Sunday, September 17, 2017

“လှုပ်လှုပ်ရှားရှား ဒလ သတင်းများ”

“လှုပ်လှုပ်ရှားရှား ဒလ သတင်းများ”

၁။ "ရန်ကုန်-ဒလ တံတားစီမံကိန်း တည်ဆောက်ရန်
အဆင်သင့်နီးပါးဖြစ်နေချိန်တွင် မြန်မာစက်မှုဆိပ်ကမ်း
က နေရာရွှေ့ပြောင်းပေးရန် စာပေးပို့ထားမှု အပေါ်
ပြည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း
ဆောင်ရွက်မည်ဟု လွှတ်တော်ကိုယ်စားလှယ်
ပြောကြား"

ရန်ကုန်-ဒလတံတားစီမံကိန်း တည်ဆောက်ရန် အဆင်သင့်
နီးပါးဖြစ်နေချိန်တွင် မြန်မာစက်မှုဆိပ်ကမ်း (MIP) က နေရာ
ရွှေ့ပြောင်းပေးရန် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊
စီမံကိန်းနှင့် စီးပွားရေး ကော်မတီထံ စက်တင်ဘာ ၃ ရက်
တွင် စာ ပေးပို့ထားပြီး ဆက်လက် တည်ဆောက်ရန်ကိစ္စ
အား ပြည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒလမြို့နယ် မဲဆန္ဒနယ်
အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် 
ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက ပြောကြားသည်။

“အခုမှ သူတို့က ဒီဟာလေးကို နေရာ ပြောင်းရင်ပြောင်း
မပြောင်းရင် Tunnel လုပ်ဆိုပြီး ပြောပါတယ်။
မနေ့ကလည်း နယ်သာလန်က လာရှင်းသွားပါတယ်။
ဘာမှ လေ့လာဆန်းစစ်ချက်တွေ လုပ်တာက အနည်းဆုံး
လေးနှစ် သုံးနှစ်ကြာမယ်။
တံတားနဲ့ဆိုရင် အနည်းဆုံး ခုနစ်နှစ် ရှစ်နှစ်ကြာမယ်
ဆိုပြီးတော့ ပညာရှင်တွေက ပြောသွားတယ်။
ဒီမှာ အားလုံး လုပ်ပြီး သွားပြီ။
EIA/SIA အကြိမ်ကြိမ် လုပ်ပြီး သွားပြီဖြစ်တဲ့ အတွက်
ကျွန်တော်တို့ဖြစ်စေချင်တာကတော့ ဆုံးဖြတ်ပြီးတဲ့
အတိုင်းလုပ်ပါ။
လျော်ကြေးတွေကလည်း သုံးဘီလျံလောက်ပေးပြီးပြီ
ဖြစ်တဲ့အတွက် ဒါကိုတော့ မပြောင်းသင့်တော့ဘူး။
လျော်သင့်တဲ့သူတွေ လျော်ပြီးပြီ။
ဖျက်သင့်တာတွေလည်း လုပ်ပြီးပြီ။
အသစ်ဆောက်ပေးရမယ့်ဟာတွေကိုလည်း အကုန်လုပ်
ပြီးပြီ။ ဒီဟာတွေ မလုပ်ခင်ကဆိုရင်တော့ ကောင်းတာပေါ့။
အားလုံးလည်း ရွှေ့ပြောင်း ဖျက်ပြီးသွားပြီ။
အခုမှ Tunnel လုပ်ဖို့ ချပြတာကတော့ ကျွန်တော်တို့
မြို့နယ်အနေနဲ့ သဘောမကျဘူး။
အပေါ်က ညွှန်ကြားချက်အတိုင်း ဆက်လုပ်နေမှာ၊
ဆက်လုပ်ဖို့ပဲ သဘောကျပါတယ်။
စီမံကိန်းကို ၂၀၁၈ တစ်လပိုင်းမှာ စတင်
အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်” ဟု
ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး
ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက မြန်မာ
စက်မှုဆိပ်ကမ်း (MIP) နှင့် တွေ့ဆုံကာ ညှိနှိုင်းမှုများပြုလုပ်
သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရန်ကုန်-ဒလ တံတားစီမံကိန်းကို အားလုံး ဆုံးဖြတ်ပြီးပြီ။
လုပ်ငန်းလည်း စတော့မယ်။ ပြည်ထောင်စုအစိုးရရဲ့
ညွှန်ကြားမှုရော ရန်ကုန်တိုင်းအစိုးရရော အကျေအလည်
ဆွေးနွေးပြီးတော့မှ လုပ်ငန်းစဖို့ ရက်ပိုင်းလေးပဲလိုတော့မှ
စီးပွားရေး ကော်မတီကို စာလာတင်တယ်။
ဒီနေရာလေးကို နည်းနည်းလေး နေရာပြောင်းရွှေ့ဖို့
စာလာတင်တယ်။
ဒါကိုတော့ စီးပွားရေး ကော်မတီက အချက်အလက်တွေ
အားလုံးကို စုစည်းပြီးတော့ သူတို့နဲ့တွေ့ဖို့ ပြန်ချိန်း
ထားတယ်။ သူတို့ကို အကြောင်းပြန်မယ်။ အဲဒီကျမှ အဖြေက
သိမှာ။
ဒီဟာကတော့ အရင်အစိုးရလက်ထက်ကတည်းက ခွင့်ပြု
ခဲ့တယ်။ ဒီဘက်အစိုးရလက်ထက်မှာလည်း ဒလက
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကိုလည်း
ပြည်ထောင်စုလွှတ်တော်က လုပ်ပေးပါမယ်ဆိုပြီး ကတိပြု
ထားတယ်။ တံတားကို တန်ချိန်တစ်သောင်းခွဲ သင်္ဘောတွေ
ဝင်လို့ရအောင် ဆောက်မယ်ဆိုပြီး ကတိပြုပြီးတာ ကြာပါပြီ”
ဟု ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက ပြောကြားသည်။

ရန်ကုန်-ဒလ တံတားတည်ဆောက်မှုအား ၂၀၂၁ ခုနှစ်
ဇွန်လတွင်ပြီးစီးရန် ခန့်မှန်းထားပြီး တံတားတည်ဆောက်ရန်
ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း
ဆောင်ရွက်ရေးရန်ပုံငွေ (EDCF Loan) မှ ချေးငွေ
အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ပြည်တွင်း
လိုအပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသ မ ၃၄၁ သန်း
ဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်
အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်
ဖြစ်ကြောင်း သိရသည်။

(ဆန်းထူးအောင်)

*****

၂။ "ဒလတံတား စီမံကိန်းကြောင့် ဒလမြို့ပြင် တစ်ဝိုက်ရှိ
ရွာမြေများ ပိုမို အရောင်းအဝယ်ဖြစ်လာ၊ မြို့ပေါ် လမ်းမတန်း
မြေများ သိန်းထောင်ချီ ဈေးပေါက်"

ဒလ တံတားစီမံကိန်းကြောင့် ဒလမြို့ပြင်တစ်ဝိုက်ရှိ ရွာမြေများ
အရောင်းအဝယ်ဖြစ်နေကြောင်း ဒလအိမ် ခြံ မြေအကျိုးဆောင်
လုပ်ငန်းအသိုင်းအဝိုင်းမှသိရသည်။

လက်ရှိတွင် ယင်းတံတားတည်ဆောက်ရေးအတွက်
လျော်ကြေးငွေ ပေးအပ်မှုများရှိနေပြီး တံတားပြီးပါက
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာနိုင်မည် ဖြစ်သည့်
အတွက် နှစ်အနည်းငယ်ကြာအေးနေခဲ့သည့် ဒလအိမ်ခြံမြေ
ဈေးကွက် ပြန်လှုပ်လာခြင်းဖြစ်ကြောင်း ဒလအိမ်ခြံမြေမှ
အကျိုးဆောင်တစ်ဦးက ပြောသည်။

''အရင်က ဒီလိုချိန်ဆို အိမ်ခြံ မြေနဲ့ပတ်သက်ပြီး ထိုင်နေကြ
ရတာ။ ခုတော့အလုပ်ဖြစ်နေတယ်။ ဒလ မြို့ပေါ်ရပ်ကွက်
ထက် ရွာမြေတွေက အရောင်းအဝယ်ပိုဖြစ်တယ်။
ဈေးကတော့ တက်တာပေါ့။
ရွာမြေတွေကို ဝန်ထမ်းမိသားစုတွေ၊ တစ်နိုင်တစ်ပိုင်ဝယ်ပြီး
လှောင်ထားတဲ့သူ အချို့ကလည်း ဝယ်နေကြတာများ
ပါတယ်''ဟု မြို့ခံတစ်ဦးကပြောသည်။

ဒလမြို့ပေါ်ရပ်ကွက်များရှိ ပါမစ်နှင့် ဂရန်ပါရှိသော
အိမ်ခြံမြေများထက် ဒလမြို့စွန်ပတ်ဝန်းကျင်ရှိ ရွာမြေများ
အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ပြီး ဒလမြို့နယ်ရှိ
လမ်းမတန်း အိမ်ခြံမြေဈေးနှုန်းများသည် သိန်း ထောင်ချီ
ဈေးမြင့်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ
သိရသည်။

''ဒလမြို့နယ်ထဲက ရပ်ကွက်တွေကတော့ ရေကတော့
အဝီစိတွင်းကနေ မော်တာနဲ့စုပ်ယူကြတယ်။ထမင်းတော့
ချက်မရဘူး။ ရေချိုး အဝတ်လျှော် ပန်းကန်ဆေး
အကုန်ရတယ်။
ရွာဘက်တွေကတော့ ရေကန်တွေရှိတယ်။
တံတားပြီးသွားမယ်ဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေး
ကောင်းသွားမှာပေါ့။
ဈေးကွက် စီးပွားရေးအရ အိမ်ဈေးတွေလည်း မြင့်လာမှာပဲ။
ထိန်းထားလို့မှ မရတာ''ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်သုံးနှစ်ဝန်းကျင်ခန့်က ဒလမြို့ပေါ် ရပ်ကွက်များရှိ
- ဂရန်၊ ပါမစ်မြေများ၏ဈေးနှုန်းသည် ကျပ်သိန်း၃ဝဝမှ ၃၅ဝ
အကြားတွင်သာရှိခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၄ဝဝ မှ ၅ဝဝ
အကြားတွင်ရှိနေပြီး
- လမ်းမတန်းများပေါ် ယခင်ကကျပ် သိန်း ၇ဝဝခန့်သာရှိခဲ့ရာ
ယခုအခါ ကျပ်သိန်း ၁ဝဝဝမှ ၁၂ဝဝခန့်ဖြင့် အရောင်းအဝယ်
ဖြစ်နေကြောင်းသိရသည်။

ဒလမြို့နယ် အစွန်အဖျားရွာ မြေများသည်လည်း ယခင်
ကျပ်သိန်း ၅ဝမှ ၆ဝအကြားတွင်သာရှိခဲ့ပြီး ယခုအခါ
ကျပ်သိန်း ၁၅ဝမှ ၃ဝဝခန့်ဖြစ် အရောင်းအဝယ်ဖြစ်လျက်
ရှိသည်။

(TTMT)

*****

၃။ "ဒလမြို့နယ်အတွင်း ကျူးစာရင်းကောက်ယူမှုတွင်
တစ်သောင်းကျော်ခန့်ရှိ ထပ်မံကျူးကျော် နေထိုင်သူများ
တိုးပွားလာလျှက်ရှိ"

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်စာရင်း လိုက်လံ
ကောက်ယူမှုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏
ညွှန်ကြားမှုဖြင့် ခရိုင်လေးခုအတွင်းရှိ မြို့နယ်များအလိုက်
ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်
အတွင်းရှိ ဒလမြို့နယ် အတွင်း၌ မတ်လ ၂၈ ရက်နေ့မှ
စတင်ပြီး ဧပြီလ ၅ ရက်နေ့အထိ ကမာကဆစ် အနောက်
ဘုန်းတော်ကြီးကျောင်းနှင့် မှော်စက်ရပ်ကွက်
ဘုန်းတော်ကြီးကျောင်းတို့၌ မြို့နယ်အတွင်းရှိ
ရပ်ကွက်/ကျေးရွာတို့ရှိ ကျူးကျော် နေထိုင်သူများစာရင်းကို
ကျူးကျော်စာရင်းကောက်ယူရေးကော်မတီ မှ ကျူးကျော်
အသိအမှတ်ပြု စမတ်ကတ်များကို ထုတ်ပေးရာ ကျူးစာရင်း
ကောက်ယူမှုတွင် တစ်သောင်းကျော်ခန့်ရှိကြောင်း
မြို့နယ် အထွထွေအေုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးမှ
သိရသည်။

ယခုအချိန်၌ ထပ်မံ ကျူးကျော်နေထိုင်သူများ တိုးပွားလာ
လျှက်ရှိပြီး ဒလမြို့နယ် သပြေကုန်းကျေးရွာ အတွင်းရှိ
ကွင်းအမှတ်(၁၈၆) အနီး၌ ရေလွှတ်မြောင်းပေါ်နှင့်
လမ်းဘေးစည်ပင်မြေနေရာတို့၌ ကျူးကျော်တဲများ ခွ၍
အစီအရီဆောက်လုပ်နေမှုတွေရှိကြောင်း ယခုအခါ
ကျူးကျော်တဲ (၂ဝဝ) နီးပါးခန့် တိုးလျက်ရှိကြောင်း
သပြေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ဦး၏
ပြောကြားချက်အရ သိရသည်။

(နိုင်လင်းကျော် - ဒလ)

credit - Eleven Media Group /
Democracy Today & Myanmaalinn

 “အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment