Thursday, September 7, 2017

“တန်ဖိုးနည်း/တန်ဖိုးမျှ အိမ်ရာ သတင်းများ”

“တန်ဖိုးနည်း/တန်ဖိုးမျှ အိမ်ရာ သတင်းများ”

၁။ "လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ တန်ဖိုးနည်း
အိမ်ရာ ၀ယ်ယူခွင့်ရသူများကို သြဂုတ် ၂၈ ရက်တွင်
ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အခန်းနေရာချထားမှုများကို
စက်တင်ဘာ ပထမပတ်အတွင်း ဆောင်ရွက်မည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ လှိုင်သာယာမြို့နယ်နှင့်
ဒဂုံဆိပ်ကမ်းမြို့နယ်များ အတွင်းရှိ တန်ဖိုးနည်းအိမ်ရာ
စီမံကိန်းများမှ အိမ်ရာဝယ်ယူခွင့်ရသူများကို သြဂုတ်
၂၈ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်းနှင့်
အခန်းနေရာချထားမှုများကို စက်တင်ဘာ ပထမပတ်
အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော
လှိုင်သာယာမြို့နယ်နှင့် ဒဂုံ (ဆိပ်ကမ်း) မြို့နယ်များ
အတွင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများရှိ အခန်းများ
ရောင်းချရန် လျှောက်လွှာများကို ၂၀၁၇ ခုနှစ် ဇူလိုင်
၃၁ ရက် နောက်ဆုံးထားလက်ခံခဲ့ကြောင်း၊ အဆိုပါ
လျှောက်လွှာများကို စိစစ်ပြီးဖြစ်၍ လျှောက်ထားဝယ်ယူခွင့်
ရရှိသူများ၏ အမည်စာရင်းများကို သြဂုတ် ၂၈ ရက်တွင်
ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

အိမ်ရာဝယ်ယူခွင့်ရသူများ၏ အမည်စာရင်းကို
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊
အမှတ် (၂၂၈/၂၃၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ဗိုလ်တထောင်မြို့နယ်နှင့်
- ရုံးအမှတ် (၄၀)၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၊
နေပြည်တော်တို့တွင် လာရောက်ကြည့်ရှုနိုင်ကြောင်း
သိရသည်။

အိမ်ရာအခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်တွင် Down Payment ရာခိုင်နှုန်း ၃၀ အထိ
သတ်မှတ်စုဆောင်းငွေ ပြည့်မီသည့် ရက်စွဲအလိုက်
ဦးစားပေး ရောင်းချသွားမည် ဖြစ်သည်။

ထို့ပြင် အခန်းနေရာချထားခြင်း အစီအစဉ်ကို
- ရွှေလင်ပန်းနှင့် ကနောင်အိမ်ရာစီမံကိန်း လျှောက်ထား
သူများအတွက် စက်တင်ဘာ ၂ ရက်တွင် လည်းကောင်း၊
- ယုဇနတန်ဖိုးနည်းအိမ်ရာ စီမံကိန်းအပိုင်း (၁) နှင့် (၂)
လျှောက်ထားသူများအတွက် စက်တင်ဘာ ၄ ရက်တွင်
လည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊
အမှတ် (၂၂၈/၂၃၄) (ပထမထပ်)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ဗိုလ်တထောင်မြို့နယ်တွင် နံနက် ၉ နာရီခွဲခန့်၌
ဆောင်ရွက်မည်ဖြစ်ပါ၍ လူကိုယ်တိုင် လာရောက်ကြရန်
လည်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ
အကြောင်းကြားထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး
ဦးစီးဌာနက ဆောက်လုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊
ဒဂုံမြို့သစ်တောင်ပိုင်း စသည့်မြို့နယ်အသီးသီးမှ
အိမ်ရာစီမံကိန်းများရှိ တိုက်ခန်းများကို ၀ယ်ယူခွင့်ရရှိသူများ
အနက် အကြောင်းကြားစာ ဖော်ပြထားသော သတ်မှတ်
ကာလအတွင်း တိုက်ခန်းတန်ဖိုးငွေ အကျေပေးသွင်းရန်
ပျက်ကွက်သူများသည် သတင်းစာတွင် ကြော်ငြာစာ
ပါရှိသည့်နေ့မှ ၁၄ ရက်အတွင်း လာရောက်ဆက်သွယ်ရန်
နှင့် ပေးသွင်းခြင်းမရှိပါက ၀ယ်ယူခွင့်ဖျက်သိမ်းမည်ဟု
အသိပေးချက် ထုတ်ပြန်ထားခဲ့သည်။

အဆိုပါ အိမ်ရာစီမံကိန်းများတွင် လှိုင်သာယာမြို့နယ်၊
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ အပိုင်း (၁)၊ (၂)၊
ရွှေလင်ပန်း စက်မှုဇုန်အိမ်ရာ၊ ရွှေလင်ပန်းအိမ်ရာ၊
ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၃) အိမ်ရာ၊
မြောက်ဥက္ကလာမြို့နယ် ဝေဘာဂီအိမ်ရာ၊
ဒဂုံမြို့သစ် (တောင်ပိုင်းမြို့နယ်) ပုလဲမွန်အိမ်ရာနှင့်
ကမာရွတ်မြို့နယ်၊ ဟံသာရိပ်မွန်အိမ်ရာတို့ ပါဝင်ကြောင်း
ဇူလိုင်လကုန်ပိုင်းက ထုတ်ပြန်ထားသည်။

(နီလာ)

*****

၂။ "ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂)
လျှောက်ထားသူ စံချိန်တင်များပြား"

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း (၂) တွင်
အခန်းများဝယ်ယူလိုသူသည် ငါးထောင်ကျော်ရှိပြီး
ရောင်းချမည့်အခန်း ၈၀၀ ကျော်သာရှိသောကြောင့်
မဲဖောက်ရောင်းချမည် ဖြစ်သည်။

မြောက်ဒဂုံ  မြို့နယ်တွင် တည်ရှိသော ဗိုလ်ဗထူးအိမ်ရာ
အပိုင်း (၂)တွင် လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၇ လုံး၊
အခန်း ၈၆၄ ခန်း ပါဝင်သည်။

မဲဖောက်ရောင်းချခြင်း၌
- အစိုးရဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီ ဝန်ထမ်းများ
ကို စက်တင်ဘာ ၇ ရက်တွင် မြို့တော်ခန်းမ၌
မဲဖောက်ရောင်းချ မည်ဖြစ်ကာ
- အများပြည်သူကို စက်တင်ဘာ ၈ ရက်တွင် ရောင်းချမည်
ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး
ကော်မတီက သတင်းထုတ်ပြန်သည်။

‘‘လျှောက်ထားတာ ပြင်ပက ကုမ္ပဏီဝန်ထမ်းတွေ ပိုများတယ်။
အပိုင်း (၁)တုန်းကတော့ အငြိမ်းစား ဝန်ထမ်းတွေ များတယ်’’
ဟု ရန်ကုန်မြို့တော် စည်ပင် တာဝန်ရှိသူတစ်ဦးက
ပြောသည်။

ယခုလျှောက်ထားသူများထဲတွင် ပထမအသုတ်ဖြစ်သည့်
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာ အပိုင်း (၁) တွင်
ဝယ်ယူထားသူ များ မဖြစ်ရန် လိုအပ်ကြောင်း
သတ်မှတ်ထားသည်။

ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်းများသည် ၉၂၇ စတုရန်းပေ၊
၈၂၇ စတုရန်းပေ၊ ၆၁၄ စတုရန်း ပေ၊ ၅၁၄ စတုရန်းပေ
ဟူ၍ အကျယ်အဝန်းအမျိုးအစား လေးမျိုးရှိသည်။

စီမံကိန်း အပိုင်း (၂) ကို ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန်က
စတင်တည်ဆောက်နေသည်။

အကျယ်အဝန်းပေါ်မူတည်၍ တိုက်ခန်းများ၏ တန်ဖိုးကို
ကျပ်သိန်း ၂၆၀ ကျော်မှ သိန်း ၃၇၀ ကျော်အထိ ရောင်းချရန်
ကနဦး သတ်မှတ်ထားသည်။

ဝယ်ယူလိုသူများအနေဖြင့် အရစ်ကျစရိတ် (သို့မဟုတ်)
ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

(မိုးညို)

*****

၃။ "ကျန်စစ်မင်းအိမ်ရာ အပိုင်း ၁ ပြီးစီး၊ အပိုင်း ၂ ဆက်လက်
တည်ဆောက်"

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်မှာ ဖော်ဆောင်
နေတဲ့ ကျန်စစ်မင်း အိမ်ရာအပိုင်း (၁) ဆောက်လုပ် ပြီးစီး
နေပြီး အပိုင်း (၂) ကို ဆောက်လုပ်ဆဲ ဖြစ်တယ်လို့
သိရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး
ဌာနက ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ အပိုင်း (၁)၊
အပိုင်း (၂) ခွဲပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။

အခုအခါ အပိုင်း (၁) အိမ်ရာတွေ ပြီးစီးနေပြီး အပိုင်း (၂)
အိမ်ရာကို ပြီးခဲ့တဲ့ မေလအတွင်းက စတင်အကောင်အထည်
ဖော်ခဲ့တယ်လို့ သိရပါ တယ်။

အပိုင်း (၁) စီမံကိန်းမြေဧရိယာ အကျယ်အဝန်းက
၇၂.၁၀၅ ဧကဖြစ် ပြီး
- ခြောက်ခန်းတွဲသုံးထပ် ၁၀ဝ၀ စတုရန်းပေ သုံးလုံး၊
အခန်းပေါင်း ၅၃ ခန်း၊
- လေးခန်းတွဲငါးထပ် ၆၅၀ စတုရန်းပေ ၂၇ လုံး၊
အခန်းပေါင်း ၅၄၀၊
- ရှစ်ခန်းတွဲ ငါးထပ် ၄၈၄/၅၂၂ စတုရန်းပေ ၂၁ လုံး၊
အခန်းပေါင်း ၈၄၀ ၊
- ခြောက်ခန်းတွဲ ငါးထပ် ၄၆၈ စတုရန်းပေ ၁၆ လုံး၊
အခန်းပေါင်း ၄၈၀ နဲ့
- ၁၂ ခန်းတွဲ ငါးထပ် (RC) ၃၂၄ စတုရန်းပေ ၂၁ လုံး၊
အခန်းပေါင်း ၁၂၆၀ စုစုပေါင်း တိုက် ၈၈ လုံးနဲ့ အခန်းပေါင်း
၃၁၇၄ ခန်းကိုတည် ဆောက်ထားပြီး အချို့တိုက်ခန်းတွေကို
ဆက်ပြီးတည်ဆောက်နေတယ်လို့ သိရပါတယ်။

အပိုင်း (၁) နဲ့ တစ်ဆက်တည်းဖြစ်တဲ့ အပိုင်း (၂) မြေဧရိယာ
မှာ ဆောက် လုပ်ရေးကုမ္ပဏီ ၁၈ ခုက တိုက်ခန်းပေါင်း
၇၀ ကို တည်ဆောက်လျက် ရှိတယ်လို့ သိရပါတယ်။

ကျန်စစ်မင်းအိမ်ရာ တည်ဆောက်ရေး အပိုင်း (၁) ရှိ
အဆောက်အအုံတွေကို တည်ဆောက်ဆဲ ကာလဖြစ်ပြီး
မည်သည့်အဖွဲ့အ စည်းကိုမှ ခွဲတမ်းချပေးခြင်း၊ ရောင်းချ
ပေးခြင်းမရှိသေးဘူးလို့ ကြော်ငြာထားတာ တွေ့ရပြီး
ရပ်ကွက်ရုံး၊ ဈေး၊ ဓမ္မာရုံ၊ စီမံခန့်ခွဲရေးရုံး၊
နေ့ကလေးထိန်းကျောင်း၊ ရေစက်ရုံတို့ပါရှိပြီး
အပိုင်း (၂) မှာ တစ်ဧကလောက် အကျယ် ရှိတဲ့ ဓာတ်အားခွဲ
စက်ရုံနဲ့ ပန်းခြံတို့ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁)၊ အပိုင်း (၂) တည်ဆောက်ရေး
မှာ စီမံကိန်း တာဝန်ခံတွေထားရှိ ပြီး ကျန်စစ်မင်းအိမ်ရာရဲ့
ဝင်ပေါက် ထွက်ပေါက်ထိပ်မှာ ကျန်စစ်သားလမ်းမကြီးရှိပြီး
လမ်းမကြီး တစ်ဖက်ခြမ်းမှာ ထီးလှိုင်ရှင်အိမ်ရာ ရှိပါတယ်။

ကျန်စစ်မင်းအိမ်ရာဟာ ရန်ကုန် – ညောင်တုန်းလမ်းမကြီး
ထောင့်၊ ရုံးထိပ် မှတ်တိုင်အနီးမှာ တည်ရှိပြီး သွားလာရေး
လွယ်ကူတဲ့ အိမ်ရာဖြစ်တယ်လို့ သိရပါ တယ်။

အောင်ဇေယျတံတားကို ဖြတ်ပြီး အင်းစိန်မြို့နယ်ကို
သွားလာနိုင်တဲ့အပြင် ရန်ကုန် – ပုသိမ် လမ်းမကြီးကိုလည်း
ဘုရားလမ်း က ဖြတ်ပြီး ဘုရင့်နောင် အမှတ်(၁)၊ အမှတ် (၂)
တံတားကနေ သမိုင်းလမ်းဆုံကို သွားလာနိုင်တာကြောင့်
သွားလာရအဆင်ပြေ ချောမွေ့တဲ့အိမ်ရာ ဖြစ်တယ်လို့
သိရပါတယ်။

ယခုတည်ဆောက်နေတဲ့ ကျန်စစ်မင်းအိမ်ရာမှာ
အိမ်ရာ လျှောက်ထားသူ ကိုယ်တိုင်နေထိုင်ခြင်းမရှိဘဲ
စက်ရုံအလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ
တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်ငှားရမ်းရင် အိမ်ရာ
အဆောက်အအုံနဲ့ ပတ်ဝန်းကျင် ဧရိယာတွေ ပျက်စီးနိုင်
တာကြောင့် အမှန်တကယ် လိုအပ်တဲ့ ပြည်သူတွေ
နေထိုင်ဖို့အတွက်သာ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဝန်ထမ်းလစာနဲ့ အိမ်တစ်ခန်းပိုင်ဆိုင်နိုင်တဲ့
သင့်တော်တဲ့ဈေးနှုန်း၊ အရစ်ကျစနစ်နဲ့ အခြေခံပြည်သူတွေ
ဝယ်ယူနိုင်တဲ့ ဈေးနှုန်းနဲ့ အမှန်တကယ် နေထိုင်သူတွေကို
ရောင်းချပေးနိုင်မယ်ဆိုရင် မြို့ပြမွန်းကျပ်မှုကို
ဖြေလျှော့ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

(မေသက်)

credit - Eleven Media Group / 7day Daily
& Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment