“၅,၀၀၀တန် နှင့် ၁၀,၀၀၀တန် ငွေစက္ကူ သတင်းများ”
၁။ "ငါးထောင်နှင့် တစ်သောင်းတန် ငွေစက္ကူ
ဒီဇိုင်းသစ် ထုတ်"
ပြည်တွင်း၌ ကျပ်ငွေစက္ကူများ အတုပြုလုပ်မှု အများအပြား
တွေ့ရှိလာသည့်အတွက် ကျပ်ငါးထောင်တန်နှင့်
ကျပ်တစ်သောင်းတန် ငွေစက္ကူများကို လုံခြုံရေး တိုးမြှင့်၍
ဒီဇိုင်းအသစ်များ ထပ်မံ ထုတ်ထားကြောင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
ယခု လုံခြုံရေး တိုးမြှင့်ထားသည့် ငွေစက္ကူ ဒီဇိုင်းသစ်များ
သည် ယခင် ငွေစက္ကူအဟောင်းနှင့် အရွယ်အစား
ပြောင်းလဲမှုမရှိဘဲ ထုတ်လုပ်ထားသော်လည်း
ယခင်ငွေစက္ကူ အဟောင်းထက် အနည်းငယ် ပိုမိုထူပြီး
ရေစိုခံနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်
အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
“တစ်သောင်းတန်ဆိုတဲ့ အရာလေးက သိသိသာသာ
အစိမ်းရောင်နဲ့ ပေါ်နေမယ်။
လုံခြုံရေးကြိုးတွေ ဘာတွေကတော့ အရင်အဟောင်းနဲ့
အသစ် ယှဉ်ကြည့်ရင် အရောင်ကအစ ကွဲနေမယ်” ဟု
၎င်းက ရှင်းပြသည်။
လတ်တလောတွင် ဘဏ်များက အပ်နှံလာသော ငွေစက္ကူ
ဒီဇိုင်းအဟောင်းများကို ပြန်လည် မထုတ်ပေးတော့ဘဲ
လုံခြုံရေး တိုးမြှင့်ထားသည့် ငွေစက္ကူ ဒီဇိုင်းသစ်များကိုသာ
ဗဟိုဘဏ်က ဘဏ်များသို့ ပြန်လည် လဲလှယ်ပေးကြောင်း
ယင်းအကြီးတန်းအရာရှိက ဆိုသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်စပိုင်းတွင် မြန်မာနိုင်ငံ၏
နယ်စပ်မြို့များနှင့် နယ်မြို့များတွင် ကျပ်ငါးထောင်တန်နှင့်
တစ်သောင်းတန် ငွေစက္ကူအတု အများအပြားကို
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ငွေစက္ကူများကို လုံခြုံရေး တိုးမြှင့်ခြင်းသည် ပြည်တွင်း
ဈေးကွက်အတွင်းသို့ ငွေစက္ကူအတုများ ဝင်ရောက်နိုင်ခြင်း
မရှိနိုင်စေရန်နှင့် ငွေစက္ကူ ကိုင်ဆောင်သုံးစွဲသူများ
ယုံကြည် စိတ်ချမှု ပိုမိုရှိစေရန် အတွက်ဖြစ်ကြောင်း
ကမ္ဘာ့ရတနာဘဏ်မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
“ဒီလို ငွေစက္ကူအတုတွေက အိမ်နီးချင်းနိုင်ငံတွေ၊
တရုတ်တို့၊ ထိုင်းတို့က အဝင်များတာပေါ့။
ချက်ချင်းကြီးတော့ သိမ်းလို့ မရပါဘူး။
ဈေးကွက်ထဲမှာ၊ ပြည်သူတွေလက်ထဲမှာ အများကြီး
ကိုင်သုံးနေတော့ ဖြည်းဖြည်းချင်းပဲ ရမှာ” ဟု
၎င်းကဆိုသည်။
*****
၂။ "ကျပ်တစ်သောင်းတန်နှင့် ငါးထောင်တန်များကို
ဒီဇိုင်းအသစ် ထပ်မံထုတ်ဝေမည်ဆိုခြင်းမှာ မဟုတ်ဟု
ဗဟိုဘဏ်ပြော"
ကျပ် တစ်သောင်းတန်နှင့် ငါးထောင်တန်များကို ဒီဇိုင်း
အသစ် ထပ်မံ ထုတ်ဝေမည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊
ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးအောင်ကျော်သန်းက ပြောကြားလိုက်သည်။
စက်တင်ဘာ ၅ ရက်တွင် ပြည်တွင်းမီဒီယာအချို့နှင့်
လူမှု ကွန်ရက်တွင် ပြည်သူများအကြား လက်ရှိသုံးစွဲ
နေသော ကျပ်ငါးထောင်နှင့် တစ်သောင်းတန်
ငွေစက္ကူများကို လုံခြုံရေးအဆင့်မြှင့်တင်ပြီး ဒီဇိုင်းအသစ်
ဖြင့် ထပ်မံ ထုတ်ဝေမှုပြုလုပ်မည်ဟု ရေးသား ဖော်ပြလျက်
ရှိနေရာ အဆိုပါရေးသားဖော်ပြချက်များမှာ မှန်ကန်မှု
မရှိကြောင်း၊
လက်ရှိပြည်သူများ အကြားတွင် သုံးစွဲနေသည့်
ကျပ် ငါးထောင်တန်နှင့် တစ်သောင်းတန် ငွေစက္ကူများမှာ
လုံခြုံရေး အဆင့်မြှင့်ထားသော ငွေစက္ကူများဖြစ်ကြောင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ
သိရသည်။
''ဒီဇိုင်းအသစ်တွေထုတ်မယ်ဆိုတဲ့ အသံလည်း မကြားဘူး။
အရင်တုန်းက ဒီဇိုင်းတွေကိုအဆင့် မြှင့်ခဲ့တာတွေကိုပဲ
လက်ရှိသုံးနေတာ။
ဒီဇိုင်းအသစ်ထုတ်မယ်ဆိုရင် ကိုယ်တို့အဆင့်တွေနဲ့လည်း
လုပ်လို့ မရဘူး။
ဗဟိုဘဏ် ဥက္ကဋ္ဌ အဆင့်လောက်ကနေ အစိုးရအဖွဲ့
ရုံးကိုတင်၊ အစိုးရအဖွဲ့ရုံးကနေ လွှတ်တော်တင်ပြီး
အတည်ပြုမှ လုပ်လို့ ရမှာ။
အခုကလွှတ်တော် တင်တာ အတည်ပြုတာတွေလည်း
ဘာမှ မရှိသေးဘူး။
ကိုယ်တို့က အစိုးရ၊ လွှတ်တော်ရဲ့ ကွပ်ကဲမှု အောက်မှာ
လုပ်ရတာလေ''ဟု ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးအောင်ကျော်သန်းက စက်တင် ဘာ ၅ ရက်တွင်
ဒီမိုကရေစီတူဒေး သို့ ပြောကြားသည်။
လက်ရှိတွင် သုံးစွဲနေသော ကျပ်ငါးထောင်တန်နှင့်
တစ်သောင်းတန်ငွေစက္ကူများမှာ လွန်ခဲ့သည့်သုံးနှစ်က
ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး
မူလအရွယ်အစားနှင့် အရောင်အသွေးအတိုင်း ဖြစ်ပြီး
ငွေစက္ကူမျက်နှာပြင်ကို ဗားနစ်(Varnish) အလွှာနှင့်
ဖုံးအုပ်ထားကာ
လုံခြုံရေးကြိုးအသစ်၊ ရေစာအသစ်နှင့်
ထုတ်လုပ်ထားကြောင်း၊
လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော
ကျပ်ငါး ထောင်တန်နှင့် တစ်သောင်းတန် ငွေစက္ကူကို
အသစ် ထပ်မံထုတ်မည်ဆိုပါက မဖြစ်နိုင်သောကိစ္စ
တစ်ခုဖြစ်နေကြောင်း သိရသည်။
''အရင်ကငွေစက္ကူအဟောင်းတွေကိုအတုပြုလုပ်လာတာ
တွေ ကိုထိန်းချုပ်ဖို့ အရင်ကထုတ်ခဲ့တဲ့ အဟောင်းတွေကို
ကိုယ်တို့ဆီလာအပ်ရင် ကိုယ်တို့ဘက်က တတ်နိုင်သမျှ
ထုတ်မပေးတော့ဘူး။
တစ်ဖြည်းဖြည်းချင်းလဲသွားမှာပေါ့။
အိန္ဒိယမှာဆိုရင် ငွေစက္ကူ အဟောင်းတွေကို ချက်ချင်း
လုပ်လိုက်တော့ ဂယက်ရိုက်သွားတယ်။
ဒီမှာတော့ ဖြည်းဖြည်းချင်း ပြန်သိမ်းသွားမယ်။
အဲဒါဆိုရင် အတုတွေက ကာလာအရောင်တွေ သိသာ
လာမယ်။
လုံခြုံရေးကြိုးတွေက သိသာလာလိမ့်မယ်'' ဟု
ဦးအောင်ကျော်သန်းက ဆက်လက်ပြော ကြားသည်။
ဗဟိုဘဏ်အနေဖြင့်
- လုံခြုံ ရေးတိုးမြှင့်ထားသော ကျပ်ငါးထောင်တန်များကို
၂ဝ၁၄ ခုနှစ် အောက်တိုဘာလ က ထုတ်ဝေခဲ့ပြီး
- လုံခြုံရေးတိုးမြှင့်ထားသော ကျပ်တစ်သောင်းတန်များကို
၂ဝ၁၅ ခုနှစ် ဇူလိုင်လကထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
ATK ,THWL (CNB)
credit - The Voice & Democracy Today
(မှတ်ချက်)
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် ဘဏ္ဍာရေးနျင့် ဆိုင်ရာ သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment