Thursday, September 7, 2017

“ရန်ကုန်တိုင်းအတွင်းက လယ်ယာမြေ သတင်းများ”

“ရန်ကုန်တိုင်းအတွင်းက လယ်ယာမြေ သတင်းများ”

၁။ "ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေများ
ကို လယ်ယာ မလုပ်ကိုင်ဘဲ ဈေးနှုန်းကြီးမြင့်စွာ
ပြန်လည်ရောင်းချနေသည့် မြေကစားမှုများ
ခွင့်ပြုတော့မည် မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သတိပေး"

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လယ်ယာမြေများအား
လယ်ယာမလုပ်ကိုင်ဘဲ အခြားနည်းလမ်း အသုံးချခွင့်ကို
တလွဲသုံးကာ ဈေးနှုန်းကြီးမြင့်စွာဖြင့် ပြန်လည် ရောင်းချ
နေသည့် မြေကစားမှုများကို ခွင့်ပြုသွားတော့မည်
မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
''လယ်မလုပ်ဘဲနဲ့ လယ်တွေကို သွားဝယ်ယူထားကြ
ပါတယ်။ ပြီးရင် အဲဒီလယ်ကို အ ခြားနည်းလမ်း သုံးစွဲခွင့်
ရရှိဖို့ ကြိုးစား ကြပါတယ်။
အဲဒီအတွက် လယ်ဈေးဟာ မလိုလားအပ်ဘဲနဲ့ လယ်ဈေး
မဟုတ်တော့ဘဲနဲ့ မြို့ဈေးဖြစ်လာတဲ့ အခြေအနေမျိုး
ကျွန်တော်တို့ ကြုံရပါတယ်။
ဒီအတွက် ကျွန်တော်တို့က မြေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်
တွေ အတွက် အခက်အခဲ ရှိနေတာတွေရှိပါတယ်။
ဒါကိုကျွန်တော်တို့ လက် ခံပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ မြေတွေကို လုပ်ကွက်တစ်ခု
အနေနဲ့ လုပ်စားဖို့ဆိုရင်တော့ ကျွန်တော်တို့
တိုင်းဒေသကြီးအစိုးရက ဒီအခြေအနေကို ခွင့်ပြုတော့မှာ
မဟုတ်ဘူးဆိုတာ ကျွန်တော်အသိပေးပါရစေ''
ဟု ပြောကြားခဲ့သည်။

သြဂုတ် ၂၈ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်
တွင် ပြုလုပ်သည့် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်
များ နဝမ အကြိမ်မြောက် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း
ဖြစ်သည်။

လယ်ယာမြေအား အခြားနည်းလမ်း အသုံးချခွင့်ကို
တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်
ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက် လယ်ယာမြေ
အခြားနည်းလမ်း ကျင့်သုံးခွင့်ပေးခြင်းနှင့် အစိုးရ စီမံကိန်း
များအတွက် လယ်ယာမြေ အခြားနည်းလမ်း ကျင့်သုံးခွင့်
ပေးခြင်းများကို လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း
သိရသည်။

စက်မှုဇုန်များနှင့် စီမံကိန်းများအတွက် လယ်ယာမြေ
အခြားနည်းလမ်း အသုံးချခွင့်ရရှိရန်အတွက် တိုင်းဒေသကြီး
အစိုးရနှင့် ညှိနှိုင်းဆွေးနွေးပြီး အမှန်တကယ် စီမံကိန်းများ
လုပ်ဆောင်မည်ဆိုပါက တိုင်းဒေသကြီး အစိုးရဘက်မှ
ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေရာမှာ လယ်ယာဈေးနှုန်းတွေဟာ မြို့တွေလိုမျိုး
ဖြစ်နေတဲ့အတွက် နိုင်ငံတော်ကနေ တည်ဆောက်တဲ့
စီမံကိန်းတွေ လုပ်တဲ့နေရာမှာ
ဥပမာ- လမ်းဖောက်တာမျိုးဆိုရင် ဘယ်လိုမှ လုပ်လို့
မရတာမျိုးတွေ ဖြစ်လာပါတယ်။
ဒါကြောင့်မို့ မြေကို အခြားနည်းလမ်း ကျင့်သုံးခွင့်နဲ့
ပတ်သက်ပြီးတော့ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရနဲ့
ဆွေးနွေးပါ။
အမှန်တကယ်လိုအပ်ပြီး၊ အမှန်တကယ်ဆောင်ရွက်မယ်
ဆိုရင် ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးပါ့မယ်'' ဟု
ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

ယင်းအပြင် ငါးလုပ်ငန်းနှင့် အခြားသော အထူးကိစ္စရပ်များ
ကို ဆောင်ရွက်မည့် ပရောဂျက်များအတွက် မြေဈေးများကို
သက်သောင့် သက်သာစွာဖြင့်ရရှိပြီး စီမံကိန်းများ
ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရဘက်မှ
ပြည်ထောင်စုအဆင့်သို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း
လည်း ဝန်ကြီးချုပ်ကဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ
အတွင်းရေးမှူး ဦးဝင်းကြိုင်က
''ရန်ကုန်မှာက မြေဈေးတွေကကြီးနေတဲ့ အတွက်ကြောင့်
ရင်းနှီးမြှုပ်နှံသူတွေအတွက် အဟန့်အတားလိုမျိုး
ဖြစ်နေတယ်။
ဒီလိုမျိုး ဝန်ကြီးချုပ်က လယ်ယာမြေကို အခြားနည်းလမ်း
ကျင့်သုံးခွင့်နဲ့ပတ်သက်ပြီး စိစစ်လုပ်ဆောင်သွားမယ်
ဆိုတော့ မြေဈေးကိုလည်း ထိန်းထားနိုင်မယ့်
အနေအထားဖြစ်တာကြောင့် ကျွန်တော်တို့ကတော့
ကြိုဆိုပါတယ်'' ဟု ပြောသည်။

(PP)

*****

၂။ "ရန်ကုန်တိုင်းရှိ လယ်ယာမြေများ ဈေးကစားခွင့် မပြု"

ရန်ကုန်တိုင်း ဒေသကြီးရှိ လယ်ယာမြေများအား လုပ်ကွက်
တခုအဖြစ် ဈေးကစားနေခြင်းကို တိုင်းဒေသကြီး အစိုးရ
အဖွဲ့က ခွင့်ပြုမည် မဟုတ်ကြောင်း တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက UMFCCI တွင် ပြုလုပ်သည့်
ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ
နဝမအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲတွင်
ပြောကြားခဲ့သည်။

တိုင်းဝန်ကြီးချုပ်က
“ရန်ကုန်မှာ လယ်မြေက အလွန်ဈေးကြီး ပါတယ်။
ဘာကြောင့်လဲဆိုရင် လယ်မလုပ်ဘဲနဲ့ လယ်တွေကို
ဝယ်ယူထားတယ်။
ပြီးရင် အဲဒီလယ်တွေကို အခြားနည်းလမ်း သုံးစွဲခွင့် ရယူဖို့
ကြိုးစားတယ်။
အဲဒီအတွက် မလိုလား အပ်ဘဲနဲ့ မြို့မြေဈေး ဖြစ်လာရ
ပါတယ်။
လယ်သမားဆီက ကျပ်သိန်း ၅၀၀ လောက်နဲ့ ဝယ်မယ်။
ပြီးရင် ကျပ်သိန်း ၅၀၀၀ လောက် ဖြစ်မယ်ဆိုတဲ့
အခြားနည်းလမ်း ကျင့်သုံးမှုမျိုးကတော့ ဒီအစိုးရ သက်တမ်း
မှာ မဖြစ်နိုင်ပါဘူး။
ဥပမာ သန်လျင်မှာ စက်မှု၊ လက်မှုနဲ့ မွေးမြူရေး လုပ်ငန်း
တွေ လုပ်ချင်တယ်ဆိုရင် တည်ဆောက်ပေးပါမယ်”
ဟု ပြောသည်။

အဆိုပါ တည်ဆောက်မှုများအတွက် ရသင့်ရထိုက်သော
ဝင်ငွေခွန်ရရှိမည့်အပြင် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု
လုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံများကို
တည်ဆောက်ပေးနိုင်မည် ဖြစ်ကြောင်း၊ လယ်ယာမြေများ
ကို အခြား နည်းလမ်း သုံးစွဲခွင့်ပေးရန် အစီအစဉ်များ
ရှိသော်လည်း လူပုဂ္ဂိုလ် တဦးချင်းစီကိုသာ ပေးမည်ဆိုလျှင်
လယ်သမားက အခြား နည်းလမ်းသုံးစွဲခွင့် မရရှိဘဲ
သူဌေးများကသာ သုံးစွဲခွင့် ရရှိနေမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။

လယ်ယာမြေများ ဈေးကြီးမြင့်လာခြင်းသည် နိုင်ငံတော်
အတွက် လိုအပ်သော လမ်းများ ဖောက်လုပ်ခြင်း၊
စီမံကိန်းများ တည်ဆောက်ခြင်း စသည်တို့ ဆောင်ရွက်ရာ၌
လယ်ယာမြေများကို သိမ်းဆည်း၍ ပြန်လည် ပေးလျော်
ရသော အခြေ အနေတွင် ဈေးနူန်းများမှာ လယ်မြေဈေး
မဟုတ်ဘဲ ပြင်ပပေါက်ဈေးရမှသာ ဆိုသည့် တောင်းဆိုမှု
များ ဖြစ်လာ၍ အခက်အခဲများ ဖြစ်လာကြောင်း
တိုင်းအစိုးရမှ သိရသည်။

သို့ဖြစ်၍ လုပ်ငန်းများကို အမှန်တကယ် လုပ်ကိုင်ရန်
လိုအပ်ပြီး လုပ်ကိုင်သင့်သည့် လုပ်ငန်းများအတွက်လည်း
တိုင်း အစိုးရက လယ်ယာမြေများအား အခြားနည်းလမ်း
သုံးစွဲခွင့်ကို ငွေကုန်ကျမှုမရှိဘဲ ထုတ်ပေးရန် အဆင်သင့်
ရှိကြောင်း သိရသည်။

လုပ်ငန်းရှင်များအနေဖြင့် စက်မှုလုပ်ငန်းများ လုပ်ကိုင်လိုလျှင်
လုပ်ကွက်များ ဖန်တီးပေးမည် ဖြစ်သော်လည်း ထိုလုပ်ကွက်
မြေများကို အခြားနည်းလမ်း ကျင့်သုံးပြီး အကွက်ရိုက်
ရောင်းခြင်း၊ တဦးတည်း စက်မှုဇုန်ထောင်ပြီး ရောင်းစားခြင်း
တို့ ခွင့်မပြုကြောင်း သိရသည်။

လယ်ယာမြေ ဥပဒေအရ လယ်မြေများကို လယ်လုပ်လျှင်
လယ်ခွန်ပေးဆောင်ရမည် ဖြစ်ပြီး သုံးနှစ်ဆက်တိုက်
အခွန် မဆောင်လျှင် အစိုးရက သိမ်းယူရမည်ဟု ပြဋ္ဌာန်း
ထားသော်လည်း ယင်းတို့ကို စနစ်တကျ ကိုင်တွယ်ရန်
ညံ့ဖျင်းလာသောကြောင့် တိုင်းပြည်အတွက် နစ်နာနေ
ကြောင်း ဥပဒေပညာရှင် ဦးတင်သန်းဦးက
သုံးသပ် ပြောဆိုသည်။

‘‘အခုလို စီးပွားရေး အခွင့်အလမ်းတွေ ဝင်လာတဲ့အခါ
တဖက်က ကုမ္ပဏီတွေက အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်
လာတယ်။
တဖက်က လယ်ရှင်တွေကလည်း ဒီလယ်က ငါတို့ပိုင်တယ်
ဆိုတဲ့ အထောက်အထားတွေ ရှိနေတယ်။
အဲဒါတွေက မူလ ကတည်းက ဥပဒေကို စနစ်တကျ စီမံ
အသုံးမပြုမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ
ရင်ဆိုင်နေရတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသည် မြေလွတ်မြေရိုင်းများ ပေါများသည့်
နိုင်ငံဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း
က မြေယာများတွင် ရင်းနှီးမြှုပ်နှံပြီး ဈေးကစားရန် ဝယ်ယူမှု
များကြောင့် အိမ်ခြံမြေများ အပါအဝင်
လယ်ယာမြေများသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်
ဝန်းကျင်တွင် ဈေးအမြင့်ဆုံးအဖြစ် လယ်မြေတဧကလျှင်
ကျပ်သိန်း ၄၅၀ မှ ၅၀၀ အထိ အစားစား မြင့်တက်ခဲ့
ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များမှ သိရသည်။

သန်လျင်မြို့နယ် ကံကောင်းအိမ်ခြံမြေ အကျိုးဆောင်မှ
ဦးမောင်လွင်က
“အခုက တဧကကို ကျပ်သိန်း ၃၅၀ ၊ ကျပ်သိန်း ၃၀၀နဲ့
အစားစား ရှိပါတယ်။ အရင်က လမ်းဘေးတင်တွေ ဆိုရင်
ကျပ်သိန်း ၆၀၀၊ ကျပ်သိန်း ၅၀၀ ပေါက်တယ်။ အဝယ်က
အေးလာတော့ ပြန်ကျသွားတာ။ ဈေးကတန့်နေတယ်လို့
ပြောလို့ရတယ်” ဟု ဧရာဝတီကို ပြောသည်။

မြေနှင့်ပတ်သက်၍ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လိုခြင်း၊
စီမံချက်ဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအတွက်
မြေဈေးကို သက်သက်သာသာဖြင့် ရရှိပြီး ဆောင်ရွက်နိုင်
မည့် အခြေအနေမျိုး ရရှိနိုင်ရန် အထူးစီမံချက်အဖြစ်
ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း
တိုင်းအစိုးရအဖွဲ့မှ သိရသည်။

(မျိုးပပစန်း)

credit - Democracy Today &
Irrawaddy Publishing Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment