“မွန်ပြည်နယ် မှ ခေါင်းလောင်းသံ”
၁။ "လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် မရရှိသေးဘဲ
အကွက်ရိုက် ရောင်းချခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု
ရှိ မရှိနှင့် ယင်းဖြစ်စဉ်များ ကျူးလွန်သောဝန်ထမ်းများအား
အရေးယူရန် ရှိ မရှိ မွန်ပြည်နယ်လွှတ်တော်တွင်
မေးမြန်း"
မွန်ပြည်နယ်အတွင်း မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်း
ဦးစီးဌာနမှ ၀န်ထမ်းအချို့က လယ်ယာမြေကို တခြားနည်း
သုံးစွဲခွင့် မရရှိသေးဘဲ အကွက်ရိုက် ရောင်းချခြင်းသည်
တည်ဆဲ လယ်ယာမြေဥပဒေနှင့် ကိုက်ညီမှုရှိ မရှိ
သိလိုကြောင်းနှင့် ယင်းဖြစ်စဉ်များအား ကျူးလွန်သော
ဝန်ထမ်းများအား အရေးယူရန် ရှိ မရှိ မွန်ပြည်နယ်
လွှတ်တော်အစည်းအဝေးတွင် ပေါင်မြို့နယ် ပြည်နယ်
လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က စက်တင်ဘာ ၈ ရက်
နံနက်ပိုင်းက မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ
တွင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်
သတ္တမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင်
မေးမြန်းခဲ့သည်။
“မွန်ပြည်နယ် ပေါင်မြို့နယ် ရန်ကုန်-မော်လမြိုင်
ကားလမ်းဘေး ကျွဲခြံကျေးရွာကနေ အောက်ကွင်းတွေဘက်
ကော့ကရင်ကျေးရွာကို သွားတဲ့လမ်းဘေးမှာရှိတဲ့ ရွာနဲ့
နီးကပ်တဲ့ လယ်ယာမြေတွေ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်အထိ စပါးစိုက်ပျိုးလုပ်ကိုင်ထားတဲ့ လယ်ယာမြေ
ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလအကုန်လောက်မှာ
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက
ဝန်ထမ်းတွေ ပိုက်ဆံစုပြီးတော့ ခုနစ်ဧကခန့်ရှိတဲ့
လယ်မြေကို သိန်း ၅၅၀ နဲ့ ၀ယ်ယူခဲ့ပါတယ်။
ဝယ်ယူပြီးတော့ အကွက်ရိုက်ပြီး ရောင်းစားနေပါတယ်။
အဲဒီမြေအရောင်းအ၀ယ်လုပ်တဲ့ စာချုပ်ပေါ်မှာဆိုရင်
ရောင်းသူဘက်က မြေစာရင်း တာဝန်ရှိသူတွေပါတယ်။
မြေတိုင်းစာရေးတွေပါတယ်။ နောက်လက်ထောက်ဦးစီးမှူး
တွေပါတယ်။
ဝယ်တဲ့သူဘက်ကတော့ တစ်ဦးတည်း လက်မှတ်ထိုး
ထားတာ တွေ့ရပါတယ်။
အဲဒီအတွက်ကြောင့် မေးမြန်းလိုတဲ့ မေးခွန်းကတော့
မွန်ပြည်နယ်အတွင်းမှာ မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်း
ဦးစီးဌာနမှ ၀န်ထမ်းအချို့က လယ်ယာမြေကို တခြားနည်း
သုံးစွဲခွင့် မရရှိသေးဘဲ အကွက်ရိုက် ရောင်းချခြင်းသည်
တည်ဆဲ လယ်ယာမြေဥပဒေနှင့် ကိုက်ညီမှု ရှိ မရှိ သိလို
ကြောင်းနှင့် ယင်းဖြစ်စဉ်များအား ကျူးလွန်သောဝန်ထမ်းများ
အား ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်ကဲ့သို့
အရေးယူ ဆောင်ရွက်သွားမည်ကို သိရှိလိုပါတယ်” ဟု
ဦးထွန်းမင်းအောင်က လွှတ်တော် အစည်းအဝေးတွင်
မေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းမှုနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရ
အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး
ဝန်ကြီး ဦးထွန်းဌေးက
“မွန်ပြည်နယ်အတွင်းရှိ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနမှ ၀န်ထမ်းအချို့သည် လယ်ယာမြေကို
အခြားနည်းသုံးစွဲခွင့် မရသေးဘဲ အကွက်ရိုက် ရောင်းချခြင်း
သည် တည်ဆဲ လယ်ယာမြေဥပဒေနှင့် ကိုက်ညီမှု ရှိ မရှိ၊
ထို့ပြင် ၀န်ထမ်းဥပဒေနှင့် ကိုက်ညီမှု ရှိ မရှိနှင့် စပ်လျဉ်း၍
မြေယာဥပဒေ အခန်း (၄)၊ လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူ
လိုက်နာရမည့် စည်းကမ်းချက်များ၊
လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) တွင်
* လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြု *
ဟု ပြဋ္ဌာန်းထားပါသဖြင့် ၀န်ထမ်းသာမဟုတ် လယ်ယာမြေ
လုပ်ပိုင်ခွင့်ရှိသူ အားလုံးသည် အခြားနည်း အသုံးပြုခွင့်
ခွင့်ပြုချက်မရရှိသေးဘဲ အခြားနည်းလမ်းသုံးစွဲခဲ့လျှင်
တည်ဆဲ လယ်ယာမြေဥပဒေနှင့် ကိုက်ညီမှုမရှိပါ။
ခွင့်ပြုမိန့်မရှိဘဲ လယ်ယာမြေကို အခြားနည်းသုံးစွဲသူသည်
ဝန်ထမ်းဖြစ်ခဲ့ပါက ၀န်ထမ်းဥပဒေနှင့်လည်း ကိုက်ညီမှု
မရှိပါသဖြင့် အဆိုပါ ဖြစ်စဉ်များတွင် လယ်ယာမြေစီမံ
ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၀န်ထမ်းတချို့က
အမှန်တကယ် ခွင့်ပြုချက်မရှိသေးဘဲ အခြားနည်းသုံးစွဲခဲ့လျှင်
တည်ဆဲနိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ
အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း" ပြန်လည်
ဖြေကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရသစ်လက်ထက်
တွင် မွန်ပြည်နယ်၌ မြေစာရင်း ဦးစီးဌာနမှ သက်ဆိုင်ရာ
ဝန်ထမ်းအားလုံး စုစုပေါင်း ၃၃ ဦးအား အရေးယူ
ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး
ဦးထွန်းဌေး၏ ပြောကြားချက်များအရ သိရသည်။
(ဘိုဘိုမြင့်)
*****
၂။ "မွန်တွင် မြေစာရင်းဝန်ထမ်း ၃၃ ဦး အရေးယူခံရ"
မွန်ပြည်နယ်အတွင်း စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သည့်
မြေစာရင်းဝန်ထမ်း ၃၃ ဦးကို အရေးယူထားသည်ဟု
မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူးရေးနှင့်
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက
စက်တင်ဘာလ ၈ ရက်က ပြောသည်။
မွန်ပြည်နယ်တွင် မြေစာရင်းဝန်ထမ်း ၄၀၀ ကျော်ရှိပြီး
NLD အစိုးရသက်တမ်း ၁ နှစ်နှင့် ၄ ကျော်ကာလ အတွင်းတွင်
စစ်ဆေးပေါ်ပေါက်ချက်အရ ဝန်ထမ်း ၃၃ ဦးကို အရေးယူမှု
ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။
“တချို့ကလည်း ငွေကြေးပိုင်းဆိုင်ရာမှာ တကယ်ပဲ ပါဝင်
ပတ်သက်နေတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့
အရေးယူလိုက်တယ်၊
တခြားပြစ်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက်တယ် ဆိုရင်လည်း
ပြစ်မှုပိုင်းဆိုင် ပုဒ်မတွေနဲ့ အရေးယူတယ်။
တချို့ကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအရ နိုင်ငံဝန်ထမ်း
ဥပဒေနဲ့ အရေးယူတယ်” ဟု ဦးထွန်းဌေးက ပြောသည်။
အရေးယူခံရသည့် မြေစာရင်းဝန်ထမ်း ၃၃ ဦးတွင် အမြင့်ဆုံး
ဒုမြို့နယ် ဦးစီးမှူး ရာထူးအဆင့်ထိ ပါဝင်ကြောင်း
၎င်းက ဆက်ပြောသည်။
အဆိုပါ မြေစာရင်းဝန်ထမ်း ၃၃ ဦး အရေးယူခံရသည့် ကိစ္စသည်
ယခင်အစိုးရလက်ထပ်က ကျူးလွန်ထားခဲ့သည့် ကိစ္စများဖြစ်ပြီး
ယခုအစိုးလက်ထက်တွင် ပြန်လည်ဖော်ထုတ်
အရေးယူလိုက်ခြင်း ဖြစ်သည်။
အရေးယူခံရသူများအား ၄င်းတို့ ကျူးလွန်ဖောက်ဖျက်ထားသည့်
ပြစ်ချက်အပေါ်မူတည်ပြီး တချို့ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်း၊
တချို့ကို အဂတိလိုက်စားမှု ဥပဒေဖြင့် အရေးယူထားခြင်း၊
တချို့ကို ရာထူးတိုး ဆိုင်းငံ့ခြင်း၊ ရာထူး လျှော့ချခြင်း၊
သတိပေးခြင်း၊ စာဖြင့် သတိပေး တားမြစ်ခြင်းတို့ဖြင့် အရေးယူမှု
ပြုလုပ်ထားခဲ့ကြောင်း ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းအင်း ဦးစီးဌာနမှ သိရသည်။
ထို့အတူ NLD အစိုးရလက်ထက်တွင် မွန်ပြည်နယ်အတွင်း၌
အုပ်ချုပ်ရေးမှူး ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားလာသည့်အမှု
၂၉ မှုဝန်းကျင်ရှိပြီး အများစုသည် ကျင့်ဝတ်ဖောက်ဖျက်မှု၊
အဂတိလိုက်စားမှုနှင့် ကျေးရွာမြေကွက် ရောင်းစားမှုတို့ဖြင့်
တိုင်ကြားခံရသူများ ဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ
သိရသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူး
၇ ဦး ကိုလည်း တာဝန်မှ ရပ်စဲခဲ့ပြီး ဖြစ်ကြောင်း
မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
credit - Eleven Media Group & The Voice
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment