Sunday, September 17, 2017

“ယနေ့ ကန်ထရိုက် လောက”

“ယနေ့ ကန်ထရိုက် လောက”

၁။ "ဈေးကွက်ပျက်ပြီးနောက် ဓလေ့ပြောင်းသွားတဲ့
ကန်ထရိုက် ဈေးကွက်"

လွန်ခဲ့သောနှစ်နှစ်မှ သုံးနှစ်တာကာလတွင် တစ်ချိန်က
အလွန်ရေပန်းစားခဲ့သော ကန်ထရိုက်တိုက်ဆောက်သည့်
ဈေးကွက်ကြီး ပျက်ခဲ့ရသည်။

ထိုစဉ်က ကန်ထရိုက်တာအများအပြားမှာ လိုင်စင်မရှိဘဲ
အခြားသူထံမှ ငှားရမ်းလုပ်ကိုင်ကြပြီး ၄င်းတို့နိုင်သည့်
ငွေထက် များစွာပိုမိုပြီး တိုက်များဆောက်ကြရာ ဝယ်လိုအား
နည်းပါးသွားသည့်အခါ ငွေမလည်တော့ဘဲ ဆောက်လက်စ
တိုက်များကို ထားကာ ထွက်ပြေးကြသည်အထိ
ရှိခဲ့ကြသည်။

ထို့ကြောင့် မိမိမြေပေါ်တွင် တိုက်ဆောက်ရန်
ကန်ထရိုက်တာကို လွှဲအပ်ထားသူ မြေရှင်အများအပြား
ဒုက္ခရောက်ခဲ့ ကြရသည်။

တိုက်က ဆောက်လက်စဖြစ်သဖြင့် ပြန်လည်ရောင်းချ၍
လည်းမရ၊ မိမိမြေပေါ်တွင် မပြီးသေးသောတိုက်ပေါ်တွင်
လည်း ကိုယ်တိုင်တက်နေရန်လည်းမဖြစ်၊ မြေကိုလည်း
ရောင်းမရတော့သဖြင့် မြေပိုင်ရှင်အဖြစ်မှ
အိမ်ငှားဖြစ်သွားခဲ့ကြရသည်။

မြေရှင်များသာမက တိုက်ဆောက်မပြီးခင် ငွေကြိုပေးပြီး
ဝယ်ကြသည့် ကြိုပွိုင့်ဝယ်လက်များလည်း ထိုဂယက်
ကြောင့်ထိခိုက်ခဲ့ရသည်။

ကြိုပွိုင့်တိုက်ခန်းဝယ်ပြီးနောက် ကန်ထရိုက်ပြေးသွားသဖြင့်
သိန်းရာနှင့်ချီ ငွေဆုံးရှုံးခဲ့ရသူ သဃင်္န်းကျွန်းမြို့နယ်မှ
ဦးကိုကိုအောင်က
''ဥပဒေကြောင်းအရ မှတ်ပုံတင်ထားတဲ့ ကန်ထရိုက်ကိုပဲ
တရားစွဲလို့ရတဲ့အတွက် အများစုက မှတ်ပုံတင် မရှိတဲ့
ကန်ထရိုက်တွေများတယ်။
အဲဒီတော့ တရားဥပဒေကြောင်းအရ သွားဖို့ကလည်း
အရမ်းအခက်အခဲရှိတယ်'' ဟု ၄င်း၏အတွေ့အကြုံကို
ပြန်ပြောပြသည်။

စနစ်တကျ ဖွံ့ဖြိုးခဲ့ခြင်းမဟုတ်ဘဲ ကျယ်ပြန့်လာခဲ့သည့်
အတွက် ပြဿနာအများအပြားနှင့် ဈေးကွက်ပျက်သွားခဲ့
ရသော်လည်း ရန်ကုန်သည် အိမ်ခန်းများကို
ဆာလောင်နေသောမြို့ ဖြစ်နေဆဲပင်။

အမှန်မှာ ရန်ကုန်မြို့သည် ၂ဝ၁၄ သန်းခေါင်စာရင်းအရ
လူဦးရေ ငါးသန်းကျော်ရှိကာ နေ့စဉ်နှင့်အမျှလည်း လူဦးရေ
တိုးတက်နေသည်။

သန်းခေါင်စာရင်း အချက်အလက်အရ ရန်ကုန်တွင် လက်ရှိ
အိမ်ခန်း တစ်သန်းခွဲကျော်ရှိပြီး တိုးပွားလာမည့်လူဦးရေ
အတွက် နောက်ထပ်အိမ်ရာ အခန်းပေါင်း တစ်သန်းကျော်
လိုအပ်မည် ဖြစ်ကာ အဆိုပါအိမ်ရာလိုအပ်ချက်၏
၂ဝ ရာခိုင်နှုန်းခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက
စီမံဖြည့်တင်း ပေးနိုင်မည်ဖြစ်ပြီး ကျန်ပမာဏကို ပုဂ္ဂလိက
ဆောက်လုပ်ရေးလုပ်ငန်းများကသာ ဆောင်ရွက်နိုင်မည်ဟု
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက
ပြောကြားထားသည်။

ကန်ထရိုက်ဈေးကွက် ပျက်သွားသော်လည်း ထိုသို့ ဈေးကွက်
လိုအပ်ချက် ရှိသဖြင့် တစ်နည်းတစ်ဖုံအားဖြင့်ဈေးကွက်မှာ
ပြန်လည်အရည် တည်လာနေသည်ဟု ဈေးကွက်ရင်းမြစ်များ
က ပြောကြသည်။

သို့သော်လည်း အလေ့အထများကတော့ ယခင်နှင့်မတူ
ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ယုံကြည်မှုနှင့် ဂုဏ်သတင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ယခင်က ကန်ထရိုက်တာလိုင်စင်ကို အခြားသူထံမှငှားကာ
လုပ်နိုင်သဖြင့် သာမန် လက်သမားဆရာများပင်
ကန်ထရိုက်တာ ထလုပ်ကြခဲ့သည်များ ရှိသည်။

ဥပဒေစည်းနှောင်မှုလည်း အားနည်းသဖြင့် ထိုသို့လုပ်၍
ရခဲ့သော်လည်း အကျပ်အတည်းဆိုက်ချိန်တွင် မဖြေရှင်း
နိုင်ကြသဖြင့် ဈေးကွက်အတွင်း ယုံကြည်မှုပျက်သွားခဲ့ပြီး
ကမောက်ကမဖြစ်သွားခဲ့ရသည်ဟု အလယ်အလတ်စား
ကန်ထရိုက်တာလုပ်ငန်းရှင် ကိုပြည့်စုံအောင်က ပြောသည်။

ထိုသင်ခန်းစာကြောင့် ဈေးကွက်တွင် လက်ရှိ၌
ယုံကြည်ရမှုသည် အခရာဖြစ်လာသည်ဟု သူကဆိုသည်။

''ကန်ထရိုက်အငယ်တွေတင်မက လက်ကြီးသမားတွေပါ
ပြဿနာဖြစ်ခဲ့ဖူးတော့ အခုအခါမှာ ယုံကြည်ရတဲ့သူဖြစ်ဖို့က
သိပ်အရေးကြီးမှန်း သိကုန်ပြီ။
အဲဒီတော့ ကန်ထရိုက်မပေးခင်မှာ အဲဒီလူရဲ့နောက်ကြောင်း
နဲ့ ဂုဏ်သတင်းကို အရင်ထက် အများကြီး သေချာ
စုံစမ်းကြတယ်''ဟု ၄င်းက ပြောသည်။

ကန်ထရိုက်တာများကလည်း ၄င်းတို့၏ကြော်ငြာများတွင်
'ဘယ်တုန်းကမှ မပြေးဖူးသော ကန်ထရိုက်' စသဖြင့်
ထည့်သွင်းကြော်ငြာလာကြသည်ကိုလည်း
လေ့လာတွေ့ရှိရသည်။

သို့သော်ငြားလည်း ကန်ထရိုက်တာတစ်ဦး၏
ဂုဏ်သတင်းနှင့် ယုံကြည်ရမှုကို အပ်ကျမပ်ကျပြောနိုင်သည့်
အထောက်အထားနှင့် တရားဝင်လုပ်ငန်းစဉ်ဟူ၍
မည်မည်ရရမရှိသေးပေ။

လုပ်ငန်းကြီးတွေပဲ လွှမ်းမိုးလာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကန်ထရိုက်တိုက်ဆောက်ရန် အပ်လိုသူများ ယခင်ထက်
သိသိသာသာနည်းသွားသလို ဆောက်လုပ်လိုသူများ
ကလည်း မည်သူ့ကိုယုံရမည်ကို မကျိန်းသေသဖြင့်
သာမန် အရပ်ကန်ထရိုက်များထက် လက်ကြီးကုမ္ပဏီများ
ကိုသာ အပ်နှံတော့ကြောင်း ကန်ထရိုက်တာ
ဦးတင်ကိုလတ်က ပြောသည်။

''ကျွန်တော်တို့ဆို နာမည်ပျက် မရှိဖူးဘူး။
ဒါပေမဲ့ ကန်ထရိုက်တာတွေကို လူတွေက သိပ်မအပ်တော့
သူတို့အပ်တဲ့ ကုမ္ပဏီကြီးတွေဆီကနေပဲ တစ်ဆင့်ခံပြန်လုပ်
နေရတယ်။ တခြားသူတွေလည်း အဲလိုဖြစ်လာကြတယ်''
ဟု ၄င်းက ပြောသည်။

အစိုးရက တင်ဒါခေါ်သည့် ဆောက်လုပ်ရေးစီမံချက်များတွင်ပါ
ကန်ထရိုက်အငယ်နှင့် အလတ်များကို ချမပေးတော့ဘဲ
ကုမ္ပဏီများကိုသာ ချပေးတော့သည်ကို တွေ့ရကြောင်း
ကိုပြည့်စုံအောင်ကလည်း ပြောသည်။

''တင်ဒါခေါ်ရင်တော့ အားလုံးပြိုင်ခွင့်ရှိတယ်။
ဒါပေမဲ့ အစိုးရကပေးရင် ကုမ္ပဏီတွေကိုပဲ ပေးတော့တယ်''
ဟု ၄င်းကဆိုသည်။

ကုမ္ပဏီကြီးများ လွှမ်းမိုးလာခြင်းကြောင့် လက်ခွဲ
ကန်ထရိုက်တာများကို ငွေပေးချေမှု ပုံမှန်ထက်နောက်ကျခြင်း၊
အထက်စီးမှ စာချုပ်ချုပ်ခြင်းများလည်း ရှိလာသည်ဟု
၎င်းက ဆက်ပြောသည်။

ရောင်းချမှုပုံစံပြောင်းလာ
။။။။။။။။။။။။။။။။။။။။။။။။။။။။

ဈေးကွက်ထိခိုက်ပြီးနောက် အိမ်ခန်းဝယ်ယူလိုသူလည်း
နည်းပါးသွားသဖြင့် ကန်ထရိုက်တိုက် ဆောက်လုပ်သူများ
သည် အခန်းကို အရောင်းထက် အငှားဘက်ကို ပိုမိုဦးစား
ပေးလာကြရသည်ဟုလည်း သိရသည်။

''အမှန်တော့ လူတွေက နေဖို့မလိုတာမဟုတ်ဘူး။
အခန်းပဲမဝယ်ဘဲ တန့်နေတာ။ ဒါကြောင့် ဆောက်ပြီးသွားရင်
ကုမ္ပဏီနဲ့ မြေရှင်က ချက်ချင်းရောင်းထွက်ဖို့ထက် အခန်းကို
ငှားထားပြီး ငွေကို ဖြည်းဖြည်းချင်းပဲ ဖော်ရတော့တယ်။
ကြိုပွိုင့်ကတော့ ပုံမှန်ဆို မဝယ်တော့သလောက်ပဲ'' ဟု
ကိုပြည့်စုံအောင်က ပြောသည်။

ထိုသို့သောအခြေအနေများအပြင် ပုဂ္ဂလိကဘဏ်မှ ကြားခံ
ဆောင်ရွက်ပေးသဖြင့် ကြိုပွိုင့်ဝယ်ယူသည့် ပုံစံတစ်မျိုးလည်း
အသစ်ဖြစ်ပေါ်လာသည်။ ထိုပုံစံသည် ယခင်က
မရှိသလောက်ရှားပါးသော အခြေအနေဖြစ်သည်။

ကြိုပွိုင့်ဝယ်ယူရခြင်းသည် ငွေကိုခွဲပေးရသဖြင့် သက်သောင့်
သက်သာရှိ၍ ဝယ်လိုသော်လည်း ကန်ထရိုက်ပြေးမည်
စိုးရိမ်သဖြင့် ယခင်က မဝယ်ခဲ့ရကြောင်း၊ သို့သော်လည်း
ဘဏ်နှင့်ချိတ်ဆက်ထားသည့် ကန်ထရိုက်တာ ကုမ္ပဏီ
တွေ့သဖြင့် ဝယ်ယူဖြစ်ကြောင်း တောင်ဥက္ကလာပတွင်
ကျပ်သိန်း ၃၅ဝ တန် တိုက်ခန်း ကြိုပွိုင့်ဝယ်ယူထားသည့်
ကိုမင်းဦးက ပြောသည်။

''ကနဦးသွင်းငွေကအစ နောက်ပိုင်းမှာ ဘဏ်ကိုပဲ ငွေသွင်း
ရတာ။
ဘဏ်ကပဲ ကြားထဲက အဲဒီအတွက် အာမခံပေးတယ်။
ကန်ထရိုက်တာနဲ့ ကိုယ်နဲ့ကြားမှာ ငွေကိစ္စ ဘာမှအရှုပ်အရှင်း
မရှိဘူး။ ဆောက်လုပ်ရေးပိုင်းကိစ္စပဲ ပြောစရာရှိတာ။
ဒါကြောင့် စိတ်ချလက်ချဝယ်ဖြစ်တာ'' ဟု ၄င်းကဆိုသည်။

အာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ
ဦးရန်အောင်ကလည်း ဘဏ်ကကြားခံပြီး
ဆောင်ရွက်နိုင်သည့် အခြားပုံစံများကို ပြောပြသည်။

''ရင်းနှီးမတည်ငွေကို အာမခံပစ္စည်းမထားဘဲ  ချေးပေးနိုင်ပြီး
ထွက်လာတဲ့ တိုက်ခန်းတွေကို ဘဏ်ကနေတစ်ဆင့်
အရစ်ကျစနစ်နဲ့ ပြန်ရောင်းပေးနိုင်မယ်ဆိုရင် နေရာကောင်း
တွေမှာ တိုက်ခန်းတွေကို မြန်မြန်ဆောက်လုပ်လာနိုင်မှာ
ဖြစ်ပါတယ်''ဟု ၄င်းကဆိုသည်။

ဈေးကွက်ပြန်ကောင်းလာရန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကန်ထရိုက်တာဈေးကွက်ပျက်ပြီးနောက် နှစ်နှစ်ခန့်အကြာ
ယခုအချိန်အထိ ထူးထူးခြားခြား ပြန်လည်ကောင်းမွန်လာခြင်း
မရှိသေးကြောင်း၊ အစိုးရက အခြေခံလူတန်းစားဖွံ့ဖြိုး
တိုးတက်ရေး အစီအမံများ ဆောင်ရွက်နိုင်မှသာ
ဈေးကွက် အားကောင်းမောင်းသန် ပြန်ကောင်းလာစရာ
ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အသင်း ဒုတိယဥက္ကဠ ဦးသာအေးက ပြောသည်။

ထို့ပြင် မြို့တော်စည်ပင်က ဆောက်လုပ်ရေးလုပ်ငန်းနှင့်
ဆိုင်သော လုပ်ငန်းစဉ်အားလုံး ကိုင်ထားခြင်းကို ဖြေလျှော့ပြီး
နိုင်ငံတကာနည်းတူ အင်ဂျင်နီယာအကြံပေးအဖွဲ့၊ ဗိသုကာ
အကြံပေးအဖွဲ့ စသည့် အကြံပေးဘုတ်အဖွဲ့များထားရန်
လိုသည်ဟု ၄င်းကဆိုသည်။ ထိုအဖွဲ့များက ဦးဆောင်ခြင်းဖြင့်
ဆောက်လုပ်ရေးလုပ်ငန်းများ စံချိန်မီအောင် ထိန်းသိမ်း
လာနိုင်မည်ဟုလည်း ပြောသည်။

ကန်ထရိုက်က ဆောက်လက်စတိုက်ကို ရပ်တန့်ကာ
ထွက်ပြေးသည့်ဖြစ်ရပ်များ ထပ်မဖြစ်စေရန် ဥပဒေများဖြင့်
သေသေချာချာ တင်းကျပ်သင့်ကြောင်း၊ ဘဏ်များက ငွေချေးရာ
တွင် သေချာစိစစ်ပြီး စည်းကမ်းများဖြင့် ကိုက်ညီသူများကိုသာ
ချေးရန် အမြန်ဆုံးလုပ်သင့်ကြောင်းလည်း
ဦးရန်အောင်က ပြောသည်။

(ရည်ရွယ်မြင့်)

*****

၂။ "ပုံစံအသစ်နဲ့ ငွေလည်ပတ်နေတဲ့ ဆောက်လုပ်ရေး
လုပ်ငန်းများ"

ငွေပေါ်အောင်ဘဏ်မှာ အပေါင်ထားလို့မရတဲ့ကန်ထရိုက်
တိုက်ခန်းတွေကို အရစ်ကျနဲ့ရောင်းတာ၊ စပေါ်ပေး အငှားတွေ
တင်ပြီး ငွေလှည့်ရတာတွေ ရှိနေတယ်လို့
ဆောက်လုပ်ရေးလုပ်ငန်း ရှင် တချို့ဆီ က သိရပါတယ်။

“ကန်ထရိုက်တိုက်တွေရဲ့ အားနည်းချက်က ဘဏ်မှာ
အပေါင်မရကြတော့ တကယ်ငွေလိုအပ်ရင် ထုတ်ရတာ
ခက်တယ်၊
အရောင်းဘက်မှာကျတော့လဲ လက်ငင်းက မဝယ်တော့
အရစ်ကျကို အားထားနေရတယ်” လို့ အံ့ထူးဆောက်လုပ်ရေး
က တာဝန်ခံ ကိုမင်းမင်းက ပြောပါတယ်။

အခုနောက်ပိုင်း ပြင်ပကလက်ခံဆောင်ရွက်တဲ့ တိုက်ခန်း
အပေါင်ဈေးကွက်ကလည်း လက်ရှိပေါက်ဈေးရဲ့
၁၀ ရာခိုင်နှုန်း လောက်ပဲ ငွေထုတ်ချေးကြတာများလို့
အရောင်းအဝယ် ပုံစံစာချုပ်ချုပ်ပေးရတဲ့ အပေါင်ကို
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက် က
ရှောင်လာကြပါတယ်။

ဒါကြောင့် ငွေပေါ်ဖို့များတဲ့ စရန်ငွေပေး အရစ်ကျ
အရောင်းတွေနဲ့ စပေါ်ငွေများများနဲ့ ငှားရမ်းသူတွေကို
လက်ခံလာကြတာ ဖြစ်ပါတယ်။

အရစ်ကျတိုက်ခန်း အငှားဈေးကွက်ကတော့
ပထမအရစ်ကို ၃၀ ရာခိုင်နှုန်းက နေ ၅၀ ရာခိုင်နှုန်းလောက်
အထိ ယူပြီး တစ်လ ကျပ်ငါးသိန်းပေးနဲ့ အရောင်းတွေ
ဖြစ်ကြပါတယ်။

အများစုကတော့ကျပ်သိန်း၂၀ဝ ဝန်းကျင်တိုက်ခန်းတွေရဲ့
အရောင်းဈေးကွက်ပဲ ဖြစ်ပါတယ်။ စပေါ်ပေး အငှားဈေးကွက်
ကတော့ အိမ်လခမဲ့အငှားကို စပေါ်ကျပ်သိန်း ၁၀ဝ လောက်
အထိပေးရတာတွေ ရှိပါတယ်။ စပေါ် ကျပ်သိန်း ၅၀ အောက်
အငှားတွေကတော့ လခသောင်းဂဏန်း ဝန်းကျင်
ပေးချေရတာ ဖြစ်ပါတယ်။

“အရစ်ကျအရောင်းနဲ့ စပေါ်အငှားတွေကျတော့ ငွေပေါ်တယ်၊
ကိုယ့်ဘက်က အ ဆင်ပြေရင် ပြန်အမ်းနိုင်တယ်၊
အတိုးလဲမပေးရဘူး၊ ကိုယ့်ဘက်က ငွေလှည့်လို့
လွယ်သွားတယ်”လို့ ယူကေဆောက်လုပ်ရေးက မန်နေဂျာ
ကိုထက်က ပြောပါတယ်။

သည်လို အရောင်းနဲ့အငှားအများစုကတော့ နောက်ထပ်
ကန်ထရိုက်တိုက်တွေ ဆောက်လက်စနဲ့ ငွေမလည်နိုင်တော့
တဲ့ လုပ်ငန်းတွေရဲ့ အရောင်းအဝယ်ဈေးကွက်ပဲ ဖြစ်ပါတယ်။

(ပြည့်ဖြိုးမြင့်မွန်)

credit - The Myanmar Times & Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment