“ဖော်ဆောင်ဦးမည်ဆိုသော စီမံကိန်းများ”
၁။ "ရန်ကုန်ပြင်ပ ၁၂ မြို့နယ်တွင် သုံးနှစ်အတွင်း
စက်မှုဇုန်အသစ်များ အကောင်အထည် ဖော်မည်ဟု
ဦးဖြိုးမင်းသိန်းပြော"
ကိုကိုးကျွန်း အပါအဝင် ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်
ပြင်ပ ၁၂ မြို့နယ်တွင် စက်မှုဇုန်များ သုံးနှစ်အတွင်း
အကောင်အထည်ဖော်မည် ဟု
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
သွားလာရေးခက်ခဲပြီး လက်ရှိအချိန်တွင် ရေလမ်းတစ်ခုကို
သာ အသုံးပြုသွားလာနေရသော ကိုကိုးကျွန်းမြို့နယ်တွင်
အုန်းအခြေခံ စက်မှုလုပ်ငန်းများကို အကောင်အထည်
ဖော်မည်ဟု ဝန်ကြီးချုပ်က ပြောသည်။
လက်ရှိ ရေလမ်းတစ်မျိုးသာ အားထားနေရသော်လည်း
စက်မှုဇုန် အကောင်အထည်ဖော်ချိန်တွင် လေကြောင်းလမ်း
ခရီးအတွက်ပါ စီစဉ် ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။
‘‘ရန်ကုန်မြို့ထဲကိုပဲ လူတွေ တအားတိုးနေတော့ ရန်ကုန်
ပြင်ပကို ခွဲထုတ်နိုင်ဖို့အတွက် စက်မှုဇုန်တွေ ထူထောင်ဖို့
ကျွန်တော်တို့ ကြိုးစားနေပါတယ်’’ ဟု
ဦးဖြိုးမင်းသိန်းက ပြောသည်။
စက်မှုဇုန်အသစ်များ အကောင်အထည် ဖော်ခြင်းသည်
ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ
ရရှိပြီး ဒေသခံဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူ
ပြုသည်ဟု ရွှေလင်ဗန်း စက်မှုဇုန် စီမံခွန့်ခွဲမှု ကော်မတီ
အတွင်းရေးမှူး ဦးနေလင်းဇင် ကပြောသည်။
‘‘စိတ်ကူးနဲ့ အကောင်အထည်တွေ ဖော်နေတာထက်
လက်တွေ့ကျကျ ဆောင်ရွက်ပေးဖို့ လိုပါတယ်’’ ဟု
အထက်ပါပုဂ္ဂိုလ်က ပြောသည်။
စက်မှုဇုန်အသစ်များ အကောင်အထည်ဖော်နိုင်ပါက
စက်မှုဇုန်မြေဈေးများလည်း ကျဆင်းပြီး လုပ်ငန်းတိုးချဲ့
လုပ်ကိုင်လိုသူများအတွက်လည်း များစွာအဆင်ပြေလာ
နိုင်ကြောင်း ဦးနေလင်းဇင်က ဆိုသည်။
စက်မှုဇုန်တစ်ခုတွင် အဓိက လိုအပ်ချက်သည်
အခြေခံ အဆောက်အအုံပိုင်းဖြစ်ပြီး လျှပ်စစ်မီး၊
လမ်းပန်းဆက်သွယ်ရေးနှင့် ရေကောင်းရေသန့်ရရှိရေး
တို့ဖြစ်သည်။
စည်ပင် နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်တွင် လျှပ်စစ်မီး
အလွယ်တကူ ရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်ပါက စက်မှုဇုန်များအတွက် အဆင်ပြေနိုင်
ကြောင်းကိုလည်း လှိုင်သာယာ စက်မှုဇုန်မှ ထုတ်ကုန်
လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
လှိုင်သာယာကဲ့သို့ ဖွံ့ဖြိုးမှု ကောင်းသည့် စက်မှုဇုန်တစ်ခု
တွင် လျှပ်စစ်မီးပြတ်တောက်မှု၊ လျှပ်စစ်မီးအား အပြည့်
မရရှိမှုတို့ မကြာခဏ ကြုံတွေ့နေရသည့် အခြေအနေကို
လည်း ၎င်းကပြောသည်။
ရန်ကုန်တိုင်းရှိ စက်မှုဇုန်များကို အဆင့်မြှင့်တင်ရာတွင်
လည်း ကျူးကျော်ပြဿနာ အပါအဝင် လျှပ်စစ်မီး
အပြည့်အဝ ရရှိမှု၊ ရေသန့်ရရှိမှု၊ ရေဆိုး စနစ်တကျ
စွန့်ပစ်မှု၊ အမှိုက်စွန့်ပစ်မှု၊ လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်မှုစသော စိန်ခေါ်မှုများစွာ ရှိနေသည်ဟုလည်း
ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောကြားသည်။
(ပြည်သိမ်း)
*****
၂။ "တိုင်းအစိုးရအစီအစဉ်ဖြင့် ပြင်ဦးလွင်အနီးရှိ မြေဧက
တစ်သောင်းပေါ်တွင် မြို့သစ် စီမံကိန်း ဖော်ဆောင်မည်"
ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်မပေးတော့ဘဲ
တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြင်ဦးလွင်မြို့
အနီးရှိ မြေဧက ၁၀,၀၀၀ ပေါ်တွင် မြို့သစ်စီမံကိန်း
အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မန္တလေး
တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အကောင်အထည်
ဖော်ရန် စီစဉ်ခဲ့ပြီး မအောင်မြင်ဘဲ ရပ်နားခဲ့သည့် ပြင်ဦးလွင်
မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီးမြို့သစ်စီမံကိန်းကို
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကာ
စံပြ အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန်
စီစဉ်ခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီး စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။
‘‘လာမယ့်သုံးလအတွင်းမှာ စတင်မယ်’’ ဟု
ဦးမြတ်သူကပြောသည်။
ရတနာပုံမြို့သစ်စီမံကိန်းကို ဆက်သွယ်ရေးနှင့် နည်းပညာ
ကဏ္ဍများဖွံ့ဖြိုး လာစေရန် ရည်ရွယ်ကာ ၂၀၀၆ တွင်
ဆက်သွယ်ရေးဝန်ကြီးဌာနက စတင်အကောင်အထည်
ဖော် တည်ဆောက်ခဲ့သည်။
သို့သော် ၂၀၁၀ ၀န်းကျင်တွင် အကြောင်းအမျိုးမျိုးကြောင့်
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး
လက်ရှိ၌ အဆိုပါစီမံကိန်း ဧရိယာအတွင်း ဆက်သွယ်ရေး
သင်တန်းကျောင်းတစ်ခု၊ မိုဘိုင်း ဖုန်းစက်ရုံနှင့် Kodak
ကင်မရာ မှန်ဘီလူးစက်ရုံများ လုပ်ငန်းလည်ပတ်နေသည်
ဟု ၎င်းကပြော သည်။
အဆိုပါရပ်ဆိုင်းထားသည့် ရတနာပုံမြို့သစ်စီမံကိန်းကို
ပြီးခဲ့သည့် ဩဂုတ်အတွင်းက ပြည် ထောင်စုဝန်ကြီးများနှင့်
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက
သွားရောက်စစ်ဆေးပြီး နောက် ယခုကဲ့သို့ ပြန်လည်
လုပ်ကိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။
အစိုးရသက်တမ်းလက်ကျန် သုံးနှစ်ခွဲအတွင်း ရတနာပုံ
ဆိုက်ဘာစီးတီးစီမံကိန်းတစ်ခုလုံး ပြီးစီး အောင်
လုပ်ဆောင်နိုင်မည် မဟုတ်သော်လည်း ဖွံ့ဖြိုးရေးစီမံကိန်း
များ မည်ကဲ့သို့လုပ်ဆောင်ရသည်ကို သိရှိရန် မျိုးစေ့ချထား
ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ်
ဒေါက်တာဇော်မြင့် မောင်က စက်တင်ဘာ ၁၂ ရက် က
RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။
လက်ရှိတွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဧရိယာ
အတွင်း အခြေခံအဆောက်အအုံအ ချို့ဆောက်လုပ်ပြီးစီး
ပြီဖြစ်ကာ စီမံကိန်းမြေဧရိယာ ၁၀,၀၀၀တွင် အကျဉ်းဦးစီး
ဌာနသို့ မြေဧက ၁,၀၀၀ ပေးအပ်ထားပြီး ကျန်မြေ ဧက
၉,၀၀၀ တွင်လွတ်နေသည့် မြေဧက ၆,၀၀၀ ခန့် ရှိသည်ဟု
ဦးမြတ်သူက ပြောသည်။
စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့်မြေယာများအတွက်
လျော်ကြေးငွေများပေးအပ်ထားပြီးဖြစ်ကာ စက်မှုဂရန်
ရရှိရန် လုပ်ဆောင်မည်ဟု ၎င်းကဆိုသည်။
‘‘ဒီစီမံကိန်းက နိုင်ငံ့ဘဏ္ဍာ ငွေနဲ့ ဆောက်လုပ်ထားတာ
ဖြစ်လို့ နစ်နာတယ်။ မဖြစ်မနေပြန် အကောင်အထည်
ဖော်ရမယ်’’ ဟု ဦးမြတ်သူက ဆိုသည်။
စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများကို
ပြည်ထောင်စု၏အစိုးရအဖွဲ့က ချမှတ်သည့်မူဝါဒများနှင့်
အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့က အနီးကပ်ကြီးကြပ်
လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိအစိုးရ သက်တမ်း
မကုန်ဆုံးမီ စီမံကိန်း၏ သုံးပုံတစ်ပုံခန့်ပြီးစီးရန် ကြိုးစားမည်
ဟု ဦးမြတ်သူက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့သာစက်မှု ဥယျာဉ်
စီမံကိန်း၊ အမရပူရမြို့ပြ(ရှမ်းကလေး ကျွန်း)မြို့ပြဖွံ့ဖြိုးရေး
စီမံကိန်းနှင့် တောင်သမန်သစ္စာ အပန်းဖြေဟိုတယ်စီမံကိန်း
စသည့် မြို့ပြ စီမံကိန်းများ လုပ်ဆောင်နေသည်။
(ထက်သာဦး)
*****
၃။ "နေပြည်တော်အနီးက ရေနီတွင် စက်မှုမြို့ဆောက်မည်"
ပဲခူးတိုင်းဒေသကြီးနယ်နိမိတ်တွင် တည်ရှိသော်လည်း
နေပြည်တော်နှင့်နီးသည့် ရေနီမြို့တွင် ကန်ဒေါ်လာ
သန်း ၁ဝဝ ကျော် အကုန်ခံ၍ စက်မှုမြို့တော် တည်ဆောက်
မည်ဟု ဦးစီလုပ်ကိုင်နေသည့် လက်ဝါးအုပ်စု ကုမ္ပဏီ၏
ဥက္ကဌ ဒေါက်တာခင်မောင်အေး က ပြောသည်။
စက်မှုမြို့တော်တည်ထောင်ရန် လွန်ခဲ့သည့် လေးနှစ်က
လက်ဝါး အုပ်စုက တင်ဒါရရှိခဲ့ပြီး နောက်တစ်နှစ်တွင် စက်မှု
ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရှေ့ပြေးစီမံကိန်းကို စတင်ခဲ့
ကာ ၂ဝ၁၅ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဧက ၁ဝဝ
လုပ်ကိုင်ခွင့်ရရှိရန် ခွင့်ပြုချက် တောင်းခံခဲ့သည်။
လက်ရှိတွင်မူ စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံသူ များပြား
လာသည့်အတွက် စီမံကိန်းဧရိယာအားဖြင့် ဧက ၁,၉ဝဝ
အထိ ဖော်ဆောင်သွားမည် ဖြစ်သည်။
ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်ကလည်း
စက်မှုမြို့တော်စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန်ရှိနေပြီး
လက်ရှိတွင် စင်ကာပူနိုင်ငံမှ ဟွာချူးကုမ္ပဏီနှင့် ပြည်တွင်းရှိ
လက်ဝါးအုပ်စု ကုမ္ပဏီတို့က ပူးပေါင်းအကောင်အထည်
ဖော်လျက်ရှိသည်။
''အခုလောလောဆယ်ကတော့ ရင်နှီးမြှုပ်နှံမှု အပိုင်းမှာ
ပြည်ပနဲ့ ပူးပေါင်းမှာပါ။ FMI ကုမ္ပဏီက ဝင်လာမယ်ဆိုရင်
ကုမ္ပဏီသုံးခု ဖြစ်လာမှာပါ။ ဝင်ဖို့သဘောတူစာချုပ်
လက်မှတ်ရေးထိုးပြီးပြီ'' ဟု ဒေါက်တာခင်မောင်အေး
က ပြောသည်။
''ရေနီကို ရွေးရတဲ့အချက်က လမ်းပန်းဆက်သွယ်ရေး
အဆင်ပြေတယ်။ လောလောဆယ်တော့ ရန်ကုန်ကနေ
သွားရင် ဝေးတယ်။
တစ်ချိန်မှာ ရထားလမ်းကောင်းသွားရင်တော့ ရထားလမ်း
ကို အသုံးပြုနိုင်တဲ့ မျှော်လင့်ချက်ရှိတယ်။
နောက်ပြီးတော့ အနားမှာ နေပြည်တော်လေဆိပ် ရှိတယ်။
စက်မှုဇုန်တော့ရှိပြီး စက်ရုံကိုလာတဲ့ ဧည့်သည်တွေ
အတွက် တည်ခိုစရာ မရှိတာတွေ ဖြစ်တတ်တယ်။
ဒီနေရာကတော့ တည်းခိုမယ်ဆိုရင် နေပြည်တော်က
ဟိုတယ်တွေရှိတယ်။ နေပြည်တော်နဲ့ဆိုရင်လည်း
မိနစ် ၃ဝ လောက်ပဲ ကြာမယ်လေ။ အဲဒီအားသာချက်တွေ
ရှိတယ်။ ကျွန်တော်တို့စီမံကိန်းကလည်း နေပြည်တော်မှာ
ရှိတဲ့ ဟိုတယ်တွေအတွက် Support အလုပ်ပေးဖို့အတွက်
မျှော်လင့်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ပထမဆင့်တွင် ဧက ၁ဝဝ အကောင်အထည်ဖော်မည့်
ယင်းစီမံကိန်းတွင် ဝန်ထမ်းအိမ်ရာ၊ စာသင်ကျောင်းများ
ပါဝင်မည်ဖြစ်ပြီး သုံးနှစ်အတွင်း ဝန်ထမ်းဦးရေ တစ်သိန်းခန့်
အလုပ်အကိုင်ရရှိနိုင်မည်ဖြစ်ကာ ဧက ၁,၉ဝဝ ထိ ချဲ့ထွင်ရန်
ရည်စူးထားသည်ဟု ဆိုသည်။
''အဓိကက လူတစ်သိန်းလောက် အလုပ်အကိုင်
အခွင့်အလမ်းပေါ်မယ်။
ကုန်ရထားတွေနဲ့ပစ္စည်းတွေကို တစ်ခါတည်းထည့်မယ်။
အကောက်ခွန်တစ်ခါတည်းစစ်ဆေးမယ်၊ ပိတ်မယ်။
အဓိကကတော့ အဲဒီမှာ ထုတ်လုပ်မှုအပိုင်းကို ဦးစားပေးပြီး
လုပ်မှာပါ။
အထည်ချုပ်စက်ရုံတွေပါမယ်။ စက္ကူစက်ရုံတွေ အဓိက
ပါမယ်။
ပြီးတော့ တခြားထုတ်လုပ်တဲ့ စက်ရုံအသေးစားလေးတွေ
ပါလာမယ်''ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးကိုကိုလွင်က ပြောကြားသည်။
ထိုသို့ စက်မှုမြို့တော် အကောင်အထည်ဖော်ခြင်းအားဖြင့်
ပြည်ပရောက်မြန်မာ အလုပ်သမားများကို ပြည်တွင်း၌
ပြန်လည် လုပ်ကိုင်စေရန် အဓိကရည်ရွယ်သည်ဟု လည်း
၎င်းက ဆိုသည်။
စီမံကိန်းသတ်မှတ်ကာလကို ပထမ၊ ဒုတိယ၊ တတိယ
ငါးနှစ်စီ သုံးရစ်ခွဲကာ စုစုပေါင်း ၁၅ နှစ် သတ်မှတ်ထားပြီး
ရေရှည် စီမံကိန်းအဖြစ် စက်မှုဝန်ကြီးဌာနက ဆောင်ရွက်ခွင့်
ပြုပေးထားကြောင်း သိရသည်။
(ပြည့်သက်ဖြိုး)
credit - 7day Daily & The Myanmar Times
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment