Saturday, September 30, 2017

“Call Deposit အတိုးနှုန်း လျှော့ချခြင်းနှင့် ပြောင်းလဲရန် ရှိသည့် ဘတ်ဂျက်ကာလ”

“Call Deposit အတိုးနှုန်း လျှော့ချခြင်းနှင့် ပြောင်းလဲရန်
ရှိသည့် ဘတ်ဂျက်ကာလ”


၁။ "ခေါ်ယူအပ်ငွေစာရင်း အတိုးနှုန်းများအား
အောက်တိုဘာ ၁ ရက်နေ့ စ၍ ၆ရာခိုင်နှုန်းသို့
လျှော့ချမည်"

ခေါ်ယူအပ်ငွေစာရင်း (Call Deposit) နှင့် ပတ်သက်သည့်
မည်သည့် အပ်နှံငွေကို မဆို အတိုးနှုန်းများအား
အောက်တိုဘာ ၁ ရက် နေ့မှ စတင်၍ ၆ ရာခိုင်နှုန်းသို့လျှော့ချ
ကျင့်သုံးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘဏ်များ အသင်းမှ
အမှုဆောင်အရာရှိချုပ် ဦးမိုးသက်ထူးက ဆင်ဟွာသို့
ပြောကြားခဲ့သည်။

ဦးမိုးသက်ထူးက
“အတိုးနှုန်း ၆ ရာခိုင်နှုန်း လျှော့ချတာ မြန်မာနိုင်ငံဘဏ်များ
အသင်းရဲ့ ဆုံးဖြတ်ချက်ပါ။
Call Deposit ကကြတော့ နေ့တွက်ပေးတော့ ရေရှည်ကြ
တော့ တချို့ ဘဏ်တွေက အဆင်ပြေတယ်။ တချို့ ဘဏ်တွေ
ကတော့ နည်းနည်းအသံတွေထွက်လာတာပေါ့။
အဲ့ဒါကြောင့် ၈ ရာခိုင်နှုန်းက နေ ၆ ရာခိုင်နှုန်းကို
လျှော့လိုက်တာ ခင်ဗျ။
တချို့ဘဏ်တွေက လျှော့ထားပြီးသားတွေလည်း ရှိတယ်။
၈ရာခိုင်နှုန်း ပေးနေတဲ့ ဘဏ်တွေလည်း ရှိတယ်။
ဘဏ်မှာ ပိုက်ဆံအပ်တာက လျှော့ကျမသွားနိုင်ပါဘူး’’ ဟု
ပြောသည်။

ခေါ်ယူအပ်ငွေစာရင်း (Call Deposit) သည် နေ့စဉ် အတိုး
နေ့တိုးပုံစံမျိုးရသည့် အတွက် လုပ်ငန်းရှင် အများစု အသုံးပြု
ကြကြောင်းသိရသည်။ လုပ်ငန်းလိုအပ်ချက် အရ
ငွေလိုသည့်အချိန် တစ်လမပြည့်ခင်ထုတ်ပါကလည်း
အတိုးနှုန်းရသည့် အတွက် အသုံးပြုကြခြင်းဖြစ်ကြောင်း
သိရသည်။

တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင် က
“ကျွန်တော်တို့ရွှေလုပ်ငန်း လုပ်သူတွေကြတော့ ရွှေဈေး
အတက်အကျ ရှိတယ်။
ရွှေရောင်းပြီး ငွေ ကို Call Deposit နဲ့ အပ်လိုက်တယ်။
ကိုယ်ရွှေဈေးကျလို့ ပြန်ဝယ်မယ်ဆိုရင် ပြန်ထုတ်တယ်။
နေ့တွက်နဲ့ အတိုးရတော့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ
အနေနဲ့ အဆင်ပြေတယ်။ အတိုးနှုန်းလျှော့လိုက်တော့
အတိုးတော့နည်းသွားပေမယ့် Call Deposit ကတော့
ဆက်သုံးဖြစ်ဦးမှာပါပဲ’’ ဟုဆင်ဟွာကိုပြောသည်။

မြန်မာနိုင်ငံဘဏ်များအသင်း၏ လမ်းညွှန်ချက်နှင့်
ဘဏ်များအားလုံး၏ သဘောတူဆုံးဖြတ်ချက်အရ
ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) ၏
အတိုးနှုန်းကို (၁.၁၀.၂၀၁၇) ရက်နေ့မှ စတင်၍
ငွေပမာဏ ပိုင်းခြားမှုမရှိဘဲ ငွေပမာဏအားလုံးကို
၆ရာခိုင်နှုန်းဖြင့် နေ့စဉ်လက်ကျန်ပေါ်တွင် အတိုးတွက်
ပေးရန် ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း
သိရသည်။

အတိုးအားလည်း ၃ လတစ်ကြိမ် ထုတ်ပေးမည်ဟု
ပြင်ဆင်သတ်မှတ်ကြောင်း မြန်မာနိုင်ငံဘဏ်များ
အသင်းမှ ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင် က
“အခုပြောင်းလဲ သတ်မှတ်လိုက်တာက
ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account)
အတွက်သာ ဖြစ်ပါတယ်။
တခြားသော  အတိုးနှုန်းများအပေါ် ပြောင်းလဲခြင်း
မရှိပါဘူး’’ ဟု ဆင်ဟွာကို ပြောသည်။

ထိုသို့ ခေါ်ယူအပ်ငွေစာရင်းအား အတိုးနှုန်းလျှော့ချ
လိုက်သည့်အတွက်  Savings (စုဆောင်းငွေစာရင်း) ကို
ပြောင်းရွှေ့အပ်နှံမည့်သူ ပိုမိုများပြားလာနိုင်ကြောင်း
စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ်သည်။

Savings (စုဆောင်းငွေစာရင်း) ၏ အတိုးနှုန်းသည်
၈ရာခိုင်နှုန်း  ရှိပြီး ငွေအနည်းအများနှင့် ဘဏ်မူဝါဒပေါ်
မူတည်၍ အတိုးနှုန်း အနည်းအများ ကွာခြားမှုရှိကြောင်း
သိရသည်။ 

ခေါ်ယူအပ်ငွေစာရင်း (Call Deposit) ကို
အောက်တိုဘာ ၁ ရက်နေ့မှ စ၍ ၆ ရာခိုင်နှုန်းသာရရှိ
တော့မည်ဖြစ်ကြောင်း တရားဝင် ကြေညာထားကြောင်း
သိရသည်။ 

*****

၂။ "အစိုးရစီမံကိန်း ဘတ်ဂျက်ကာလ ပြောင်းလဲ
သတ်မှတ်မည်"

အစိုးရ၏ စီမံကိန်းများကို အဆင်ပြေစွာ အကောင်အထည်
ဖော်နိုင်ရန် ဘတ်ဂျက်ကာလကို ၁၈ လအထိ တိုးမြင့်
သတ်မှတ်နိုင်ရေး နိုင်ငံတော် အကြီးအကဲများထံသို့ တင်ပြ
ထားပြီး ပြည်ထောင်စု လွှတ်တော်ထံသို့လည်း ခွင့်ပြုချက်
တောင်းခံမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာနက ပြောသည်။

နေပြည်တော်တွင် ကျင်းပသည့် ၂၀၁၈-၁၉ အမျိုးသား
စီမံကိန်း ဥပဒေ ပြုစု ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့
တက်ရောက်လာသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက
“အကြီးအကဲကိုလည်း မနေ့က ကျနော် တင်ပြခဲ့ပြီး ပါပြီ။
ဘတ်ဂျက် အနေအထားကတော့ ဒီလို ရှိပါတယ်။
ဒါကြောင့် စီမံကိန်း ရည်မှန်းချက်တွေ ရေးဆွဲတဲ့အခါကျရင်
၆ လနဲ့ ဘယ်လိုမှ သဟာဇာတ မဖြစ်တဲ့အတွက်ကြောင့်
၁၈ လစာ သွားပါမယ် ဆိုပြီးတော့ ပြောခြင်းပဲ ဖြစ်ပါတယ်”
ဟု ပြောသည်။

ယခု အစီအစဉ်သည် ပြည်ထောင်စု လွှတ်တော်သို့
မရောက်မီ စီမံကိန်း ကော်မရှင်၊ ဘဏ္ဍာရေး ကော်မရှင်၊
နိုင်ငံတော် သမ္မတရုံးမှ တဆင့် အစိုးရအဖွဲ့၏ အတည်
ပြုချက် ရယူပြီးနောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊
ထို့ကြောင့် စီမံကိန်း လုပ်ငန်းများကို အကောင်အထည်
ဖော်မည့် ဌာနများ အနေဖြင့် ၁၈ လစာ ကြိုတင် စဉ်းစား
ထားရန် ၎င်းက ပြောဆိုထားသည်။

အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြရသည့် အမျိုးသား
စီမံကိန်း ဥပဒေ၊ နှစ်စဉ် ရသုံး မှန်းခြေ ဥပဒေ၊
အခွန်အကောက် ဥပဒေ တို့ကို တပြိုင်တည်း တင်ပြလေ့
ရှိသော်လည်း ယခုနောက်ပိုင်းတွင် နိုင်ငံတော်၏
တည်ဆောက်ရေး လုပ်ငန်းများ၊ စီးပွားရေး ပုံသဏ္ဍာန်များ
ပြောင်းလဲလာသည့်အပေါ် မူတည်ပြီးရန် ဘတ်ဂျက်နှစ်ကို
အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်သို့
ပြောင်းရန် စီစဉ်နေခြင်း ဖြစ်ကြောင်း စီမံကိန်း ရေးဆွဲရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က
ပြောသည်။

“တိုင်းပြည်ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်တဲ့အခါ
လမ်းဖောက်တာတို့ အဆောက်အဦတွေ ဆောက်တာတို့
တံတား ဆောက်တာတို့က ပွင့်လင်းရာသီမှာ ပိုပြီး
လုပ်ဆောင်ရတာတွေရှိလာတယ်။
ပွင့်လင်းရာသီမှာ လုပ်ဆောင်ရတဲ့အခါကျတော့ ကျနော်တို့
က ဧပြီ ၁ မှာ လုပ်ရတဲ့ အခါကျတော့ မိုးရာသီကာလက
၆ လလောက် ဖြစ်နေတော့ အကောင်အထည်ဖော်တဲ့
ကာလနဲ့ ဘတ်ဂျက်နှစ်က လိုက်လျောညီထွေ မရှိဘူး”
ဟု ဦးမောင်မောင်တင့်က ရှင်းပြသည်။

ထို့ကြောင့် အများပြည်သူ၏ စိတ်ထဲတွင် သတ်မှတ်ကာလ
အတွင်း မလုပ်နိုင်ဘူးဆိုသည့် အထင်အမြင်များ ရှိနေ
ကြောင်း၊ အချိန် ကာလနှင့် လိုက်လျောညီထွေ ဖြစ်သည့်
အစီရင်ခံစာ ပြုစုခြင်း၊ စာရင်း စစ်ဆေးခြင်း၊ စာရင်းပြုစုခြင်း
စသည့် အခက်အခဲများကို ပြေလည်နိုင်ရန် ဖြစ်သည်။

“အကောင်အထည်ဖော်တဲ့ အချိန်အတိုင်းအတာ
ကန့်သတ်ချက်တွေက တချို့လုပ်ငန်းတွေက သတ်မှတ်တဲ့
အချိန်အတွင်းမှာ ပြီးအောင် မဆောင်ရွက်နိုင်ဘူးဆိုတဲ့
အနေအထားလေးတွေ ရှိတယ်။
နောက်ပြီး အကောင်အထည်ဖော်ရတဲ့ ဌာနတွေမှာလည်း
ရာသီဥတုရဲ့ ကန့်သတ်ချက်တွေကြောင့် လုပ်ဆောင်ရတာ
အခက်အခဲတွေ့နေရတယ်”ဟု ၎င်းက ပြောသည်။

ပထမ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးငွေ အရ အသုံးစာရင်း
များကို မူလလျာထားချက်နဲ့ အမှန်နီးစပ်မှု ရှိစေရန်၊
နီးစပ်စွာ ခန့်မှန်းခြင်းအားဖြင့် နှစ်ကုန်သည့်အခါ ပိုလျှံငွေ
ပြန်အမ်းမှုများ၊ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲရခြင်းများ၊
တောင်းခံမှု လျော့နည်းသွားစေရန်နှင့် နှစ် လတ်
ဘဏ္ဍာရေးမူဘောင် ရေးဆွဲပါက ရငွေတွေကို ကြိုတင်
ခန့်မှန်းနိုင်ရန် ဖြစ်ကြောင်း သိရသည်။

လာမယ့်
- ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ်
စက်တင်ဘာ ၃၀ ရက်အထိ ၁ နှစ်နှင့် ၆ လ ဘတ်ဂျက်
ရေးဆွဲရန် စီစဉ်နေကြောင်း၊
- ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ဘဏ္ဍာနှစ်ကို
အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ
ပြောင်းလဲသတ်မှတ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့
အစည်းအဝေး အမှတ်စဉ် ၁၇/ ၂၀၁၇ တွင် သဘောတူညီ
ခဲ့ပြီး ဖြစ်ကြောင်း ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနမှ
သိရသည်။

“ဒီရငွေပေါ်မှာ မူတည်ပြီး ဌာနအဖွဲ့အစည်းတွေကို
အသုံးစားရိတ်တွေကို ထိရောက်စွာ ခွဲဝေပေးနိုင်ဖို့
ဖြစ်ပါတယ်။ ဒီရငွေတွေကို ခန့်မှန်းပြီး ခွဲဝေပေးတဲ့အခါမှာ
ငွေလုံး အသုံးစားရိတ်ဘောင်နဲ့ သာမန်အသုံးစားရိတ်
ဘောင်ဆိုပြီး ဘောင်တွေနဲ့ ဝန်ကြီးဌာနတွေကို
ခွဲဝေပေးတာ ဖြစ်ပါတယ်”ဟု ဒေါ်နွဲ့နွဲ့ဝင်း က
ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ခံ တက်ရောက်လာသူက
၎င်းတို့ ဝန်ကြီးဌာန အနေဖြင့် အမျိုးသား စီမံကိန်း ဥပဒေကြမ်း
ရေးဆွဲသည့် အခါ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှ ချမှတ်
ပေးထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ
အောင်မြင်စွာ ဆောင်ရွက်လျက် ရှိကြောင်း၊ ရသုံးမှန်းခြေဌာန
မှ ဘတ်ဂျက်ခွဲဝေပေးထားသည့် သတ်မှတ် မူဘောင်အတိုင်း
လိုက်နာနေကြောင်း ပြောသည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ
ဝန်ကြီးဌာနများတွင် တာဝန်အရှိဆုံး ဖြစ်သော ဒုဝန်ကြီးများ၊
အမြဲတန်း အတွင်းဝန်များနှင့် ညွှန်ချုပ်များက ယင်းသို့
ဘတ်ဂျက်ကာလ ပြောင်းလဲသတ်မှတ်ခြင်းကို
ထောက်ခံသူများ ရှိသလို ပြန်လည် စဉ်းစား သုံးသပ်ရန်
အကြံပြုသူများလည်း ရှိခဲ့သည်။

(ထက်နိုင်ဇော်)

credit - Xinhua Myanmar
& Irrawaddy Publishing Group

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့်  တိုက်ရိုက်
မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့်
ဘဏ္ဍာရေးနှင့်ဆိုင်ရာ   ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ရွှေဗဟိုဈေးကွက်”

“ရွှေဗဟိုဈေးကွက်”

၁။. "ရွှေဗဟိုဈေးကွက်ကို မရမ်းကုန်းမြို့နယ်အတွင်း
ခြောက်မိုင်နှင့် ခုနစ်မိုင်ဝန်းကျင်တွင် ဖော်ဆောင်သွားရန်
မြေနေရာ သတ်မှတ်ပေးထားဟုဆို"

ရွှေဗဟိုဈေးကွက်
(Myanmar Gold Center Market-MGCM) ကို
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ခြောက်မိုင် နှင့်
ခုနစ်မိုင်ဝန်းကျင်တွင်ဖော်ဆောင်သွားရန် နိုင်ငံတော်မှ
မြေနေရာသတ်မှတ် ပေးလိုက်ပြီဖြစ်ကြောင်း
ရွှေဗဟိုဈေးကွက်ဖော်ဆောင်ရေးကော်မတီမှ သိရသည်။

လက်ရှိတွင် ရွှေဗဟိုဈေးကွက်အတွက် နေရာသတ်မှတ်
ထားပြီးဖြစ်ကာ စီမံကိန်းကာလကို သုံးနှစ်ကြာမြင့်နိုင်မည်
ဟုခန့်မှန်းထားပြီး စီမံကိန်းစတင်မည့် ကာလ၊ ဈေးကွက်
ဖော်ဆောင်မည့်နေရာ အတိအကျနှင့် ရွှေဗဟိုဈေးကွက်
နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို 
သြဂုတ်လကုန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍
သတင်းအချက်အလက်များထုတ်ပြန် ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါရွှေဗဟိုဈေးကွက်တွင် ဘဏ်များ၊ အာမခံအဖွဲ့
အစည်းများ၊ ငွေကြေးအဖွဲ့အစည်းများပါဝင်မည်ဖြစ်ပြီး
ရွှေလုပ်ငန်းရှင်များနှင့် ပြည်သူများ အနေဖြင့်
ရွှေဗဟိုဈေးကွက်တွင် အာမခံနှင့် အတူ လွယ်ကူစွာ
ရောင်းဝယ်နိုင်မည်ဖြစ်ကာ ရွှေဗဟိုဈေးကွက်တွင်
ဝင်ရောက် အရောင်းအဝယ်ပြုလုပ်လိုသူများအနေဖြင့်
မိမိတို့အ ရောင်းအဝယ်ပြုလုပ်လိုသည့် ငွေပမာဏကို
Deposit တင်ရမည့်စနစ် ပါဝင်မည်ဖြစ်သောကြောင့်
အရောင်းအဝယ်ပြုလုပ်နေစဉ် အတွင်း ငွေကြေး
လိမ်လည်မှုနှင့် ရောင်းမှား ဝယ်မှားဆိုင်ရာ ကိစ္စများကို
ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရွှေဗဟိုဈေးကွက် ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ
ဦးခင်မောင်ဟန်က
''ဒီဟာ က စီးပွားရေးဈေးကွက်တစ်ခု ဖြစ်တာကြောင့်
အစအဆုံး One Stop Services ဖြစ်ရမှာ ဖြစ်တဲ့အတွက်
ကြောင့် အဲ့ဒီမှာ ဘဏ်တွေရော၊ အာမခံကိုယ်စားလှယ်ရုံး
တွေရော ပါဝင်မှာ ဖြစ်တဲ့အတွက်ကြောင့် နေရာကို
ကျယ်ကျယ် ယူရမှာဖြစ်ပါတယ်။
အဲ့ဒီအတွက် စီမံကိန်း ကာလကလည်း အနည်းဆုံး
သုံးနှစ်လောက် ကြာမြင့်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
အဲ့ဒါကြောင့် လောလောဆယ်မှာတော့ ခြောက်မိုင်နဲ့
ခုနစ်မိုင်ဝန်းကျင်မှာ ကျွန်တော်တို့ စတင်ပြီးတော့
ဖွင့်သွားပြီးတော့မှ ကျွန်တော်တို့ရောင်းဝယ်မှုတွေအားလုံး
ကို ပြည်သူလူထုနဲ့ စတင်ပြီးတော့ မိတ်ဆက်ပေးတာတို့၊
Awareness ပေးတာတို့ကို လုပ်ပေးသွားဖို့ စီစဉ်ထား
ပါတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ရွှေဗဟိုဈေးကွက် တည်ထောင်ပြီးပါ က ရွှေနှင့်စိန်ကို
ပြည်ပနိုင်ငံများနှင့် အိတ်စပို့ အင်ပို့ ပြုလုပ်နိုင်မည်ဖြစ်ပြီး
ဈေးကွက်အတွင်း တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း
များ လျော့နည်းသွားစေမည်ဖြစ်ကာ ဒေါ်လာဈေးနှင့်ရွှေဈေး
တည်ငြိမ်လာစေရန်အတွက် ထိန်းသိမ်းသွားနိုင်မည်
ဖြစ်ကြောင်း သိရသည်။

''အဲ့ဒီဈေးကွက်ကို ဖော်ဆောင်နိုင်ခဲ့ ရင် ကျွန်တော်တို့
နိုင်ငံရဲ့ငွေကြေးဈေးကွက် တည်ငြိမ်သွားမယ်'' ဟု
ဦးခင်မောင်ဟန်က ဆက်လက်ပြောသည်။

ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာပါက ရွှေနှင့်စိန်ကို ပြည်ပ
နိုင်ငံများသို့ တရားဝင် အိတ်စပို့အင်ပို့လုပ်ခွင့် ရရှိမည်
ဖြစ်သည့် အတွက်ကြောင့် နိုင်ငံတော်အစိုးရဘက်မှလည်း
အခွန်ငွေများ ပိုမိုရရှိလာနိုင်မည် ဖြစ်ကြောင်းလည်း
ရွှေလုပ်ငန်းရှင်များက ဆိုသည်။

မြသင်္ဂီရွှေဆိုင်မှ ဦးကိုလေးက
''ရွှေဗဟို ဈေးကွက်သာ ပြီးသွားခဲ့ရင် ပြည်တွင်းက
ရွှေလိုအပ်ချက်ရှိတဲ့ အခါမှာလည်း ပြည်ပ နိုင်ငံတွေကနေ
တရားဝင်တင်သွင်းလာနိုင်မယ်။
အဲ့ဒီအခါ နိုင်ငံတော်ဘက်ကလည်း အခွန်ငွေတိုးပြီး
ရလာနိုင်တယ်''ဟု ဒီမိုက ရေစီတူဒေးသို့ ပြောသည်။

ရွှေဗဟိုဈေးကွက်ဖော်ဆောင်ရေး အတွက် စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ
ပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်
ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းနှင့်
မြန်မာ့ရွှေဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီတို့ ပူးပေါင်း
လုပ်ဆောင်နေခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါရွှေဗဟိုဈေးကွက် နေရာကို အမှတ် (၃) လမ်းမကြီးနှင့်
ခရေပင်လမ်းထောင့်တွင် သတ်မှတ်ပေးထားသော်လည်း
ထိုနေရာတွင် အကောင်အထည်ဖော်ရန် နှစ်ချီကြာမြင့်နိုင်
ခြင်းနှင့် လုံခြုံရေးကိစ္စတို့ကြောင့် ယာယီအနေဖြင့် မြန်မြန်
ဆန်ဆန်အကောင် အထည်ဖော်နိုင်မည့် ခြောက်မိုင်နှင့်
ခုနစ် မိုင်ဝန်းကျင်အကြားရှိ နေရာတစ်နေရာကို ပေးထားရာ
အဆိုပါနေရာသည်
IBC ( International Business Center) ဖြစ်ဖွယ်ရှိကြောင်း
သိရသည်။

(PP)

*****

၂။ "ရွှေ၊ကျောက်မျက်နှင့် တွင်းထွက်သယံဇာတ ဗဟိုဈေးကွက်
လောင်းကစားကဲ့သို့မဖြစ်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်
သတိပေး"

နိုင်ငံတကာအဆင့်မီရွှေ၊ ရွှေဖြင့်ပြုလုပ်ထားသော လက်ဝတ်
ရတနာနှင့်ပစ္စည်းများ၊ ကျောက်မျက်ရတနာ အချောထည်များနှင့်
မြန်မာတွင်းထွက် သတ္ထု သယံဇာတများရောင်းဝယ်
ဖောက်ကားရေးဗဟိုဈေးကွက်ကို လောင်းကစားဈေးကွက်
တစ်ခုကဲ့သို့ မဖြစ်စေရန် ဂရုစိုက်ရမည်ဟု ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လုပ်ငန်းရှင်များအား
သတိပေးပြောဆိုသည်။

စက်တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့
Summit Park View Hotel တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ၌
မကြာမီအကောင်အထည် ဖော်ဆောင်ရွက်မည့် နိုင်ငံတကာ
အဆင့်မီ ရွှေ၊ ရွှေဖြင့်ပြုလုပ်ထား သော လက်ဝတ်ရတနာနှင့်
ပစ္စည်းများ၊ ကျောက်မျက်ရတနာအချောထည်များနှင့် မြန်မာ
တွင်းထွက်သတ္ထုသယံဇာတများ ရောင်းဝယ်ဖောက်ကားရေး
ဗဟိုဈေးကွက်ဖော်ဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ တွင်
ပြောဆိုခဲ့ခြင်းသည်။

လောင်းကစားဈေးကွက်
။။။။။။။။။။။။။။။။။။။။။။။။။။။။

"ဒီဈေးကွက်ကိုရိုက်ခတ်လာနိုင်တဲ့ ဆိုးမွေတွေက ဈေးကွက်
ဟာ လောင်းကစား ဈေးကွက်တစ်ခုလို ဖြစ်မသွားဖို့ အထူး
ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးထူထောင်လိုက်လို့ရုတ်တရတ်
လောင်းကစားဈေးကွက်လိုမျိုး အရမ်းလှုပ်ခတ်ပြီး ဖွံ့ဖြိုး
တိုးတက်မှုအရှိန် အဟုန်နဲ့ တက်သွားပြီးမှ မိုးပျံပူဖောင်း
ပေါက်ကွဲသလို ဖြစ်သွားခဲ့ရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့
ရွှေဈေးကွက်ဟာ မှေးမှိန်သွားနိုင်ပါတယ်။
ဒါကိုတော့ အထူးဂရုစိုက်ဆောင်ရွက်ပါ" ဟု
ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြောဆိုသည်။

ဈေးကွက်တစ်ခုဖွင့်လှစ်မည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အထက်ပါပစ္စည်းများ ရောင်းဝယ် ဖောက်ကားနိုင်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း exchange တစ်ခုဖွင့်လှစ်
မည်ဖြစ်ပြီး၊ မှတ်ပုံ တင်လုပ်ထားသည့် အဖွဲ့ဝင်များသာ
အဆိုပါ exchange အတွင်း လုပ်ငန်း ဆောင်ရွက်ခွင့်
ရှိမည်ဖြစ်၍ လောင်းကစားလုပ်လိုသူများ လာရောက်၍
မရနိုင်ကြောင်း မြန်မာရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်
ကုမ္ပဏီလိမိတက် ဒါရိုက်တာဦးရဲသူအောင်က
ပြောဆိုသည်။

လောင်းကစားလုပ်လို့မရ
။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ဒီမှာ ဖြစ်နေတဲ့ပြဿနာက လက်ရှိ Exchange မှာဒါတွေ
အကုန်လုံးကို လေနဲ့ပဲ အသွားအပြန်လုပ်နေတဲ့
အနေအထားမှာရှိတယ်။
ကျွန်တော်တို့ Exchange ဖွင့်လိုက်တဲ့အခါမှာ ဘာကွာသွား
မလဲဆိုတော့ လူတစ်ယောက်ကို Register လုပ်ခိုင်းပြီးမှ
အဖွဲ့ဝင် အဖြစ်လက်ခံတာဖြစ်တဲ့အတွက် ဒီလိုဝင်လာပြီး
တော့ ချက်ချင်း နောက်နေ့ ထွက်သွားမယ် လုပ်လို့မရပါဘူး။
ဒီအတွက်လောင်းကစားလုပ်ဖို့အတွက်ဆိုပြီး လာလို့
မရပါဘူး။
ဒီကိစ္စတွေ တော်တော်များများ ပပျောက်သွားဖို့ ရည်ရွယ်
ထားပါတယ်။
ဒီအတိုင်းကြီး ကစားနေတဲ့ အနေအထားထက် စာရင်
သူတို့ကို Training လုပ်ပေးမှာ ဖြစ်ပါတယ်။
အဲဒီတော့ဘာမှမသိတဲ့ သူတစ်ယောက်က ဒီနေ့ဝယ်လိုက်
မယ်။ ဈေး တက်ရင်ရောင်းလိုက်မယ်။ ဈေးကျရင်လည်း
ရောင်းချင်တယ် မရောင်းချင်ဘူး။ ဒီလိုဖြစ်နေမယ့်အစား
သူ့ကို နည်းပညာဗဟုသုတတွေ Training လုပ်ပေးသွား
မှာပါ။
ဒီလူတစ်ယောက်သည် ပိုပြီးအသိပညာရှိတဲ့အတွက်
အကျွမ်းတဝင် ဝင်ရောက်နိုင်ဖို့ရည်ရွယ်ထားတာ
ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပူးပေါင်းလုပ်ဆောင်
။။။။။။။။။။။။။။။။။။။။။။။

အဆိုပါဈေးကွက်တည်ထောင်ရန်အတွက် စီးပွားရေးနှင့်
ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်းနှင့် မြန်မာ့ရွှေ ဖွံ့ဖြိုး
တိုးတက်ရေးအများပိုင်ကုမ္ပဏီတို့က
ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

(စိုးချစ်ချစ်ပိုင်)

credit - The Myanmar Times & Democracy Today 

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ ဖြစ်နေ
ပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်း
ဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“တံတားသစ်များနှင့် လက်ရှိ အိမ်ခြံမြေ ဈေးကွက်”

“တံတားသစ်များနှင့် လက်ရှိ အိမ်ခြံမြေ ဈေးကွက်”

၁။ "တံတားဖွင့်ပြီးလျှင် မြောက်ဒဂုံ အိမ်ခြံမြေဈေး
အနည်းနှင့် အများ သက်ရောက်နိုင်"

ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို
ဆက်သွယ် ဖောက်လုပ်ထားသော ငမိုးရိပ် တံတားသည်
မကြာမီ တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ ယင်းတံတား
ဖွင့်ပြီးလျှင် မြောက်ဒဂုံ၏ အိမ်ခြံမြေဈေးကွက်ကို
အနည်းငယ် သက်ရောက်နိုင်သည် ဟု
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းအချို့က ဆိုသည်။

ထူးမြန်မာ အိမ်ခြံမြေလုပ်ငန်းမှ ကိုသူရလင်းက
လက်ရှိတွင် တံတားမပြီးသေးသဖြင့် အိမ်ခြံမြေရောင်းလိုသူ
များက ဈေးကို တင်းမခံကြသဖြင့် အရောင်းအဝယ်အချို့
ဖြစ်သော်လည်း တံတားပြီးစီးသွားပါက ရောင်းသူဘက်မှ
ဈေးတင်ခြင်း၊ မရောင်းသေးဘဲ တောင့်ခံနေခြင်းတို့ဖြစ်လာ
နိုင်သဖြင့် ယခုထက် ဈေးကွက် အေးသွားနိုင်သည်ဟု
သုံးသပ်သည်။

''တံတားဖွင့်တဲ့ အနားက အိမ်ငှားဈေးကွက်ကတော့
နည်းနည်းပိုကောင်းသွားနိုင်တယ်။
လမ်းကပိုပြီး သွားလို့လာလို့ ကောင်းသွားတာကိုး။
နောက်ပြီး အဲဒီနားတွေမှာ လမ်းတွေကို ပြန်ပြင်ဖို့ရှိတယ်လို့
သိထားတယ်။
ဒါပေမဲ့ အိမ်ဝယ်ရောင်းဈေးကွက်ကြတော့ ပြောင်းပြန်
အကျိုးသက်ရောက်မှုရှိနိုင်တယ်'' ဟု ၄င်းက ရှင်းပြသည်။

တန်ဖိုးမြင့် အိမ်ခြံမြေဈေးကွက်မှာ လုံးဝအေးစက်နေပြီး
သိန်း ၂,ဝဝဝ အောက် အိမ်ခြံမြေများသာ လက်ရှိအချိန်တွင်
အရောင်းအဝယ်ဖြစ်သဖြင့် တံတားပြီးပြီဟုဆိုကာ ဈေးတင်
ကြမည့် အိမ်ရှင်များ ရှိလာလျှင် ဝယ်လိုအားလည်း
ကျသွားနိုင်သည် ဟုလည်း သူကဆိုသည်။

ရွှေကံမြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ
ဦးခင်မောင်အေးကလည်း တန်ဖိုးမများသော ကျပ်သိန်း
၃ဝဝ မှ ၅ဝဝ ပတ်ဝန်းကျင်ရှိ အိမ်များမှာ ပို၍အရောင်း
အဝယ်ပိုသွက်နေကြောင်း၊ ငမိုးရိပ်တံတား တည်ဆောက်
ပြီးစီးပါက ယင်းသို့သော ဈေးတန်းရှိသည့် အိမ်ခြံမြေများ
ဝယ်လိုအား များလာနိုင်သည်ဟု ဆိုသည်။

သို့သော်လည်း ထိုဈေးတန်းနေရာများက ဈေးမြင့်သွားလျှင်မူ
ဝယ်လိုအားမရှိသဖြင့် ဈေးနှုန်းမှာမူ ပြောင်းလဲမှု ရှိမည်
မဟုတ်ကြောင်း ပြောသည်။

''အခုခေတ်က တိုက်ခန်းဆိုရင်တောင် အနိမ့်ဆုံးက
သိန်း ၂ဝဝ ၃ဝဝ လောက် သုံးနေရတယ်။
အဲဒီတော့ သိန်း ၄ဝဝ လောက်နဲ့ အိမ်ပိုင်မြေပိုင်ရမယ်ဆိုရင်
ဝယ်တဲ့သူတွေက ပိုကြိုက်တာပေါ့။ တိုက်ခန်းထက်လည်း
မြေပိုင်ဆိုင်မှုက ပိုမာတယ်'' ဟု
ဦးခင်မောင်အေးက ဆိုသည်။

အဆိုပါဈေးနှုန်းများမှာ လူတိုင်းနီးပါး လက်လှမ်းမီသော
ဈေးနှုန်းများဖြစ်သဖြင့် အရောင်းအဝယ် ပိုသွက်လာရန်
မျှော်လင့်ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

အခြားတစ်ဖက်တွင်မူ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု
အသင်း အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်ကမူ
မြောက်ဒဂုံဈေးကွက်အလားအလာကို ကွဲပြားစွာ
ရှုမြင်သည်။

''အခုဈေးကွက်မှာက ရောင်းလိုအားများပြီး ဝယ်လိုအား
နည်းနေတယ်။ အငှားဈေးကွက်တွေလည်း ဈေးကျတယ်။
အဲဒီတော့ တံတားတည်ဆောက်ပြီးသွားလို့ သွားရေးလာရေး
အဆင်ပြေသွားရင်တောင် ဈေးကွက် ကတော့ လှုပ်ခတ်မှု
ရှိမှာ မဟုတ်ပါဘူး'' ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု
အသင်း အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က
ဆိုသည်။

ငမိုးရိပ်တံတားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုငွေ
ကျပ် ၅ ဒသမ ၂ ဘီလျံဖြင့် ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီနှင့် မြတ်နိုးသူ ကုမ္ပဏီလီမိတက်တို့
ပူးပေါင်းဆောက်လုပ်နေခြင်း ဖြစ်သည်။

စုစုပေါင်း ၄ဝ၆ ပေရှည်သည့် အဆိုပါ တံတားကို လာမည့်
အောက်တိုဘာတွင် ဖွင့်လှစ်သွားမည်ဟု မြို့တော်စည်ပင်က
ထုတ်ပြန်ထားသည်။

(ရည်ရွယ်မြင့်)

*****

၂။ "ရန်ကုန်-ဒလတံတား ဆောက်လုပ်ရန် သေချာ
နေသော်လည်း ဒလအိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်
အေးနေ"

ရန်ကုန်-ဒလတံတားတည်ဆောက်ရန် သေချာနေပြီဖြစ်သော်
လည်း ဒလဘက်ရှိ အိမ်ခြံမြေဈေးကွက်တွင် အရောင်းအ၀ယ်
မရှိသလောက် အေးလျက်ရှိကြောင်း ဒလမြို့နယ်ရှိ အိမ်ခြံမြေ
အထွေထွေအကျိုးဆောင်ဝန်ဆောင်မှု လုပ်ကိုင်သူများထံမှ
စုံစမ်းသိရှိရသည်။

တံတားတည်ဆောက်ရန် အတွက် မလွတ်ကင်းသည့် အိမ်နှင့်
တိုက်ခန်းများအား ၂၀၁၇ အောက်တိုဘာအကုန်တွင်
ဖယ်ရှားပေးရန် နို့တစ်စာပေးထားပြီး ၂၀၁၈ ထဲတွင် တံတား
စတင် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်။

သို့သော် ဒလဘက်တွင် အိမ်ခြံမြေများ အရောင်းအ၀ယ်
အားကောင်းနေရမည့်အစား အရောင်းအ၀ယ် အေးလျက်
ရှိကြောင်း အိမ်ခြံမြေပွဲစား ဒေါ်စိန်က ပြောသည်။

''ရန်ကုန်နဲ့ ဒလက နီးတယ်။ ဒီတံတားကြီး ထိုးပြီးသွားရင်
ဆက်သွယ်ရေးတွေ ကောင်းလာမယ်။
စီးပွားရေးတွေ တိုးတက်လာမယ်။ အမှန်ဆိုရင် အိမ်ခြံမြေ
ဈေးကွက်က ပွက်လောရိုက်နေရမှာ။ စီမံကိန်းကလည်း
အတည်ဖြစ်သွားပြီ။ ဒါပေမဲ့ အရောင်းအ၀ယ်က လုံးဝ
မရှိသလောက်ဘဲ'' ဟု အိမ်ခြံမြေပွဲစားဒေါ်စိန်က
ပြောသည်။

ရန်ကုန်-ဒလတံတား စီမံကိန်း စတင်ဆောင်ရွက်စဉ်က
အိမ်ခြံမြေဈေးမှာ မြင့်တက်ကာ အရောင်းအ၀ယ်ကောင်း
ခဲ့ပြီး အဓိကလာရောက်ဝယ်ယူသူများမှာ ရှမ်းပြည်နယ်
တောင်ကြီးမြို့ရှိ ရှမ်းတရုတ်များ ဖြစ်ကြောင်း
၎င်းက ပြောသည်။

ဒလအိမ်ခြံမြေကွက်တွင် အရောင်းအ၀ယ်အေးနေသော်
လည်း ဈေးနှုန်းများ ကျဆင်းမှုမရှိဘဲ ၄၀ x ၆၀ မြေကွက်
တကွက်လျှင် သိန်း ၁၁၀၀ ထိ ရှိကြောင်း သိရသည်။

''၀ယ်တဲ့သူက ရှိတယ်။ ရောင်းတဲ့ သူကလည်း ရှိတယ်။
ရောင်းတဲ့သူက ဈေးမချပေးဘူး။ ၀ယ်တဲ့သူကလည်း
အရောင်းအ၀ယ်အေးတော့ ဈေးလျှော့ပြီး ၀ယ်ချင်
ကြတယ်။ ဒါကြောင့် အရောင်းအ၀ယ်အေးနေတာ'' ဟု
ဒေါ်စိန်က ဆက်လက် ပြောပြသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ရန်ကုန်-ဒလတံတား
စီမံကိန်းအား ၂၀၁၈ တွင် စတင်တည်ဆောက်သွားမည်
ဖြစ်ကြောင်းနှင့် တည်ဆောက်ရေးကုမ္ပဏီကို ၂၀၁၇
စက်တင်ဘာလနှင့် ဒီဇင်ဘာလအတွင်း တင်ဒါခေါ်ယူ
ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်
တံတားတည်ဆောက်ရေး စီမံကိန်းအတွက် မြေစမ်းသပ်
မှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိသည်။

တံတားအမျိုးအစားမှာ သံမဏိ ကြိုးဆိုင်းတံတားဖြစ်ပြီး၊
တံတားခံနိုင်ဝန် ၇၅ တန် စုစုပေါင်းတံတားအရှည်
၆၁၄၃ ပေ၊ ပင်မတံတားအရှည် ၁၉၃၆ ပေ၊ ချဉ်းကပ်
တံတားအရှည် (ရန်ကုန်ဘက်ခြမ်း) ၂၀၁၆ ပေ၊
ချဉ်းကပ်လမ်းအရှည် (ဒလဘက်ခြမ်း) ၂၁၈၂ ပေ၊ ပင်မ
တံတားအကျယ် ၄ လမ်းသွား ၈၇ ပေ၊ ချဉ်းကပ်တံတား
အကျယ် (ရန်ကုန်ဘက်ခြမ်း) ၄၇ ပေ နှင့် ဒလဘက်ခြမ်း
၆၈ ပေ၊ ဆင်ခြေလျှော တံတားအကျယ် (၁လမ်းသွား)
၂၃ ပေတို့ဖြစ်ကြောင်း သိရသည်။

(ကျော်ကျော်)

*****

၃။ "တံတားသစ်ကြောင့် သန်လျင် အိမ်ခြံမြေဈေးကွက်
လှုပ်ရှားလာနိုင်"

သန်လျင်နှင့် ရန်ကုန်ဆက်သွယ်မည့် တံတားသစ်
တည်ဆောက်ပြီးစီးပါက သွားလာရေး ပိုမိုလွယ်ကူမည်ဖြစ်ရာ
တည်ဆောက်ဆဲကာလမှာပင် အိမ်ခြံမြေဈေးများ လှုပ်လာ
နိုင်ကြောင်း ပါရာဒိုက်စ် အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်း က ဦးဖြိုးသူအောင်က ပြောသည်။

''တံတားပြီးရင်တော့ ဈေးကွက်တက်လာမယ်လို့ ထင်တယ်။
ဘာကြောင့်လဲဆိုတော့ သန်လျင်ဘက်မှာ လမ်းကအစ
ပြောစရာမရှိအောင် ကောင်းနေပြီ၊ နေထိုင်လို့လည်း
အဆင်ပြေတယ်။ ဒါပေမဲ့ တံတားတစ်ခုတည်းဖြစ်နေလို့
သွားလာရေး ခက်တဲ့အတွက် လူသိပ်စိတ်မဝင်စားတာပဲ
ရှိတယ်'' ဟု ဦးဖြိုးသူအောင်က ဆိုသည်။

လက်ရှိတွင် သန်လျင်သို့ ဆက်သွယ်သည့် တံတားနှစ်စင်း
ရှိသော်လည်း တစ်စင်းသာ ရန်ကုန်၏ အချက်အချာမြို့နယ်
များနှင့် ဆက်သွယ်ရန် အထောက်အကူဖြစ်သည်။

သန်လျင်သို့ ရန်ကုန်မြို့လည်ကောင်မှ ကားဖြင့်သွားလျှင်
မိနစ် ၂ဝ ခန့်သာ ကြာသော်လည်း ထိုတံတားတစ်စင်းတည်း
သာ လမ်းသင့်ခြင်း၊ တံတား အတက်အဆင်းတွင် ကားပိတ်
ခြင်းတို့ကြောင့် သန်လျင်သည် အိမ်ခြံမြေဈေးကွက်တွင်
ရေပန်းမစားခြင်းဖြစ်သည်ဟု အကျိုးဆောင်တို့က
ဆိုသည်။

သို့သော်လည်း လက်ရှိ လူသုံးအများဆုံး မူလတံတား
ဟောင်း၏ နံဘေး မလှမ်းမကမ်းတွင် တံတားသစ်နောက်
တစ်စင်း ထပ်ဆောက်ရန် အကြိုလျာထားနေပြီး ထိုတံတား
ဆောက်လျှင် ဈေးကွက်အခြေအနေ ပြောင်းလဲသွား
နိုင်ကြောင်း သုံးသပ်ပြောဆိုနေသည်။

''သန်လျင်တံတားပြီးသွားရင်တော့ ဗိုလ်ချုပ်နဲ့အောင်ချမ်းသာ
ကနေပြီး သီလဝါစက်မှုဇုန်ဘက်အထိ ကတော့
အလိုအလျောက်ကို တက်လာမှာပါ'' ဟု သန်လျင်ရွှေမိုး
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးစိုးကြီးက ပြောသည်။

လက်ရှိသန်လျင်တွင် အိမ်ငှားဈေးကွက်များ ကောင်းနေပြီး
အရောင်းအဝယ်ဈေးကွက်မှာ အေးစက်လျက်ရှိကာ
ကြိုက်ရောင်းကြိုက်ဝယ်အနည်းငယ်သာ အလုပ်ဖြစ်သည်
ဟု ဈေးကွက်အတွင်းက စုံစမ်းရရှိသည်။

အရောင်းအဝယ်ဈေးကွက် အေးစက်ရခြင်း၏ အဓိက
အကြောင်းမှာ ခေါ်ဈေးများက မြင့်နေပြီး သွားရေးလာရေးမှာ
လတ်တလောတွင် မကောင်းသေး၍ဖြစ်ကြောင်း
ဦးဖြိုးသူအောင်က ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း
အထွေထွေ အတွင်းရေးမှူး ဒေါ်မော်မော်ထွန်းကလည်း
တံတားသစ်တည်ဆောက်ပြီး သွားလာရေး လွယ်ကူလာ
လျှင် အရောင်းအဝယ်ဈေးကွက် ပြန်လည်တိုးတက်လာမည်
ဖြစ်ကြောင်း ထပ်လောင်း မှတ်ချက်ပေးသည်။

ယခုကာလတွင် ယခင်က ကျပ်သိန်း ၄ဝဝ ပတ်ဝန်းကျင်
ဈေးပေါက်သော မြေကွက်များကို ကျပ်သိန်း ၁,၂ဝဝ ခန့်
အထိ ခေါ်သူများရှိနေကာ ဝယ်သူ အလွန်ရှားနေကြောင်း
မေတ္တာရောင်ခြည် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း က
ဦးအောင်သန်းဝင်းက ပြောသည်။

ပြီးခဲ့သော ခြောက်လအတွင်း ကျပ်သိန်း ၆ဝဝ မှ ၁,ဝဝဝ ခန့်
တန်ဖိုးရှိသော အိမ်ခြံမြေများသာ အရောင်းအဝယ်ဖြစ်ခဲ့
ကြောင်း သန်လျင်ရွှေမိုး အကျိုးဆောင်က ဦးစိုးကြီးက
ပြောသည်။

သန်လျင်မြို့နယ်ဘက်တွင် မိသားစုနှင့် အမှန်တကယ်
နေထိုင်မည့်သူများသာ အဝယ်များပြီး သာကေတ၊ ဒေါပုံနှင့်
မြောက်ဒဂုံမြို့နယ်တို့က လက်ရှိတွင် သန်လျင်ထက်
ပိုရေပန်းစားနေကြောင်း အကျိုးဆောင်များက ဆိုကြသည်။

အသစ်ဆောက်မည့် သန်လျင်တံတား အမှတ်(၃) သည်
ဆောက်လုပ်ရန် ကျိန်းသေမှု ရှိ/မရှိ တစ်ထစ်ချ မယုံကြည်
နိုင်သေးကြောင်း ဈေးကွက် အတွင်းရှိ အကျိုးဆောင်များက
ပြောကြားသည်။

အခြားတစ်ဖက်တွင်မူ လာမည့် ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်၌
ထိုတံတားကို ဂျပန်အစိုးရထံမှ ချေးငွေဖြင့် ဆောက်မည်ဟု
သန်လျင်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)
ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက သတင်းမီဒီယာအချို့ကို
ယခုလလယ်က ပြောကြားထားသည်။

ယခုအချိန်အထိရရှိထားသော သတင်းအချက်အလက်များ
အရ တံတားကို လေးလမ်းသွား တည်ဆောက်ရန် လျာထားပြီး
လက်ရှိ အမှတ်(၁) တံတားဟောင်းနှင့် မီတာ ၁ဝဝ ကျော်
အကွာတွင် တည်ဆောက်ရန် ကြိုတင်လျာထားကြောင်း
သိရသည်။

(ရည်ရွယ်မြင့်)

credit - The Myanmar Times & News Watch

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ဖော်ဆောင်ဦးမည်ဆိုသော စီမံကိန်းများ”

“ဖော်ဆောင်ဦးမည်ဆိုသော စီမံကိန်းများ”

၁။ "ရန်ကုန်ပြင်ပ ၁၂ မြို့နယ်တွင် သုံးနှစ်အတွင်း
စက်မှုဇုန်အသစ်များ အကောင်အထည် ဖော်မည်ဟု
ဦးဖြိုးမင်းသိန်းပြော"

ကိုကိုးကျွန်း အပါအဝင် ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်
ပြင်ပ ၁၂ မြို့နယ်တွင် စက်မှုဇုန်များ သုံးနှစ်အတွင်း
အကောင်အထည်ဖော်မည် ဟု
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

သွားလာရေးခက်ခဲပြီး လက်ရှိအချိန်တွင် ရေလမ်းတစ်ခုကို
သာ အသုံးပြုသွားလာနေရသော ကိုကိုးကျွန်းမြို့နယ်တွင်
အုန်းအခြေခံ စက်မှုလုပ်ငန်းများကို အကောင်အထည်
ဖော်မည်ဟု ဝန်ကြီးချုပ်က ပြောသည်။

လက်ရှိ ရေလမ်းတစ်မျိုးသာ အားထားနေရသော်လည်း 
စက်မှုဇုန် အကောင်အထည်ဖော်ချိန်တွင် လေကြောင်းလမ်း
ခရီးအတွက်ပါ စီစဉ် ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

‘‘ရန်ကုန်မြို့ထဲကိုပဲ လူတွေ တအားတိုးနေတော့ ရန်ကုန်
ပြင်ပကို ခွဲထုတ်နိုင်ဖို့အတွက် စက်မှုဇုန်တွေ ထူထောင်ဖို့
ကျွန်တော်တို့ ကြိုးစားနေပါတယ်’’ ဟု
ဦးဖြိုးမင်းသိန်းက ပြောသည်။

စက်မှုဇုန်အသစ်များ အကောင်အထည် ဖော်ခြင်းသည်
ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ
ရရှိပြီး ဒေသခံဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူ
ပြုသည်ဟု ရွှေလင်ဗန်း စက်မှုဇုန် စီမံခွန့်ခွဲမှု ကော်မတီ
အတွင်းရေးမှူး ဦးနေလင်းဇင် ကပြောသည်။

‘‘စိတ်ကူးနဲ့ အကောင်အထည်တွေ ဖော်နေတာထက်
လက်တွေ့ကျကျ ဆောင်ရွက်ပေးဖို့ လိုပါတယ်’’ ဟု
အထက်ပါပုဂ္ဂိုလ်က ပြောသည်။

စက်မှုဇုန်အသစ်များ အကောင်အထည်ဖော်နိုင်ပါက
စက်မှုဇုန်မြေဈေးများလည်း ကျဆင်းပြီး လုပ်ငန်းတိုးချဲ့
လုပ်ကိုင်လိုသူများအတွက်လည်း များစွာအဆင်ပြေလာ
နိုင်ကြောင်း ဦးနေလင်းဇင်က ဆိုသည်။

စက်မှုဇုန်တစ်ခုတွင် အဓိက လိုအပ်ချက်သည်
အခြေခံ အဆောက်အအုံပိုင်းဖြစ်ပြီး လျှပ်စစ်မီး၊
လမ်းပန်းဆက်သွယ်ရေးနှင့် ရေကောင်းရေသန့်ရရှိရေး
တို့ဖြစ်သည်။

စည်ပင် နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်တွင် လျှပ်စစ်မီး
အလွယ်တကူ ရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်ပါက စက်မှုဇုန်များအတွက် အဆင်ပြေနိုင်
ကြောင်းကိုလည်း လှိုင်သာယာ စက်မှုဇုန်မှ ထုတ်ကုန်
လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လှိုင်သာယာကဲ့သို့ ဖွံ့ဖြိုးမှု ကောင်းသည့် စက်မှုဇုန်တစ်ခု
တွင် လျှပ်စစ်မီးပြတ်တောက်မှု၊ လျှပ်စစ်မီးအား အပြည့်
မရရှိမှုတို့ မကြာခဏ ကြုံတွေ့နေရသည့် အခြေအနေကို
လည်း ၎င်းကပြောသည်။

ရန်ကုန်တိုင်းရှိ စက်မှုဇုန်များကို အဆင့်မြှင့်တင်ရာတွင်
လည်း ကျူးကျော်ပြဿနာ အပါအဝင် လျှပ်စစ်မီး
အပြည့်အဝ ရရှိမှု၊ ရေသန့်ရရှိမှု၊ ရေဆိုး စနစ်တကျ
စွန့်ပစ်မှု၊ အမှိုက်စွန့်ပစ်မှု၊ လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်မှုစသော စိန်ခေါ်မှုများစွာ ရှိနေသည်ဟုလည်း
ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောကြားသည်။

(ပြည်သိမ်း)

*****

၂။ "တိုင်းအစိုးရအစီအစဉ်ဖြင့် ပြင်ဦးလွင်အနီးရှိ မြေဧက
တစ်သောင်းပေါ်တွင် မြို့သစ် စီမံကိန်း ဖော်ဆောင်မည်"

ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်မပေးတော့ဘဲ
တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြင်ဦးလွင်မြို့
အနီးရှိ မြေဧက ၁၀,၀၀၀ ပေါ်တွင် မြို့သစ်စီမံကိန်း
အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မန္တလေး
တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အကောင်အထည်
ဖော်ရန် စီစဉ်ခဲ့ပြီး မအောင်မြင်ဘဲ ရပ်နားခဲ့သည့် ပြင်ဦးလွင်
မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီးမြို့သစ်စီမံကိန်းကို
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကာ
စံပြ အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန်
စီစဉ်ခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီး စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

‘‘လာမယ့်သုံးလအတွင်းမှာ စတင်မယ်’’ ဟု
ဦးမြတ်သူကပြောသည်။

ရတနာပုံမြို့သစ်စီမံကိန်းကို ဆက်သွယ်ရေးနှင့် နည်းပညာ
ကဏ္ဍများဖွံ့ဖြိုး လာစေရန် ရည်ရွယ်ကာ ၂၀၀၆ တွင်
ဆက်သွယ်ရေးဝန်ကြီးဌာနက စတင်အကောင်အထည်
ဖော် တည်ဆောက်ခဲ့သည်။

သို့သော် ၂၀၁၀ ၀န်းကျင်တွင် အကြောင်းအမျိုးမျိုးကြောင့်
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး
လက်ရှိ၌ အဆိုပါစီမံကိန်း ဧရိယာအတွင်း ဆက်သွယ်ရေး
သင်တန်းကျောင်းတစ်ခု၊ မိုဘိုင်း ဖုန်းစက်ရုံနှင့် Kodak
ကင်မရာ မှန်ဘီလူးစက်ရုံများ လုပ်ငန်းလည်ပတ်နေသည်
ဟု ၎င်းကပြော သည်။

အဆိုပါရပ်ဆိုင်းထားသည့် ရတနာပုံမြို့သစ်စီမံကိန်းကို
ပြီးခဲ့သည့် ဩဂုတ်အတွင်းက ပြည် ထောင်စုဝန်ကြီးများနှင့်
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက
သွားရောက်စစ်ဆေးပြီး နောက် ယခုကဲ့သို့ ပြန်လည်
လုပ်ကိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရသက်တမ်းလက်ကျန် သုံးနှစ်ခွဲအတွင်း ရတနာပုံ
ဆိုက်ဘာစီးတီးစီမံကိန်းတစ်ခုလုံး ပြီးစီး အောင်
လုပ်ဆောင်နိုင်မည် မဟုတ်သော်လည်း ဖွံ့ဖြိုးရေးစီမံကိန်း
များ မည်ကဲ့သို့လုပ်ဆောင်ရသည်ကို သိရှိရန် မျိုးစေ့ချထား
ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ်
ဒေါက်တာဇော်မြင့် မောင်က စက်တင်ဘာ ၁၂ ရက် က
RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။

လက်ရှိတွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဧရိယာ
အတွင်း  အခြေခံအဆောက်အအုံအ ချို့ဆောက်လုပ်ပြီးစီး
ပြီဖြစ်ကာ စီမံကိန်းမြေဧရိယာ ၁၀,၀၀၀တွင် အကျဉ်းဦးစီး
ဌာနသို့ မြေဧက ၁,၀၀၀ ပေးအပ်ထားပြီး ကျန်မြေ ဧက
၉,၀၀၀ တွင်လွတ်နေသည့် မြေဧက ၆,၀၀၀ ခန့် ရှိသည်ဟု
ဦးမြတ်သူက ပြောသည်။

စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့်မြေယာများအတွက်
လျော်ကြေးငွေများပေးအပ်ထားပြီးဖြစ်ကာ စက်မှုဂရန်
ရရှိရန် လုပ်ဆောင်မည်ဟု ၎င်းကဆိုသည်။

‘‘ဒီစီမံကိန်းက နိုင်ငံ့ဘဏ္ဍာ ငွေနဲ့ ဆောက်လုပ်ထားတာ
ဖြစ်လို့ နစ်နာတယ်။ မဖြစ်မနေပြန် အကောင်အထည်
ဖော်ရမယ်’’ ဟု ဦးမြတ်သူက ဆိုသည်။

စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများကို
ပြည်ထောင်စု၏အစိုးရအဖွဲ့က ချမှတ်သည့်မူဝါဒများနှင့်
အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့က အနီးကပ်ကြီးကြပ်
လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိအစိုးရ သက်တမ်း
မကုန်ဆုံးမီ စီမံကိန်း၏ သုံးပုံတစ်ပုံခန့်ပြီးစီးရန် ကြိုးစားမည်
ဟု ဦးမြတ်သူက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့သာစက်မှု ဥယျာဉ်
စီမံကိန်း၊ အမရပူရမြို့ပြ(ရှမ်းကလေး ကျွန်း)မြို့ပြဖွံ့ဖြိုးရေး
စီမံကိန်းနှင့် တောင်သမန်သစ္စာ အပန်းဖြေဟိုတယ်စီမံကိန်း
စသည့်  မြို့ပြ စီမံကိန်းများ  လုပ်ဆောင်နေသည်။

(ထက်သာဦး)

*****

၃။ "နေပြည်တော်အနီးက ရေနီတွင် စက်မှုမြို့ဆောက်မည်"

ပဲခူးတိုင်းဒေသကြီးနယ်နိမိတ်တွင် တည်ရှိသော်လည်း
နေပြည်တော်နှင့်နီးသည့် ရေနီမြို့တွင် ကန်ဒေါ်လာ
သန်း ၁ဝဝ ကျော် အကုန်ခံ၍ စက်မှုမြို့တော် တည်ဆောက်
မည်ဟု ဦးစီလုပ်ကိုင်နေသည့် လက်ဝါးအုပ်စု ကုမ္ပဏီ၏
ဥက္ကဌ ဒေါက်တာခင်မောင်အေး က ပြောသည်။

စက်မှုမြို့တော်တည်ထောင်ရန် လွန်ခဲ့သည့် လေးနှစ်က
လက်ဝါး အုပ်စုက တင်ဒါရရှိခဲ့ပြီး နောက်တစ်နှစ်တွင် စက်မှု
ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရှေ့ပြေးစီမံကိန်းကို စတင်ခဲ့
ကာ ၂ဝ၁၅ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဧက ၁ဝဝ
လုပ်ကိုင်ခွင့်ရရှိရန် ခွင့်ပြုချက် တောင်းခံခဲ့သည်။

လက်ရှိတွင်မူ စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံသူ များပြား
လာသည့်အတွက် စီမံကိန်းဧရိယာအားဖြင့် ဧက ၁,၉ဝဝ
အထိ ဖော်ဆောင်သွားမည် ဖြစ်သည်။

ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်ကလည်း
စက်မှုမြို့တော်စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန်ရှိနေပြီး
လက်ရှိတွင် စင်ကာပူနိုင်ငံမှ ဟွာချူးကုမ္ပဏီနှင့် ပြည်တွင်းရှိ
လက်ဝါးအုပ်စု ကုမ္ပဏီတို့က ပူးပေါင်းအကောင်အထည်
ဖော်လျက်ရှိသည်။

''အခုလောလောဆယ်ကတော့ ရင်နှီးမြှုပ်နှံမှု အပိုင်းမှာ
ပြည်ပနဲ့ ပူးပေါင်းမှာပါ။ FMI ကုမ္ပဏီက ဝင်လာမယ်ဆိုရင်
ကုမ္ပဏီသုံးခု ဖြစ်လာမှာပါ။ ဝင်ဖို့သဘောတူစာချုပ်
လက်မှတ်ရေးထိုးပြီးပြီ'' ဟု  ဒေါက်တာခင်မောင်အေး
က ပြောသည်။

''ရေနီကို ရွေးရတဲ့အချက်က လမ်းပန်းဆက်သွယ်ရေး
အဆင်ပြေတယ်။ လောလောဆယ်တော့ ရန်ကုန်ကနေ
သွားရင် ဝေးတယ်။
တစ်ချိန်မှာ ရထားလမ်းကောင်းသွားရင်တော့ ရထားလမ်း
ကို အသုံးပြုနိုင်တဲ့ မျှော်လင့်ချက်ရှိတယ်။
နောက်ပြီးတော့ အနားမှာ နေပြည်တော်လေဆိပ် ရှိတယ်။
စက်မှုဇုန်တော့ရှိပြီး စက်ရုံကိုလာတဲ့ ဧည့်သည်တွေ
အတွက် တည်ခိုစရာ မရှိတာတွေ ဖြစ်တတ်တယ်။
ဒီနေရာကတော့ တည်းခိုမယ်ဆိုရင် နေပြည်တော်က
ဟိုတယ်တွေရှိတယ်။ နေပြည်တော်နဲ့ဆိုရင်လည်း
မိနစ် ၃ဝ လောက်ပဲ ကြာမယ်လေ။ အဲဒီအားသာချက်တွေ
ရှိတယ်။ ကျွန်တော်တို့စီမံကိန်းကလည်း နေပြည်တော်မှာ
ရှိတဲ့ ဟိုတယ်တွေအတွက် Support အလုပ်ပေးဖို့အတွက်
မျှော်လင့်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပထမဆင့်တွင် ဧက ၁ဝဝ အကောင်အထည်ဖော်မည့်
ယင်းစီမံကိန်းတွင် ဝန်ထမ်းအိမ်ရာ၊ စာသင်ကျောင်းများ
ပါဝင်မည်ဖြစ်ပြီး သုံးနှစ်အတွင်း ဝန်ထမ်းဦးရေ တစ်သိန်းခန့်
အလုပ်အကိုင်ရရှိနိုင်မည်ဖြစ်ကာ ဧက ၁,၉ဝဝ ထိ ချဲ့ထွင်ရန်
ရည်စူးထားသည်ဟု ဆိုသည်။

''အဓိကက လူတစ်သိန်းလောက် အလုပ်အကိုင်
အခွင့်အလမ်းပေါ်မယ်။
ကုန်ရထားတွေနဲ့ပစ္စည်းတွေကို တစ်ခါတည်းထည့်မယ်။
အကောက်ခွန်တစ်ခါတည်းစစ်ဆေးမယ်၊ ပိတ်မယ်။
အဓိကကတော့ အဲဒီမှာ ထုတ်လုပ်မှုအပိုင်းကို ဦးစားပေးပြီး
လုပ်မှာပါ။
အထည်ချုပ်စက်ရုံတွေပါမယ်။ စက္ကူစက်ရုံတွေ အဓိက
ပါမယ်။
ပြီးတော့ တခြားထုတ်လုပ်တဲ့ စက်ရုံအသေးစားလေးတွေ
ပါလာမယ်''ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးကိုကိုလွင်က ပြောကြားသည်။

ထိုသို့ စက်မှုမြို့တော် အကောင်အထည်ဖော်ခြင်းအားဖြင့်
ပြည်ပရောက်မြန်မာ အလုပ်သမားများကို ပြည်တွင်း၌
ပြန်လည် လုပ်ကိုင်စေရန် အဓိကရည်ရွယ်သည်ဟု လည်း
၎င်းက ဆိုသည်။

စီမံကိန်းသတ်မှတ်ကာလကို ပထမ၊ ဒုတိယ၊ တတိယ
ငါးနှစ်စီ သုံးရစ်ခွဲကာ စုစုပေါင်း ၁၅ နှစ် သတ်မှတ်ထားပြီး
ရေရှည် စီမံကိန်းအဖြစ် စက်မှုဝန်ကြီးဌာနက ဆောင်ရွက်ခွင့်
ပြုပေးထားကြောင်း သိရသည်။

(ပြည့်သက်ဖြိုး)

credit - 7day Daily & The Myanmar Times 

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“၂၀၁၇ အိမ်ခြံမြေဈေးကွက်ကို တင်ကြို သုံးသပ်ခြင်း”

“၂၀၁၇ အိမ်ခြံမြေဈေးကွက်ကို တင်ကြို သုံးသပ်ခြင်း”

၁။ "၂၀၁၇ သည် အိမ်ခြံမြေဈေးကွက် အဆိုးရွားဆုံး
နှစ်တစ်နှစ် ဖြစ်လာနိုင်ဟု လုပ်ငန်းရှင်များသုံးသပ်"

၂၀၁၇ တွင် ရန်ကုန်အိမ်ခြံမြေဈေးသည် ငါးနှစ်အတွင်း
အဆိုးရွားဆုံး ရောင်းအားကျဆင်းနေပြီဖြစ်ကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များ က ပြောသည်။

ဈေးကွက်အတွင်း ရောင်းလိုအားများပြီး ၀ယ်လိုအား
ထင်သလောက် မြင့်တက်လာခြင်း မရှိသောကြောင့်
၂၀၁၇ သည် အဆိုးဆုံးအခြေအနေဖြစ်ပေါ်နေကြောင်း
အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။

‘‘ဈေးကွက်က လုံးဝမကောင်းလာတာကို ကောင်းအောင်
ပြန်လုပ်ဖို့က အခုအိမ်ခြံမြေလောကထဲ ကောက်နေတဲ့
အခွန်တွေ လျှော့ပေးဖို့ပဲ လိုတယ်’’ ဟု
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်အသင်း
ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အငှားဈေးကွက်သာ
အလုပ်ဖြစ်နေပြီး တန်ဖိုးကြီးအိမ်ခြံမြေများ ထင်သလောက်
အရောင်းအ၀ယ်မဖြစ်ကြောင်း မြတ်တော်ဝင်
ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ
ဦးသော်ဇင်က ပြောသည်။

အိမ်ခြံမြေဈေးကွက်သည် ၂၀၁၃ တွင် အကောင်းဆုံးဖြစ်
ခဲ့ပြီး ယခု ၂၀၁၇ နှင့် နှိုင်းယှဉ်ပါ က တိုက်ခန်းတစ်ခန်းလျှင်
ကျပ်သိန်း ၁၀၀ မှ ၁၅၀ အထိ ဈေးနှုန်းကျဆင်းလာကာ
အရောင်းအ၀ယ် ထင်သလောက် မရှိကြောင်း အိမ်ခြံမြေ
အကျိုးဆောင်အချို့ က ဆို သည်။

သင်္ဃန်းကျွန်းမြို့နယ်ကဲ့သို့ ကန်ထရိုက်တိုက် အများဆုံး
တည်ဆောက်ရာ မြို့နယ်များရှိ ရပ်ကွက်များတွင်
၁၂ ပေ× ပေ ၅၀ တိုက်ခန်းတစ်ခန်းလျှင်
၂၀၁၅ ၌ ကျပ်သိန်း ၂၅၀ ခန့်ဖြင့် အရောင်း အ၀ယ်
ဖြစ်သော်လည်း
၂၀၁၇ တွင် အဆိုပါ ပေအကျယ်အ၀န်းရှိ အခန်းသည်
ကျပ်သိန်း ၁၆၀ အထိပင် ဈေးလျှော့ရောင်းနေရကြောင်း
ထွန်းကမ္ဘာဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ
ဦးဝင်းသော်က ပြောသည်။

ကြည့်မြင်တိုင်မြို့နယ် ပေ ၂၀ × ပေ ၃၀ အကျယ်
အဆင့်မြင့်တိုက်ခန်းအဆင့်ရှိသော ပန်းလှိုင်အိမ်ရာ
သုံးလွှာသည် ၂၀၁၅ က ကျပ်သိန်း ၈၀၀ ခန့်ဖြင့် ရောင်းချရာ
ဝယ်သူမရှိသော်လည်း လက်ရှိတွင် ကျပ်သိန်း ၆၅၀ ခန့်ဖြင့်
အရောင်းအ၀ယ် ဖြစ်ကြောင်း ၎င်းကပြောသည်။

၂၀၁၃ က စမ်းချောင်းမြို့နယ် မင်းလမ်း ငါးလွှာ
၁၃ ပေ × ပေ ၅၀ အကျယ်တိုက်ခန်းသည် ကျပ်သိန်း ၈၅၀
အထိ ဈေးကောင်းပြီး လက်ရှိတွင် ကျပ်သိန်း ၆၀၀ ခန့်ဖြင့်
ရောင်းချနေသော်လည်း ၀ယ်သူမရှိ ဖြစ်နေကြောင်း
စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက
ပြောကြားသည်။

ဆောက်လုပ်ရေးလောကတွင် ကြိုပွိုင့် တိုက်ခန်းများ
ရောင်းချနေသည့် အခြေအနေမှ ဆောက်လုပ်ပြီးစီးသော
အခန်းများကို အရစ်ကျပုံစံဖြင့် ပြောင်းလဲရောင်းချလာ
ကြောင်း၊ ဈေးထပ်မံကျဆင်းရန် မဖြစ်နိုင်သော်လည်း
အမှန်တကယ်နေထိုင်ရန် ၀ယ်ယူသူများ အဆင်ပြေစေရေး
အရစ်ကျစနစ်ကို ပုံစံအမျိုးမျိုးဖြင့် ရောင်းချရန် စဉ်းစား
လာရကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းမှ
ဦးရန်အောင်က ဆိုသည်။

ရန်ကုန်တွင် အလုံးအရင်းဖြင့် တည်ဆောက်ထားသည့်
ကွန်ဒိုတိုက်ခန်းများသည် မကြာမီ ထွက်ပေါ်လာမည့်
ကွန်ဒိုနည်း ဥပဒေကြောင့် ဈေးကွက်တွင် အရောင်းအ၀ယ်
ပြန်လည်ကောင်းမွန်လာရန် လုပ်ငန်းရှင်များက
မျှော်လင့်နေသည်။

ယခုနောက်ပိုင်းတွင် အိမ်ခြံမြေဈေးကွက်၌ အခန်းတန်ဖိုး
ကို ရာခိုင်နှုန်းအားဖြင့် လျှော့ချ ခြင်း၊ အရစ်ကျရောင်းချခြင်း
တို့ ဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ အများစုက
ရောင်းချလျက် ရှိသည်။

(မိုးညို)

*****

၂။ "သည်အချက်တွေကြောင့် အိမ်ခြံမြေ အရောင်းအဝယ်
အေးနေ"

လက်ရှိ အိမ်ခြံမြေဈေးကွက် အဝယ်ပါးနေတာဟာ ဥပဒေ
ထွက်ရှိဖို့ စောင့်ဆိုင်းနေတာတွေ ၊ ဝယ်ယူသူတွေအနေနဲ့
ဈေးထပ်ကျမလားဆိုပြီး စောင့်ကြည့်နေတာတွေကြောင့်
လည်း သက်ဆိုင်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်
အချို့က ဆိုပါတယ်။

တိုက်ခန်းတွေ ဘာဖြစ်လို့ မရောင်းရတာလဲဆိုတော့
လူတွေက နောက်ထပ်ဈေးကျဦးမလား စောင့်ကြည့်
ကြတာပါ။ ပြည်သူတွေရဲ့ ယုံကြည့်မှုရပြီး ဈေးကွက်
ပြန်လည်ဦးမော့ဖို့ ဥပဒေတွေ နည်းဥပဒေတွေ အမြန်ဆုံး
ပြဠာန်းပေးမယ်၊
အိမ်ရာဝယ်ယူသူတွေအတွက် နှစ်ရှည်ဘဏ်ချေးငွေ
ရသလောက် လုပ်ပေးမယ်၊ အိမ်ခြံမြေဝယ်ခွန်နှုန်းထားတွေ
ကို မျှတအောင် လုပ်ပေးမယ်ဆိုရင် အိမ်ခြံမြေဈေးကွက်မှာ
အိပ်နေတဲ့ ငွေတွေ ပြန်ဝင်လာမှာ ဖြစ်တယ်လို့
သုံးသပ်ကြပါတယ်။

ငွေတွေဝေါခနဲ စီးဝင်စီးထွက်တဲ့ ပုံပျက်ပန်းပျက်စီးပွားရေး
စနစ်အစား ဥပဒေ နည်းဥပဒေတွေနဲ့ အညီ ပုံမှန်ဝယ်နိုင်
ရောင်းနိုင်တဲ့ စီးပွားရေ အသွင်သဏ္ဍန်သစ် တစ်ခုဆီကို
ကူးပြောင်းပြီး အရောင်းအဝယ်တွေ ပြန်လည်သွက်လက်
လာမှာဖြစ်ပါတယ်။

ဒါတွေကို မပြင်နိုင်ဘူးဆိုရင်တော့ အိမ်ခြံမြေ
ဆောက်လုပ်ရေးလုပ်ငန်းတွေ သာမက အိမ်ဝယ်ချင်တဲ့
လူတွေပါ အခက်အခဲတွေဆက်ကြုံဦးမှာ ဖြစ်တယ်လို့
အိမ်ခြံမြေအကျိုးဆောင်အချို့က ဆိုတယ်။

ကွန်ဒိုနည်းဥပဒေထွက်ရင် အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး
လုပ်ငန်းတွေမှာ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ
ပိုခိုင်လာမယ်။ ပြည်သူတွေဆီက ယုံကြည်မှုတွေ
ရလာတာနဲ့အမျှ အရောင်းအဝယ် ပြန်သွက်လာမယ်။

အရောင်းအဝယ်သဏ္ဍန် အနေနဲ့လည်း အသွင်သဏ္ဍန်
ပြောင်းလဲလာနိုင်တယ်လို့ iMyanmar House က
သိရပါတယ် ။ ပြည်သူတွေ အိမ်ခြံမြေဝယ်ယူဖို့ တွန့်ဆိုင်း
နေတဲ့ အကျိုးဆက်က ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေ
လောကကို ကျဆင်းစေပါတယ်။

ဆောက်လုပ်ရေးအခက်အခဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လက်ရှိဆောက်လုပ်ရေး လုပ်ငန်းကျဆင်းနေတာကြာပြီ
လို့ ဆိုတယ်။ အိမ်ခြံမြေလောကမှာ အဝယ်ပျောက်နေတဲ့
အတွက် ဆုံးရှုံးသူတွေ ၊ ဘဝပျက်တဲ့သူတွေ ၊
ဆောက်လက်စ တန်းလန်းနဲ့ ဆက်ဆောက်ရမလို
ရပ်ထားရမလိုလိုနဲ့ ဖြစ်နေသူတွေရှိပါတယ်။

ရပ်ထားတဲ့ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်
လည်း ရင်းနှီးမြှုပ်နှံထားတဲ့ ဘဏ်တွေက အတိုးတွေက
တက်နေပြီး အရောင်းအဝယ်မကောင်းတဲ့ အချိန်မှာ
အတိုးပေးဖို့တောင် အခက်အခဲတွေရှိနေကြောင်း
သိရပါတယ်။

"အရောင်းအဝယ်မဖြစ်သေးလို့ ဘဏ်တိုးခဏဆိုင်းထား
လို့သွားပြောလို့မရပါဘူး၊ ဘဏ်တိုးက ပုံမှန်တက်နေတာ။
မြန်မာအိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလောကဟာ အတက်
အကျပေါင်းများစွာနဲ့ ခေတ်အဆက်ဆက်မှာ ထွန်းတောက်
လာလိုက်မှိန်သွားလိုက်နဲ့ ပေါ်တစ်လှည့် မြှုပ်တစ်လှည့်
ဖြစ်ခဲ့ပါတယ်။
အခုကာလမှာ ၂၀၁၃ ၊ ၂၀၁၄ အတွင်း ဆောက်ခဲ့တဲ့
အဆောင်အအုံတွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။
သည်အဆောက်အအုံတွေက သည်နေ့ထက်တိုင်
အပြီးသတ်ဖို့ လုံးပန်းနေကြရပါတယ်" လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

ရန်ကုန်မှာ အိမ်ပိုင်က ၂၀ ရာခိုင်နှုန်းပဲရှိပြီး ၈၀ ရာခိုင်နှုန်းမှာ
အငှါး၊ ကျူးကျော်နဲ့ အဆင်ပြေသလို နေထိုင်ရသူတွေ
ဖြစ်တယ်လို့ သိရပါတယ်။

(မေသက်)

credit - 7day Daily & Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

Monday, September 25, 2017

“ပြင်ဆင်ပြောင်းလဲတော့မည့် မီတာခဈေးနှုန်း”

“ပြင်ဆင်ပြောင်းလဲတော့မည့် မီတာခဈေးနှုန်း”

၁။ "ရှေ့လမှာ ပြောင်းလဲ ကောက်ခံမယ့် မီတာခနှုန်းထား
မသိရသေး"

လာမည့် အောက်တိုဘာလတွင် ပြောင်းလဲကောက်ခံဖွယ်
ရှိသည့် လျှပ်စစ်မီတာခ နှုန်းထားအသစ်ကို လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီး ဌာနတခုတည်းက ဆုံးဖြတ်မည် မဟုတ်ဘဲ
ပြည်သူအားလုံး၏ ဆန္ဒကိုယူပြီးမှ ကောက်ခံသွားမည်ဟု
ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က
ပြောသော်လည်း နှုန်းထားနှင့် ကောက်ခံမည့် အစီအစဉ်
အသေးစိတ်ကို ပြောကြားခြင်း မရှိပါ။

“အောက်တိုဘာမှာ ကြေညာမယ်ဆိုတာကလည်း နေ့တွေ၊
ရက်တွေတော့ အတိအကျ မရှိသေးပါဘူး။ ပြည်သူတွေရော၊
အားလုံးနဲ့ တိုင်ပင်ပြီးတော့မှ လုပ်မှာပါ။
ဝန်ကြီးဌာနက ဒီလိုဖြစ်ရမယ်၊ ဒီလိုပုံစံမလုပ်ပါဘူး” ဟု
ဝန်ကြီးက ပြောသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့်
Intended Nationally Determined Contribution
(INDC) ဆိုင်ရာ စွမ်းအင်ကဏ္ဍ အကောင်အထည်
ဖော်ဆောင်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ
အပြီး၌ ဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့ခြင်း
ဖြစ်သည်။

လက်ရှိ ကောက်ခံနေသော မီတာခနှုန်းထားများမှာ
- တယူနစ်လျှင် ၃၅ ကျပ်နှုန်း ဖြစ်ပြီး၊
- ယူနစ် ၁၀၁မှ ၂၀၀ အထိ တယူနစ် ၄၀ ကျပ်၊
- ယူနစ် ၂၀၁နှင့် အထက် အသုံးပြုပါက တယူနစ်ကို
၅၀ ကျပ်နှုန်း ကောက်ခံနေခြင်း ဖြစ်သည်။

လုပ်ငန်းသုံး အနေဖြင့် တယူနစ်ကို ၇၅ ကျပ်နှုန်း ကောက်ခံ
နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် လစဉ်ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ၌ ပြောင်းလဲကောက်ခံမည့် မီတာခ
နှုန်းထားအသစ်ကို လာမည့် အောက်တိုဘာလအတွင်း
ထုတ်ပြန်နိုင်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ
ဒုတိယအမြဲတမ်း အတွင်းဝန် (စွမ်းအင်) ဦးဌေးအောင်
က ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်း
အတွင်းဝန် (လျှပ်စစ်) မှ ဦးစိုးမြင့်ကလည်း
“အခြေခံ လူတန်းစား သုံးနိုင်တဲ့ နှုန်းကို သတ်မှတ်ဖို့
အကြမ်းဖျင်း လျာထားတယ်။
အခြေခံ လူတန်းစားသုံးတဲ့နှုန်း ၃၅ ကျပ်ကို လူတိုင်း
သုံးနိုင် နေတယ်။
လူတိုင်း သုံးနိင်နေတယ်ဆိုပေမယ့် ကျနော်တို့ နိုင်ငံတော်
အစိုးရက စိုက်ထုတ်နေရတယ်။
ဒီစိုက်ထုတ်နေရတဲ့ ငွေကို လျော့သွားဖို့အတွက်
လုပ်တာလေ။ ပြင်တာလေ။
ကျနော်တို့ မြတ်ဖို့အတွက် ပြင်တာ မဟုတ်ဘူး။
ပြင်တယ်ဆိုတဲ့ နေရာမှာလည်း အခြေခံလူတန်းစားကို
အဓိကထားပြီး စဉ်းစားထားတာ။
အခြေခံ လူတန်းစားတွေ အဓိက တတ်နိုင်မယ့် ငွေကိုပဲ
ကျနော်တို့ပြင်မယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင်
လစဉ်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌
ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်အတွင်း လျှပ်စစ်ပစ္စည်းပြင်ဆိုင်
ဖွင့်ထားသည့် ဦးလှမောင်က
“တိုးကောက်မယ်ဆိုရင်တော့ ဖိအားတခု ဖြစ်လာနိုင်တာပေါ့။
အခုတောင် တလကို ၁ သောင်းခွဲကနေ ၂ သောင်းကြားထဲ
ဆောင်နေရတယ်” ဟု ဆို သည်။

(မိုးမိုး)

*****

၂။ "လျှပ်စစ်မီတာခ နှုန်းထား သုံးဆအထိ မြင့်တက်ရန်
မဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ပြောကြား"

လျှပ်စစ်မီတာခနှုန်းထားများကို တိုးမြှင့် သတ်မှတ်ရာတွင်
မီတာခ သုံးဆအထိ မြင့်တက်ရန် မဖြစ်နိုင်ကြောင်း လျှပ်စစ်
နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က
ပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် စက်တင်ဘာ ၂၁ ရက်
က ပြုလုပ်သော
Intended Nationally Determined Contributions
(INDC) စွမ်းအင်ကဏ္ဍ အကောင်အထည်ဖော်ရေးဆိုင်ရာ
အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ၌ လျှပ်စစ်နှင့် စွမ်းအင်
ပြည်ထောင်စုဝန်ကြီးက မီဒီယာများ၏ မေးမြန်းမှုကို
ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“၀န်ကြီးဌာနက ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး။
အများက ၀ိုင်းပြီး ဆုံးဖြတ်ရမှာပါ။ အားလုံးပြည်သူတွေနဲ့
တိုင်ပင်ပြီးမှ လုပ်မှာပါ။
ဝန်ကြီးဌာနက ဒီလိုဖြစ်ရမယ်ဆိုပြီး မလုပ်ပါဘူး။
သုံးဆတက်မယ် ဆိုတာက ဒါကြီးက များလွန်းအားကြီး
ပါတယ်။ မဖြစ်နိုင်ပါဘူး” ဟု
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လက်ရှိတွင် လျှပ်စစ်မီတာခ နှုန်းထားသစ်များနှင့်
ပတ်သက်ပြီး ညှိနှိုင်းတိုင်ပင်နေဆဲ အခြေအနေတွင်သာ
ရှိကြောင်းနှင့် တိုးမြှင့်မည်ဆိုပါ က အများပြည်သူ သိရှိရန်
အသိပေး ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက
ဆက်လက်ပြောကြားသည်။

“အများကို ကြေညာမှာပါ။
အခုက ညှိနှိုင်းတုန်းပဲ ရှိသေးတယ်။
အများနဲ့ စကားပြောရဦးမယ်”ဟု ဦးဝင်းခိုင်က
ပြောကြားသည်။

တိုးမြှင့်သတ်မှတ်မည့် လျှပ်စစ်မီတာခ နှုန်းထားကို အခြေခံ
လူတန်းစားများ အသုံးပြုနိုင်သော ဈေးနှုန်းဖြစ်စေရန်
အကြမ်းဖျင်း လျာထားကြောင်း၊
နှုန်းထားသစ်ကို လာမည့် အောက်တိုဘာတွင် ထုတ်ပြန်
ကြေညာပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာန တာဝန်ရှိသူများက စက်တင်ဘာ ၁၄ ရက်က
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားထားသည်။

မီတာခ နှုန်းထားသစ် သတ်မှတ်နိုင်ရေးအတွက် နောက်ဆုံး
အပြီးသတ် ဆွေးနွေးခြင်းအဖြစ် လွှတ်တော်ကိုယ်စားလှယ်
များ၊ ပညာရှင်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများအား ဖိတ်ကြားကာ
ဆွေးနွေးပွဲကို စက်တင်ဘာတွင် ပြုလုပ်သွားမည်
ဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများက ၎င်းတို့နိုင်ငံမှ လျှပ်စစ်ဓာတ်အားများ
ကို မြန်မာနိုင်ငံသို့ ရောင်းချလိုကြောင်း လာရောက်
ကမ်းလှမ်းထားမှုများ ရှိနေသော်လည်း လတ်တလောတွင်
ဝယ်ယူရန် အစီအစဉ် မရှိသေးကြောင်းလည်း လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး
ဦးသစ်လွင်ဦးက ပြောကြားသည်။

(ကျော်မျိုး)

credit - Irrawaddy Publishing Group
& Eleven Media Group 

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

Sunday, September 24, 2017

“ချောင်းသာ - ရန်ကုန် မိုးပျံလမ်းနှင့် နောက်ဆက်တွဲ သတင်း”

“ချောင်းသာ - ရန်ကုန် မိုးပျံလမ်းနှင့် နောက်ဆက်တွဲ သတင်း”

၁။ "ချောင်းသာကမ်းခြေအနီးရှိ အိမ်ရာ၊ စက်မှုဇုန်နှင့်
ဆိပ်ကမ်းများသို့ ရန်ကုန်မှ မိုးပျံလမ်း ဖောက်ရန်
လေ့လာနေ"

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ ကမ်းခြေ အနီးတွင်
တည်ဆောက်ရန် စီစဉ်ထားသော လူနေအိမ်ရာ၊
စက်မှုဇုန်နှင့် ဆိပ်ကမ်းများအတွက် ရန်ကုန်မှတစ်ဆင့်
သွယ်တန်းမည့် မိုးပျံလမ်းဖောက်ရန် လေ့လာမှုပြုလုပ်နေရာ
လာမည့်နှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးရဲလင်း က
စက်တင်ဘာလ ၁၅ ရက်တွင် ပြောသည်။

တိုင်းတာမှု ၂၀၁၈ တွင် ပြီးရန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

''ရန်ကုန်ဘက်နဲ့ဧရာဝတီတိုင်း ဒေသကြီး ဘက်တွေမှာ
ကိုရီးယားပညာရှင်တွေနဲ့ တိုင်းတာရေး လုပ်ငန်းတွေကို
စ လုပ်နေပါတယ်။
၂၀၁၈ ခုနှစ်မှာ ပြီးမယ်လို့ မှန်းထားတယ်။
ဒါပြီးရင် အစိုးရကို တင်ပြသွားမှာပါ။
ထိုင်းနိုင်ငံဘန်ကောက်ကနေ ပတ္တယားဘက်ကို သွားတဲ့
လမ်းမျိုး လုပ်မှာပါ။
ရန်ကုန်ကနေ ချောင်းသာအထိ တိုက်ရိုက်မိုးပျံလမ်းနဲ့
သွားမှာဖြစ်ပေမယ့် ပုသိမ်ရောက်ရင်တော့ ဆင်းလမ်း
တစ်ခုရှိမယ်။
ဒီမိုးပျံလမ်းကိုဖောက်ဖို့လုပ်တာကလည်း ကမ်းခြေနားမှာ
လူနေအိမ်ရာတွေ၊ စက်မှုဇုန်တွေနဲ့ ဆိပ်ကမ်းတွေ
တည်ဆောက်ဖို့ ရှိတာကြောင့်ပါ။
လူနေအိမ်နဲ့ စက်မှုဇုန်တွေအတွက် လျှပ်စစ်မီးရမယ့်
စီမံကိန်းတွေလည်း ပါပါတယ်''ဟု ၎င်းက ပြောသည်။

ရန်ကုန်မှ ချောင်းသာသို့ မိုးပျံလမ်း ဖောက်လုပ်ရန်
မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး
အများပိုင် ကုမ္ပဏီလီမိတက်နှင့် ကိုရီးယားကုမ္ပဏီ တစ်ခု
ဖြစ်သော KECC တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကာ
မိုးပျံလမ်းဖောက်ပြီးပါက ချောင်းသာ၊ ငွေဆောင်နှင့်အခြား
ကမ်းခြေနေရာများသို့ အချိန်အနည်းငယ်ဖြင့် သွားရောက်
အပန်းဖြေနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်နှင့်ဒေသခံ
များအတွက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း
သိရသည်။

တစ်နာရီခွဲအတွင်းရောက်နိုင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

''လမ်းအူကြောင်းအတွက် ဂြိုဟ်တု ကနေ ကောင်းကင်
ဓာတ်ပုံတွေရိုက်ပြီး ပထမအဆင့် လေ့လာမှုတွေ
လုပ်နေပါတယ်။ မိုင် ၁၀၀ ကျော်လောက် ရှိမှာပါ။
ဒါပြီးရင် ရင်းနှီးမြှုပ်နှံမှုပိုင်းလာမှာပါ။ ရင်းနှီးမြှုပ်နှံမှုပိုင်းက
ကြီးတော့ သေသေချာချာ လုပ်နေပါတယ်။
လယ်ကွင်းတွေထဲဖြတ်ဖောက်ရမှာဖြစ်တော့ လယ်ပိုင်ရှင်
တွေနဲ့ ညှိနှိုင်း ဝယ်ယူရတာတွေ ရှိမှာပါ။
လမ်းဖောက်ပြီးရင်တော့ ရန်ကုန်- ချောင်းသာ ကို
ယာဉ်ကြောပိတ်တာမရှိဘဲ တစ်နာရီခွဲ အတွင်း ရောက်ရှိ
နိုင်မှာပါ''ဟု ၎င်းက ထပ်မံပြောသည်။

''လောလောဆယ်လေ့လာနေကြတာပါ။ ပြီးရင်တော့
ဆောက်လုပ်ရေးဝန် ကြီးဌာနကို တင်ပြကြမှာပါ။
ဒီစီမံကိန်းက အရင်က ရေးဆွဲထားတာရှိပါတယ်''ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်ကပြောသည်။

*****

၂။ "မိုးပျံလမ်း ဖောက်လုပ်မည်မှာ မဟုတ်မှန်ဟု
ဧရာဝတီတိုင်း အစိုးရ ရှင်း"

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးပျံလမ်းများ ဖောက်လုပ်
မည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ Elevated Road ပုံစံ
ဖောက်လုပ်မည်သာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက
ပြောကြားသည်။

လမ်းဖောက်လုပ်ရာတွင် လယ်ယာမြေများ၊ ရေနစ်မြုပ်
ရေနက်ကွင်းများ၊ လျှိုချောက်များရှိနေပါက မြေပြင်
အနေအထားအတိုင်း လမ်းဖောက်ခြင်း မဟုတ်ဘဲ
ကွန်ကရစ်တိုင်ဖြင့် လမ်းကိုမြှင့်တင်ကာ ဖောက်လုပ်သည့်
လမ်းအမျိုးအစား (Elevated Road ဟုခေါ်ဆိုကြောင်း)
သာဖြစ်ကြောင်း ဝန်ကြီးက စက်တင်ဘာလ ၂၀ ရက်
သတင်းစာ ရှင်းလင်းစဉ် ပြောဆိုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း
ချောင်းသာ-ပုသိမ်-ရန်ကုန်လမ်း၊
ငွေဆောင်-ပုသိမ်-ရန်ကုန်လမ်း၊
မော်တင် -ပုသိမ်-ရန်ကုန်နှင့် ဒေသတွင်း လမ်းအချို့သည်
ဖြောင့်တန်းခြင်း မရှိဘဲ ကွေ့ကောက်နေ၍ အချိန့် ကြန့်ကြာ
မှုများ ရှိနေသဖြင့် ခရီးအကွာအဝေးနှင့် အချိန်လျှော့ချနိုင်ရန်
ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက
ပြောကြားသည်။

လမ်းများကို အဖြောင့်အတိုင်း ဖောက်လုပ်ပါက အချိန်
ကြန့်ကြာမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး လက်ရှိ ဧရာဝတီတိုင်း
ဒေသကြီး၏ ပထဝီဝင် အနေအထားသည်
လျှိုမြောင်ချောက်များ၊ ရေနက်ကွင်းများ၊ လယ်ယာမြေများ
ရှိနေသဖြင့် Elevated Road ပုံစံ ဖောက်လုပ်ရေးလုပ်ငန်း
လုပ်ဆောင်ရန် တင်ပြသည့် ကုမ္ပဏီများကို အကြံပြုခြင်းသာ
ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မိုးပျံလမ်းဆိုတာ အမှတ်မှား ပြောဆိုကြတာပါ၊
ဥပမာပေးပြီး ရှင်းပြရရင် လမ်းဖောက်ရာမှာ ခုနကပြောတဲ့
ချောက်တွေ့ပြီဆိုရင် လမ်းကို ချောက်ထဲအတိုင်း ဆင်းချပြီး
ဖောက်တာမျိုး မလုပ်တော့ဘဲ တိုင်နဲ့လမ်းကို မြှင့်တင်
တည်ဆောက်တဲ့နည်းပါ။
Elevated Road ပုံစံဆိုရင် လယ်ယာမြေတွေ ဖြတ်သန်း
ဖောက်ရင်လည်း လယ်ယာမြေတွေ မပျက်စီးတော့ဘူး။
မြေပြင်အထက် ၃ ပေပဲမြင့်မြင့်၊ ၁၀ ပေပဲမြင့်မြင့်
ဘယ်လောက်မြင့်မြင့် Elevated Road လို့ခေါ်ပါတယ်”
ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးပျံလမ်းများ Elevated Road
ဖောက်လုပ်မည်ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်
မန်းဂျော်နီက ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် 
ဟင်္သာတခရိုင်မှ ပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြား
ခဲ့သည်။

ယင်းလုပ်ငန်းအတွက်
Myanmar Construction & Development Public
(MCD) ကုမ္ပဏီဘုတ်အဖွဲ့ အတွင်းရေးမှူး ဦးရဲလင်းက
ချောင်းသာ-ရန်ကုန် မိုးပျံလမ်း Elevated Road အမျိုးအစား
ဖောက်လုပ်ရန် လိုအပ်သော တိုင်းထွာ စစ်ဆေး လေ့လာ
မှုများ ပြုလုပ်ရေး တိုင်းအစိုးရ ခွင့်ပြုချက် ရရှိထားကြောင်း
စက်တင်ဘာလ ဒုတိယပတ်တွင် ပုဂ္ဂလိက
သတင်းစာများတွင် ဖော်ပြထားသည်။

Myanmar Construction & Development Public
(MCD) ကုမ္ပဏီနှင့်အတူ ကိုရီးယား ကုမ္ပဏီတစ်ခုဖြစ်သည့်
KECC က ပူးပေါင်းဆောင်ရွက်နေပြီး လေ့လာဆန်းစစ်မှု
များကို လာမည့်  ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ်
ဆောင်ရွက်မည်ဖြစ်ကြောင်း
ပြည်တွင်း သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

မိုးပျံလမ်းနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာတွင်
မဖြစ်နိုင်ကြောင်း ပြောဆို ဝေဖန်မှုများရှိခဲ့သည်။

ချောင်းသာ-ရန်ကုန် မိုးပျံလမ်း ဆိုသည်မှာလည်း
အမှန်တကယ် ဖောက်လုပ်ရန် သေချာမှု မရှိသေးကြောင်း
ဧရာဝတီတိုင်းတွင် ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီတစ်ခုက 
ကြိုတင်လေ့လာ ဆန်းစစ်နေခြင်းသာ ဖြစ်ကြောင်း၊
အချို့ကုမ္ပဏီများလည်း လေ့လာဆန်းစစ်မှု ပြုလုပ်
ကြကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။

တိုင်းအစိုးရအနေနှင့် ယင်းလုပ်ငန်းများအတွက် ကြိုတင်
လေ့လာ ဆန်းစစ်ခြင်းကိုသာခွင့်ပြုပြီး ထိုကဲ့သို့ကြီးမားသည့်
လမ်းများ ရေနက်ဆိပ်ကမ်း လုပ်ငန်းများကို ပြည်ထောင်စု
အစိုးရကသာ ခွင့်ပြုလေ့ရှိကြောင်း လျှပ်စစ်၊ စွမ်းအင်၊
စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး
ဦးဝင်းဌေးက ပြောကြားသည်။

credit - Pyi Myanmar & The Voice

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“ကျောင်း သက်သာဆိုင်ခန်းများ၊ စံမမီ အဆောက်အအုံများနှင့် ကျူးကျော် စမတ်ကတ်”

“ကျောင်း သက်သာဆိုင်ခန်းများ၊
စံမမီ အဆောက်အအုံများနှင့် ကျူးကျော် စမတ်ကတ်”


၁။ "ရန်ကုန်တိုင်းအတွင်း ကျောင်းများရှိ
ကျူးကျော်အိမ်များနှင့် သက်သာဆိုင်ခန်းများ ၂၀၁၈
မတ်လအကုန် အပြီး ဖယ်ရှားရမည်"

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ ကျောင်းများရှိ
ကျူးကျော်နေအိမ်များနှင့် သက်သာဆိုင်ခန်းများကို
၂၀၁၈မတ်လ တွင် အပြီးဖယ်ရှားမည် ဖြစ် ကြောင်း
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက
ပြောကြားသည်။

အဆိုပါ အခြေခံပညာ ကျောင်းဝင်းရှိ သက်သာဆိုင်ခန်းများ
အားလုံး ပြောင်းရွှေ့နိုင်ရန် ကြိုးစားနေပြီး အချို့ဆိုင်ခန်းများ
တွင် ကျောင်းသား၊ ကျောင်းသူများ ရှိနေခြင်းကြောင့်
ယခုနှစ် ကျောင်းဖွင့်ရာသီအကုန် ၂၀၁၈ မတ်လအကုန်၌
သက်သာဆိုင်ခန်းများအားလုံး ပြောင်းရွှေ့ရန် စီစဉ်ထားပြီး
ဖြစ်ကြောင်း ဦးနိုင်ငံလင်းက ပြောသည်။

စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေး၌ လှိုင်သာယာမြို့နယ်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ
က လှိုင်သာယာမြို့နယ်အတွင်း အခြေခံပညာကျောင်းများ
ရှိ ကျူး ကျော် အိမ်များနှင့် ကျူးကျော် ဆိုင်ခန်းများ ဖယ်ရှား
ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှု အပေါ် ဝန်ကြီးက
အထက်ပါ အတိုင်း ဖြေကြားသည်။

‘‘ဆိုင်ခန်းမှာ နေထိုင်သူများ အနေဖြင့်လည်း ယခုအချိန်က
စပြီး ပြောင်းရွှေ့နိုင်ဖို့ စီစဉ်ထားရှိရန် လိုအပ်ပါတယ်’’ဟု
ဦးနိုင်ငံလင်းက ဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်းများဖြစ်သော
အထက (၅)၊ အလက(၄)၊ အလက(၈)၊ အလက(၁၂)၊
မူလွန်(၂၁)၊ အလက (၂၂)၊ အမက(၄၃)၊ မူလွန် (၄၅)၊
အလက(၁၇)၊ အမက (၈) ကျောင်းများရှိ ကျူးကျော်အိမ်
များနှင့် ကျူးကျော်ဆိုင် ဖယ်ရှားပေးရန် အစီအစဉ်ရှိ၊ မရှိကို
ဦးမြတ်မင်းသူက မေးမြန်းခဲ့သည်။

လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်
ကျူးကျော်အိမ် ၃၄ လုံးနှင့် သက်သာဆိုင်ခန်း ၁၈၆ ခန်း
ရှိကြောင်း ဝန်ကြီးက ပြောသည်။

အဆိုပါ သက်သာဆိုင်ခန်းများနှင့်ပတ်သက်၍
- ၂၀၁၄ အောက်တိုဘာကုန်အထိသာ ဆိုင်ခန်းခ
ပေးသွင်းရန်၊
- စာချုပ် သက်တမ်း ကုန်ဆုံးပါက ထပ်မံ စာချုပ်မချုပ်ဆိုရန်၊
ဆိုင်ခန်းများ ကို အပြီးအပိုင်ဖျက်သိမ်းရန် အကြောင်းကြား
ထားသော်လည်း သက်သာဆိုင်ခန်း ငှားရမ်းထားသူများက
လိုက်နာခြင်းမရှိဘဲ ရန်ကုန်တိုင်းတစ်တိုင်းလုံး ဖယ်ရှား
ပေးမှသာလျှင် ဖယ်ရှားပေးမည်ဟု ပြောကြောင်း
ဦးနိုင်ငံလင်းကပြောသည်။

(သက်အောင်၊ ခင်ရူပါမော်)

*****

၂။ "ရန်ကုန်တိုင်း စည်ပင် နယ်နိမိတ်အတွင်းရှိ
အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်
စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့် လုပ်ငန်းများကို ဖျက်သိမ်းရန်
လိုအပ်ပါက ဖျက်သိမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့်
အင်ဂျင်နီယာများအား အရေးယူနိုင်ရန် ဆောင်ရွက်နေ
ဟုဆို"

ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံ
များ ဆောက်လုပ်ရာတွင် သတ်မှတ် စံချိန်စံညွှန်းနှင့်
ကိုက်ညီမှုမရှိသည့် လုပ်ငန်းများကို ဖျက်သိမ်းရန်
လိုအပ်ပါက ဖျက်သိမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့်
အင်ဂျင်နီယာများကို အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ
၂၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး
(သတ္တမနေ့) တွင် ပြောကြားသည်။

လသာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်
ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏
“ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း
တည်ဆောက်ရေးလုပ်ငန်းများ ဆောက်ရွက်သည့်လမ်းများ
တွင် စံချိန်စံညွှန်း မမီဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့်
စပ်လျဉ်းပြီး စစ်ဆေးအရေးယူရန် ရှိ မရှိ သိလိုကြောင်း”
မေးခွန်းနှင့်ပတ်သက်ပြီး မြို့တော်ဝန်က ပြန်လည်ဖြေကြား
ရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ
အဆောက်အအုံတွေ ဆောက်လုပ်ခွင့် လျှောက်တဲ့အခါပဲ
ဖြစ်ဖြစ်၊ မြေပြင်မှာ ကြီးကြပ်ဆောင်ရွက်မယ့် အခါပဲဖြစ်ဖြစ်၊
အဆောက်အအုံခိုင်ခံ့မှုအတွက် တာဝန်ခံရတဲ့ လိုင်စင်ရ
အင်ဂျင်နီယာ ဆောက်လုပ်မယ့် ပုံစံမှာ တစ်ခါတည်း
လက်မှတ်ရေးထိုး တင်ပြရတယ်။
ရေးထိုးတင်ပြတဲ့အခါမှာ လိုင်စင်ရ အဆောက်အအုံရဲ့
အသေးစိတ်တွက်ချက် တင်ပြမှုကို ရန်ကုန်မြို့တော်စည်ပင်
က အင်ဂျင်နီယာဌာန အဆောက်အအုံရဲ့ အင်ဂျင်နီယာတွေ
က အဆင့်ဆင့်စိစစ်ပြီး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ခွင့်ပြုချင်ရရှိတဲ့ အဆောက်အအုံတွေ နောက်စည်ပင်
သာယာရေးကော်မတီ ကခွင့်ပြုထားတဲ့ စံချိန်စံညွှန်းအတိုင်း
ဆောက်လုပ်ဖို့အတွက်လည်း လုပ်နေဆဲကာလမှာ ကြီးကြပ်
ဆောင်ရွက်ရပါတယ်။
ခွင့်ပြုပုံစံပါ စံချိန်စံညွှန်းအတိုင်း လမ်းတံတား အင်ဂျင်နီယာ
က ကြီးကြပ်ဆောက်လုပ်ခြင်း ရှိ မရှိ၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန
(အဆောက်အအုံ)၊ နောက် ခရိုင်၊ မြို့နယ်များအလိုက်
တာဝန်ပေးထားတဲ့ ခရိုင်အင်ဂျင်နီယာမှူးတွေ၊ မြို့နယ်
စစ်ဆေးရေး အင်ဂျင်နီယာတွေက လုပ်ငန်းတွေကို
အပိုင်းလိုက်စစ်ဆေးပြီး စံချိန်စံညွှန်းနဲ့အညီ လုပ်ထားမှ
လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခွင့်ပြုနေခြင်း
ဖြစ်ပါတယ်။
စံချိန်စံညွှန်းနဲ့ မညီတာကို စစ်ဆေးတွေ့ရှိလို့ရှိရင်လည်း
ဆောင်ရွက်ဆဲလုပ်ငန်းကို တားမြစ်ပြီး ပြန်လည် ဖြည့်ဆည်းဖို့
အတွက် ပြင်ဆင်တယ်။
နောက်ပြီးတော့ ဖျက်သိမ်းဖို့ လိုအပ်ရင်လည်း ဖျက်သိမ်းပြီးမှ
ပြန်ဆောက်ဖို့ အရေးယူဆောင်ရွက်ဖို့လိုအပ်ရင်
သက်ဆိုင်ရာဆောက်လုပ်ရေး လုပ်ငန်းရှင်ရော၊
အင်ဂျင်နီယာရော အရေးယူဆောင်ရွက်ဖို့ လုပ်နေပါတယ်”
ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း လမ်းများ အရည်အသွေးမြှင့်တင်
သွားရန်ရှိကြောင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် လမ်းများ
ပျက်စီးပြီး ပြင်ဆင်စားရိတ်များပြားမှုကြောင့် အလေအလွင့်များ
ဖြစ်ပွားနေကြောင်း ထို့ကြောင့် လမ်းများပြုပြင်ရာတွင်
စနစ်တကျ စံချိန်စံညွှန်းမီရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနှစ်မှာ ရန်ကုန်တိုင်းအတွက် ၀န်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်မှာ
လမ်းနဲ့ ပတ်သက်ပြီးတော့ အရည်အသွေးကို မြှင့်တင်ဖို့ဆိုပြီး
တော့ လမ်းညွှန်ထားတာ ရှိပါတယ်။
အဲဒီအတွက်လည်း လမ်းညွှန်ချက်နဲ့အညီ လမ်းတွေရဲ့
အရည်အသွေးကို မြှင့်ဖို့ ရှိပါတယ်။
သို့သော် လမ်းရဲ့ သဘောအရ ပြောပါမယ်။
လမ်းက ဘယ်လောက်ပဲခင်းခင်းပေါ့။
သဘာဝရာသီဥတုကြောင့် အဓိကမိုးရေကြောင့်၊
ပျက်စီးတတ်ပါတယ်။
သဘာဝအန္တရာယ်များအရလည်း ပျက်စီးမှုများလာလေလေ
ပြင်စရိတ်လည်း များလာလေလေ၊ အလေအလွင့်လည်း
များလာလေလေ ဆက်စပ်မှု ဖြစ်လာပါတယ်။
အဲဒါကို စည်းကမ်းတကျနဲ့ စနစ်တကျ စံချိန် စံညွှန်းမီအောင်
လုပ်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု
မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

(ဆန်းထူးအောင်)

*****

၃။ "ကျူးကျော်စမတ်ကတ် ရပြီးသူများကို အိမ်တိုင်ရာရောက်
စစ်မည်"

ရန်ကုန်တိုင်းအတွင်း ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု
စမတ်ကတ်ရရှိသူ အိမ်ထောင်စုများကို အောက်တိုဘာလမှ
စ၍ အမှန်တကယ် ကျူးကျော် ဟုတ်၊ မဟုတ် အိမ်တိုင်
ရာရောက် စစ်ဆေးမည်ဖြစ်ကြောင်း ကျူးကျော်စာရင်း
ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှုကို ၂၀၁၆ ခုနှစ်
စက်တင်ဘာလမှ ယခုနှစ် ဇူလိုင်လအထိ မြို့နယ်
၃၇ မြို့နယ်တွင် ကောက်ယူခဲ့ပြီး အိမ်ထောင်စု တစ်သိန်း
ခြောက်သောင်းကျော်ကို စမစ်ကတ် ထုတ်ပေးခဲ့ကြောင်း
ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး
က ပြောကြားသည်။

“အခုလက်ရှိ စာရင်းတွေ အားလုံး သွင်းပြီး သွားပြီ။
တိုင်းအစိုးရအဖွဲ့က ညွှန်ကြားတာနဲ့ စာရင်းမှာပါတဲ့
ကျူးကျော်နေထိုင်သူတွေကို စစ်မယ်။
စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ စမတ်ကတ် ထုတ်ပေးထားသည့် ကျူးကျော်များ၏
အချက်အလက်များကို အိမ်တိုင်ရာရောက် စစ်ဆေးမည်
ဖြစ်ပြီး စီးပွားဖြစ်ကျူးများဖြစ်ကြောင်း တွေ့ရှိပါက
တိုင်းအစိုးရက စမတ်ကတ် သိမ်းယူမည့်အပြင် ဥပဒေအရ
အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျူးကျော်စာရင်း
ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင်
နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး
အိမ်ထောင်စု ၁၆၇၇၃၈ စုရှိကာ ကျူးကျော် နေထိုင်သူဦးရေ
၄၃၁,၀၅၀ ခန့်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့ထံမှ သိရသည်။

credit - 7day Daily / Eleven Media Group
& The Voice 

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"တန်ဖိုးနည်းအိမ်ရာ ဝယ်လိုအားနှင့် ရောင်းလိုအား"

"တန်ဖိုးနည်းအိမ်ရာ ဝယ်လိုအားနှင့် ရောင်းလိုအား"

စက်တင်ဘာလ ပထမပတ်အတွင်း ရန်ကုန်မြို့ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ရုံးချုပ်မှာ တန်ဖိုးနည်း အိမ်ရာဝယ်ယူခွင့်
ရရှိသူများအား အိမ်ခန်းများကို မဲနှိုက် သတ်မှတ်ပြီး
ရောင်းချပေးခဲ့တာ တွေ့ရှိရပါတယ်။

လှိုင်သာယာ ရွှေလင်ဗန်းနဲ့ ဒဂုံ (ဆိပ်ကမ်း)တို့မှာ
ဆောက်လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာ အိမ်ခန်းများကို
ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ဝယ်ယူခွင့်ရရှိသူများရဲ့ မျက်နှာများမှာ ဝင်းပကြည်လင်ပြီး
ပျော်ရွှင်ကြည်နူးနေကြတာကို တွေ့မြင်ရတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။

လှိုင်သာယာဘက် နီးစပ်သူတွေက ရွှေလင်ဗန်း အိမ်ရာမှ
အိမ်ခန်းများ ရွေးချယ်ခွင့်ရှိပြီး ဒဂုံ(ဆိပ်ကမ်း)မြို့သစ်နဲ့
သွားလာရေး အဆင်ပြေသူတို့က ကနောင်အိမ်ရာနဲ့
ယုဇနအိမ်ရာကို မဲနှိုက်ကြတာဖြစ်ပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေကို တစ်နေရာတည်းမှာ စုပြုံ
မဆောက်ဘဲ ရန်ကုန်ရဲ့ အရှေ့ပိုင်း၊ အနောက်ပိုင်း
စသည်ဖြင့် ဖြန့်ကြက်ဆောက်လုပ်ပေးတဲ့ စနစ်ဟာ
အလွန်ကောင်းမွန် ပါတယ်။

လက်ရှိ အလုပ်အကိုင်နဲ့ အလှမ်းမဝေးလေ ကောင်းလေ
ဖြစ်ပြီး အိမ်ခန်းအမျိုးအစားသာမက နေရာဒေသကိုပါ
ရွေးချယ်နိုင်တဲ့ အစီအစဉ်များဟာ အလွန် သင့်လျော်
ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်မြို့ဟာ ၃၀၆ စတုရန်းမိုင်
ကျယ်ဝန်းပြီး အရှေ့နဲ့ အနောက် ကန့်လန့်ဖြတ် ခရီးက
အချိန်နှစ်နာရီလောက်ကြာမှာ ဖြစ်လို့ပါပဲ။ တစ်နေရာ
တည်းဆောက် လုပ်ထားရင် ‘ပေးကားပေး၏ မရ’
ဆိုတာလို နေလို့မဖြစ်တဲ့ဘဝကို ရောက်ကြရမယ့်သူတွေ
အများကြီးရှိလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျူးကျော်အိမ်ရာများကို ပြန်လည်နေရာချထား
ပေးကြရင်လည်း တန်ဖိုးနည်းအိမ်ရာ အစီအစဉ်လိုပဲ
နေရာခွဲခြားဖြည်းဆည်း ပေးဖို့ အထူး လိုအပ်ကြောင်း
ကြိုတင်ပြောကြားလိုပါတယ်။

တန်ဖိုးနည်းဆိုတဲ့နေရာမှာ လက်ရှိစံနှုန်းများအရ အိမ်ခန်း
တန်ဖိုး သိန်း ၁၀၀ ဝန်းကျင်ရှိတဲ့ အိမ်ခန်းများဖြစ်ကြောင်း
တွေ့ရှိရ ပါတယ်။

များသောအားဖြင့် သိန်း ၁၀၀ အထက် သိန်း ၂၀၊ ၃၀ ခန့်
စွန်းနေတာ တွေ့ရပါတယ်။ ထုံးစံ အတိုင်း အပေါ်ဆုံး
ငါးလွှာဟာ ဈေးအသက်သာဆုံးဖြစ်ပြီး သိန်း ၉၀ နဲ့
ဝယ်လို့ရတဲ့ နေရာတွေပါဝင် ပါတယ်။

ဝယ်ယူခွင့်ရသူများ အတွက် လစဉ်အနည်းဆုံး အိမ်ထောင်စု
ဝင်ငွေ သတ်မှတ်ချက်မှာ ကျပ်သုံးသိန်းဖြစ်ကြောင်းလည်း
တွေ့ရှိရပါတယ်။ ဒီသတ်မှတ်ချက် အရ ဝင်ငွေနည်းသူတို့နဲ့
အလှမ်း ဝေးနေသေးတယ်လို့ ဆိုရမှာ ပါပဲ။

စီးပွားရေးမြို့တော် ရန်ကုန်မှာ ၇၀ ရာခိုင်နှုန်းသော
ပြည်သူတို့ဟာ လစဉ်ဝင်ငွေ သုံးသိန်းအောက်မှာ ရှိတယ်လို့
HABITAT စာတမ်းများ အရ သိရပြီး အနည်းဆုံးလုပ်ခ
၃,၆၀၀ နဲ့ဆိုရင် ဝင်ငွေနည်းပြည် သူတို့ရဲ့ လစဉ်ဝင်ငွေဟာ
တစ်သိန်းခန့်သာရှိတာကို တွေ့ရပါ တယ်။

ဒါပေမဲ့ နှစ်ဦး၊ သုံးဦး အလုပ်လုပ်ကြတဲ့ မိသားစုမှာတော့
အိမ်ထောင်စုဝင်ငွေဟာ သုံးသိန်း ရှိနိုင်ပါတယ်။ ဒါကြောင့်
လက်ရှိ အိမ်ခန်းဝယ်ကြတဲ့သူတွေမှာ အဲဒီလို
အိမ်ထောင်စုတွေ အများဆုံး ပါဝင်ကြောင်း သိရှိရပါတယ်။

အမှန်အားဖြင့် တန်ဖိုးနည်း အိမ်ရာဆိုတာ အိမ်ထောင်စု
ဝင်ငွေနည်းသူတွေ လက်လှမ်းမီနိုင်ပါမှ အဓိပ္ပာယ်
အပြည့်အဝမှန်ကန်မှု ရှိမှာပါ။

ယခုအခါ အဲဒီလို ဝင်ငွေနည်းသူတွေ လက်လှမ်းမီစေမယ့်
နည်းလမ်းများ ဖြည့်ဆည်းပေးရန် သတ်မှတ်ချက်များကို
လျှော့ချဖို့ CHDB ဘဏ်က ကြိုးပမ်းနေကြောင်း သိရတဲ့
အတွက် သာဓု တစ်ကြိမ် ခေါ်ထားလိုပါတယ်။ နှစ် ကြိမ်
တော့ ချန်ထားရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့
စာရေးသူတို့နိုင်ငံမှာ စီမံကိန်းကို ပြည် ထောင်စုအစိုးရက
ခွင့်ပြုလို့ စတင်ဆောင်ရွက်နေတဲ့အဆင့်အထိ စိတ်မချနိုင်
သေးပါဘူး။

ဒလတံတားစီမံကိန်းကိုကြည့်ပါ။
MIP (Myanmar Industrial Port) က နေရာပြောင်းပေးပါ၊
(သို့မဟုတ်) Tunnel (မြေအောက်လိုဏ်ခေါင်း) တူးပေးပါ
လို့ စာပို့ထားပြန်ပြီလို့ သိရလို့
‘တုံတလဲ့မှာဖြစ် အုံဖွဲ့လို့ ငိုင်ကုန်ရပါပြီ’၊ တုံတလဲ့ဆိုတာ
မွန်အခေါ် ဒလမြို့ပါ။ ဒါကြောင့် လက်တွေ့ဖြစ်မလာသေးမီ
‘သာဓု’တစ်ကြိမ်ပဲခေါ်တာ မြန်မာပြည် စီမံကိန်း
အတွေ့အကြုံများအရ အတော်ပဲလို့ ထင်မြင်မိပါတယ်။

တန်ဖိုးနည်းအကြောင်း ဆက်ပါဦးမယ်။
အထက်ပါရောင်းချပွဲမှာ အိမ်ခန်းရောင်းချမှု၊ အိမ်ခန်း
ထုတ်လုပ်မှု၊ အိမ်ခန်းလက်ကျန်နဲ့ လက်ရှိတန်ဖိုးနည်းအိမ်ရာ
ဝယ်လို အခြေအနေတွေကို စူးစမ်းမိပြန်ပါတယ်။

ဒီနေရာမှာ မှတ်မိတဲ့ အတွေ့အကြုံလေးတစ်ခုကို ကြိုတင်ပြီး
ပြောပြချင်ပါတယ်။ မဆလ ခေတ်က ကျိုက္ကဆံကွင်းမှာ
ပြည်ထောင်စုနေ့ ပွဲတော်ကြီးကျင်းပ ပါတယ်။ ပျော်ပွဲရွှင်ပွဲ
တွေနဲ့ အစိုးရ ဌာနတွေက ဆိုင်ခန်းမျိုးစုံ ဖွင့်လှစ် ရောင်းချ
ပါတယ်။ ငါးပုပ်ခြောက်၊ ငါးရံ့ခြောက်တွေကို ဈေးသက်သာစွာ
ရောင်းချတဲ့နေရာမှာ လူအုပ်ကြီးက တိုးမနိုင်ပါဘူး။ ရောင်းချိန်
က တစ်နာရီလောက်ကြာတော့ ပစ္စည်းပြတ်သွားပါတယ်။
နေပူပူ ဖုန်မှုန့် တသောသောကြားထဲမှာ လူအုပ်ကြီးဟာ
ဇွဲမလျှော့ဘဲ စောင့်နေကြပါတယ်။ နှစ်နာရီလောက် ကြာတဲ့
အခါ ပစ္စည်းရောက်ပြီဆိုပြီး ရောင်းလိုက်ပြန်ပါရော
တစ်နာရီလောက်ကြာတော့ ပစ္စည်းပြတ်ပြီ ဆိုပြီး ရပ်သွား
ပြန်ပါရော။ ဝယ်ခွင့်ရထားတဲ့လူတွေကလည်း အမြတ်တင်ပြီး
ပြန်ရောင်းလို့ ဟန်ကျနေကြတာပေါ့။ ဆက်ပြီး စောင့်နေတဲ့
လူတန်းကြီးလည်း အရှည်ကြီးပဲ။ ညမိုးချုပ်အထိ ရောင်းလိုက်၊
ရပ်လိုက်နဲ့ ပါပဲ။ အဲဒီစနစ်ကို သုံးသပ်ကြည့်တဲ့အခါမှာ
အဓိကအားဖြင့် စဉ်ဆက်မပြတ် လုံလောက်စွာ ပစ္စည်း
ရောင်းချပေးနိုင်တဲ့ အစီအစဉ်မရှိခြင်းဆိုတဲ့ အားနည်းချက်
ကို အတိအလင်း တွေ့ခဲ့ရပါတယ်။

စာရေးသူကိုယ်တိုင်လည်း ကျိုက္ကဆံပွဲတော်မှာ ဌာနအတွက်
သက်သာချောင်ချိရေး အအေးဆိုင်ဖွင့်ပြီး အားကစား ရန်ပုံငွေ
ရှာဖွေခဲ့ပါတယ်။ ကရင်ဆိုဒါ၊ ပင်မှည့်၊ စပါကလင် အချိုရည်
တွေကို သက်ဆိုင်ရာစက်ရုံမှာ လျှောက်လွှာတင် ငွေသွင်းပြီး
သွားဝယ်ရပါတယ်။ ငွေကို အရင်သွင်းထားပြီး ပစ္စည်းရဖို့
စောင့်ဆိုင်းရပါတယ်။

စောင့်ဆိုင်းနေရင်း ကိုယ့် အလှည့်ရောက်မှ ‘‘အရည်ကုန်ပြီ’’
လို့ အော်လိုက်ရင် အမောဆို့သွား တော့တာ ပါပဲ။
‘‘အရည်က ဘာဖြစ်လို့ ကုန်ရတာလဲ။ မင်းတို့ အရည်မရှိဘဲ
ငွေတွေဘာဖြစ်လို့ ယူထားသလဲ’’ဆိုပြီးပြောရင် တာဝန်ခံက
‘‘စက်နဲ့ထုတ်တာဗျ။ လူနဲ့ လုပ်တာမဟုတ်ဘူး’’လို့
ပြန်အော်တာ ခံရပါတယ်။ တစ်နေ့လုံး အရည်ကုန်နေရင်
နောက်တစ်နေ့ ဆက်စောင့်ရတာပါပဲ။

အထက်မှာပြောခဲ့သလို တန် ဖိုးနည်းအိမ်ရာတွေ ဝယ်ဖို့
ဘဏ် မှာငွေစုထားပြီး ကိုယ့်အလှည့် ရောက်မှ
‘‘အရည်ကုန်ပြီ’’ ဆိုရင် မခက်ပါလား။

လက်ရှိ CHDB ဘဏ်မှာ တန်ဖိုးနည်းအိမ်ရာဝယ်ယူဖို့ နယ်မှ
ဘဏ်ခွဲတွေအပါအဝင် စုဆောင်းငွေစာရင်း ဖွင့်ထားသူ
အရေအတွက်ဟာ ၁၈,၀၀၀ (တစ် သောင်းရှစ်ထောင်ကျော်)
ရှိတယ် လို့ သိရပါတယ်။

အဲဒီအထဲမှာ ၂၀၁၇ ဇွန်လအကုန်အထိ ပထမ အရစ်
တန်ဖိုးငွေ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးသူဟာ စုစုပေါင်း
၃,၀၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

အိမ်ခန်းရောင်းချမှုကို လေ့ လာကြည့်တဲ့အခါ
၂၀၁၇ စက် တင်ဘာ ၂ ရက်နှင့် စက်တင်ဘာ ၄ ရက်
နှစ်ရက်မှာ စုစုပေါင်းအိမ် ခန်း ၅၀၀ ခန့်နီးပါး ရောင်းချပေးနိုင်
ခဲ့တယ်လို့ သိရှိရပါတယ်။

၂၀၁၇ ဇွန်လကုန်အထိ ဘဏ်မှာ ကျပ်သိန်း ၃၀ စုဆောင်း
ပြီးသား အရေအတွက်ထဲမှ အနည်းဆုံး ၂,၀၀၀ ကျော်က
ဆက်လက် ဝယ်ယူခွင့် စောင့်ဆိုင်းနေကြမှာ ဖြစ်ပါတယ်။

အဲဒီလူတွေအတွက် အိမ်ခန်းလက်ကျန် ၅၆၅ ခန်းကို
မကြာမီ ဆက်လက်ရောင်းချပေးနိုင်မယ်လို့ သိရှိရပါတယ်။
အဲဒီအခါ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာမှာ သိန်း ၃၀
ပြည့်လာမယ့် ငွေစုဆောင်းသူတွေ တိုးလာဦးမှာမို့ ဝယ်ခွင့်
ရတဲ့ အရေအတွက်ဟာ ၃,၀၀၀ ခန့် ဖြစ်လာမှာ
သေချာပါတယ်။

နောက်ထပ် ၂၀၁၇ နှစ်ကုန်မှာ ဒဂုံ (ဆိပ်ကမ်း)မှ မနော်ဟရီ
အိမ်ရာဆိုတဲ့ စီမံကိန်းမှာ အိမ်ခန်း ၉၆၀ ခန်းလည်း
ပေါ်ထွက်လာမယ်လို့ သိရှိရပါတယ်။ အဲဒါတွေ အကုန်
စုစုပေါင်းပြီး အိမ်ခန်း ၁,၅၀၀ ခန့် ရောင်းလိုက်ရင်တောင်
ဝယ်လိုအားက ၁,၅၀၀ ခန့် ကျန် နေဦးမယ်လို့ အကြမ်းဖျင်း
တွက်လို့ရပါတယ်။

ဒါကြောင့် ပထမအရစ်သွင်း ငွေပေးပြီးပေမယ့် ဘဏ်က
အတိုးပဲရပြီး အိမ်ခန်းဝယ်ယူခွင့်ကို အိမ်ထာင်စု ၁,၅၀၀ ခန့်
ဟာ ဆက်လက်စောင့်ဆိုင်းနေကြရမှာ သေချာပါတယ်။
စီးပွားရေးသဘော အရ ဝယ်လိုအားက ရောင်းလိုအားထက်
မြင့်နေတာ ဖြစ်ပါတယ်။

ဝင်ငွေနည်းပြည်သူအချို့ဟာ အိမ်ခန်းလိုချင်လွန်းလို့
ဟိုဟာရောင်း ဒီဟာရောင်း၊ ဟိုကဆွဲ ဒီကဆွဲပြီး သိန်း ၃၀
ပြည့်အောင်ဖြည့်ရ၊ စုရတာတွေဖြစ်ပါတယ်။ သိန်း ၃၀
ဘဏ်ထဲကိုရောက်မှ အိမ်ခန်းက ဝယ်မရသေး၊ လက်ကျန်
မရှိသေး၊ ဒီတော့ ငွေတွေပြန်ထုတ်ရမှာလား၊ ဆက်ပြီး
ဘယ်လောက်အထိ စောင့်နိုင်မှာလဲဆိုတဲ့
အခြေအနေတွေ ကြုံလာရရှာမှာပါ။

‘‘ကျွန်မက မုဆိုးမပါ။ သား နှစ်ယောက်က စုဆောင်းပေးတာနဲ့
အမေအိုကြီးရဲ့ လက်ဝတ်လက်စားတွေ ရောင်းလို့ ရတာအပြင်
နည်းနည်းပါးပါး ချေးလို့ရတာလေးနဲ့ ပထမအရစ် ငွေသွင်းခဲ့
ရပါတယ်။ ဇူလိုင်မှာ သိန်း ၃၀ ပြည့်ခဲ့ပါပြီ။
ဒါပေမဲ့ ကိုယ်လိုချင်တဲ့ နေရာအတွက် ဆက်ပြီး တန်းစီရဦးမယ်
လို့ သိရပါတယ်။
လက်ရှိငှား နေတဲ့ အိမ်ခန်းက သီတင်းကျွတ် ရင် နောက်ထပ်
ခြောက်လစာ တင်ရဦးမှာ ဒုက္ခပါပဲ။
ဘာလုပ်ရမှန်း မသိတော့ပါဘူး’’ ဆိုတဲ့ စကားသံ ကိုလည်း
ကြားခဲ့ရပါတယ်။

တစ်ဖက်မှာ CHDB ဘဏ်က ပထမ အရစ် သိန်း ၃၀ ကို
လျှော့ပေးဖို့၊ အရစ်ကျငွေသွင်းကာလကို ၁၅ နှစ်အထိ
တိုးမြှင့်ပေးဖို့၊ အနည်းဆုံး အိမ်ထောင်စုဝင်ငွေ သတ်မှတ်ချက်
ကို သုံးသိန်းအောက်လျှော့ချ ဖို့ ကြိုးစားနေတဲ့ သတင်းတွေ
ကြားသိနေရပြီး အဲဒီအစီအစဉ် တွေဖြစ်လာရင် အိမ်ခန်း
ဝယ်လိုတဲ့  ဝင်ငွေနည်းပြည်သူတွေ ဘဏ်မှာ အလုအယက်
စုဆောင်းလာကြဦးမှာ အလွန်သေချာပါတယ်။

အဲဒီ အခါ လျှောက်ထားတဲ့အရေအတွက် စုပုံမှု
(Housing Backlog) ဟာ ကြောက်ခမန်းလိလိတိုးပွား
လာနိုင်ပါတယ်။ ဖြည့်ဆည်းရေး (Supply)ကို လက်ရှိထက်
အရှိန် အဟုန်မြှင့်ပေးကြဖို့ လိုအပ်လာပြီ ဆိုတာ
အလွန်ထင်ရှားနေပါ တယ်။

ဒါကြောင့် အဓိကထုတ်လုပ် ဖြည့်ဆည်းပေးတဲ့ မြို့ပြနှင့်
အိမ်ရာ ဖွံ့ဖြိုးရေးဌာနအနေနဲ့ မြေတွေ ထပ်ရအောင်၊
ငွေအရင်းအနှီး ထပ်မံရရှိအောင် ဘယ်လိုလုပ်မလဲလို့
တီးခေါက်ကြည့်တဲ့အခါ မှာ အစွမ်းကုန် ရုန်းကန်နေရတာ
ပါပဲလို့ ကြားရ သိရ ပါတယ်။

ကျိုက်ထီးရိုးက ရွှေရင်ဆို့တက်ရသလိုဖြစ်နေပြီလို့
တချို့က ပမာ ပြုကြ ပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့
ဘဏ်စုဆောင်းငွေ စနစ်နဲ့ ချိတ်ဆက်ထားတဲ့ တန်ဖိုးနည်း
အိမ်ရာတွေ ဖြည့်ဆည်းမှုမှာ Backlog မဖြစ်အောင်
အထူးစီမံချက်များ ချမှတ်ပြီး ဦးစားပေး ဆောင်ရွက်ရန်
လိုအပ်ကြောင်း အကြံပြုလိုပါတယ်။

၂၀၁၈ မှာ ဒဂုံ(ဆိပ်ကမ်း)မှ ရိုးမအိမ်ရာစီမံကိန်းအရ
တည်ဆောက်ဆဲ အိမ်ခန်း ၂,၀၀၀ ခန့်ပြီးမယ် ဆိုတဲ့
သတင်းကိုလည်း ကြားသိရပါ တယ်။

ဘာပဲဖြစ်ဖြစ် ပြည်သူများရဲ့ ပထမအရစ်ချေးငွေသွင်းပြီးတဲ့
ကာလနဲ့ အိမ်ရာဖြည့်ဆည်းပေးရမယ့် ကာလဟာ များစွာ
အလှမ်း မကွာစေချင်ပါဘူး။

မန္တလေးက မြရည်နန္ဒာအိမ်ရာစီမံကိန်းမှာ မဲနှိုက်ရောင်းချပြီး
ရှစ်လခန့်ကြာသည့်တိုင်အောင် လျှပ်စစ်မီးမရလို့ အိမ်ခန်း
မအပ်နိုင်သေးဘူးဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။

- ရန်ကုန်မှာသာမက တခြား ဒေသတွေမှာပါ တန်ဖိုးနည်း
အိမ်ရာတွေကို ပထမအရစ်ငွေသွင်းပြီးတာနဲ့ အချိန်
အနည်းငယ်အတွင်း လက်ဝယ်ပိုင်ပိုင် ရရှိနိုင်အောင်
စီစဉ်ပေးကြဖို့၊
- မျှော်လင့်ကြီးစွာနဲ့ ငွေသွင်းပြီးခါမှ ‘အရည် ကုန်ပြီ’ဆိုတာမျိုး
မကြုံရအောင် စီစဉ်ဆောင်ရွက်ပေးကြဖို့၊
- ‘ငွေသွင်းအရောင်းစနစ်’မှာ အစိုးရဘက်က ငွေယူပြီး
လစ်ဟင်းမှုရှိတာမျိုး မဖြစ်စေဖို့ ကြိုးပမ်းဆောင်ရွက်
ပေးကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။

(မြင့်မိုရ်ဆွေ)

credit - 7day Daily  

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

“မျှော်လင့်နေကြသော ကွန်ဒို နည်းဥပဒေ”

“မျှော်လင့်နေကြသော ကွန်ဒို နည်းဥပဒေ”

၁။ "ကွန်ဒိုတစ်လုံး၏ လေးပုံတစ်ပုံကို
နိုင်ငံခြားသား တစ်ဦးတည်း က ဝယ်ယူနိုင်မည်"

မကြာခင် ထုတ်ပြန်မည့် ကွန်ဒိုနည်းဥပဒေတွင်
နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတစ်ခုလုံး၏ စုစုပေါင်း
အခန်း ၄ဝ ရာခိုင်နှုန်းထိ ဝယ်ယူခွင့် ပြုပေးမည်ဖြစ်ပြီး
တစ်ဦးတစ်ယောက်တည်းက ဝယ်ယူလိုလျှင် အများဆုံး
၂၅ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ရမည်ဟု မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲ မှ
ဒုတိယညွှန်ကြားရေးမှူး ဦးနွေမှူးက ပြောသည်။

မြန်မာနိုင်ငံမှ နာမည်ပျက်စာရင်းသွင်းခံထားရသူများမှာမူ
ဝယ်ယူခွင့်ရမည်မဟုတ်ပေ။

လက်ရှိ အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ်
အေးစက်နေရာ ယင်းအတွက် မျှော်လင့်ချက်တစ်ခု
ဖြစ်သော နိုင်ငံခြားသားများကိုပါ အခန်းဝယ်ခွင့် ပေးမည့်
ကွန်ဒိုဥပဒေကို အများက စောင့်မျှော် နေခဲ့ကြသည်။

သို့သော် ဥပဒေ၏နောက်ဆက်တွဲဖြစ်သည့် နည်းဥပဒေ
မထွက်သေးသဖြင့် အသေးစိတ် လုပ်ထုံးလုပ်နည်းများ
အသက်မဝင်သေးသဖြင့် ဈေးကွက် မသွက်လာသေးဘဲ
နည်းဥပဒေကို ဆက်စောင့်နေခဲ့ကြရသည်။

သို့ရာတွင် နည်းဥပဒေမှာလည်း မကြာခင် ထွက်ရှိ
တော့မည်ဟု တာဝန်ရှိသူများက ဆိုထားပြီး
ယင်းနည်းဥပဒေတွင် ပါဝင်လာမည့် ပြဠာန်းချက်များအား
ဦးနွေမှူးက မြန်မာတိုင်း(မ်)ကို ပြောကြားခြင်းဖြစ်သည်။

ကွန်ဒို ဥပဒေတွင် အခန်းဝယ်ယူသူတိုင်းသည်
မိမိဝယ်ထားသည့် အခန်းပမာဏအတိုင်း မြေရာကိုလည်း
ခွဲဝေပိုင်ဆိုင်ခွင့်ရှိသည်ဟု ပြဠာန်းထားရာ
နိုင်ငံခြားသားများကလည်း မြေရာပိုင်ဆိုင်ခွင့်ရှိမည့်
သဘော ဖြစ်နေသည်။

သို့ဖြစ်၍ ယင်းအချက်ကိုမူ နည်းဥပဒေဖြင့် ထပ်မံကန့်သတ်
သည့်အနေဖြင့် နိုင်ငံခြားသားသည် အဆောက်အအုံ၏
သက်တမ်း ကာလအတွင်းသာ ပိုင်ဆိုင်ခွင့်ရှိရမည်
ဟူသည့် အချက်ကို ထပ်မံဖြည့်သွင်းရန် ရှေ့နေချုပ်ရုံးက
အကြံပြုလာသဖြင့် ညှိနေရသေးကြောင်း ဦးနွေမှူးက
ဆိုသည်။

ကွန်ဒိုဆောက်သူသည် အုတ်မြစ်ချလုပ်ငန်း ၃ဝ ရာခိုင်နှုန်း
ပြီးစီးမှ မှတ်ပုံတင်အရာရှိထံသို့လာရောက် အသိပေးရမည်
ဖြစ်ကာ ထိုသို့အသိပေးပြီးမှသာ အခန်းများကို ကြိုပွိုင့်စနစ်
ဖြင့် စတင်ရောင်းချနိုင်မည် ဖြစ်သည်။

ကြိုတင်ရောင်းချရငွေကိုလည်း ဘဏ်တွင်အပ်နှံကာ
အဆောက်အအုံတည်ဆောက်မှု အတွက်သာ ထုတ်ယူ
သုံးစွဲရမည်ဖြစ်ပြီး ပြင်ပတွင် သုံးစွဲခွင့် မရှိကြောင်း
၎င်းက ဆိုသည်။

''တချို့က အခန်းတစ်ခန်းတည်းကို သုံးယောက်လောက်
လိုက်ရောင်းထားတာမျိုးရှိတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး
ဝယ်ယူသူဘက်က အလိမ်အညာ ခံရတာမျိုး မဖြစ်အောင်
ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်''ဟု ဦးနွေမှူးက
ပြောသည်။

ကွန်ဒိုနည်းဥပဒေ ထွက်ရှိလာပါက ပိုင်ဆိုင်မှုများ သေချာ
ခိုင်မာလာမည်ဖြစ်ပြီး ရရှိရမည့် အကျိုးခံစားခွင့်များကိုလည်း
ဝယ်ယူသူများဘက်မှ သေချာပိုင်းခြား သိမြင်လာမည်
ဖြစ်ကြောင်း၊ လက်ရှိ အေးစက်နေသော အိမ်ရာအရောင်း
ဈေးကွက်လည်း သွက်လာမည်ဟု ဦးနွေမှူးက
ခန့်မှန်းသည်။

ထို့ပြင် နည်းဥပဒေတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အနေဖြင့် ဈေးကစားခြင်း မပြုလုပ်စေရန် အဆောက်အအုံ၏
၇၅ ရာခိုင်နှုန်းကို မဖြစ်မနေ ရောင်းကိုရောင်းရမည်ဟူသည့်
အချက်ကို ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

အာရှမြေဆောက်လုပ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ
ဦးရန်အောင်ကမူ
ကွန်ဒိုနည်းဥပဒေတွင် ကွန်ဒိုတိုက်ခန်းများအတွက်သာမက
အခြားအထပ်မြင့်အဆောက်အအုံများအတွက်ပါ ထည့်သွင်း
ရေးဆွဲစေလိုကြောင်း၊
ဘိုးဘွားစဉ်ဆက် အမွေဆက်ခံခွင့်ရရှိစေရန်၊
မြေပိုင်ခွင့် ရရှိစေရန်၊
ခိုင်မာမှုနှင့် ပိုင်ဆိုင်မှုအတွက် အာမခံချက်အခိုင်အမာရှိစေရန်၊
ဘဏ်နှင့်ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူခွင့်ရရှိစေရန် စသည့်
အချက်များ ပါဝင်လာရန် မျှော်လင့်ကြောင်း ပြောသည်။

ကွန်ဒိုဥပဒေတွင်ပါရှိသည့် နိုင်ငံခြားသား ဝယ်ယူခွင့်ပေးမည့်
အချက်သည် အိမ်ခြံမြေဈေးကွက်ကို ပြန်လည် ဦးမော့
လာစေနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ
လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုဥက္ကဠ
ဦးစိုင်းခွန်နောင်က ပြောသည်။

နိုင်ငံခြားသားများအတွက် ငှားရမ်းနေထိုင်ခြင်းသည်
ဈေးနှုန်းအတက်အကျ မြန်လွန်းသည့် အတွက်
အဆင်မပြေမှုများ ရှိကြောင်း၊
အခန်းဝယ်ယူခွင့်ပြုလိုက်ပါက ကွန်ဒိုဈေးကွက်ကို
အထောက်အကူပြုနိုင်ကြောင်း၊
ကွန်ဒိုဥပဒေတွင် ပါဝင်သည့် အရည်အသွေးကန့်သတ်ချက်
များကြောင့် အဆောက်အအုံများ ပိုမိုကောင်းမွန်လာမည်ဟု
မျှော်လင့်ကြောင်းလည်း ၄င်းကဆိုသည်။

''ဥပဒေကို လေ့လာရသလောက် တော်တော်ပြည့်စုံပြီး
လက်ခံလို့ရတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
နည်းဥပဒေကိုတော့ မြန်မြန်ထွက်လာဖို့ပဲ မျှော်လင့်ပါတယ်''
ဟု ၄င်းက ဆက်ပြောသည်။

ကွန်ဒိုတစ်လုံးသည် အနည်းဆုံးမြေဧရိယာ စတုရန်း ပေ
၂ဝ,ဝဝဝ နှင့် အထက်ရှိရမည်ဖြစ်ပြီး ခြောက်လွှာနှင့်အထက်
ရှိရမည်ဟု ဥပဒေတွင် ပြဠာန်းထားသည်။

နည်းဥပဒေထွက်ပြီးပါက ဥပဒေနှင့်ကိုက်ညီသော
အဆောက်အအုံမှန်သမျှ သတ်မှတ်ချက်အတိုင်း
အကျိုးခံစားခွင့် ရမည်ဖြစ်ကာ နည်းဥပဒေမထွက်မီ
ဆောက်ထားသော အဆောက်အအုံများလည်း စံနှင့်ညီလျှင်
အကျိုးခံစားခွင့်ရမည်ဖြစ်သည်။

(ရည်ရွယ်မြင့်)

*****

၂။ "ကွန်ဒိုနည်းဥပဒေတွင် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းပြီးမှသာ
ကြိုပွိုင့်ရောင်းခွင့်ပြုမည့်အချက် ပါဝင်မည်"

မကြာမီ ထုတ်ပြန်မည့် စုပေါင်းပိုင် အဆောက်အအုံ
နည်း ဥပဒေ Condo Law တွင် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းပြီး
မှသာ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချနိုင်မည် ဆိုသော အချက်
ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

စက်တင်ဘာ နောက်ဆုံးပတ်တွင် ထုတ်ပြန်မည့်အဆိုပါ
နည်းဥပဒေ၌ အထက်ပါအချက်များ ထည့်သွင်းရေးဆွဲထား
ခြင်းကြောင့် မူလဥပဒေထက် နည်းဥပဒေသည် ပိုမိုပြည့်စုံ
ကောင်းမွန်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အထူးသဖြင့် ကြိုပွိုင့်ရောင်းချခြင်းမှ ရရှိသည့် ငွေများကို
ဘဏ် တွင် အပ်နှံထားရမည်ဖြစ်ပြီး ယင်း ငွေများ ကို
ဆောက်လုပ်ရေးလုပ်ငန်းအတွက်သာ ပြန်လည်အသုံး
ပြုရမည်ဖြစ်ကာ ပြင်ပ၌သုံးစွဲ ခွင့် မရှိကြောင်း သတ်မှတ်ချက်
များ ပါဝင်လာမည်ဖြစ်သည်။

‘‘ကြိုပွိုင့်ကိုထိန်းချုပ်ချင်လို့ လုပ်တာကောင်းပေမယ့် ကွန်ဒို
ဆောက်တဲ့ လုပ်ငန်းရှင်တွေအတွက် ဒီအချက်က
အခက်အခဲတော့ မရှိနိုင်ပါဘူး။
ရပ်ကွက်ထဲမှာ ဆောက်မယ့် လုပ်ငန်းရှင်ငယ်လေးတွေ
အတွက်တော့ အ ခက်အခဲရှိနိုင်တယ်’’ ဟု
ကျော် ဆောက်လုပ်ရေးလုပ်ငန်း ပိုင်ရှင်
ဦးမြင့်ထွေးက သုံးသပ်သည်။

အဆိုပါနည်းဥပဒေသည် မူလက သြဂုတ်နောက်ဆုံးပတ်တွင်
ထုတ်ပြန်ရန် စီစဉ်ထားသော်လည်း ပိုမိုကောင်းမွန်ရန်
ပြင်ဆင် နေသောကြောင့် စက်တင်ဘာ နောက်ဆုံးပတ်မှသာ
ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်နိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့၌တည်ဆောက် ပြီးစီးနေသော ကွန်ဒိုတိုက်ခန်း
အများစုတွင် နိုင်ငံခြားသားများကို ဦးစားပေးရောင်းချနိုင်ရန်
ကွန်ဒို ဥပဒေ၌ လိုအပ်နေသော နည်းဥပဒေကို
စက်တင်ဘာ နောက်ဆုံးပတ်၌ ထုတ်ပြန်ရန်ရှိသည်။

မြေ နှင့် အခန်းကိုပါ နှစ်ခုစလုံး ပူးတွဲ ပိုင်ဆိုင်ခွင့်ရမည့်
ကွန်ဒိုဥပဒေကို ၂၀၁၅ ဇန်နဝါရီက အတည်ပြု ပြဋ္ဌာန်း
သော်လည်း နည်းဥပဒေ ကို ၂၀၁၇ စက်တင်ဘာမှသာ
ထုတ်ပြန်နိုင်မည့် အခြေအနေဖြစ်သည်။

ကွန်ဒိုဥပဒေ၏ နည်းဥပဒေသည် ယခုအချိန်၌ ရှေ့နေချုပ်ရုံး
သို့ ရောက်ရှိနေပြီး ဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရ
အဖွဲ့သို့ ပို့ဆောင်မည် ဖြစ်သည်။

ယင်း ဥပဒေ၏ အရေးပါသည့် အချက် ဖြစ်သော
ခြောက်လွှာနှင့် အထက်တွင် စတင်ပြီး နိုင်ငံခြားသား
အမည်ပေါက်ဖြင့် ၄၀ ရာခိုင်နှုန်း ဝယ်ယူခွင့်ကို နည်းဥပဒေ၌
ပြင်ဆင်ထားခြင်းမရှိပေ။

သို့သော် နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့် တစ်ပါးတည်းရမည်
ဆိုသော်လည်း အဆောက်အအုံ တည်ရှိနေစဉ် အတွင်းသာ
ပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်ကြောင်း နည်း ဥပဒေတွင်
ထည့်သွင်းထားသည်။

ရန်ကုန်မြို့တွင် နိုင်ငံခြားသား ဝယ်သူများကို မျှော်လင့်
နေသော ကွန်ဒိုတိုက်ခန်း သောင်းဂဏန်းကျော်ရှိပြီး
ကွန်ဒိုဥပဒေ၏ အသက်ဖြစ်သော နည်းဥပဒေ ထွက်ရှိ
တော့မည်ဆိုခြင်းကြောင့် အရောင်းအဝယ် ပြန်ကောင်းလာ
နိုင်ကြောင်း ဦးမြင့်ထွေးက သုံးသပ်သည်။

ယခုအခါ နိုင်ငံခြားသားများ ကို ရောင်းချရန် အခက်အခဲ
ဖြစ်နေခြင်းသည် ကွန်ဒိုဥပဒေပါ အချို့အချက်အလက်များ
က လက်တွေ့ ကျင့်သုံးရန် ခက်ခဲသဖြင့် နိုင်ငံခြားသားများ
ဝယ်ယူမှုနည်းပါး ခြင်းဖြစ်ကြောင်း တော်ဝင်
ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး က
တပ်မတော်ခန်းမ၌ ပြုလုပ်သော အိမ်ခြံမြေဆိုင်ရာ
ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားသည်။

ကွန်ဒိုနည်းဥပဒေထွက်ပေါ်လာပါက ဝယ်ယူသူဘက်မှ
အ ကျိုးခံစားခွင့်နှင့် ပိုင်ဆိုင်မှု ပိုမို ကောင်းမွန်လာနိုင်သော
ကြောင့် လက်ရှိအေးစက်နေသော ဈေးကွက် ကောင်းမွန်
လာနိုင်ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ က
မျှော်လင့်နေသည်။

(မိုးညို)

credit - The Myanmar Times & 7day Daily 

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

"မြေအမျိုးအစားများနှင့် သိမှတ်ဖွယ်များ"

"မြေအမျိုးအစားများနှင့် သိမှတ်ဖွယ်များ"

၁။ "မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း
လေ့လာကြစို့

ယနေ့ခေတ်တွင် အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ငန်းများကို
စီးပွားရေးလုပ်ငန်းကြီး တစ်ခုသဖွယ် လူအများအပြားက
ဝင်ရောက်လုပ်ကိုင်ကာ ရင်းနှီြး မှုပ်နှံလာကြသည် ကို
တွေ့ရသည်။

"မြေအကြောင်းနားလည်သူများ ကောင်းစာနေသည့်ခေတ်"

သို့သော် အခြေအနေအချိန်အခါမေး၍ အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်နေကြ
သော်လည်း "မသိသူကျော်သွား၊ သိသူဖော်စား" ဆိုသကဲ့သို့
အိမ်ခြံမြေတွင် မြေအမျိုးအစားအမျိုးမျိုး ရှိသည်ကို
သိသူများက တရားဝင်သာည့်မြေ၊ တရားမ၀င်သည့်မြေ၊
အဖိုးတန်သည့်မြေ၊ အဖိုးနည်းသည့်မြေ စသည်ဖြင့်
သိကျွမ်းနားလည်ကြသူများက အကျိုးအမြတ်များ ရရှိကာ
ကောင်းစာနေကြသည်ကို တွေ့ရသည်။

"မသိမဖြစ် အိမ်ခြံမြေ (၁၀) မျိုးရှိ"

သို့သော် မြေအမျိုးမျိုးအကြောင်း သိကျွမ်းနားလည်မှု
နည်းသူများကမူ သူများနည်းတူ ရောင်းဝယ်ကြသော်လည်း
အကျိုးအမြတ်ရရှိမှု နည်းပါးကာ "အရိုး အရင်းကိုက်"
ရသည့် အခြေအနေဖြင့်သာ တင်းတိမ်နေရသည်။

ထိုသို့မဖြစ်ကြစေရန် လူတိုင်းလူတိုင်း မြေအမျိုးအစား
တို့ကို သိသင့်သိထိုက်ကြပေသည်။
လေ့လာသင့်လေ့လာနိုင်ကြပေသည်။

ထို့ကြောင့်အိမ်ခြံမြေအကြောင်းလေ့လာနေသူများအနေဖြင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ မြို့ပြနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေး ဆိုင်ရာ
နည်းဥပဒေများတွင် ပါရှိသည့် မြေ (၁၀) မျိုး အကြောင်း
ရှာဖွေတင်ပြလိုက်ပါသည်။

"မြို့ပြအိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့်မြေစီမံခန့်ခွဲရေး ဆိုင်ရာ
သိစရာများ"

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည်
၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ဥပဒေ ပုဒ်မ ၈၅၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်း ထားသော
လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများ
ကို ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ဤလုပ်ထုံးလုပ်နည်းများတွင် ပါရှိသော စကားရပ်များသည်
၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ
"မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာ
နည်းဥပဒေများ" တွင် ပါရှိသည်ကို လေ့လာတွေ့ရှိရသည်။

"မြေပိုင်မြေ"

မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း
စနစ်တကျမြို့ကွက်ဖော်ထုတ်ကာရောင်းချခဲ့၍ ၀ယ်ယူ
ပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့်
မြေကိုဆိုင်သည်။

"ဘိုးဘပိုင်မြေ"

ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်
ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊
ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးချ" ပိုင်ဆိုင်လာ၍
လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကို
ဆိုလိုသည်။

"ဂရန်ရှိမြေပိုင်မြေ"

ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်
ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့်
ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့်
မြေကိုဆိုလိုသည်။

"လိုင်စင်မြေ"

လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာ
မြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်
သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်
ပေးထားသော မြေကိုဆိုလိုသည်။

"ပါမစ်မြေ"

ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့်
စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့မဟုတ်
"အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော
မြေကိုဆိုလိုသည်။

"မြေငှားဂရန်မြေ"

မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်
ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့
အရ ကော်မတီက စည်းကမ်းချက်များ သတ်မှတ်ပြီး
နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့်
အငှားချထားသည့်မြေကိုဆိုလိုသည်။

"စကွာတာမြေ"

"စကွာတာမြေ" ဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့၍
လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်
အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေငှားစာချုပ်ပါ
စည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း
"မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေ" ကို
ဆိုလိုသည်။

"ကျူးလွန်ခြင်းမြေ"

"ကျူးလွန်ခြင်းမြေ" ဆိုသည်မှာ လူနေရပ်ကွက်အတွင်း
စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း
"ပြေစာဖြင့်ကောက်ခံသည့်မြေ" မျိုးကိုဆိုလို သည်။

"ကျူးကျော်မြေ"

ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက
စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ
မရှိသူများ ၀င်ရောက်နေထိုင်လျှက်ရှိသော မြေကို
ဆိုလိုသည်။

"မြို့ကွက်မြေပုံ"

မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများ
ဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်
ဖော်ထုတ်ထားသည့် အခြေခံမြေပုံကိုဆိုလိုသည်။

"မြို့မြေစာရင်း"

မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်
ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊
နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်
မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို
ဆိုလိုသည်။

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော
မြေများဖြစ်ပါ သည်။

ယင်းသို့မြေ အမျိုးမျိုးအကြောင်း တင်ပြပြီးနောက်
သာသနာမြေ (၄) မျိုး အကြောင်းလည်း ရှင်းပြလိုပါ
သေးသည်။

"အခွန်လွတ်သာသနာ့မြေ"

အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ
သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်
က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက်
လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု
ထုတ်ပေးသောမြေကို ဆိုသည်။

"အခွန်လွတ်သာသနာ့မြေဂရန်"

အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊
သာသနာမူ အလို့ငှာ တည်ဆဲဥပဒေနှင့်အညီ
"မြေယာပိုင် ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေးသည့်
လက်မှတ်ကိုဆိုသည်။
(၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်တော်နည်း
ဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်)
(အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊
နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

"အခွန်လွတ်ဗဒ္ဓသိမ်မြေ"

" အခွန်လွတ်ဗဒ္ဓသိမ်မြေ " ဆိုသည်မှာ သာသနာမြေအတွင်း
ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ
လူပုဂ္ဂိုလ်ကသာလျှောက်ထားခွင့်ရှိသည့် မြေကိုဆိုသည်။

"အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်"

" အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်" ဆိုသည်မှာ တည်ဆဲဥပဒေနှင့်
အညီ "၀ိသုံဂါမသိမ်" အဖြစ်အသုံးပြုရန် အသီးအခြားမြေပေး
အမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကို
ဆိုသည်။
(အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊
နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ
နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာ
အကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင် ပတ္တာ
စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ
လျှောက်ထားခွင့်ရှိသောမြေနှင့် "၀ိသုံဂါမသိမ်" အသုံးပြုရန်
အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့်
လက်မှတ်တို့လည်း ပါဝင်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

(လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ)

*****

၂။ "သိရှိထားသင့်သော မြေအမျိုးအစားများနှင့်
မြေအမျိုးအစားတစ်ခုချင်းစီ၏ အသုံးဝင်ပုံများ"

(က) မြေပိုင်မြေ
(ခ) ဘိုးဘပိုင်မြေ
(ဂ) ဂရန်ရှိမြေပိုင်မြေ ဘိုးဘွားမိဘလက်ထက်ကပင်
ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုး
ဖြစ်သည်။

(၁) မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။
(၂) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက
ရောင်းချခွင့် ရှိသည်။
(၃) မြေအမည်ပေါက်ထံမှအထွေထွေကိုယ်စားလှယ်လွှဲစာ
(သို့) အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက
ရောင်းချခွင့်ရှိသည်။
(၄) မြေအမည်ပေါက်ထံမှ အမွေဆက်ခံ ပိုင်ဆိုင်သူထံမှ
အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ်
လွှဲစာလွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
မှတ်ချက် -
(မြေအမည်ပေါက်ထံမှအမွေဆက်ခံသူမသေဆုံးမီနှင့်
လွှဲစာ ပြန်လည်မရုပ်သိမ်းမီကာလအတွင်း)။
(၅) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့်
လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၆) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်
စာချုပ်ဖြင့်လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၇) မြေဧရိယာတစ်ခုလုံး၏ထက်ဝက်သော်လည်းကောင်း၊
တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊
မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း ရောင်းချခွင့်
ရှိသည်။
(၈)မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား
ဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆို
ဝယ်ယူနိုင်သည်။

"မြေငှားဂရန်မြေ"
။။။။။။။။။။။။။။။။။။။

မြေများကို စည်းကမ်းချက်သတ်မှတ်၍
အနှစ်(၆၀) ၊ အနှစ်(၉၀) ၊ (၂၅) နှစ်အစရှိသော
နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားသည့် မြေမျိုး
ဖြစ်သည်။

(၁) မြေအမည်ပေါက်က (၃)လတစ်ကြိမ် မြေခွန်ဆောင်
ရသည်။
(၂) အဆောက်အဦးရှိပါက (၃)လတစ်ကြိမ်
အဆောက်အဦးခွန် ဆောင်ရသည်။
(၃) မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။
(၄) မြေအမည်ပေါက်သူထံမှ အမွေဆက်ခံ ပိုင်ဆိုင်ခွင့်
ရှိသူက ရောင်းချခွင့်ရှိသည်။
(၅) မြေအမည်ပေါက်ထံမှအထွေထွေကိုယ်စားလှယ်
လွှဲစာ(သို့)အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူ
က ရောင်းချခွင့်ရှိသည်။
မှတ်ချက်
(မြေအမည်ပေါက်မသေဆုံးမီနှင့်လွှဲစာပြန်လည်မရုမ်သိမ်းမီ
ကာလအတွင်း)။
(၆) မြေအမည်ပေါက်၏ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူထံမှ
အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ်
လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၇) မြေအမည်ပေါက်ထံမှ မှတ်ပုံတင် အပေးစာချုပ်ဖြင့်
လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၈) မြေအမည်ပေါက် ပူးတွဲပိုင်ဆိုင်ပြီးမှတ်ပုံတင်စွန့်လွှတ်
စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၉) မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊
ထက်ဝက်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်
လည်းကောင်း ရောင်းချခွင့်ရှိသည်။
မှတ်ချက်
(ရောင်းချသည့်အစိတ်အပိုင်းအတွက် ဂရန်ခွဲလျှောက်ထား
နိုင်သော်လည်းမျက်နှာစာအနည်းဆုံးပေ(၂၀)ရှိရန်နှင့်
စတုရန်းပေ(၁၂၀၀)ရှိရန်လိုသည်။)
(၁၀)မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား
ဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆို
ဝယ်ယူနိုင်သည်။

"ပါမစ်မြေ"
။။။။။။။။။။။။

စည်ပင်ဝပြောမှုမရှိသေးသည့်နေရာများတွင်
စည်းကမ်းချက်ဖြင့်သုံးစွဲခွင့်ပြုထားသည့်အိမ်ယာ
ဆောက်လုပ်နေထိုင်ခွင့် ချပေးထားသော မြေမျိုးဖြစ်သည်။

(၁) ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။
(၂) ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့်
ဝယ်ယူထားသူက ရောင်းချခွင့်ရှိသည်။
(၃) ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ၀ယ်ယူထားသူက
မြေငှားဂရန် လျှောက်ထားနိုင်သည်။
(၄) မြေငှားဂရန်တွင် လျှောက်ထားသူ အမည်ဖြင့်သာ
ရရှိပါသည်။

"လိုင်စင်မြေ"
။။။။။။။။။။။။။။။

မြို့နှင့်ရွာများအက်ဥပဒေအရသတ်မှတ်သည့်မြေမျိုးဖြစ်ပြီး
စည်းကမ်းချက်ဖြင့်ယာယီသုံးစွဲခွင့်ပေးသော မြေမျိုး ဖြစ်သည်။
ဥယျာဉ်ခြံမြေ၊စိုက်ပျိုးမြေ၊လယ်ယာမြေများသည်
လိုင်စင်မြေများဖြစ်ပါသည်။
လယ်ယာမြေတွင်အသုံးမ၀င်ကြောင်း ၀န်ခံချက်လက်မှတ်
ရရှိပြီး လန(၃၉)ထွက်ရှိမြေနှင့်
အိမ်ယာမြေသတ်မှတ်သည့်၃(ခ)ထွက်ရှိ မြေများကို
မြေငှားဂရန် လျှောက်ထားလျှင် မြေငှား စာချုပ်
ထုတ်ပေး ပါသည်။

"အိမ်အမျိုးအစားများ"
။။။။။။။။။။။။။။။။။။။။။။။

၁။ Hall Type - အခန်းဖွဲ့စည်းထားခြင်း မရှိခြင်းကို ခေါ်သည်။
၂။ BN - အောက်ခြေအုပ်ခံ၍ ပျဉ်ထောင်အိမ်
တည်ဆောက်ထားခြင်းကို ခေါ်သည်။
၃။ PT - သစ်သားများဖြင်သာ ဖွဲ့စည်းတည်ဆောက်ထားခြင်း
ကို ခေါ်သည်။
၎။ RC - အုပ်၊ ဘိလပ်မြေ၊ သံ၊ ဖွဲ့စည်းတည်ဆောက်ထားခြင်း
ကို ခေါ်သည်။

credit -  iMyanmar House & Property Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0