန်လုံး ဆောင်ရွက်သွားပါမယ်။ ကျွန်မတို့နဲ့အတူ
သက်ဆိုင်ရာ မြို့နယ်အလိုက်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်
တွေ အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
နယ်လုံဝန်ကြီး ကိုယ်တိုင် ဥက္ကဋ္ဌအနေနဲ့ ပါဝင်တဲ့ စည်းကမ်း
ထိန်းသိမ်းရေးအဖွဲ့နဲ့ အကုန်လုံး ပူးပေါင်းဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။ အခုလက်ရှိတော့ ပညာပေးကာလပါ။
ဒီလကုန်ကျရင် ဥပဒေဘောင် အတွင်းကနေ
ဆောင်ရွက်သွားမယ်။
Voice : ညဈေးတန်းလုပ်တဲ့ နေရာက အရင် ကားပါကင်နေရာ
ဖြစ်တဲ့အတွက် လက်ရှိ မြို့တွင်းလေးမြို့နယ်က ယာဉ်ပိုင်ရှင်
တွေ ကားရပ်နားစရာ နေရာမရှိတော့လို့ အခက်အခဲ ဖြစ်နေ
တာကိုရော ကားပါကင် အစားထိုးပြန်ပေးဖို့ ရှိလား ခင်ဗျ။
DHMO : ကားပါကင်နဲ့ ပတ်သက်လို့ သီးခြား Plan တွေ
ဆွဲနေပါတယ်။ နေရာဒေသအလိုက် တွက်ချက်ပြီး ကားပါကင်ကို
ဘယ်လိုမျိုး ပြန်ပေးမလဲဆိုတာ အစီအစဉ် ဆွဲနေပါတယ်။
ကျွန်မတို့ဘက်က ပြီးပြည့်စုံအောင် လုပ်ပြီးရင် အစားထိုးနေရာ
ပြန်ပေးသွားမှာပါ။
Voice : အခုလက်ရှိ ညဈေးတန်းမှာ ရောင်းချနေတဲ့ ဈေးသည်
တွေအနေနဲ့ အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့
သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး စည်ပင်အနေနဲ့
ဘာများပြောချင်လဲ ခင်ဗျ။
DHMO : အခုလက်ရှိ ညဈေးတန်းမှာ နောက်ထပ် အရံနေရာ
တွေ ဖော်နေပါတယ်။ အဲဒီနေရာတွေမှာ ဈေးသည်တွေကို
ထပ်နေရာပေးသွားမှာပါ။ကျွန်မတို့ အနေနဲ့ ပြောမယ်ဆိုရင်
စနစ်တစ်ခုကနေ တစ်ခု ပြောင်းတဲ့အချိန်မှာ အဆင်ပြေတာ၊
မပြေတာ တွေ့မှာပါ။အဲဒီလို ကြုံတွေ့နေတာတွေကို အားလုံး
ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် အဆင်ပြေမယ်လို့
မျှော်လင့်ပါတယ်။
(သက်သျှိုင်းသူ)
credit - MOI Webportal Myanmar / Eleven Media Group
& The Voice Myanmar
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment