“မန္တလေးတိုင်း၏ အိမ်ခြံမြေစံနှုန်းသစ်၊ ဖွင့်လှစ်တော့မည့်
ကမ်းနားလမ်းညဈေးနှင့် ပြန်လည်ဆောက်လုပ်ခွင့်
ပြုလိုက်သော အထပ်မြင့်အဆောက်အအုံများ”
၁။ "မန္တလေးတိုင်း အိမ်ခြံမြေစံနှုန်းသစ်ကို
ယမန်နှစ်ထက် ၁၀ ရာခိုင်နှုန်းလျှော့သတ်မှတ်"
မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေဈေးကွက်နှင့်
ပတ်သက်၍ စံနှုန်းသတ်မှတ်ချက်အသစ်များကို
ယမန်နှစ်ကထက် ၁၀ ရာခိုင် နှုန်းခန့် လျှော့ချကာ
သတ်မှတ်ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန
(မန္တလေး)မှ သတင်းရရှိသည်။
‘‘စံနှုန်းသတ်မှတ်ချက်က ယခင်ကထက် ၁၀ ရာခိုင်နှုန်း
လောက် လျော့သွားမှာ ဖြစ်တဲ့အတွက် ဝယ်တဲ့လူတွေ
အနေနဲ့ အခွန်နည်းနည်းသက်သာသွားမှာ ဖြစ်ပါတယ်။
အဲဒီလို သက်သာသွားတဲ့အတွက် စံနှုန်းအတိုင်း
လိုက်နာတဲ့ လူတွေလည်း ပိုများ လာနိုင်ပါတယ်’’ဟု
ပြည်တွင်းအခွန်များဦးစီးဌာန (မန္တလေး)မှ
ညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောသည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အိမ်ခြံမြေစံနှုန်း
သတ်မှတ်ချက်အသစ်ကို အောက်တိုဘာလကုန်ပိုင်းက
အတည်ပြုကာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး စံနှုန်းများ
သတ်မှတ်ရာ၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများ၏
အကူအညီကိုရယူပြီး ရပ်ကွက် ကျေးရွာအလိုက် အခြေခံ
ဈေးနှုန်း များ ကောက်ယူကာ အစည်းအဝေးသုံးကြိမ်
ပြုလုပ်၍ တိုင်းအစိုးရအဖွဲ့သို့ တင်ပြခဲ့ကြောင်း
သတင်းရရှိသည်။
‘‘မနှစ်က သတ်မှတ်တဲ့ စံနှုန်းတွေကများတယ်။
လူတိုင်းမလိုက်နိုင်ကြဘူး။ တိုင်းအစိုးရအဖွဲ့ကလည်း
လိုက်နာတဲ့သူတွေ များလာအောင် လုပ်ပေးဖို့လိုတယ်လို့
ပြောတဲ့အတွက် အခုလို လျှော့ပေးလိုက်တာဖြစ်ပါတယ်’’
ဟု ဦးတင်ထွေးက ပြောသည်။
‘‘ဖြတ်တဲ့နှုန်းကို ၁၀ ရာခိုင်နှုန်းလောက် လျှော့လိုက်တယ်
ဆိုပေမယ့် ကောက်ခံတဲ့နှုန်းကိုတော့ မပြောင်းတာကြောင့်
ကျပ်သိန်း တစ်ထောင်နဲ့အထက် အရောင်းအဝယ်တွေ
မှာတော့ သိပ်အပြောင်းအလဲမရှိနိုင်ပါဘူး။ အစိုးရ ရဲ့
ရည်ရွယ်ချက်က သိန်းတစ်ထောင်နဲ့အထက်ကို
ဈေးကျ (သို့) ဈေးမကစားအောင် ထိန်းချုပ်ချင်တာလို့
ယူဆရပါတယ်။ သိန်းတစ်ထောင်အောက်ဆိုရင်တော့
အရင်ကထက် အနည်းငယ်သက်သာသွားနိုင်ပါတယ်’’
ဟု ရွှေမန္တ လေး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းအောင်က သုံးသပ်သည်။
ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းတွင်
အိမ်ခြံမြေရောင်းဝယ်မှုမှ အခွန်ငွေကောက်ခံရရှိမှုသည်
ကျပ် ၇၆ ဘီလီယံခန့်အထိရှိခဲ့ကြောင်း
ပြည်တွင်းအခွန်များဦးစီးဌာန (မန္တလေး)မှ သိရသည်။
၂၀၁၆ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ
မြေကွက်ကဲ့သို့ အခြေခံပစ္စည်းများ ဝယ်ယူရာတွင်
ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိပါက
- တန်ဖိုးတစ်ကျပ်မှ ကျပ်သိန်းသုံးရာအထိ ၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်းသုံးရာနှင့်အထက် မှ ကျပ်သိန်းတစ်ထောင်
အထိ ၂၀ ရာခိုင်နှုန်း၊
- ကျပ်သိန်းတစ်ထောင်နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း
ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း
သတ်မှတ်ထားသည်။
(နိုင်လင်းအောင်)
***
၂။ "ကမ်းနားလမ်းညဈေး နိုဝင်ဘာ ၂၁ ရက်တွင်
ဖွင့်လှစ်သွားမည်"
ရန်ကုန်မြို့တွင် ကမ်းနားလမ်းညဈေးကို နိုဝင်ဘာ၂၁ ရက်၌
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လမ်းဘေးဈေးသည်များအား စည်းကမ်းတကျဖြစ်ဖြစ်စေရန်
ကမ်းနားလမ်း တစ်လျှောက် ညဈေးတန်းအဖြစ်
နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှစ၍ ဖွင့်လှစ်ခွင့်ပေးသွားမည်
ဖြစ်ကြောင်း၊ ဆိုင်ခန်းပေါင်း ၅ဝဝဝ ကျော်ရှိကြောင်း၊အဆိုပါ
ဆိုင်ခန်းအားလုံးအား စည်းကမ်းတကျ ရောင်းချခွင့်
ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
- အဓိကလမ်းလေးလမ်းဖြစ်သည့်
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊အနော်ရထာလမ်း၊
မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းများမှ
လမ်းဘေးဈေးသည်များအား ကမ်းနားလမ်းသို့ပြောင်းရွှေ့ကာ
ညဈေးတန်း အဖြစ်ဖွင့်လှစ်ရန်စီစဉ်ခြင်း ဖြစ်ကြောင်း၊
- စာရင်းကောက်ယူထားသောဆိုင်များကို ဆိုင်ခန်းများနေရာ
ချထားရာတွင် မြို့နယ်အလိုက် ချထားပေးမည် ဖြစ်ကြောင်း၊
- ကျောက်တံတားမြို့နယ်တွင် ရောင်းချသူများသည်
ကျောက်တံတားဧရိယာနှင့် သက်ဆိုင်သောကမ်းနားလမ်းတွင်
ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း၊
- အလားတူ ပန်းဘဲတန်း၊လသာ အစရှိသဖြင့် မြို့နယ်အလိုက်
မူလတည်ရှိနေသော မြို့နယ်၏ကမ်းနားလမ်းတွင်သာ
ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
- ဆိုင်ခန်းများကို ကမ်းနားလမ်းတွင် ရှစ်ပေပတ်လည်နှင့်
(၈x၄)ပေ ဆိုင်ခန်းများ သတ်မှတ်ပေးထားကြောင်း၊
- ဆိုင်ခန်းများ မီးအလင်းရောင်ကောင်းစွာရရှိစေရန်
Area Lamp မီးတိုင်ကြီး အတိုင် ၄ဝ လည်း စိုက်ထူ
ပေးထားပြီ ဖြစ်ကြောင်း၊
- ရေလိုအပ်သော ဆိုင်များအတွက်လည်း စီစဉ်ထားပြီ
ဖြစ်ကြောင်း၊
- Mobile Toilet များလည်း ဆောက်လုပ်နေပြီဖြစ်ကြောင်း
- ဈေးရောင်းသူများအနေဖြင့် ညနေပိုင်းမှစတင်ကာ
ည ၁၁ နာရီခွဲဝန်းကျင်အထိ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း၊
- ဈေးရောင်းပြီးပါက မိမိဆိုင်အမှိုက် မိမိသိမ်းဆည်းခဲ့ရမည်
ဖြစ်ကြောင်း၊
- အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီပတ်ဝန်းကျင်ရေးရာဌာနက သိမ်းဆည်းကာ
ရေဆေးရှင်းလင်းမှုများ နေ့စဉ် ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရသည်။
နောက်ပိုင်းတွင် အခြားသောမြို့နယ်နှင့် လမ်းကြား
ဈေးသည်များကိုလည်း မြေလွတ်ရှိသော အခြေအနေ
ပေးသည့်နေရာများတွင် ပြောင်းရွှေ့ကာ ညဈေးတန်းများ
အဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
***
၃။ "ခြောက်လနီးပါး ရပ်ဆိုင်းခဲ့ရသည့် အထပ်မြင့်
အဆောက်အအုံ ၄၅ လုံးအား မူလအတိုင်း ပြန်လည်
ဆောက်လုပ်ခွင့်ပြုဟုဆို"
ခြောက်လနီးပါး ရပ်ဆိုင်းထားရသည့် အထပ်မြင့်
အဆောက်အအုံ ၄၅ လုံးကို မူလအတိုင်း ပြန်လည်
ဆောက်လုပ်ခွင့် ပြုခဲ့ကြောင်း ပြန်လည်ဆောက်လုပ်ခွင့်
ရရှိခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက
ပြောကြားသည်။
ယင်းအဆောက်အအုံ ၄၅ လုံး၏ ဆောက်လုပ်သူများအား
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက
နိုဝင်ဘာ ၈ ရက် နံနက်က ခေါ်ယူတွေ့ဆုံကာ ပြန်လည်
ဆောက်လုပ်ခွင့်ပြုကြောင်း စာထုတ်ပေးလိုက်ခြင်း
ဖြစ်သည်ဟု သိရသည်။
အဆိုပါအဆောက်အအုံ ၄၅ လုံးသည် ယခင်အစိုးရ
လက်ထက်က မူအားဖြင့် အောင်မြင်ထားသည့်
အဆောက်အအုံများဖြစ်ပြီး ရေစီးရေလာကောင်းမွန်ရေး
အတွက် ပြန်လည်ပြင်ဆင်ရန်၊ ကားပါကင် လိုအပ်ချက်များ
ပြင်ဆင်ရန် စသည့်အချက်များ ပြင်ဆင်ရန် လိုအပ်သဖြင့်
ရန်ကုန်မြို့တော်စည်ပင်က စက်တင်ဘာလအတွင်း ခေါ်ယူ
ပြောကြားခဲ့ပြီး ယင်းအတိုင်းပြင်ဆင်ပြီးပါက ဆောက်လုပ်ခွင့်
ပြုမည်ဆိုသော်လည်း ပြင်ဆင်ချက်များ ပြန်လည်တင်ပြပြီး
နှစ်လနီးပါးကြာမြင့်ချိန်မှသာ ဆက်လက်ဆောက်လုပ်ခွင့်
ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
“ဒီနေ့ အစ်ကိုတို့ကို ခေါ်တွေ့တယ်။ အလုပ်ဆက်လုပ်လို့
ရပြီ ဆိုတဲ့အကြောင်း စာထုတ်ပေးတယ်။ ခွင့်ပြုလိုက်ပြီ။
၄၅ လုံးပါ။ ဘာမှပြင်ဆင်ချက်မရှိဘူး။ အရင်အတိုင်းပဲ
ပြန်ဆက်လုပ်ပါလို့ပြောတယ်။ ကျန်တဲ့ ၁၃၀ မှာ ၂၁ လုံး
ကတော့ သူတို့မနေ့က စစ်တယ်လို့ ပြောတယ်။
နည်းနည်းလေးတော့ ပြန်တိုင်ပင်ဦးမယ်။
ကျန်တဲ့ ၁၀၉ လုံးကတော့ လွတ်သွားပြီလို့ ပြောတယ်။
ရှေ့အပတ်ထဲမှာ ခွင့်ပြုမိန့် ထုတ်ပေးမယ်လို့ပြောတယ်”
ဟု အဆောက်အအုံ ဆက်လက်ဆောက်လုပ်ခွင့်ရရှိသည့်
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
အဆိုပါ အထပ်မြင့်အဆောက်အအုံ ၄၃ လုံးအပါအ၀င်
အထပ်မြင့်အဆောက်အအုံ ၂၀၀ နီးပါးအား ယခုအစိုးရက
ပြန်လည်စိစစ်မည်ဖြစ်သောကြောင့် ရပ်ဆိုင်းထားရန်
မေ ၁၄ ရက်က တရားဝင်ညွှန်ကြားချက်ထုတ်ပြန်ကာ
ရပ်ဆိုင်းစေခဲ့ခြင်းဖြစ်သောကြောင့် ယခုအဆိုပါ
အဆောက်အအုံများ ရပ်ဆိုင်းထားရသည်မှာ ခြောက်လ
နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ရပ်ဆိုင်းထားရသည့်အထပ်မြင့်အဆောက်အအုံ ၂၀၀ နီးပါး
အနက် ၁၂ လုံးအား ဦးစားပေး အဆောက်အအုံများအဖြစ်
ပြန်လည်စိစစ်ခဲ့ရာ စည်းကမ်းနှင့်မကိုက်ညီဟုဆိုကာ
ရန်ကုန်တိုင်းအစိုးရက အထပ်များပြန်လျှော့ရန်ညွှန်ကြားခဲ့
သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ အသနားခံစာတင်ပြခဲ့သည့်
အတွက် ယင်း အဆောက်အအုံများကို ပြန်လည်
စိစစ်ခဲ့ရာတွင် သုံးလခန့်ကြာမြင့်ပြီးမှ အထပ်များမလျှော့
တော့ဘဲ မူလအတိုင်းသာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယခု ပြန်လည်ခွင့်ပြုသည့် အဆောက်အအုံ ၄၅ လုံးမှာ
လည်း ရပ်ဆိုင်းထားပြီး ခြောက်လနီးပါး ကြာမြင့်သည့်
အချိန်မှသာ ပြန်လည်လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းလည်း
ဖြစ်သည်။
ယခုကဲ့သို့ အထပ်မြင့်အဆောက်အအုံများ ရပ်ဆိုင်းထားရ
ခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များဘက်တွင်
နစ်နာမှုများစွာရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို
မှီခိုလုပ်ကိုင်နေရသည့် အလုပ်သမားများလည်း
အလုပ်လက်မဲ့များစွာဖြစ်နေရကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းအသိုင်းအ၀ိုင်းမှ သိရသည်။
“အခုကတော့ တိုက်ဆောက်မိန့်တော့ ရသွားပြီ။
ဝယ်သူရှာရမယ့် နောက်တစ်ပူရှိတာပေါ့။
အခုက တိုက်ဆောက်တဲ့သူကလည်း အရမ်းများနေတယ်။
ပြီးတော့ ဒီကိစ္စ ဖြစ်တော့ ၀ယ်သူကလည်း ယုံကြည်မှု
အရမ်းလျော့သွားတယ်။ အချိန်တော့ နည်းနည်းပြန်ပေး
ရမှာပေါ့” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက
ပြောကြားသည်။
(ကျော်ထင်)
credit - 7day Daily / Xinhua Myanmar
& Eleven Media Group
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment