Sunday, November 20, 2016

“အစိုးရသစ်လက်ထက် စံချိန်တင် ဒေါ်လာ”

“အစိုးရသစ်လက်ထက် စံချိန်တင် ဒေါ်လာ”

၁။ "အမေရိကန် ဒေါ်လာ ပြင်ပပေါက်ဈေး ၁၃၁၅ ကျပ်
ထိ ရှိလာ"

အမေရိကန် ဒေါ်လာ ၁ ဒေါ်လာလျှင် ပြင်ပပေါက်ဈေး
၁၃၁၅ ကျပ် အထိ ဈေးတက်လာရာ တလအတွင်း
၄၅ ကျပ်နီးပါး ဈေးမြှင့်လာကြောင်း ဒေါ်လာအရောင်းအဝယ်
ပြုလုပ်သူများထံက သိရသည်။

နိုဝင်ဘာလဆန်းပိုင်းက အမေရိကန် ၁ ဒေါ်လာလျှင်
၁၂၇၈ ကျပ်နှုန်းသာရှိခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်တွင်
အမေရိကန် ၁ ဒေါ်လာဈေးနှုန်းသည် ၁၂၉၀ ကျပ်
ဖြစ်သော်လည်း ပြင်ပဈေးကွက်တွင် ဝယ်ဈေး ၁၃၁၅ ကျပ်နှင့်
ရောင်းဈေး ၁၃၁၆ကျပ်အထိ ဈေးမြှင့်တက်လာခြင်းဖြစ်သည်။

“ပို့ကုန်က ပိုက်ဆံသိပ်မရဘူး။ သွင်းကုန်အတွက်ပဲ
လိုအပ်ချက်တွေရှိနေတော့ ဒေါ်လာရဲ့ဝယ်လိုအားက
တက်နေတယ်လေ။ ဗဟိုဘဏ်ကလည်း ဒီကိစ္စကို ပြတ်ပြတ်
သားသားမရှိတော့ အပြင်မှာ ဈေးကစားနေတာလည်း
ဖြစ်နိုင်တယ်။ ဗဟိုဘဏ်က ပြင်ပဈေးကွက်မှာ ဝင်ရောက်
ချယ်လှယ်လို့ မရတော့ ဒေါ်လာရဲ့ အပြင်ဈေးက
တဖြည်းဖြည်း ကြီးထွားလာတာ။ FDI တွေ ဝင်လာရင်တော့
အလားအလာကောင်းမှာပါ။ ဒါပေမယ့် မြေ၊ ခြံဈေးကွက်က
နိုင်ငံခြားက ဝင်ရောက်လာသူတွေ နေနိုင်အောင်
အဲဒါတွေကို အရင်ဖြေရှင်းဖို့လိုနေတယ်”ဟု ကမ္ဗောဇဘဏ်
၏ အကြံပေး ဦးသန်းလွင် က ဧရာဝတီသို့ပြောသည်။

၎င်းက
“အဲဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ်ဆိုရင်တော့ အဆင်ပြေ
မှာပါ။ မဟုတ်ရင်တော့ ဒေါ်လာက ဈေးတက်နေမှာဘဲ။
ပြောပြရရင်တော့ အရင် နဝတ လက်ထက်တုန်းက
၁၅၀၀ ကျပ်လောက်ထိ ဈေးတက်ခဲ့ဖူးတယ်။ သေချာတော့
မမှတ်မိဘူး။ အဲဒီအချိန်တုန်းက မကျယ်ပြန့်တော့ လူတွေက
သိပ်မသိကြဘူး။ဗဟိုဘဏ်က ဈေးကွက်မှာ ပွင့်ပွင့်လင်းလင်း
ဖြစ်အောင် ထဲထဲဝင်ဝင် လှုပ်ရှားမယ်ဆိုရင် ဈေးကွက်ကို
ထိန်းနိုင်တယ်။ အခုက အပြင်မှာ ဈေးကစားလိုက်၊
ဒေါ်လာက ဈေးတက်လိုက်နဲ့ ပြန်မကျဘူး”ဟု
သုံးသပ်ပြောပြသည်။

လက်ရှိတွင် အိမ်ခြံမြေဈေးကွက်နှင့် စတော့ရှယ်ယာ
ဈေးကွက်မှာ အရောင်းအဝယ်အေးနေကာ ပုံမှန်အနေအထား
တွင် ရှိနေပြီး ရွှေဈေးနှင့် ဒေါ်လာဈေးက တရိပ်ရိပ်မြင့်တက်
နေခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်ခြံမြေဈေးကတော့ မလှုပ်နိုင်ဘူး။ လုပ်ငန်းရှင်တွေရဲ့
ငွေတွေ၊ ဘဏ်ကငွေတွေက ဒေါ်လာဈေးကွက်ထဲကို
ဝင်နေတယ်။ ဒေါ်လာက နိုင်ငံတွင်းကို ဝင်တာနည်းပါတယ်။
Import အတွက် သုံးတာ များနေတဲ့သဘောပဲ။ အိမ်ခြံမြေ
ကတော့ ဒေါ်လာနဲ့ ရွှေကြား ညှပ်နေတယ်” ဟု
အိမ်ခြံမြေလုပ်ငန်းရှင် ဦးသန်းဦးက ရှင်းပြသည်။

အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ပြင်ပဈေးနှုန်းသည် 
နိုဝင်ဘာ လဆန်းပိုင်းက ၁၂၇၈ ကျပ်မှ ၁၂၉၁ ကျပ်ထိ
ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အတွင်း
၁၃၀၅ ကျပ်မှ ၁၃၁၅ ကျပ်အထိ ဈေးမြှင့်တက်လာခြင်း
ဖြစ်သည်။

ထို့အပြင် ရွှေဈေးနှုန်းမှာလည်း တကျပ်သားလျှင်
၈၆၉၀၀၀ ကျပ်အထိ ပေါက်ဈေးရှိလာကြောင်း သိရသည်။

(မေစစ်ပိုင်)

***

၂။ "ဒေါ်လာဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်သူများ၍
ဒေါ်လာဈေးတက်"

အိမ်ခြံမြေနဲ့ စတော့ဈေးကွက်တွေ အေးနေတာကြောင့်
ဒေါ်လာဈေးကွက်အတွင်းကို ဝင်ရောက်လုပ်ကိုင်တဲ့သူများပြီး
ဒေါ်လာဈေးတက်နေတယ်လို့ ဈေးကွက် ကျွမ်းကျင်သူ
တွေက ပြောပါတယ်။

အခုအစိုးရသစ်လက်ထက်မှာ ပြည်တွင်း အမေရိကန်
ဒေါ်လာငွေ လဲလှယ်တဲ့ဈေးနှုန်း ၁၃၀၀ ကျော်လောက်ထိ
ရောက်ရှိလာပြီးတော့ စံချိန်တင် မြင့်တက်နေပါတယ်။

လတ်တလောမှာ အိမ်ခြံမြေဈေးကွက်နဲ့ စတော့ရှယ်ယာ
ဈေးကွက်တွေ အေးနေတာကြောင့် ဒေါ်လာငွေကို ဝယ်ယူ
ရင်းနှီးမြှုပ်နှံတဲ့သူတွေ များလာပြီး ဒေါ်လာဈေးကလည်း
မြင့်တက်နေတာ ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူ
တွေက ဆိုပါတယ်။

တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က
“ဗဟိုဘဏ်က ဖွင့်တဲ့ဈေးထက်ကို ပြင်ပဈေးက အခုဆိုရင်
တော်တော်လေးကွာနေတာပေါ့။ ပြောရမယ်ဆိုရင် ဒေါ်လာ
ဝယ်တဲ့လူတွေ များတာ၊ဒေါ်လာလိုအပ်ချက်တွေ များနေလို့
ကွာနေတာပေါ့။ ကွာနေပြီး ဈေးမြင့်နေတော့ ရွှေဈေးတွေ
လည်း လိုက်မြင့်နေတာပေါ့” လို့ ပြောပါတယ်။

နိုင်ငံတကာဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာဈေးဟာ
အကျပိုင်းကို ရောက်နေတဲ့အပြင် အမေရိကန်ရွေးကောက်ပွဲ
ရလဒ်ကြောင့်လည်း ဆက်လက်ကျရိပ်ပြနေပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာတော့ ဒေါ်လာဝယ်လိုအား မြင့်နေတဲ့
အပြင် ကုန်သွယ်ရေးလိုငွေ ပြနေတာကြောင့် ပြည်တွင်း
ဒေါ်လာဈေး မာနေတာလည်း ဖြစ်ပါတယ်။

“ငွေကြေးဖောင်းပွမှုအနေအထားနဲ့ လက်ရှိဒေါ်လာဈေးကွက်
ဈေးနှုန်းရဲ့ အနေအထားအရ သိပ်လည်းကျသွားမှာတော့
မဟုတ်ဘူး။ ဒါပေမယ့် ဈေးနှုန်း ကျစ်သွားလိမ့်မယ်။
ကျစ်သွားတယ်ဆိုတာ နည်းနည်းတော့ အိဆင်းသွားလိမ့်မယ်”
လို့ မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ဦးသန်းဦးက
ပြောပါတယ်။

(ပြည့်ဖြိုးကျော်)

***

၃။ "ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ထုတ်ရောင်းပေးနေ
သော်လည်း ဘဏ်များကပြန်မရောင်းပေး၍ မထိရောက်ဟုဆို"

ဈေးကွက်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်
ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ နေ့စဉ် အမေရိကန်ဒေါ်လာ
ရောင်းချပေးနေသော်လည်း ဘဏ်များက ဈေးကွက်
အတွင်းသို့ ပြန်လည် ရောင်းချပေးခြင်း မရှိသည့်အတွက်
ဈေးကွက်ကို ထိရောက်မှု မရှိကြောင်း နိုင်ငံခြားငွေ
ဝယ်ရောင်းများက ဝေဖန်ပြောဆိုသည်။

ထိုသို့ ထုတ်မရောင်းပေးခြင်းကြောင့် ဈေးကွက်အတွင်း
ဒေါ်လာ ရှားပါးခြင်းများ ဆက်လက် ဖြစ်ပေါ်၍ ဒေါ်လာဈေးနှုန်း
မှာလည်း အမြင့်ဈေးတွင်သာ ဆက်ရှိနေစေခြင်းဖြစ်ကြောင်း
၎င်းတို့က ဆိုသည်။

“ဗဟိုဘဏ်က ဘဏ်တွေကို ဈေးကွက်မျှအောင် ဆိုပြီး ဒေါ်လာ
ရောင်းပေးပေမယ့် သူတို့တွေက ထုတ်မရောင်းတော့ ဘာမှ
မထူးဘူးလေ”ဟု ဒေါ်လာ ဝယ်ရောင်း တစ်ဦးက ပြောဆိုသည်။

ပုဂ္ဂလိက ဘဏ်များကို တစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာ
၅ဝဝဝ နှင့် ရက် သတ္တ တစ်ပတ်လျှင် ဒေါ်လာ ၁ဝ,ဝဝဝ ထုတ်
ရောင်းပေးသကဲ့သို့ ဗဟိုဘဏ်အနေနှင့် ငွေလဲ ကောင်တာများ
ကိုလည်း ထိုသို့ ရောင်းချပေးမည်ဆိုပါက ဈေးကွက်
လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် အတွင်းရှိ ငွေလဲကောင်တာများက ဆိုသည်။

“ကျွန်တော်တို့က သတ်မှတ်ဘောင် ရှိတယ်လေ။ အဲ့ဒီဘောင်
ကျော်ပြီး ရောင်းခွင့် မရှိဘူး။ အဲ့လိုဆိုတော့ ပြင်ပဈေးက
ကျွန်တော်တို့ထက် မြင့်နေတဲ့ အချိန်မှာဆို ကျွန်တော်တို့
အရောင်းပိတ် လိုက်ရတာမျိုးတွေ ရှိပါတယ်။ နောက်မို့ဆို
အပြင်က လူတွေက သိမ်းကျုံးပြီး လာဝယ်ကုန်မှာပေါ့”ဟု
မြန်မာ အရှေ့တိုင်း ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက
ရှင်းပြ ပြောဆိုသည်။

Money Changer များအနေနှင့် နေ့စဉ် ဗဟိုဘဏ် သတ်မှတ်
ဈေးထက် ဈေးနှုန်း အတက်၊ အကျကို ဝ ဒသမ ၈ ရာခိုင်နှုန်း
သာ ပြုလုပ်ခွင့် ရှိပြီး ယင်းသတ်မှတ်ချက်ကို ဘဏ်များမှ
ဖွင့်လှစ်ထားသည့် Money Changer များကသာ လိုက်နာ
လေ့ရှိကာ ပြင်ပ Money Changer များက ပေါ်ပေါ်ထင်ထင်
ချိုးဖောက်နေကြောင်း ၎င်းက ပြောဆိုသည်။

ယခင်က ဗဟိုဘဏ်သည် Money Changer များမှ ဒေါ်လာ
လိုအပ်လျှင် အချိန်မရွေး ထုတ်ယူခွင့်နှင့် ပိုပါက ပြန်လည်
အပ်နှံခွင့် ပေးခဲ့သော်လည်း ယခု နောက်ပိုင်းတွင်
ယင်းအခွင့်အရေးကို ရုပ်သိမ်းလိုက်ခြင်းကြောင့် ယင်းပြဿနာ
ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်အချို့မှ
တာဝန်ရှိသူများက ဆိုသည်။

***

၎။ "အမေရိကန်ဒေါ်လာလဲနှုန်း တက်ခြင်းနှင့် မတည်ငြိမ်ခြင်း
အပေါ် အမြင်များ"

* ဦးသန်းလွင် *
(ကမ္ဘောဇဘဏ်၊ အကြီးတန်း အကြံပေးအရာရှိ)

ဒေါ်လာဈေးတက်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့
ရောင်းလိုအားနဲ့ ဝယ်လိုအားအပေါ်မှာ မူတည်နေတယ်။
ဈေးကွက်ထဲမှာ ဝယ်လိုအားများပြီး ဒေါ်လာရှားနေရင် ထပ်ပြီး
တက်နေဦးမှာပဲ။

အခုလောလောဆယ် အခြေအနေတွေကို ကြည့်မယ်ဆိုရင်
ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်က ထွက်ပေမယ့်လည်း
နည်းဥပဒေတွေထွက်ဖို့ အခြားစည်းမျဉ်းတွေ လုပ်ရဦးမှာ
ဆိုတော့ အသက်ဝင်ဖို့က နည်းနည်းကြာဦးမယ်။

ဒီတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ဖို့က ဒါတွေကို
စောင့်ပြီးမှ ဝင်မှာ။ လက်ရှိမှာ အများကြီး ဝင်လာဦးမှာ
မဟုတ်ဘူး။

နောက်တစ်ခုက မူးယစ်ဆေးဝါးတို့၊ အခြားတရားမဝင်
ငွေကြေးတွေကလည်း ဝင်လာတာ နည်းသေးတယ်လို့
ပြောလို့ရတယ်။

အခုက မူးယစ်ဆေးဝါးကလည်း အဖမ်းကြမ်းနေတယ်။
အဲဒီတော့ ဒေါ်လာဝင်လာဖို့က ခက်ခဲတယ်လေ။
နောက်အဓိက အချက်တစ်ခုက ပို့ကုန်ပဲ။ ဆန်ကိုပဲ
ကြည့်လိုက်။ တရုတ်က အဝယ်နည်းသလောက်
ဖြစ်နေတော့ အဲဒီမှာလည်း ဒေါ်လာဝင်ဖို့ နည်းသွားတယ်။

ကုန်သွယ်မှုလိုငွေ အရမ်းပြနေတာလည်း ဒေါ်လာဈေးကို
ကမောက်ကမ ဖြစ်စေတယ်။ တကယ်တော့ အစိုးရမှာရှိတဲ့
အကြံပေး ကော်မတီတွေကလည်း ဒီနေရာ ကောင်းကောင်း
အလုပ်လုပ်တာ မတွေ့ရဘူး။ တရားမဝင်ဈေးကွက်ကို
ထိန်းနိုင်အောင် လုပ်ရမယ်။ သူ့ကိုထိန်းဖို့ ဥပဒေ ခိုင်မာဖို့
လိုတယ်။

လက်ရှိဖြစ်နေတာက မြန်မာကျပ်ငွေတန်ဖိုး
အထိုက်အလျောက် ကျတာလည်း ပါတယ်။ နောက်တစ်ခုက
တရားမဝင် ဈေးကွက်ကနေ ဈေးကို ကစားနေတာလည်း
ပါတယ်။ တရားမဝင်ကို တရားဝင် ဖြစ်လာအောင် လုပ်ရမယ်။

အစိုးရက နိုင်ငံရေးတွေနဲ့ အလုပ်ရှုပ်နေလို့ ဒီဘက်ကို
မလှည့်နိုင်တာ ဖြစ်မယ်။ ဒီကိစ္စဟာ ဗဟိုဘဏ်ပေါ် မူတည်
တယ် ဆိုပေမယ့် ဗဟိုဘဏ် တစ်ခုတည်း လုပ်လို့မရဘူး
ဆိုတာ အစိုးရသိသင့်တယ်။ 

* ဦးဝင်းကြိုင် *
(ရေထွက်ပို့ကုန် လုပ်ငန်းရှင်)

ဒေါ်လာဈေးဆိုတာ ထုတ်လုပ်သူရော၊ စားသုံးသူရောပါ
အဆင်ပြေမယ့် နှုန်းထားတစ်ခု ရှိရမယ်။ ပို့ကုန်သွင်းကုန်
ဆိုတာ ဒေါ်လာနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။

ပို့ကုန်ထုတ်မယ့်သူက အခုဒေါ်လာဈေး တက်ချိန်မှာ
ကုန်ကြမ်းတွေ ဝယ်တယ်၊ ပစ္စည်းထုတ်လိုက်တယ်။
သူတင်ပို့မယ့် အချိန်ရောက်တော့ ဒေါ်လာဈေးကျနေရင်
ကုန်ကြမ်းတန်ဖိုး ပြန်မရဘဲ အရှုံးပေါ်မယ်။

ဒေါ်လာဈေးတက်လို့ ပို့ကုန်သမားတွေ အကျိုးအမြတ်
အများကြီးရတယ်ဆိုတာ မဟုတ်ဘူး။ ဆိုးကျိုးတွေလည်း
ရှိတယ်။

ဒီနိုင်ငံမှာက ဒေါ်လာဈေးက ရာခိုင်နှုန်း အများကြီး
တက်လိုက်ကျလိုက် ဖြစ်တာ။ သူများနိုင်ငံတွေမှာက ဒသမ
လောက်ပဲ ဖြစ်တော့ ထုတ်လုပ်သူက မှန်းလို့ရတယ်။
ဒီမှာက မှန်းလို့မရဘူး။ ဇွတ်လုပ်ရင် အထိနာမယ်။

အဓိကက ပို့ကုန်များနေရင် ဒီပြဿနာတွေ ကောင်းကောင်း
ဖြေရှင်းနိုင်တယ်။ ဒီနိုင်ငံရဲ့ ပို့ကုန်တွေက စိုက်ပျိုးရေး၊
မွေးမြူရေး ထွက်ကုန်တွေ အဓိကထားရင် ဒီကဏ္ဍတွေကို
အားပေးရမယ်။ ငါးမှာဆို ဈေးကွက်ရှိပြီး မမွေးမြူနိုင်လို့ 
မပို့နိုင်တာတွေ ရှိတယ်။ မပို့နိုင်ရင် ဒေါ်လာမရဘူးလေ။
ပို့ကုန်အားပေးမယ့်ဟာတွေ များများလုပ်မှ ဒေါ်လာဈေး
အတက်အကျ ကြမ်းတာကို ထိန်းနိုင်မယ်။

* ဒေါက်တာစိုးထွန်း *
(သွင်းကုန်လုပ်ငန်းရှင်)

ငွေဈေးတက်တော့ သွင်းကုန်လုပ်ငန်းရှင်တွေ အတွက်
ခက်ခဲတာပဲလေ။ တည်ငြိမ်နေမယ် ဆိုရင်တော့ ပိုကောင်း
တာပေါ့။

ငွေဈေးတက်လို့ တစ်ဖက်မှာ ဘာဖြစ်လဲဆိုရင် သွင်းလာတဲ့
ပစ္စည်းကို စားသုံးသူဆီကို ပြန်ရောင်းတဲ့အခါ ကုန်ပစ္စည်း
တွေ ဈေးတက်တာပေါ့။ စားသုံးသူဆီမှာ သွားထိတာပေါ့။

သွင်းကုန်လုပ်ငန်းရှင်တွေ အတွက်က ဒေါ်လာဈေး
အတက်အကျတွေ ဖြစ်နေတာထက် တည်ငြိမ်နေရင်တော့
ပိုကောင်းတာပေါ့။

ဗဟိုဘဏ်က ဘဏ်တွေရဲ့ ဒေါ်လာလိုအပ်ချက်ကို
ထုတ်ရောင်းပေးလည်း မထူးဘူး။ ဘဏ်တွေက ဈေးတင်
ရောင်းတာပေါ့။

သူတို့လိုသလောက် ထုတ်ရောင်းပေးရင် ဘဏ်တွေပဲ
ချမ်းသာသွားမှာပဲ။ ကျွန်တော်ကတော့ ဒီနိုင်ငံခြားငွေ
ရောင်းဝယ်ရေး လိုင်စင်ရထားတဲ့ ငွေလဲကောင်တာ လုပ်ငန်း
တွေနဲ့ ဒေါ်လာအမှန်တကယ် လိုအပ်တဲ့ လုပ်ငန်းတွေကို
လည်း ဗဟိုဘဏ်က ဒေါ်လာဝယ်ယူခွင့် ပေးသင့်တယ်လို့
ထင်တယ်။

အဲဒါမှ ဈေးကွက်ထဲမှာ ဒေါ်လာလိုအပ်တဲ့ သူတွေဆီ
ဒေါ်လာရောက်ရှိမှု တစ်ဆင့် နည်းလာလေလေ ဒေါ်လာဈေး
ကလည်း ပြန်ကျလာမှာပဲ။
          
(အောင်သီဟ၊ မေလှိုင်းသူ)

credit - Irrawaddy Publishing Group / DVB News
& The Voice

(မှတ်ချက်)

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးဆိုင်ရာ ဆောင်းပါး/သတင်းများ
ဖြစ်နေပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန်
တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
--------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment