Sunday, November 27, 2016

“ရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ ၏ လေ့လာဖွယ်ရာသတင်းများ”

“ရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ ၏ လေ့လာဖွယ်ရာသတင်းများ”

၁။ "မဟာရန်ကုန်မြို့ပြ စီမံကိန်း ၂၀၄၀ ၏ အစီရင်ခံစာသစ်
ကို နှစ်ကုန်ပိုင်း၌တင်သွင်းမည်"

၂၀၁၂ ခုနှစ်တွင်
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ
(JICA) က ရေးဆွဲခဲ့သည့်မဟာရန်ကုန် မြို့ပြစီမံကိန်း ၂၀၄၀
(Yangon Master Plan 2040) သည် ယခုအစိုးရသစ်
လက်ထက်တွင် ပြန်လည် ပြင်ဆင်ပေးရန် ညွှန်ကြားခဲ့ခြင်း
ကြောင့် ပြင်ဆင်ရေးဆွဲခဲ့ပြီး စီမံကိန်းအသစ်ကို ယခု နှစ်ကုန်
တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံ တင်ပြ
သွားမည်ဖြစ်ကြောင်း JICA၏ တာဝန်ခံကိုယ်စားလှယ်
မစ္စတာ ကိုင်အိချီယို နာကာဆာဝါက ပြောသည်။

"ဒီစီမံကိန်းကို စဆွဲတဲ့အခြေအနေနဲ့ အခုအခြေအနေတွေက
အများကြီးပြောင်းလဲ လာခဲ့ပါပြီ။
ဥပမာ ယာဉ်ပိတ်ဆို့မှုက ၂၀၁၂ က ထက် အများကြီး
ဆိုးလာတာဖြစ်တဲ့အတွက် အခုအစိုးရတက်ပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်က ဒီစီမံကိန်းကြီးက လက်ရှိ
အခြေအနေနဲ့ ကိုက်ညီအောင် ပြန်ပြင်ပေးပါလို့ ပြောတဲ့
အတွက် ကျွန်တော်တို့ (JICA)က ပြန်ပြင်ဆင် ရေးဆွဲ
နေပါတယ်။ဒီနှစ်မကုန်ခင်အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး
အစိုးရကို အစီရင်ခံ ပြန်တင်ရမှာပါ"ဟု
၎င်းက မြန်မာ တိုင်း(မ်)ကို ပြောသည်။

လက်ရှိရေးဆွဲနေသည့် မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀
ရေးဆွဲပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ
အစိုးရဘတ်ဂျက်အနေအထား၊ နိုင်ငံတကာမှ ကူညီ
ထောက်ပံ့သည့် ဘတ်ဂျက်အနေအထားများနှင့် ချိန်ဆ
လုပ်ဆောင်ရန် လိုအပ်သည့် စီမံကိန်းများ အားလုံးကို
ယခုမြို့ပြစီမံကိန်းပေါ် အခြေခံ၍စီမံခန့်ခွဲသွားမည်
ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီစီမံကိန်း ပြန်ပြင်တာ သေချာပြီးသွားပြီဆို
ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ သူ့မှာရှိတဲ့ဘတ်ဂျက်ကို
ဒီစီမံကိန်းရဲ့ ဘယ်အပိုင်းမှာရှိတဲ့ ဘယ်နေရာမှာ
ဘယ်လောက် သုံးမယ်၊ နိုင်ငံတကာကအဖွဲ့အစည်းတွေရဲ့
ကူညီတဲ့ဟာတွေကို ဘယ်အပိုင်းမှာ ဘယ်လောက်သုံးမယ်   
ဆိုတာကိုသူတို့က ခွဲဝေသွားနိုင်ပါလိမ့်မယ်"ဟု
၎င်းက ပြောသည်။

မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ သည် ယခင်အစိုးရ
လက်ထက်တွင် ရေးဆွဲခဲ့ကာ ပြီးခဲ့သည့်တိုင်းဒေသကြီးအစိုးရ
သက်တမ်းအတွင်း အဆိုပါစီမံကိန်းကြီးမှ အကောင်အထည်
ဖော်နိုင်ခဲ့သည့်စီမံကိန်းများရှိသကဲ့သို့ စီမံကိန်းတွင်မပါသည့်
အခြားမြို့ပြစီမံကိန်းများလည်း ရှိခဲ့သည်။

"လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့လည်း နှစ်ပတ်၊
သုံးပတ်မှာ တစ်ကြိမ် JICA အဖွဲ့နဲ့အစိုးရအဖွဲ့တွေ
တိုင်းဒေသကြီး ၀န်ကြီးတွေနဲ့တွေ့ပြီး အခြေခံအဆောက်အအုံ
နဲ့ပတ်သက်တဲ့တိုးတက်မှုအခြေအနေ၊ ပြန်ပြင်မှုအခြေအနေကို
မပြတ် တောက်လျှောက် ဆွေးနွေးရင်းနဲ့ဒီစီမံကိန်းကို
လက်တွေ့ရေးဆွဲနေတာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မြို့တော် ဖွံ့ဖြိုး
တိုးတက်ရေးအစီအစဉ်များ တွင် ပါဝင်သည့်လမ်းပန်း
ဆက်သွယ်ရေး ပိုမိုကောင်းမွန်သည့် အစီအစဉ်များကိုလည်း
JICA အဖွဲ့က တွဲဖက်၍လည်းအကောင်အထည်ဖော်ဆောင်
ရန်ရှိကြောင်း သိရသည်။

မဟာရန်ကုန် မြို့ပြစီမံကိန်း ၂၀၄၀ တွင်
- မြို့သစ်စီမံကိန်းများ၊
- မြစ်ကူးတံတားစီမံကိန်းများ၊
- ပို့ဆောင် ဆက်သွယ်ရေးစီမံကိန်းများ၊
- ယာဉ်ကြောကျပ်တည်းမှုဖြေရှင်းသည့် စီမံကိန်းများ၊
- လျှပ်စစ်နှင့်ရေရရှိရေးစီမံကိန်းများ အပါအ၀င်
- နှစ်ထပ်လမ်းများ တည်ဆောက်သည့် စီမံကိန်းများ
ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲမှုများ
အစီအစဉ်တွင် လူအများစိတ်ဝင်စားသည့် မြို့တွင်းနှင့်
မြို့ပြင်ပတ် အထပ်မြင့်လမ်းများကို အကောင်အထည်ဖော်ရန်
အစီအစဉ်များကိုလည်း JICA က လျာထားရေးဆွဲခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် အဆိုပါ မြို့တွင်းပတ်လမ်းနှင့်
မြို့ပြင်ပတ်လမ်းများ အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက
အကြိုလေ့လာဆန်းစစ်မှုများ ပြုလုပ်သည့် အဆင့်သာ
ရှိသေးကြောင်း မစ္စတာ ကိုင်အိချီယို နာကာဆာဝါက
ပြောသည်။

"အဲဒီအတွက်ကိုလည်း ဆောက်လုပ်ဖို့ အတွက် ဆောက်လုပ်
ရေးဝန်ကြီးဌာနကနေ အကြိုဆာဗေးတိုင်းတာစစ်ဆေးခြင်း
တွေ လုပ်နေတဲ့အတွက် သတ်မှတ်ပြီးသွားပြီ။ သတ်မှတ်ပြီး
သွားရင် အဲဒါကိုဘယ်လို ဆောက်မယ်၊ ဘယ်လောက်
ဆောက်မယ် ဆိုတဲ့အတွက်ကို ဂျပန်က ဘယ်လိုကူညီရမလဲ
ဆိုတဲ့အပိုင်းက ဂျပန်က ဘာမှ မသတ်မှတ်ရသေးပါဘူး။
သူတို့ပြီးတဲ့အပေါ် မူတည်ပြီး ကျွန်တော်တို့ထပ်စဉ်းစားရမှာ
ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ပဲခူးဟံသာဝတီလေဆိပ် အကောင်အထည် ပေါ်လာပါက
ရန်ကုန်မြို့မှ အဆိုပါ လေဆိပ် သို့ သွားရန်မှာအလွန်ဝေးကွာ
မည်ဖြစ်သည့် အတွက် ယင်းကဲ့သို့ သီးခြားလမ်းမှတစ်ဆင့်
သွားရောက်ပါကပိုမိုအဆင်ပြေ မြန်ဆန်နိုင်မည်ကို စဉ်းစားခဲ့ပြီး
ယခုကဲ့သို့ အထပ်မြင့် ပတ်လမ်းများ လျာထားရေးဆွဲခဲ့ခြင်း
ဖြစ်ကြောင်း ၎င်းက ပြောသည်။

(မြတ်ငြိမ်းအေး)

***

၂။ "ရန်ကုန်မြို့ကို ရှေးဟောင်းအမွေအနှစ်များဖြင့် စိမ်းလန်းပြီး
နေချင်စဖွယ်ဖြစ်သည့် စီးပွားရေးမြို့တော်ကြီးအဖြစ်
တည်ဆောက်ရန် စီမံကိန်းသစ်ရေးဆွဲနေ"

ရန်ကုန်မြို့ကို ရှေးဟောင်းအမွေအနှစ်များဖြင့် စိမ်းလန်းပြီး
နေချင်စဖွယ် ဖြစ်သည့် စီးပွားရေးမြို့တော်ကြီးအဖြစ်
တည်ဆောက်သွားရန်ရှိပြီး အဆိုပါ တည်ဆောက်မှုစီမံကိန်းများ
အတွက် တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့ပြီး
ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ၂ဝ၄ဝ ခုနှစ်အထိ
စီမံကိန်း ရေးဆွဲထားကာ နောင်အနှစ် ငါးဆယ်ခန့် အထိ
Master Plan တစ်ခုကို စနစ်တကျပြန်ဖြစ်စေရေးအတွက်
ရေးဆွဲ ဆောင်ရွက်နေကြောင်း နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သော ရန်ကုန်မြို့ပြ
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေး
အပြီးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
က ပြောကြားသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဦးစားပေး
လုပ်ဆောင် သွားမည့် အစီအစဉ်များတွင် Public Transport
ကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့်
Public Transportဆောင်ရွက်ရာတွင် ရေကြောင်းမှ
Water Taxi များ ပြေးဆွဲနိုင်ရေးအတွက် မကြာမီတင်ဒါ
ခေါ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

''ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးက
တော်တော်လေး အခက်အခဲမျိုးစုံ ကြုံနေပါတယ်။ ဘာလို့လဲ
ဆိုတော့ ယာဉ်လိုင်းတွေဟာ တစ်ဦးချင်းပိုင်တွေဖြစ်တဲ့
အတွက် ဒီမှာ ပြေးဆွဲနေကြတဲ့ယာဉ်တွေမှာ အခက်အခဲ
တော်တော်လေး ရှိနေပါတယ်။ ဒါကြောင့် အများပြည်သူ
ဝန်ဆောင်မှု ပုံစံမျိုးဖြစ်ဖို့ အတွက် အများပိုင်ကုမ္ပဏီ ရှစ်ခု
လောက် ထူထောင်ပြီး ဘတ်စ်ကားလိုင်းတွေ ပြေးဆွဲနိုင်ဖို့
ပထမဦးစားပေးအနေနဲ့ ကြိုးစားပါမယ်။ ဒါနဲ့အတူ
ရန်ကုန်မြို့မှာ Public Transport Control Centre တစ်ခု
လုပ်မယ်။ နောက်တစ်ခုကTraffic Control Centre တစ်ခု
ဖွင့်လှစ်ပြီး ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ကားလမ်းမှာ
တော့ ဘတ်စ်ကားယာဉ်လိုင်းတွေ စနစ်တကျဖြစ်ဖို့
လုပ်မှာပါ။ တစ်ဖက်ကနေပြီးတော့ မြို့ပတ်ရထားလမ်းကို
လည်း အဆင့်မြှင့်တင်ဖို့အတွက် ကြိုးပမ်းသွားဖို့ရှိပါတယ်။
လက်ရှိမြေပြင်မှာ အဆင့်မြှင့်တင်ဖို့အတွက် မြန်မာ့
မီးရထားကနေပြီး ဆောင်ရွက်နေပါ ပြီ''ဟု တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောကြားသည်။

သယ်ယူပို့ဆောင်ရေးစနစ် ဖော်ဆောင်ရန်အတွက်
ပထမဦးဆုံးအနေဖြင့် ရန်ကုန်မြို့ပေါ် လမ်းမဘေး၌
ရောင်းချနေသည့် ဈေးသည်များကို စနစ်တကျ
နေရာချထားရန် ပြင်ဆင်ထားပြီး နိုဝင်ဘာလကုန်ပိုင်းတွင်
ရန်ကုန် ကမ်းနားလမ်းတစ်လျှောက်လုံး၌ ညဈေးတန်း
တစ်ခုတည်ဆောက်ပြီး ရန်ကုန်မြို့လယ်ကောင်တွင်ရှိသည့်
လမ်းဘေး ဈေးသည်များအား စနစ်တကျ နေရာ ပြောင်း
ပေးရန် ဆောင်ရွက်နေကြောင်း
တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

''ဒီလို ညဈေးတန်းတည်ဆောက်ခြင်းအားဖြင့် ကားပိတ်ဆို့မှု
တွေ ဖြေလျှော့မှု ဖြစ်လာနိုင်ပါတယ်။ ပလက်ဖောင်းတွေ
ပေါ်မှာ လူတွေလမ်းလျှောက်ဖို့ အဆင်ပြေလာနိုင်ပါတယ်။
ဒါ့အပြင် ရန်ကုန်မှာရှိနေတဲ့ လမ်းဘေးမှာရပ်ထားတဲ့
ကားတွေကိုလည်း စနစ်တကျ ကားပါကင်တွေထဲ
ရောက်သွားဖို့ ကြိုးစားပါ့မယ်။ ပါကင်ကြေးတွေကို စနစ်တကျ
ပြန်ကောက်ယူဖို့ ကြိုးစားပါ့မယ်။ ပါကင်ကြေးတွေ မကောက်
တော့ဘူးဆိုရင် အခက်အခဲတွေကဘာလဲဆိုရင် တစ်နေကုန်
ရပ်ထားသလိုဖြစ်ပြီး တချို့အိမ်တွေဆို ကိုယ့်အိမ်ရှေ့
ကားတစ်စီး လာရပ် ထားတာ ဘယ်နှနာရီမှာမှ ထွက်မယ်မှန်း
မသိ။ ဒီလို အခြေအနေမျိုးတွေ ကြုံနေရတဲ့ အခက်အခဲတွေ
ရှိနေပါတယ်။ တစ်ဖက်မှာလည်း Public Transport ကို
ပြင်ဆင်လိုက်ခြင်းအားဖြင့် ရန်ကုန်မှာ ယာဉ်တွေနဲ့ပတ်သက်ပြီး
ဘတ်စ်ကား ယာဉ်လိုင်းတွေ စနစ်တကျဖြစ်သွားမယ်။
နောက်တစ်ချက်ကတော့ ကားတွေကို တင်သွင်းတဲ့အခါမှာ
လည်း စနစ်တကျ တင်သွင်းဖို့ ဆောင်ရွက်ပါမယ်။ ဒီလို
ကားသစ်တွေကို တင်သွင်းနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့
ကားတွေကို မြန်မာ နိုင်ငံတွင်းက လူတွေအသုံးပြုနိုင်ဖို့
ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါတွေအားလုံးကို ဖြေရှင်းဆောင်ရွက်ဖို့
အတွက် တိုင်းဒေသကြီးအစိုးရက ကြိုးစားဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်''ဟု ဆက်လက် ပြောကြားသည်။

* အဆိုပါစီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့ပြဖွံ့ဖြိုးမှုကို
ရန်ကုန်မြို့၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်
အားလုံးသို့ မျှတအောင် တည်ဆောက်သွားမည်ဖြစ်ပြီး
ရန်ကုန်မြစ်သည် မြို့၏အလယ်၌ရှိသည့် မြစ်ကြီးဖြစ်သည်
အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ *

တိုင်းဒေသကြီး ဝန်ကြီးချုပ်က
''ရန်ကုန်စီးပွားရေးစင်္ကြံနှစ်ခု ရှိပါတယ်။ သီလဝါ၊ ရန်ကုန်ကနေ
ဟံသာဝတီ လေဆိပ်အသစ်တည်ဆောက်မယ့် စင်္ကြံ တစ်ခုနဲ့
တွံတေး-ကွမ်းခြံကုန်း-ကော့မှူး ဘက်ကနေ ဟံသာဝတီဘက်
အထိ သွားမယ့် စီးပွားရေးစင်္ကြံရှိပါတယ်။ ဒီနှစ်ခုစလုံးကို
ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟောင်းကို တကယ်ကို ရှေးမူမပျက်ဘဲ
Tourist Attraction ရှိဖို့၊ ဆိပ်ကမ်းတွေကို စနစ်တကျဖြစ်စေဖို့၊
ဆိပ်ကမ်းတွေမှာလည်း အများပြည်သူအတွက် အပန်းဖြေ
နိုင်မယ့်နေရာတွေဖြစ်ဖို့ ကြိုးပမ်းပါမယ်။
မြို့သစ်ရဲ့ ပုံသ္ဌာန်တွေကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ပုံစံနဲ့
တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့
JICA၊ KOICA၊ ပြင်သစ်နဲ့ အင်္ဂလန်က ပညာရှင်တွေပူးပေါင်းပြီး
တိုင်းဒေသကြီး အစိုးရက စီမံကိန်းရေးဆွဲသွားမှာဖြစ်ပါတယ်။
ဒါကို မြို့တော်စည်ပင်က လွှတ်တော်မှာတင်ပြမှာပါ။
ပိုမိုကောင်းမွန်တဲ့ ရန်ကုန်မြို့ပြစီမံကိန်းအသစ် တစ်ခု
ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား သွားဖို့ ရှိပါတယ်''ဟု
ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့်
ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်က
- ရန်ကုန်မြို့၏ လူဦးရေသည် ၂ဝ၄ဝ တွင် ၁၂ သန်းခန့်အထိ
တိုးတက်လာမည် ဖြစ်သည့်အတွက် ယခုကတည်းက ကြိုတင်၍
မြို့တိုးချဲ့မှုနှင့် မြို့သစ်တည်ရန် ကိစ္စများကို ညှိနှိုင်း
ဆွေးနွေးခဲ့ကြောင်း၊
- ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် တိုးချဲ့စီမံကိန်းများတွင်
ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကိစ္စများ အဆင်ပြေ စေရေး၊
လမ်းလူနေမှုစနစ်နှင့် အများ ပြည်သူ အလုပ်လုပ်သည့်
နေရာများ သွားလာရေး အတိုဆုံးဖြစ်အောင်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
- နောင်ငါးနှစ် ခန့်အတွင်း မြို့နေလူထု၏ လူမှုရေး၊ ပညာရေး၊
ကျန်းမာရေးဖွံ့ဖြိုးရန် ဟန်ချက်ညီ လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း၊
- ယခုလက်ရှိတွင် ကျန်းမာရေးဝန်ကြီး ဌာနနှင့်
ပူးပေါင်း၍ ဆေးရုံ ၅ဝဝ ခန့် တိုးချဲ့တည်ဆောက်နိုင်ရေး
ဆောင်ရွက်လျက်ရှိပြီး
- ရန်ကုန်မြစ်၊ ပဲခူးမြစ်ဖြတ် တံတားများကိုလည်း
ဖော်ဆောင်နေကြောင်း၊
- သီလဝါမှတစ်ဆင့် တနင်္သာရီ- မွန်-သနပ်ပင်-သုံးခွမြို့များ
အထိ သွား ရောက်နိုင်ရေး ငါးနှစ်နှင့် ခုနစ်နှစ်ခန့် အတွင်း
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

''ကျွန်တော်တို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနဲ့
ပါဝင်တာကတော့ ပြည်သူ့အိမ်ရာတွေ တည်ဆောက်မှု
ဖြစ်ပါတယ်။ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဌာနက အိမ်ရာတွေကို
အဓိကဖော်ထုတ်ဖို့ဖြစ်ပါတယ်။ အစိုးရရဲ့ သက်တမ်းနှစ်နှစ်
အတွင်းမှာ အိမ်ခန်းရှစ်ထောင် ဖော်ထုတ် ပေးမယ်။
ဒီအိမ်ခန်းတွေကလည်း သိန်းတစ်ရာအောက်မှာပဲ ရှိရမယ်။
အဲဒီအတွက် ဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုအနေနဲ့
တစ်ဆင့်ပြီးတစ်ဆင့် အိမ်ရာ ပိုင်ဆိုင်တဲ့စနစ်ကို ရောက်သွား
အောင်ပါ။
အဲဒီလိုဖြစ်ဖို့က အိမ်ရာဝယ်ယူတဲ့ အခါမှာ
ရာခိုင်နှုန်းတစ်ခုကိုတော့ ပထမ ပေးရမှာပေါ့။ အိမ်ရာကို
အရစ်ကျနဲ့ပေးရ မှာဖြစ်တဲ့အတွက် အနည်းဆုံးတော့
နေလို့ထိုင်လို့ သင့်တင့်လျောက်ပတ်တဲ့ အိမ်တစ်ခုဖြစ်သွား
အောင်ပေါ့။
ရှေ့နှစ် လောက်ကစပြီး နောက် ၁၅ နှစ်လောက်
အတွင်း အိမ်ဆိုပြီးရောမဟုတ်ဘဲ လူ တစ်ယောက်အတွက်
လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိတဲ့ အခြေအနေမျိုးဖြစ် အောင်
ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။
ပထမတော့ နှစ်နှစ်အတွင်း ရှစ်ထောင်၊
တခြားပုဂ္ဂလိကအဖွဲ့တွေနဲ့ ဆောင်ရွက်တာနဲ့ဆို
ငါးနှစ်အတွင်း အိမ်ရာနှစ်သိန်း ဖော်ဆောင်ပေးမှာ
ဖြစ်ပါ တယ်။
၂ဝ၃ဝ စီမံချက်ကတော့ တစ်သန်း ရည်မှန်းထားပါတယ်။
ဒီတစ်သန်း ကတော့ ရန်ကုန်၊ မ္တလေးနဲ့ မြို့ကြီးတွေ
အပါအဝင်ဖြစ်ပါတယ်''ဟု
ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

(ဇင်ဦး ၊ နေဝင်းထွန်း)

credit - The Myanmar Times
& MOI Webportal Myanmar

 “အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
----------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment