Sunday, September 24, 2017

“ကျောင်း သက်သာဆိုင်ခန်းများ၊ စံမမီ အဆောက်အအုံများနှင့် ကျူးကျော် စမတ်ကတ်”

“ကျောင်း သက်သာဆိုင်ခန်းများ၊
စံမမီ အဆောက်အအုံများနှင့် ကျူးကျော် စမတ်ကတ်”


၁။ "ရန်ကုန်တိုင်းအတွင်း ကျောင်းများရှိ
ကျူးကျော်အိမ်များနှင့် သက်သာဆိုင်ခန်းများ ၂၀၁၈
မတ်လအကုန် အပြီး ဖယ်ရှားရမည်"

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ ကျောင်းများရှိ
ကျူးကျော်နေအိမ်များနှင့် သက်သာဆိုင်ခန်းများကို
၂၀၁၈မတ်လ တွင် အပြီးဖယ်ရှားမည် ဖြစ် ကြောင်း
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက
ပြောကြားသည်။

အဆိုပါ အခြေခံပညာ ကျောင်းဝင်းရှိ သက်သာဆိုင်ခန်းများ
အားလုံး ပြောင်းရွှေ့နိုင်ရန် ကြိုးစားနေပြီး အချို့ဆိုင်ခန်းများ
တွင် ကျောင်းသား၊ ကျောင်းသူများ ရှိနေခြင်းကြောင့်
ယခုနှစ် ကျောင်းဖွင့်ရာသီအကုန် ၂၀၁၈ မတ်လအကုန်၌
သက်သာဆိုင်ခန်းများအားလုံး ပြောင်းရွှေ့ရန် စီစဉ်ထားပြီး
ဖြစ်ကြောင်း ဦးနိုင်ငံလင်းက ပြောသည်။

စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေး၌ လှိုင်သာယာမြို့နယ်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ
က လှိုင်သာယာမြို့နယ်အတွင်း အခြေခံပညာကျောင်းများ
ရှိ ကျူး ကျော် အိမ်များနှင့် ကျူးကျော် ဆိုင်ခန်းများ ဖယ်ရှား
ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှု အပေါ် ဝန်ကြီးက
အထက်ပါ အတိုင်း ဖြေကြားသည်။

‘‘ဆိုင်ခန်းမှာ နေထိုင်သူများ အနေဖြင့်လည်း ယခုအချိန်က
စပြီး ပြောင်းရွှေ့နိုင်ဖို့ စီစဉ်ထားရှိရန် လိုအပ်ပါတယ်’’ဟု
ဦးနိုင်ငံလင်းက ဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်းများဖြစ်သော
အထက (၅)၊ အလက(၄)၊ အလက(၈)၊ အလက(၁၂)၊
မူလွန်(၂၁)၊ အလက (၂၂)၊ အမက(၄၃)၊ မူလွန် (၄၅)၊
အလက(၁၇)၊ အမက (၈) ကျောင်းများရှိ ကျူးကျော်အိမ်
များနှင့် ကျူးကျော်ဆိုင် ဖယ်ရှားပေးရန် အစီအစဉ်ရှိ၊ မရှိကို
ဦးမြတ်မင်းသူက မေးမြန်းခဲ့သည်။

လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်
ကျူးကျော်အိမ် ၃၄ လုံးနှင့် သက်သာဆိုင်ခန်း ၁၈၆ ခန်း
ရှိကြောင်း ဝန်ကြီးက ပြောသည်။

အဆိုပါ သက်သာဆိုင်ခန်းများနှင့်ပတ်သက်၍
- ၂၀၁၄ အောက်တိုဘာကုန်အထိသာ ဆိုင်ခန်းခ
ပေးသွင်းရန်၊
- စာချုပ် သက်တမ်း ကုန်ဆုံးပါက ထပ်မံ စာချုပ်မချုပ်ဆိုရန်၊
ဆိုင်ခန်းများ ကို အပြီးအပိုင်ဖျက်သိမ်းရန် အကြောင်းကြား
ထားသော်လည်း သက်သာဆိုင်ခန်း ငှားရမ်းထားသူများက
လိုက်နာခြင်းမရှိဘဲ ရန်ကုန်တိုင်းတစ်တိုင်းလုံး ဖယ်ရှား
ပေးမှသာလျှင် ဖယ်ရှားပေးမည်ဟု ပြောကြောင်း
ဦးနိုင်ငံလင်းကပြောသည်။

(သက်အောင်၊ ခင်ရူပါမော်)

*****

၂။ "ရန်ကုန်တိုင်း စည်ပင် နယ်နိမိတ်အတွင်းရှိ
အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်
စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့် လုပ်ငန်းများကို ဖျက်သိမ်းရန်
လိုအပ်ပါက ဖျက်သိမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့်
အင်ဂျင်နီယာများအား အရေးယူနိုင်ရန် ဆောင်ရွက်နေ
ဟုဆို"

ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံ
များ ဆောက်လုပ်ရာတွင် သတ်မှတ် စံချိန်စံညွှန်းနှင့်
ကိုက်ညီမှုမရှိသည့် လုပ်ငန်းများကို ဖျက်သိမ်းရန်
လိုအပ်ပါက ဖျက်သိမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့်
အင်ဂျင်နီယာများကို အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ
၂၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး
(သတ္တမနေ့) တွင် ပြောကြားသည်။

လသာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်
ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏
“ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း
တည်ဆောက်ရေးလုပ်ငန်းများ ဆောက်ရွက်သည့်လမ်းများ
တွင် စံချိန်စံညွှန်း မမီဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့်
စပ်လျဉ်းပြီး စစ်ဆေးအရေးယူရန် ရှိ မရှိ သိလိုကြောင်း”
မေးခွန်းနှင့်ပတ်သက်ပြီး မြို့တော်ဝန်က ပြန်လည်ဖြေကြား
ရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ
အဆောက်အအုံတွေ ဆောက်လုပ်ခွင့် လျှောက်တဲ့အခါပဲ
ဖြစ်ဖြစ်၊ မြေပြင်မှာ ကြီးကြပ်ဆောင်ရွက်မယ့် အခါပဲဖြစ်ဖြစ်၊
အဆောက်အအုံခိုင်ခံ့မှုအတွက် တာဝန်ခံရတဲ့ လိုင်စင်ရ
အင်ဂျင်နီယာ ဆောက်လုပ်မယ့် ပုံစံမှာ တစ်ခါတည်း
လက်မှတ်ရေးထိုး တင်ပြရတယ်။
ရေးထိုးတင်ပြတဲ့အခါမှာ လိုင်စင်ရ အဆောက်အအုံရဲ့
အသေးစိတ်တွက်ချက် တင်ပြမှုကို ရန်ကုန်မြို့တော်စည်ပင်
က အင်ဂျင်နီယာဌာန အဆောက်အအုံရဲ့ အင်ဂျင်နီယာတွေ
က အဆင့်ဆင့်စိစစ်ပြီး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ခွင့်ပြုချင်ရရှိတဲ့ အဆောက်အအုံတွေ နောက်စည်ပင်
သာယာရေးကော်မတီ ကခွင့်ပြုထားတဲ့ စံချိန်စံညွှန်းအတိုင်း
ဆောက်လုပ်ဖို့အတွက်လည်း လုပ်နေဆဲကာလမှာ ကြီးကြပ်
ဆောင်ရွက်ရပါတယ်။
ခွင့်ပြုပုံစံပါ စံချိန်စံညွှန်းအတိုင်း လမ်းတံတား အင်ဂျင်နီယာ
က ကြီးကြပ်ဆောက်လုပ်ခြင်း ရှိ မရှိ၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန
(အဆောက်အအုံ)၊ နောက် ခရိုင်၊ မြို့နယ်များအလိုက်
တာဝန်ပေးထားတဲ့ ခရိုင်အင်ဂျင်နီယာမှူးတွေ၊ မြို့နယ်
စစ်ဆေးရေး အင်ဂျင်နီယာတွေက လုပ်ငန်းတွေကို
အပိုင်းလိုက်စစ်ဆေးပြီး စံချိန်စံညွှန်းနဲ့အညီ လုပ်ထားမှ
လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခွင့်ပြုနေခြင်း
ဖြစ်ပါတယ်။
စံချိန်စံညွှန်းနဲ့ မညီတာကို စစ်ဆေးတွေ့ရှိလို့ရှိရင်လည်း
ဆောင်ရွက်ဆဲလုပ်ငန်းကို တားမြစ်ပြီး ပြန်လည် ဖြည့်ဆည်းဖို့
အတွက် ပြင်ဆင်တယ်။
နောက်ပြီးတော့ ဖျက်သိမ်းဖို့ လိုအပ်ရင်လည်း ဖျက်သိမ်းပြီးမှ
ပြန်ဆောက်ဖို့ အရေးယူဆောင်ရွက်ဖို့လိုအပ်ရင်
သက်ဆိုင်ရာဆောက်လုပ်ရေး လုပ်ငန်းရှင်ရော၊
အင်ဂျင်နီယာရော အရေးယူဆောင်ရွက်ဖို့ လုပ်နေပါတယ်”
ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း လမ်းများ အရည်အသွေးမြှင့်တင်
သွားရန်ရှိကြောင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် လမ်းများ
ပျက်စီးပြီး ပြင်ဆင်စားရိတ်များပြားမှုကြောင့် အလေအလွင့်များ
ဖြစ်ပွားနေကြောင်း ထို့ကြောင့် လမ်းများပြုပြင်ရာတွင်
စနစ်တကျ စံချိန်စံညွှန်းမီရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနှစ်မှာ ရန်ကုန်တိုင်းအတွက် ၀န်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်မှာ
လမ်းနဲ့ ပတ်သက်ပြီးတော့ အရည်အသွေးကို မြှင့်တင်ဖို့ဆိုပြီး
တော့ လမ်းညွှန်ထားတာ ရှိပါတယ်။
အဲဒီအတွက်လည်း လမ်းညွှန်ချက်နဲ့အညီ လမ်းတွေရဲ့
အရည်အသွေးကို မြှင့်ဖို့ ရှိပါတယ်။
သို့သော် လမ်းရဲ့ သဘောအရ ပြောပါမယ်။
လမ်းက ဘယ်လောက်ပဲခင်းခင်းပေါ့။
သဘာဝရာသီဥတုကြောင့် အဓိကမိုးရေကြောင့်၊
ပျက်စီးတတ်ပါတယ်။
သဘာဝအန္တရာယ်များအရလည်း ပျက်စီးမှုများလာလေလေ
ပြင်စရိတ်လည်း များလာလေလေ၊ အလေအလွင့်လည်း
များလာလေလေ ဆက်စပ်မှု ဖြစ်လာပါတယ်။
အဲဒါကို စည်းကမ်းတကျနဲ့ စနစ်တကျ စံချိန် စံညွှန်းမီအောင်
လုပ်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု
မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

(ဆန်းထူးအောင်)

*****

၃။ "ကျူးကျော်စမတ်ကတ် ရပြီးသူများကို အိမ်တိုင်ရာရောက်
စစ်မည်"

ရန်ကုန်တိုင်းအတွင်း ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု
စမတ်ကတ်ရရှိသူ အိမ်ထောင်စုများကို အောက်တိုဘာလမှ
စ၍ အမှန်တကယ် ကျူးကျော် ဟုတ်၊ မဟုတ် အိမ်တိုင်
ရာရောက် စစ်ဆေးမည်ဖြစ်ကြောင်း ကျူးကျော်စာရင်း
ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှုကို ၂၀၁၆ ခုနှစ်
စက်တင်ဘာလမှ ယခုနှစ် ဇူလိုင်လအထိ မြို့နယ်
၃၇ မြို့နယ်တွင် ကောက်ယူခဲ့ပြီး အိမ်ထောင်စု တစ်သိန်း
ခြောက်သောင်းကျော်ကို စမစ်ကတ် ထုတ်ပေးခဲ့ကြောင်း
ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး
က ပြောကြားသည်။

“အခုလက်ရှိ စာရင်းတွေ အားလုံး သွင်းပြီး သွားပြီ။
တိုင်းအစိုးရအဖွဲ့က ညွှန်ကြားတာနဲ့ စာရင်းမှာပါတဲ့
ကျူးကျော်နေထိုင်သူတွေကို စစ်မယ်။
စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ စမတ်ကတ် ထုတ်ပေးထားသည့် ကျူးကျော်များ၏
အချက်အလက်များကို အိမ်တိုင်ရာရောက် စစ်ဆေးမည်
ဖြစ်ပြီး စီးပွားဖြစ်ကျူးများဖြစ်ကြောင်း တွေ့ရှိပါက
တိုင်းအစိုးရက စမတ်ကတ် သိမ်းယူမည့်အပြင် ဥပဒေအရ
အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျူးကျော်စာရင်း
ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင်
နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး
အိမ်ထောင်စု ၁၆၇၇၃၈ စုရှိကာ ကျူးကျော် နေထိုင်သူဦးရေ
၄၃၁,၀၅၀ ခန့်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့ထံမှ သိရသည်။

credit - 7day Daily / Eleven Media Group
& The Voice 

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment