“ရန်ကုန်မြို့သစ်စီမံကိန်း၏ နောက်ဆက်တွဲ ဆက်စပ်
သတင်းများ”
၁။ "ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာ
တွင် မြေဈေးနှုန်းကြီးမြင့်မှုမဖြစ်စေရန် အစိုးရကိုယ်တိုင်
ကြီးကြပ်ဆောင်ရွက်သွားမည်"
"ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်တဲ့အခါမှာ
အစိုးရက မြေဈေးကို ကြပ်ကြပ်မတ်မတ်ထိန်းညှိပြီး
စင်ကာပူနိုင်ငံလို မြေကို စနစ်တကျ တင်ဒါခေါ်ပြီး လုပ်
ဆောင်သွားမှာပါ။ နိုင်ငံတော်က စနစ်တကျပဲ တာဝန်ယူ
လုပ်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့
မြို့သစ်စီမံကိန်းကို ကြီးကြပ်ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောသည်။
နိုဝင်ဘာလ ဒုတိယပတ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌
ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်မြို့သစ်
စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍
မီဒီယာများ၏မေးမြန်းမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က
ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး
တစ်ဖက်ကမ်းရှိ မြို့နယ်များဖြစ်သည့် တွံတေး၊
ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို စသည့်မြို့နယ်
သုံး မြို့နယ်အတွင်းရှိ မြေဟက်တာ ၇၂၈၄ ပေါ် တွင်
အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး
ယင်းစီမံကိန်းအတွက် ပြီးခဲ့သည့် အစိုးရ လက်ထက်က
တင်ဒါခေါ်ယူခဲ့ရာ ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုးရေး
အများ နှင့်သက်ဆိုင်သော ကုမ္ပဏီ၊ ရွှေပုပ္ပား အပြည်ပြည်
ဆိုင်ရာ ဆောက်လုပ်ရေးနှင့်
Business Capital City Development Ltd တို့ကို
ရွေးချယ်ခဲ့ ကြောင်း သိရသည်။
"ကျွန်တော်တို့က ဒီကုမ္ပဏီတွေကို မြေတွေခွဲပေးဖို့
အစီအစဉ်မရှိပါဘူး။သူတို့ အနေနဲ့ အခြေခံအဆောက်အအုံ
တည်ဆောက်တဲ့အပိုင်းမှာ ပါဝင်ခွင့်ရနိုင်တယ်။ သူတို့
မလုပ်ချင်တော့ဘူးဆိုရင် အခြား ကုမ္ပဏီတွေကို တင်ဒါခေါ်
သွားမှာ ဖြစ်ပါ တယ်။ မြေတွေကို အပိုင်းသုံးပိုင်းခွဲပြီး
အပိုင်ယူပြီး ကိုယ့်ဘာသာ ရောင်းစားကြ ဆိုတဲ့ပုံစံမျိုးနဲ့
ဒီမြို့သစ်စီမံကိန်းကို လုပ်မှာ မဟုတ်ပါဘူး" ဟု
၎င်းကဆက်လက် ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်
ခြင်းကို နှစ် အလိုက် တစ်ဆင့်ချင်း ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက
နိုဝင်ဘာ ၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တွင်
ပြောကြားထားသည်။
"လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က လယ်မြေတစ်ဧကကို
ခြောက်သိန်းနဲ့ ငါးဧကလောက် ကျွန်တော်ရောင်းခဲ့တယ်။
သိပ်မကြာလိုက်ဘူး။ ပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်မှာ
မြို့သစ်စီမံကိန်းတွေလုပ်တော့မယ်လို့ သတင်းတွေထွက်လာ
တဲ့အတွက် တစ်ဧကကို သိန်း ၅ဝ ကျော် အထိပေါက်သွား
တယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ အရောင်း၊ အဝယ်
လုပ်တာမျိုးတွေလည်း မရှိသလောက်ပါပဲ။ စီမံကိန်းမြေတွေ
ကိုလည်း သက်ဆိုင်ရာကုမ္ပဏီတွေက ခြံဝင်းတွေတောင်
ခတ်ထားပြီးသွားပါပြီ" ဟု ဆိပ်ကြီး ခနောင်တိုမြို့နယ်
ဦးထွန်းအိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေးက ပြောသည်။
အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
ပြည်သူလူထု၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက်
အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊
အနာဂတ်ကာလတွင် တိုးပွားလာမည့် ရန်ကုန်မြို့တော်၏
လူဦးရေအတွက် အိမ်ရာများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေး
လုပ်ငန်းများ တိုးချဲ့ရန် လိုအပ်သောကြောင့် အဆိုပါ
စီမံကိန်းကို အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အဆိုပါ
ရန်ကုန်မြို့သစ်စီမံကိန်း အပြင် ရန်ကုန်မြို့၏ တောင်ဘက်
တွှင် ဆိပ်ကမ်းတည်ဆောက်ရန် လျာထားပြီး ယင်းစီမံကိန်း
ပြီးပါက အဆိုပါ ရန်ကုန်မြို့သစ်သည် အချက်အချာကျသည့်
နေရာဖြစ်လာနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က
သုံးသပ်ထားကြောင်း သိရသည်။
(ဇော်ကြီး - ပဏီတ)
***
၂။ "ကော့မှူးမြို့နယ်အတွင်းရှိ မြေကွက်ဈေးနှုန်းများ
ပိုမိုမြင့်တက်လျက်ရှိ"
ကော့မှူးမြို့နယ်ရှိ မြေကွက်များကို ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စား
သူ များပြားလာပြီးမြေဈေးနှုန်းများလည်း တစ်နေ့တခြား
မြင့်တက်လျက်ရှိကြောင်း ဒေသခံအိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။
ရွှေ့ဆိုင်းထားသော ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို
၂၀၁၈ ခုနှစ်မှ စတင်ကာအကောင်အထည်ဖော်ရန် ကြေညာပြီး
ချိန်မှ စ၍ ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ မြေကွက်များကိုဝယ်ယူ
လိုသူ များပြားလာခဲ့ကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင်
ကိုကျော်အောင်က ပြောသည်။
"ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်တော့မယ်လို့
သတင်းတွေထွက်ပြီးတဲ့အချိန်ကစပြီး ရန်ကုန်မြို့လယ်ကောင်နဲ့
နီးပြီး မြစ်ခြားနေလို့ သွားလာရေးခက်ခဲတဲ့ရန်ကုန် မြို့တစ်ဖက်
ကမ်းက မြေကွက်တွေကို ရင်းနှီး မြှုပ်နှံဖို့ ၀ယ်ယူလိုသူတွေ
များပြားလာခဲ့ပါတယ်။ တံတားစီမံကိန်းကို ဒုတိယအကြိမ်
ထပ်မံရွှေ့ဆိုင်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက ဒလမြို့နယ်က
မြေဈေးတွေက အမြင့်ပိုင်း မှာရှိနေဆဲဖြစ်လို့ရင်းနှီးမြှုပ်နှံသူတွေ
က ဒလမြို့နယ်ထက် အိမ်ခြံမြေ ဈေးသက်သာ နေသေးတဲ့
ဒလမြို့နယ်နဲ့ကပ်လျက်ရှိနေတဲ့ ကော့မှူးမြို့နယ်က မြေကွက်
တွေကို ရင်းနှီး မြှုပ်နှံဖို့ တခြားမြို့နယ်တွေထက်ပိုသဘောကျ
ကြပါတယ်"ဟု ၎င်းက ပြောသည်။
ကော့မှူးမြို့နယ်ကိုဖြတ်ကာ ဒလမြို့နယ်နှင့် တွံတေးမြို့နယ်ကို
ဆက်စပ်ပေးမည့်လမ်းမကြီးတစ်ခုကို ယခုနှစ်ကုန်တွင် စတင်
ဖောက်လုပ်မည်ဖြစ်ပြီး ထိုလမ်းမကြီးတစ်လျှောက်ရှိ
မြေကွက်များကို ၀ယ်ယူလိုသူများပြားလာပြီး ထိုလမ်းမကြီးပေါ်
ရှိ မြေဈေး များလည်း နှစ်ဆကျော်အထိ သိသိသာသာဈေးမြင့်
တက်လာကြောင်း ကိုကျော်အောင် က ပြောသည်။
"ကော့မှူးမြို့နယ်ကို ဖြတ်ပြီးဖောက်လုပ်မယ့် ဒလနဲ့ တွံတေး
မြို့နယ်ကို ဆက်ပေးမယ့် လမ်းမအသစ်တစ်လျှောက်မှာရှိတဲ့
မြေကွက်တွေ ဒီလထဲ အရောင်းအ၀ယ်ဖြစ်နေပြီးနှစ်လအတွင်း
မှာကို ဈေးလည်း နှစ်ဆကျော် လောက်မြင့်တက်နေပါတယ်။
လမ်းမကလာမယ့်ဒီဇင်ဘာလမှ စတင်ဖောက်လုပ်မှာဖြစ်ပြီး
လမ်းဖောက်ပြီးသွားရင် မြေဈေးတွေထပ်မြင့်တက်ဦးမှာပါ"
ဟု ၎င်းက ပြောသည်။
ထိုအသစ်ဖောက်လုပ်မည့် လမ်းမကြီးတစ်လျှောက်ရှိ
မြေကွက်များမှာ ယခုနှစ်ဆန်းပိုင်းတွင် တစ်ဧကလျှင်
ကျပ်သိန်း ၅၀ အောက်ခန့်သာရှိသော်လည်း ယခုအချိန်တွင်
တစ်ဧကလျှင် ကျပ်သိန်း ၁၂၀ ကျော်ခန့် ဈေးရှိကြောင်း
၎င်းက ပြောသည်။
"အဲဒီ အသစ်ဖောက်လုပ်မယ့် လမ်းမတန်း တစ်လျှောက်က
မြေကွက်တွေကဥယျာဉ်ခြံ မြေအမျိုးအစားဖြစ်ပြီး စလစ်မြေ
တွေပါ။ ဂရန်ရရှိထားတဲ့ မြေကမရှိသလောက်ပါပဲ။ ဥယျာဉ်ခြံ
မြေတွေက တစ်ဧကကို ကျပ်သိန်း ၁၂၀ ကျော်ကစပြီး
၁၅၀ ခန့်ထိ ဈေးခေါ်နေပါတယ်။ လယ်မြေဆိုရင်တော့
ဥယျာဉ်ခြံမြေထက်၁၀ သိန်းလောက် သက်သာပါတယ်" ဟု
ကိုကျော်အောင်က ပြောသည်။
ကော့မှူးမြို့နယ်တွင်းရှိ ကျေးရွာများမှ ဂရန် မရရှိသေးသော
မြေကွက်များမှာလည်းဝယ်ရောင်းပြုလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံရန်
ဝယ်ယူမှုနည်းသော်လည်း ဈေးနှုန်းများသုံးဆကျော်ခန့်အထိ
မြင့်တက်လျက်ရှိ ကြောင်း မြို့ခံ ဒေါ်သီတာအေးက
ပြောသည်။
"လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတဲ့၊ ကွန်ကရစ်လမ်း
မဖောက်လုပ်ရသေးဘဲ မြေနီလမ်းသာ ဖောက်လုပ်ထားတဲ့
ကျေးရွာတွေမှာလည်း မြေဈေးတွေ သုံးဆကျော်ခန့်အထိ
ဈေးမြင့်တက်နေပါတယ်။ ကျေးရွာက ရွာမြေတွေက ဂရန်တွေ၊
စလစ်တွေ၊ ပါမစ်တွေဘာအာမခံချက်မှ မရှိသေးလို့ ၀ယ်ရောင်း
လုပ်လိုသူတွေ ၀ယ်ယူမှု မရှိသလောက်ဖြစ်ပေမဲ့ ဈေးတွေ
ကတော့ တစ်နေ့တခြားကို မြင့်တက်နေပါတယ်။ ဒေသခံတွေ
က ကော့မှူး မြို့နယ်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်
ဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီးပိုဖွံ့ဖြိုး
တိုးတက်လာ မယ်လို့ အသေအချာယုံကြည်ပြီး မြေဈေးတွေကို
အမြင့်ပိုင်းကနေပဲဈေးစခေါ်ကြပါတယ်"ဟု ၎င်းက ပြောသည်။
ကော့မှူးမြို့နယ် ကျေးရွာများအတွင်းမှ မြေဈေးများမှာ
စတုရန်းပေ ၂,၄၀၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၀
ခန့်ရှိပြီး ပေ ၁၀၀ ပတ်လည် မြေကွက်တစ်ကွက်လျှင်
ကျပ်သိန်း ၅၀ ကျော်ခန့်အထိ ဈေးရှိသည်။
"ရွေးကောက်ပွဲမတိုင်ခင်က ကျေးရွာတွင်း က မြေဈေးတွေက
စတုရန်းပေ၂,၄၀၀ ရှိတဲ့မြေတစ်ကွက်ကို ငါးသိန်းလောက်ပဲ
ရှိခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ဈေးတွေ မြင့်တက်လာခဲ့တာ အခုဆို
အဲဒီ အကျယ်အ၀န်းရှိတဲ့ မြေကွက် တစ်ကွက်ကို ကျပ်သိန်း
၃၀ လောက် ဈေးခေါ်နေကြတယ်။ ဘာဂရန်၊ ပါမစ်မှ မရှိဘဲ
အရပ်စာချုပ် တစ်ခုတည်းနဲ့သာ ၀ယ်ရောင်း ပြုလုပ်နိုင်လို့
ရွာကမြေကွက်တွေကို ရင်းနှီး မြှုပ်နှံသူတွေဝယ်ယူမှု မရှိပေမဲ့
ရွာကမြေ တွေက တစ်နေ့တခြား သိသိသာသာဈေးနှုန်းတွေ
မြင့်တက်လာနေပါတယ်"ဟု ကိုကျော်အောင်က ပြောသည်။
အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်သာ အကူအညီ
ပေးသောကမ္ဘာ့ဘဏ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းအကောင်
အထည်ဖော်နေသည့် လူထုဗဟိုပြုစီမံကိန်း အကျိုးခံစားရာ
ရန်ကုန်တိုင်းကိုယ်စားပြု မြို့နယ်အဖြစ်ကော့မှူးမြို့နယ်
ရွေးချယ်ခံ ခဲ့ရသောကြောင့် ၂၀၁၅-၂၀၁၈ စီမံကိန်း ကာလ
လေးနှစ်အတွင်းမှာ အခြေခံအဆောက်အအုံများ တည်ဆောက်
ခွင့်နှင့် ပြုပြင်ခွင့်များကိုကော့မှူးမြို့နယ်က ရရှိမည် ဖြစ်သည်။
"ကော့မှူးမြို့နယ်မှာ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်
ဖော်ချိန် တစ်နှစ်အတွင်းမှာကို စီမံကိန်းကနေ ဖောက်လုပ်တဲ့
လမ်းတွေရှိပါတယ်။ အစိုးရစီမံကိန်းနဲ့ ဖောက်လုပ်တဲ့လမ်းတွေ
လည်း ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်
ဖြစ်လို့ သူက မြို့နယ်ကိုလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး
မြို့နယ် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပေးမယ်လို့ဒေသခံတွေက
ယုံကြည် နေကြပါတယ်။ မြေဈေးတွေလည်း ပို မြင့်တက်လာ
နိုင်ပါတယ်"ဟုဒေါ်သီတာအေး က ပြောသည်။
(တင်ရတနာထွန်း)
***
၃။ "လှိုင်သာယာမှာ ဧက ၅၀ဝ ကျော်တဲ့ ရပ်ကွက်အသစ်
တည်မည်"
လှိုင်သာယာမြို့နယ်မှာ မြေဧက ၅၀ဝ ကျော်တဲ့ရပ်ကွက် အသစ်
တည်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ
ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ ရပ်ကွက်အသစ်တည်ဖို့ မြေနေရာရှာ
ထားတာဖြစ်ပါတယ်။ သည်မြို့သစ်ကို ထန်းတပင်မြို့နယ်ထဲက
ကွင်းအမှတ် ၃၁၄ မှ မြေဧက စုစုပေါင်း ၅၄၃ ဧက ကျယ်ဝန်းမှာ
ဖြစ်ပါတယ်။ ပေ ၂၀ x ပေ ၃၀ အကျယ်မြေကွက်ပေါင်း
၁၅,ဝ၀ဝ ခန့် ဖော်ထုတ်မှာဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်က ရပ်ကွက်သစ်အပြင် အရံမြေနေရာ
ဧက ၁၀,ဝ၀၀ ကိုလည်း လျာထားပြီးဖြစ်တယ်။ အရံမြေနေရာ
ကို လှိုင်သာယာကနေ တွံတေးဘက်အခြမ်းမှာ နေရာ
လျာထားတာဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ
လူဦးရေအများဆုံး မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ ၆၈၆,၈၂၇ ဦး
နေထိုင်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း ၂၆.၃၂ စတုရန်းမိုင်
ရှိပြီး လူဦးရေအထူထပ်ဆုံးမြို့နယ် ဖြစ်ပါတယ်။ တစ်စတုရန်းမိုင်
ကို လူဦးရေ ၂၆,ဝ၉၅ နေတယ်လို့သိရပါတယ်။
လှိုင်သာယာမြို့နယ်လို မြို့သစ်တွေမှာ မြေနေရာသစ်တွေနဲ့
အိမ်ရာစီမံကိန်းတွေကို တည်ဆောက်ခဲ့ပါတယ်။ လှိုင်သာယာ
မြို့နယ်မှာ ရွှေလင်ပန်းအိမ်ရာအပိုင်း (၂) နဲ့ (၃)တည်ဆောက်
ထားပြီး သည်စီမံကိန်းနှစ်ခုက အိမ်ခန်းပေါင်း ၁၀ဝ၀ ထွက်ရှိ
မှာဖြစ်ပါ တယ်။
လှိုင်သာယာ၊ သန်လျင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်လေး ခုမှာ တန်ဖိုးနည်းအိမ်ရာ
အခန်းပေါင်း ၈၀ဝ၀ ကိုတည်ဆောက်မှာပါ။
- လှိုင်သာယာမြို့နယ်မှာ ကျန်စစ်မင်းအိမ်ရာစီမံကိန်းတည်
ဆောက်ဖို့လည်း တင်ဒါခေါ်ယူ ထားတာဖြစ်ပါတယ်။
ကျန်စစ်မင်းအိမ်ရာစီမံကိန်းက အိမ်ခန်းပေါင်း ၁၂၆၀ ခန်းထွက်
ရှိမှာဖြစ်ပါတယ်။
- သန်လျင်မြို့နယ် အောင်ချမ်းသာအိမ်ရာ စီမံကိန်းကတော့
လူနေအိမ်ခန်းပေါင်း ၃၄၀ဝ ထွက်ရှိမှာဖြစ်ပြီး စီမံကိန်းတည်
ဆောက်ဖို့ တင်ဒါခေါ်ယူထားတာပါ။
- ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က ကနောင်တန်ဖိုးနည်း
အိမ်ရာစီမံကိန်းက လူနေအိမ်ခန်း ပေါင်း ၂၀၄၀ ခန်းထွက်ရှိမှာ
ဖြစ်ပါတယ်။
- ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က တန်ဖိုးနည်း အိမ်ရာ
စီမံကိန်းကတော့ လူနေအိမ်ခန်းပေါင်း ၂၃၀ဝ ခန်းထွက်ရှိပြီး
စုစုပေါင်းသည် အိမ်ရာ လေးခုကနေ လူနေအိမ်ခန်း ၈၀ဝဝ
ထွက်ရှိမှာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ နေ့စဉ်တိုးပွားလာတဲ့ လူဦးရေအတွက်
ရန်ကုန်မြို့ကို မြို့သစ်တွေတည်ပြီး တိုးချဲ့တာတွေကို ပြီးခဲ့တဲ့
အစိုးရလက်ထက်ကတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်က ထင်ရှားတဲ့မြို့သစ်စီမံကိန်းတစ်ခု
ကတော့ ရန်ကုန်မြို့သစ် စီမံကိန်းဖြစ်ပါတယ်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မြို့သစ်တည်တာနဲ့
ပတ်သက်ပြီး
"မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့
နေရာမှာ ရန်ကုန်မြို့ရဲ့နှစ်အလိုက် တိုးပွားလာတဲ့ လူဦးရေ
အတွက် အိမ်ရာတွေ၊ လူနေရပ်ကွက်တွေ၊ စက်ရုံတွေနဲ့
တခြားစီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့လိုအပ်
နေပါတယ်၊ မြို့ပြလူဦးရေတိုးပွားမှုနဲ့ လိုက်လျောညီထွေဖြစ်
မယ့် လူနေအိမ်ရာ မြေနေရာ တိုးချဲ့ဖို့စီစဉ်တာ စီးပွားရေး
လုပ်ငန်းတွေ တိုးချဲ့ဖို့ စီစဉ်ထားတာမရှိရင် ရန်ကုန်မြို့
အနေနဲ့ကြီးမားတဲ့ပြဿနာကြုံ တွေ့လာရမှာ ဖြစ်တယ်"
လို့ ရှင်းပြပါတယ်။
ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ဖို့ မြို့သစ်တိုးချဲ့တဲ့စီမံကိန်းနဲ့
အတူ အိမ်ရာအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ
စနစ်တကျဆောင်ရွက်ထားတာကသင့်တော်တဲ့စီမံကိန်းတစ်ခု
ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက
သုံးသပ်ပြောကြားပါတယ်။
(ပို့ပို့မြင့်မွန်)
credit - MOI Webportal Myanmar / The Myanmar Times
& Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment