"ရန်ကုန်မြို့သစ် စီမံကိန်းများ စတော့မလား"
အလှမ်းကျယ်လျှင် အချိန်တိုအတွင်း ခရီးရောက်သွား
နိုင်ပါ၏။ သို့သော်လည်း အလှမ်းကျယ်က အလယ်မှာ
လပ်သွားတတ်ပါသည်။ အလှမ်းမတော်ပါလျှင်
ချော်လဲသွားတတ်ပါသည်။
သတိထားရမည့်ကိစ္စ ဖြစ်ပါသည်။
ညကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် ရန်ကုန်မြို့သစ်
စီမံကိန်းကို တစ်နှစ်အတွင်း စတင် အကောင်အထည်
ဖော်တော့မည်။
သည်ကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
တိုက်ရိုက်စီစဉ်နေပြီ။ လွှတ်တော်တင်ပြီး အတည်ပြု
လျှင် တင်ဒါ ခေါ်ရုံပဲတဲ့။
- ယခင် ရန်ကုန်မြို့သစ် စီမံကိန်းတွင် ကုမ္ပဏီ
သုံးခုကိုသာ တင်ဒါခေါ်၍ ယင်း ကုမ္ပဏီ သုံးခုက
မြို့သစ်ကြီးအားအကောင်အထည်ဖော်သွားမည့် ပုံစံ
ရှိကြောင်း၊
- ယခုဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က
ယခင်ပုံစံအတိုင်း အကောင်အထည် ဖော်မည်
မဟုတ်တော့ကြောင်း၊
- ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က
ကြီးကြပ်ကွပ်ကဲမည် ဖြစ်ကြောင်း၊
- ကုမ္ပဏီများအား တင်ဒါခေါ်ကာ ယှဉ်ပြိုင် စေမည်
ဖြစ်ကြောင်း၊
- ယင်းသို့ ဆောင်ရွက်သောအခါ မူလကဝင်ရောက်
ယှဉ်ပြိုင်ခဲ့သည့် ကုမ္ပဏီသုံးခုကိုလည်း ပြန်လည် ယှဉ်ပြိုင်
စေမည်ဖြစ်ကြောင်း၊
- ပြီးမှ ရွေးချယ် ကြမည် ဖြစ်ကြောင်း၊
- ဤသည်မှာ နည်းလမ်းကျသော လုပ်ငန်းစဉ်တစ်ခု
ဖြစ်သည်ဟုလည်း လွှတ်တော်က သုံးသပ်ထားကြောင်း
စသဖြင့် အကြောင်းပေါင်းစုံ သတင်းများ ထွက်လာသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက တစ်နှစ်အတွင်း ဦးစားပေး
ဆောင်ရွက်မည့် လုပ်ငန်းများအနက်
ရန်ကုန်မြို့သစ်စီမံကိန်း၊ မြို့ပတ်ရထားလမ်း စီမံကိန်း၊
ဘတ်စ်ကားလိုင်းအသစ်လုပ်မည့်စီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊
ဆိပ်ကမ်းရွှေ့ပြောင်းမည့်ကိစ္စများနှင့် ကျူးကျော်ကိစ္စများ
ပါဝင်သည်ဟု ပြောကြ၏။
ရန်ကုန်မြို့သစ် စီမံကိန်းမှာ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင်
အကောင်အထည် ဖော်မည်။ ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ
တွံတေးနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ် နှစ်ခုကြားရှိ
မြေဧကစုစုပေါင်း နှစ်သောင်းကျော် အသုံးချမည်ဖြစ်ကြောင်း
သိရ၏။
*** အသစ်အသစ်များ စနိုင်လျှင် ကောင်းပါသည်။
အဟောင်းများကိုလည်း ပစ်မထားသင့်ပါ။ ***
ယခင်အစိုးရလက်ထက်တွင်လည်း သည်လိုစီမံကိန်းများ
မရှိခဲ့ဘူး လားဟု မေးမည်ဆိုပါက မဟာရန်ကုန် မြို့ပြ
ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းဆိုသည်မှာ ရှိသည်ပေါ့။
ရန်ကုန် မြို့ကို တိုးချဲ့မည့်စီမံကိန်းပဲ။
ရန်ကုန်အရှေ့ပိုင်း မြို့သစ်၊ ရန်ကုန်အနောက်တောင်ပိုင်း
မြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊
မှော်ဘီမြို့သစ်၊ လှည်းကူးမြို့သစ် အစရှိသည်ဖြင့် ဦးစားပေး
အလိုက် အသီးသီး လျာထားကြောင်း သိရသည်။
မည်သို့မည်ပုံ အကောင်အထည်ဖော်ဖြစ်သွားကြောင်းမူ
သတင်းဆက်မရတော့ချေ။
သည်အကြောင်းများ ပြောဖြစ်တော့ အတိတ်မှ
ဖြစ်ရပ်များကို ပြန်အမှတ်ရလာ၏။ ယခုတော့လည်း
လွမ်းစရာလေးများအဖြစ်ကျန်ရစ်ခဲ့ပြီပဲ။ ယင်းသို့ဆိုလျှင်
သူငယ်ချင်းများက ဝေဖန်ကြဦးမည်။
"မင်းကွာ နောက်ကြောင်းပဲ ပြန်နေတာပဲ။ ရှေ့မှာဘာဖြစ်
နိုင်မလဲဆိုတာ မင်းအမြင်လေးတွေ ထည့်ပြောပါဦး” ဟု
ဝိုင်းပြောကြလိမ့် မည်။
အသက်ခြောက်ဆယ်ကျော် ပင်စင်စား၍ မိမိအိမ်တွင်
"ကျီစောင့်ကြက်နှင်ဘဝမျိုး”တွင် နေနေတော့
ရှေ့ ဘာဖြစ်မလဲဆိုသည်မှာ မိမိနှင့်မဆိုင်တော့ဟု
ထင်သည်။
"သူတို့ကောင်းမည် ထင်သလိုလုပ်ကြမှာပဲ။ မိမိတို့တုန်း
ကလည်း ကောင်းမည်ထင်သလိုလုပ်ခဲ့ကြတာ”ဟု
တွေးမိသည်။ မိမိတို့အတွက်မှာမူ ဇာတိဇရာ၊ ဗျာဓိမရဏ
ဆိုသလိုရေဝေးသို့ ဘယ်အချိန် လှမ်းရမည်ကို
တွက်ဆနေရသော အချိန်ကာလ။
***
တစ်ခုတော့ ပြောပြချင်ပါသည်။
မြို့သစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မိမိတို့
မှားယွင်းခဲ့ပုံများကို ပြောပြထားလျှင် ရှောင်ကွင်းနိုင်မည်ပေါ့။
မိမိတို့ ရန်ကုန်စည်ပင် ရောက်ခါစကာလတွင်
ဒဂုံတောင်၊ ဒဂုံမြောက်၊ ရွှေပြည်သာ၊ လှိုင်သာယာ စသော
မြို့သစ်များ ဘာတစ်ခုမျှ မပေါ်သေးပါ။
ယင်းမြို့သစ်စီမံကိန်းများ အစပြုရန် အကြံဥာဏ်ထုတ်ကြ
တုန်းသာ ရှိပါသေးသည်။
ယခင် ရန်ကုန်မြို့တော်ဟောင်း၏မြို့ကွက်အနေအထားကို
ကြည့်လျှင် တောင်မြောက် ဒေါင်လိုက်တန်းနေသည်။
ယခုတွေ့ရသည့် ဘဲဥပုံလိုလို လေးထောင့်ဆန်ဆန် ပုံမျိုး
မဟုတ်သေး။
ရိုးမကြောဆုံးသည့် သိမ်ဂုတ္တရကုန်း အတိုင်းလိုက်၍
မြို့ကိုတည်ထားပုံရသည်။ တစ်ခုခုတော့ တစ်ခုခုပဲ။
ထိုစဉ်က ပညာရှင်များသည်လည်း မြို့ကွက်ကို
စတုရန်းကွက်ပမာ အနေအထားကျအောင် စဉ်းစား
ကြမည်သာဖြစ်သည်။
ဘာကြောင့် သည်လို တောင် မြောက်ဒေါင်လိုက်တန်း
နေရသနည်း။ အဖြေရှာမရ။ထိုစဉ်က မိမိတို့လည်း ငယ်ရွယ်
နုနယ်ချိန်။ "ငါကွ" ဟူသည်မာန်ကလည်း တက်စအချိန်။
ရှည်ရှည်ဝေးဝေးတွေးမနေတော့။ "ငါတို့လက်လက်မှာ
အရင်ထက်သာအောင် လုပ်ပြလိုက်ဦးမယ်" ဟု
လက်မထောင်ကာ မျက်ခုံးပင့်ကာ ကြွေးကြော်ခဲ့သည်။
လက်တွေ့လုပ်ကြည့်တော့ အခက်အခဲပေါင်းစုံနှင့်
ရင်ဆိုင်ရသည်။ ကုန်ကျစရိတ်ကလည်း ဆထက်ထမ်းပိုး
တိုးလာသည်။
ထိုစဉ်က
- ဒဂုံတောင်သို့ လုပ်သက်ရင့် ဝန်ထမ်းတချို့နှင့်
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်နေရာကို ရှင်းလင်းစဉ်က
ရင်ဆိုင်ခဲ့ရသည့် ကျူးကျော် အိမ်ဆိုင်များကို
ဦးစားပေးနေရာချထားသည်။
- ဒဂုံမြောက်တွင်မူ ဝန်ထမ်းများကို အကွက်ရိုက်နေရာ
ချထားပေးခဲ့သည်။
- ရွှေပြည်သာတွင်လည်း ကျူးကျော်အိမ်ထောင်စုများကို
နေရာပေးခြင်းသာများသည်။
- လှိုင်သာယာမြို့သစ်ကိုမူ အကောင်အထည်ဖော်ခဲ့သည်မှာ
၎င်းတို့ထက်နည်းနည်း နောက်ကျသည်။
* အခက်အခဲ အမျိုးမျိုးတွေ့ရသည့် အဓိကအကြောင်းရင်းမှာ
လုပ်ငန်းစီမံကိန်းများကို မူလက ကြိုတင်စီမံထားသည့်
အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရသည်
မဟုတ်ဘဲ အချိန်မဆိုင်းဘဲ အမိန့်အရ တက်သုတ်နှင်ကာ
ဆောင်ရွက်ရခြင်းကြောင့် ဖြစ်၏။ *
အိမ်တွေဆောက်သူ များက ဆောက်၊
လမ်းဖောက်သူက ဖောက်၊
တံတား ဆောက်သူက ဆောက်၊
အဝီစိတွင်း တူးသူကတူး၊
လျှပ် စစ်မီးပေးနိုင်ရန် ဓာတ်တိုင် စိုက်သူကစိုက်၊
ဤသို့ဖြင့် တည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုလုံး
ဆူညံပွက်လော ရိုက်နေသည်။
* ဖြစ်သလိုလုပ်တော့လည်း လုပ်သလိုတော့ ဖြစ်သွားသည်။
ပုံပန်းတကျတော့မဟုတ်။
မြို့တစ်မြို့ ဆောက်နေသည်နှင့်မတူတော့ဘဲ ရန်သူ့ခံစစ်
စခန်းကို တက်ပြီး သိမ်းပိုက်နေသည်နှင့်သာ တူနေသည်
မဟုတ်လား။ *
နောက်ပိုင်းမှ အမှားများကို လိုက်ဖာထေးရသည်။
အချိန်လည်း ကုန်။ လူလည်း ပမ်း။
"စရိတ်ကုန် ဇလုံပွန်း သလို" ဖြစ်သွား၏။
အမှန်ကား
* မြို့သစ်စီမံကိန်းများ အကောင်အ ထည်ဖော်ရာတွင်
အဖွဲ့အစည်းတစ်ခု သို့မဟုတ် တိုင်းပြည်တစ်ပြည်အတွက်
စနစ် ဇယားများနှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်ရန် နှင့်
လိုအပ်သောအခြေခံဝန်ဆောင်မှုများကို
ကြိုတင် စီမံထားရန် အရေးကြီးသည်။
ဗိုလ်လိုပြောရရင်တော့ Infrastructure ပေါ့။
လျှပ်စစ်ဓာတ်အားရရှိရေး၊ သောက်ရေသုံးရေ ရရှိရေး၊
သယ်ယူပို့ဆောင်ရေး စသည်တို့အပြင် အခြေခံအဆောက်
အအုံများ၊
သည်ကိစ္စများကို တစ်ဆင့်ချင်းသွားရန်လိုပါသည်။ *
ရေကိစ္စတွင်လည်း ပြဿနာတော်တော်တွေ့လိုက်
သေးသည်။
ဒဂုံတောင် ဒဂုံမြောက်တွင် ဆားဓာတ် (NaCl) များသည်။
ရေကို သောက်ရေအဖြစ် မသုံးနိုင်။ သုံးရ ရုံပဲ။
လှိုင်သာယာရှိရေများမှာ သံဓာတ်များသည်။ ဂျိုးဖြူမှရေကို
လည်း မပို့နိုင်သေး။ ယင်းသို့ဖြစ်ပြီး နောက်ပိုင်း၌ ရေနှင့်
ပတ်သက်၍ ရန်ကုန်မြို့၏ အရှေ့ဘက် ဒဂုံတောင်
ဒဂုံမြောက် နေရာတို့တွင်လည်းကောင်း၊
အနောက်ဘက်ပိုင်းရှိ နေရာတို့တွင်လည်းကောင်း
အဝီစိတွင်းများတူးကာ ရေရရှိမှု စမ်းသပ်ထားသော
မြေပုံတစ်စုံကို မမျှော်လင့်ဘဲ ရှာတွေ့လိုက်၏။
အမှန်တကယ် တန်ဖိုးရှိသော တွေ့ရှိချက်ဖြစ်၏။
အင်္ဂလိပ် ကိုလိုနီခေတ်နှောင်းပိုင်းမှ မြေပုံဖြစ်ဟန်တူ၏။
သည်အတွက်ကြောင့် ကိုရွှေအင်္ဂလိပ်တို့ ရန်ကုန်မြို့ကို
တောင် နှင့် မြောက်ကိုသာ တိုးချဲ့သွားခြင်းပါလားဟု
အသိမှန်ရကာ "ငါကွ။ အစွမ်းပြလိုက်မယ်" ဆိုသော
မာန်လည်း တော်တော်ကျသွားသည်။
***
မြို့ပတ်ရထားလမ်း စီမံကိန်းကိုလည်းရေးဆွဲနေပြီ ဆို၏။
မဖြစ်မနေ အကောင်အထည်ဖော်သင့်သော လုပ်ငန်း
ဖြစ်ပါသည်။ ရန်ကုန်မြို့တော်ရှိ ရထားလမ်းများကိုကြည့်။
ကိုလိုနီခေတ်ကတည်းက ရရှိခဲ့သော အမွေအနှစ်ဟု
ပြောနိုင်၏။ ဘယ်လိုပင်ပြောပြော အင်္ဂလိပ်တို့ကိုပင်
ကျေးဇူးတင်ရဦးမည်။ မိမိ လာအိုနိုင်ငံသို့ အကြောင်းကံ
သင့်၍ရောက်သည်။ သူတို့က ပြင်သစ်လက်အောက်ခံ
ကိုလိုနီဖြစ်ခဲ့ဖူးသည်။ သူတို့တိုင်းပြည်တွင် ရထားလမ်း
မမြင်ဖူးခဲ့။ ဂုတ်သွေးစုပ်၍ ကျွန်ပြုခံရသည်ချင်း အတူတူ
မိမိတို့ကသာသည်ဟု ကြွားရမလိုတောင်ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူတို့လုပ်ပေးခဲ့သော မီးရထားလမ်းကား
ဟိုတုန်းကခေတ်၊ ဟိုတုန်းက ခရီးသွားလာမှုအခြေအနေနှင့်
ကိုက်ညီပါသည်ဟု ပြောရမည် ဖြစ်သော်လည်း
ယခုအချိန်တွင် ကားများ ကျပ်တည်းပိတ်ဆို့နေခြင်းမှာ
မြို့ပတ်ရထား လမ်းကြောင့်ဟု အပြစ်တင်လျှင်ရမည်ထင်၏။
မြို့ ပတ်ရထားလမ်းသာ သည်လိုမြေပြင်ပေါ်တွင် မထားဘဲ
မိုးပျံမြို့ပတ်ရထားလမ်းဖြစ်ခဲ့လျှင်ဟု စိတ်ကူးယဉ်ကြည့်။
ရထားလမ်းနှင့် ကားလမ်းဆုံသောနေရာများ၌ မြို့ပတ်ရထား
လာသဖြင့် ယခုလို မော်တော်ယာဉ်များ တစ်သီတစ်တန်း
စောင့်ဆိုင်းနေရခြင်းမျိုးရှိတော့မည် မဟုတ်။
ကားမောင်းသူများဘက်ကလည်း ထိုမြို့ပတ်ရထားများကို
ဦးစားပေးနေရခြင်းအား သိပ်မကြည်ဖြူချင်တော့။
***
ဘတ်စ်ကားလိုင်း အသစ်လုပ်မည်ဆိုသည်။
ပိုမိုကောင်းအောင် ယာဉ်လိုင်းစနစ်ကြီးတစ်ခုလုံး ပြုပြင်ရန်
လိုနေပြီ။ စည်းကမ်းမဲ့မောင်းနှင်နေသော မော်တော်ယာဉ်
များကို ပြတ်ပြတ်သားသား အရေးယူနိုင်လျှင်ပင် တော်တော်
ခရီးရောက်နေပြီ။
***
တဖန် ရန်ကုန် မြို့ရှိ ဆိပ်ကမ်းကြီးကို ရွှေ့ပြောင်းဦးမည်တဲ့။
ယင်းသို့ ဆောင်ရွက်နိုင်လျှင် ရန်ကုန်မြို့၏ခန့်ညားထည်ဝါမှု
များ ပိုမိုမြင်သာလာမည်။ ရန်ကုန်မြို့သားများအတွက်
ပင်လယ်လေကို ဝဝရှုခွင့်ရတော့မည်။
***
ထို့ပြင် စက်မှု ဇုန်စီမံကိန်းအကောင်အထည်ဖော်ဦးမည်ဟု
ကြားရ သည်။ ယင်းအရေးကိစ္စမှာ တော်တော်သတိထားကာ
လုပ်ဆောင်ရမည့်သဘောရှိနေသည်။ ယခုပင် စက်မှုဇုန်များ
တွင် လုပ်ငန်းကို ပီပီပြင်ပြင်မလုပ်ဘဲ နေရာဦးထားသူများ
ရှိနေသေးသည်။ သူတို့ဘက်ကလည်း လျှပ်စစ်မီး
ပုံမှန်မပေးနိုင်သည်ကို အကြောင်းပြသည်။ ထိုကိစ္စများမှာ
ငွေရေးကြေးရေးမှ စွမ်းအင်သုံးစွဲမှု ကိစ္စများအထိ
ပါလာသည်။
* မြို့ပြဆိုင်ရာနိုင်ငံခြားပညာ ရှင်တစ်ဦးက မိမိတို့ ရန်ကုန်မြို့
ပတ်ပတ်လည်ရှိ စက်မှု ဇုန်များမှာ မြို့ကို ထပ်မံတိုးချဲ့၍
မရအောင် ကန့်သတ် လိုက်သလို ဖြစ်နေကြောင်း
ဝေဖန်ဖူးသည်။
သူပြောမှ မြေပုံကို စေ့စေ့စပ်စပ်ပြန်ကြည့်မိတော့
"ဟုတ်သားပဲ" ဟု ဝန်ခံဖြစ်သည်။ *
***
ရန်ကုန်မြို့အတွက် ခေါင်းအခြောက်ရဆုံး ပြဿနာမှာ
ကျူးကျော်ကိစ္စများဖြစ်သည်။ ကျူးကျော်ဆိုလျှင် မည်သည့်
အရာမျှ မကောင်း။ စည်ပင်မြေသာမက နေရာယူ၍ရသော
မြေမှန်သမျှ ကျူးကျော်ကြသည်။
တိုင်းပြည်ဆင်းရဲသဖြင့် တောနှင့်မြို့ကွာဟချက်များ
လာသည်။ ထိုအချက်ကြောင့် မြို့တွင် လူများအားလုံး
လာရောက်စုမိကာ အခက်အခဲပေါင်းစုံ ကြုံရတော့သည်။
တဖန် "ကျူးကျော်လမ်းဘေးဆိုင်" ဟူသည့်
ခေတ်အဆက်ဆက်က မဖြေရှင်းနိုင်သေးသော
ပြဿနာများလည်းရှိသေး၏။
သည်အကြောင်းများ ရေးပြနေလျှင် ရွာလည်သွားမည်။
***
အလှမ်းကျယ်လျှင် မြန်မြန်ရောက်သွားနိုင်သည်ဟု ပြောလျှင်
ရပါ၏။ သို့ရာတွင် ချော်လဲသွားလျှင် အရှက်ကွဲတတ်ပါသည်။
သို့ဖြစ်၍ အလုပ်ကြီးကြီးလုပ်လုပ်၊ အလုပ်အသေးအမွှားပဲ
လုပ်လုပ် ဂရုစိုက်ရမည်သာဖြစ်ပါသည်။
ရန်ကုန်မြို့သားစစ်စစ်တစ်ဦးအနေဖြင့် တောင်းဆိုရမည်
ဆိုလျှင်
* နှစ်ကာလကြာ အရိုးစွဲနေသော ဤမြို့ကြီး၏ အရင်းခံ
ပြဿနာများကိုလည်း စဉ်းစားဖြေရှင်းပေးကြပါရန် *
တောင်းပန်လျက် နိဂုံးချုပ်ပါတော့မည်။
(ဘိုငြိမ်းသာ)
credit - POPULAR NEWS JOURNAL
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment