Sunday, November 27, 2016

“မျှော်လင့်ဖွယ်ရာ အတိုးနှုန်းသက်သာမည့် အိမ်ရာချေးငွေများနှင့် ပုဂ္ဂလိကဘဏ်များမှ ငွေချေးယူနိုင်မှု အခြေအနေ”

“မျှော်လင့်ဖွယ်ရာ အတိုးနှုန်းသက်သာမည့်
အိမ်ရာချေးငွေများနှင့် ပုဂ္ဂလိကဘဏ်များမှ
ငွေချေးယူနိုင်မှု အခြေအနေ”


၁။ "အတိုးနှုန်းသက်သာသည့် အိမ်ရာချေးငွေများ
ရယူနိုင်ရန် ကိုရီးယား၊ ဂျပန်ဘဏ်များနှင့် ညှိနှိုင်းထား"

ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ဘဏ်များထံမှ အတိုးနှုန်း
သက်သာသည့် အိမ်ရာချေးငွေများကို ရရှိနိုင်ရန်
ဆွေးနွေးလျက်ရှိကြောင်း
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု
ဒါရိုက်တာ ဦးဝင်းဇော်က နိုဝင်ဘာ ၂၂ ရက်တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။

ယင်းချေးငွေများရရှိပါက အများပြည်သူများကို အတိုးနှုန်း
သက်သာစွာဖြင့် နှစ်ရှည်ပေးဆပ်နိုင်သည့်စနစ်ဖြင့်
ပြန်လည်ထုတ်ချေးနိုင်ရန် လုပ်ဆောင်သွားမည်ဟု
၎င်းက ဆိုသည်။

"လုပ်ငန်းစဉ်တွေအများကြီး ဆက်လုပ်ရဦးမှာဖြစ်တယ်။
ဘဏ်ကော၊ ၀န်ကြီးဌာန အနေနဲ့ပါ ချေးငွေတွေရဖို့
ကြိုးစားနေပါတယ်။ နိုင်ငံတကာက ချေးငွေတွေရဖို့ဆိုတာ
ဘဏ်ကို ၀န်ကြီးဌာနက ထောက်ခံပေးမှ ရမှာဖြစ်ပါတယ်။
လတ်တလောမှာ ကိုရီးယား၊ ဂျပန်တို့နဲ့ တော့ ဆွေးနွေး
နေပါတယ်။ ဘယ်ဘဏ်ဆီက ယူမယ်ဆိုတာတော့
ပြောလို့မရသေးပါဘူး။ ဂျပန်ဆီကလည်း နိုင်ငံတော်၏
အတိုင်ပင်ခံ ခရီးစဉ်မှာ အိမ်ရာကိစ္စအတွက် ဆွေးနွေး
ခဲ့တယ်လို့ သိရပါတယ်။ODA loan အဖြစ်အစိုးရအချင်းချင်း
ချေးတဲ့စနစ်နဲ့ ဆွေးနွေးနေပါတယ်။ ပြီးရင်တော့
အများပြည်သူကို နှစ်ရှည်စနစ်နဲ့ချေးနိုင်အောင်
လုပ်ဆောင် သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

နိုင်ငံတကာဘဏ်များမှ အိမ်ရာချေးငွေများနှင့်ပတ်သက်ပြီး
ချေးငွေများ ထုတ်ချေးနိုင်ရန် ကမ်းလှမ်းမှုများ အများအပြား
ရှိလာနေသည့်အတွက် ယင်းချေးငွေများကို ရရှိနိုင်ရန်
စိစစ်ညှိနှိုင်းလျက်ရှိသည်။

- တန်ဖိုးနည်းအိမ်ရာများ အမြောက်အမြား ဆောက်လုပ်
ရောင်းချရန်၊
- အိမ်ရာဝယ်ယူသူများအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေဘဲ
ရေရှည်ပေးဆပ်နိုင်မည့် နှစ်ရှည်စနစ်ဖြင့် ရောင်းချနိုင်ရန်၊
- ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြေခံ
အဆောက်အအုံ တည်ဆောက်သည့် လုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံလိုသူများအတွက် လိုအပ်သည့် ဘဏ်ချေးငွေ
များထုတ်ချေးနိုင်ရေးအတွက် နိုင်ငံတော်နှင့်
ပြည်ပဘဏ်များ ထံမှ သက်သာသည့် အတိုးနှုန်းများဖြင့်
ချေးယူနိုင်ရန် ဆောက်လုပ်ရေး နှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် က လုပ်ဆောင်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဖွံ့ဖြိုးရေးဖြစ်သည့်
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို
ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ပြည်တွင်း
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ
ပူးပေါင်းကာ ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်း
ဖြစ်သည်။

"Long term loan ပေးနိုင်အောင် ကြိုးစားနေပါတယ်။
ပြည်ထောင်စုဝန်ကြီးကတစ်ဆင့် နိုင်ငံတော်အတိုင်ပင်ခံ
ဆီလည်း တင်ပြထားတယ်။ ပြည်သူတွေဆီက နှစ်ချင်းဆပ်
deposit ငွေကိုယူပြီး တစ်ဖက်မှာ နှစ် ၃၀ ချေးငွေယူမယ့်
့သူကို သွားချေးလို့မရဘူး။ နိုင်ငံတကာက အိမ်ရာနဲ့
ပတ်သက်တဲ့ ဘဏ်တွေကလည်း Soft loan တွေကို
ပေးချင်တာတွေ ရှိလာပြီ။ သူတို့ပေးမယ့် Soft loan တွေကို
ကျွန်တော်တို့ ဘဏ်က သစ္စာရှိရှိနဲ့ ပြည်သူလက်ထဲ
ရောက်အောင် လုပ်ပေးပါမယ်။ အတိုးလည်း အများကြီး
ယူလို့ မရပါဘူး။ ၀န်ဆောင်ခသာသာ လောက်ပဲ ယူဖို့
စဉ်းစားထားပါတယ်။ နိုင်ငံတော်ဆီကလည်း
အထိုက်အလျောက်တော့ အကူအညီတွေ ရနေပါပြီ" ဟု
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌ
ဦးသာဌေးက ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထား
သည့် တန်ဖိုးနည်းအိမ်ရာများကိုအများပြည်သူ ၀ယ်ယူနိုင်
ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က
တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦး ပေးသွင်းစေ
ကာ ကျန်ငွေ ၇၀ ရာခိုင်နှုန်းကို ၁၀ နှစ်အရစ်ကျစနစ်ဖြင့်
ပေးချေနိုင်သည့် စနစ် လုပ်ဆောင်လျက်ရှိသည်။

အနည်းဆုံး လစာဝင်ငွေ ကျပ် လေးသိန်းကျော် ၀င်ငွေ
ရှိသည့် အထောက်အထားများပါ ပူးတွဲတင်ပြရန်
လိုအပ်သည်။

လစဉ် ပေးသွင်းငွေမှာလည်း ပျမ်းမျှ တစ်လလျှင်
ကျပ် ၁၂၀,၀၀၀ နှုန်း ကျသင့်နေသည့်အတွက်ဝင်ငွေနည်း
ပြည်သူများအတွက် တန်ဖိုးနည်းတိုက်ခန်းများ ၀ယ်ယူနိုင်
ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေဆဲဖြစ်သည်။

"လစဉ်ပေးသွင်းတဲ့ငွေ များနေတဲ့ ပြဿနာကိုလည်း
အနှစ် ၂၀၊ အနှစ် ၃၀ လောက်အထိပေးနိုင်တဲ့
Long term Mortgage loan (ရေရှည်ပေးတဲ့ချေးငွေ)တွေ
ပေးနိုင်ဖို့အတွက် အစိုးရကကူညီထောက်ခံပေးပါတယ်။
ကမ်းလှမ်းလာတဲ့ ဘဏ်တွေလည်း ရှိလာပါပြီ။
အဲဒါတွေသာ ရလာရင်တော့လစဉ်သွင်းငွေတွေလည်း
အများကြီး လျော့သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

(ဇေယျာလင်း)

***

၂။ "ပုဂ္ဂလိကဘဏ်များမှ ငွေချေးယူနိုင်မှု အာဆီယံတွင်
မြန်မာ အနည်းဆုံးဖြစ်နေ"

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များမှ ငွေချေးနိုင်မှုသည်
ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ) ၏
၁၅ ရာခိုင်နှုန်း ခန့်သာ ရှိသဖြင့် အာဆီယံနိုင်ငံများအတွင်း
အနည်းဆုံးဖြစ်နေကြောင်း ဂျာမနီ အဖွဲ့အစည်း GIZ ၏
Senior National Expert ဦးစံသိန်းက ပြောကြားသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်များသည် တားမြစ်သော
စည်းမျဉ်းစည်းကမ်းများနှင့် ကျွမ်းကျင်ဝန်ထမ်းရရှိမှု
အားနည်းချက်များကြောင့် ငွေကြေးဝန်ဆောင်မှု၌အကန့်
အသတ်များရှိနေသည်ဟု GIZ ၏မြန်မာနိုင်ငံငွေကြေး
ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အတွက် ထုတ်ပြန်သော
စာတမ်းတွင်ဖော်ပြထားသည်။

‘‘ပုဂ္ဂလိကဘဏ်တွေက ချေးငွေများများရနိုင်မှ စီးပွားရေး
လုပ်ငန်းတွေ အားကောင်းလာမယ်။ ဒီနိုင်ငံက ဘဏ်တွေ
ကနေ ချေးငွေ ရရှိမှုက နိုင်ငံတကာနဲ့ ယှဉ်ရင်
အနည်းဆုံးပဲ’’ ဟု ဦးစံသိန်းက ပြော ကြားသည်။

အမေရိကန်နိုင်ငံက ထုတ် ပြန်ထားသော အစီရင်ခံစာ
တစ်ခုတွင်
- မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းသာ
ချေးငွေရယူအသုံးပြုနေကြောင်း၊
- ချေးငွေရယူ အသုံးပြုရာတွင်လည်း လူဦးရေ
၁၈ ရာခိုင်နှုန်းသာ အစိုးရ လိုင်စင်ချထားသော
တရားဝင်ငွေကြေးအဖွဲ့အစည်းများထံမှ ရယူသုံးစွဲပြီး
- ၂၉ ရာခိုင်နှုန်းသည် တရားမဝင် အဖွဲ့အစည်းများက
ရယူသုံးစွဲနေကြောင်း GIZ National Expert
ဦး Om Ki က ပြောကြားသည်။
( တရားဝင်ငွေချေးလုပ်ငန်း သုံးစွဲသူများသည်
ဘဏ်၊ အပေါင်ဆိုင် ၊ အသေးစားငွေချေးလုပ်ငန်းများမှ
ချေးယူသူများဖြစ်။
တရားမဝင်နည်းလမ်းဖြင့် ချေးယူသူများသည်
ဆွေမျိုးများဆီမှ သော်လည်းကောင်း၊ တခြားနည်းလမ်းဖြင့်
ငွေချေးယူသူများဆီမှ သော်လည်းကောင်း
ချေးယူကြခြင်းဖြစ်။)

‘‘မြန်မာနိုင်ငံမှာ ချေးငွေလုပ်ငန်းက အားနည်းနေတယ်။
ကျေးလက်ဒေသက လူတွေဆိုရင် ဘဏ်လုပ်ငန်းနဲ့
ထိတွေ့မှုမရှိသလောက်ပဲ။ ၂၀၁၃ ကုလသမဂ္ဂအ ဖွဲ့အစည်း
တစ်ခုရဲ့ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ
အရွယ်ရောက်ပြီးသူ စုစုပေါင်းရဲ့ ၂၀ ရာ ခိုင်နှုန်းခန့်ကပဲ
တရားဝင်ငွေချေး လုပ်ငန်းတွေကို အသုံးပြုကြ တယ်’’ ဟု
အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ပုဂ္ဂလိကဘဏ်များက ချေးငွေရယူမှုလျော့နည်းရခြင်းသည်
ဘဏ်များက ယုံကြည်မှုအားနည်း ချက်ကြောင့် ချေးငွေ
အလွယ်တကူ မရရှိနိုင်ခြင်း၊ အပေါင်ပစ္စည်း ပါဝင်သော်လည်း
ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့်သာ ချေးငွေရယူနိုင်ခြင်း
စသော ကန့်သတ်ချက်များကြောင့် ဟု
လှိုင်သာယာစက်မှုဇုန် (၁)မှ ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက
ပြောသည်။

(ကမ္ဘာ့ဘဏ်၏ Doing Business ၂၀၁၇ အစီရင်ခံစာတွင်
မြန်မာနိုင်ငံ၏ ချေးငွေရယူမှု လွယ်ကူခြင်းသည်
နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၅ ရှိ။)

(ပြည်သိမ်း)

credit - The Myanmar Times / 7day Daily
& (Xinhua Myanmar)

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment