Friday, July 10, 2015

"ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းနှင့် တွေ့ဆုံခြင်း"

ဒေါက်တာညိုညိုသင်း


"ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းနှင့် တွေ့ဆုံခြင်း"

(ရန်ကုန်မြို့သစ် စီမံကိန်းခုနစ်ခုကို အကောင်အထည်ဖော်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး
အစိုးရက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် တင်သွင်းပြီး
လွှတ်တော်က သဘောတူခွင့်ပြုခဲ့သည်။ ယင်းစီမံကိန်း ခုနစ်ခုတွင် ရပ်ဆိုင်းထားခဲ့သော ကြည့်မြင်တိုင်
တစ်ဖက်ကမ်းရှိ ရန်ကုန်မြို့သစ် စီမံကိန်းတစ်ခုလည်း ပါဝင်ခဲ့သည်။ ယင်းစီမံကိန်းများ အကောင်အထည်
ဖော်ရာတွင် သိမ်းဆည်းမည့် မြေယာများအတွက် မြေပိုင်ရှင်များ နစ်နာမှု မရှိရေး
မည်သို့ဆောင်ရွက်ထားသည်ကို သိရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။)

Voice - မြို့သစ်စီမံကိန်း ခုနစ်ခု လုပ်မှာဆိုတော့ ဘယ်အချိန်စမယ်။ ဘယ်အချိန်မှာပြီးမယ် ဆိုတာ
ပြောထားပြီးပြီလား။

DNNT - မပြောဘူးလေ။ ၂၀၄၀ ခုနှစ် အထိလေ။ ဒီအစိုးရ ၂၀၄၀ အထိ အာဏာရှိတယ် ဆိုရင်တော့
စီမံကိန်းတွေ ဖြစ်မယ်။ မရှိဘူးဆိုရင်တော့ နောင်အစိုးရက ဒါတွေကို လုပ်မယ်လို့ ဘယ်လိုလုပ် အာမခံလို့ ရမှာလဲ။

Voice - အစိုးရတစ်ရပ် လုပ်တာကို နောင်တက်တဲ့ အစိုးရကလည်း တာဝန်ခံရတာပဲ မဟုတ်လား။

DNNT - အရင်တုန်းက မျိုးတူအစိုးရ တက်ရင်တော့ ဟုတ်တာပေါ့။ အရင်တက်လာတာက တပ်မတော်
အစိုးရ၊ နောင်တက်လာတာကလည်း တပ်မတော်အစိုးရ။ အနည်းငယ်ပဲ ပြောင်းတာမျိုး ဆိုရတာပေါ့။
အခုအစိုးရက ဒီမိုကရေစီလို့ ပြောကြတာပဲ။ ဖြစ်မဖြစ်ဆိုတာလည်း ပြည်သူအသိပဲ။ နောင်အစိုးရကတော့ ဘယ်လိုအစိုးရ ရမယ်ဆိုတာ အန်တီတို့ မသိဘူးလေ။ နောင်အစိုးရက ဒီအစိုးရ လုပ်ခဲ့တာတွေကို
လုပ်မယ်လို့ အန်တီတော့ သိပ်မထင်ဘူး။

Voice - လူဦးရေအရ မြို့သစ်ဖော်ဖို့ တကယ်လိုအပ်နေပြီလား။

DNNT - မူအရဆိုရင်တော့ အန်တီတို့လည်း လက်ခံပါတယ်။ ရန်ကုန်မှာ လူများတယ်။
ဒါ့ကြောင့် မြို့သစ်ချဲ့ထုတ်ဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ အပေါ်မှာ
အန်တီတို့က သဘောမတူဘူး။ မကြိုက်ဘူး။ အထူးသဖြင့် သက်တမ်းနည်းနည်းလေးပဲ ကျန်တော့တဲ့
အချိန်။ ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး လုပ်နေတယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရှစ်လပိုင်းမှာ ထွက်ပေးချင်
ထွက်ပေးရမှာလေ။ မိမိသက်တမ်း မသေချာဘူးဆိုတာ သိရဲ့သားနဲ့ လွှတ်တော်မှာ ဒီလိုကြီးကျယ်တဲ့
စီမံကိန်းကို အတည်ပြုလိုက်တယ် ဆိုတာဟာ မရိုးသားမှု ရှိနေနိုင်တယ်လို့ အန်တီက သုံးသပ်ပါတယ်။
ဒါ့ကြောင့် မေးခွန်းတွေ မေးခဲ့တယ်။ မနှစ်က လွှတ်တော်မှာလည်း ရန်ကုန်မြို့သစ် စီမံကိန်း
မေးခွန်း ၁၇ ခုကို မဖြေခဲ့ဘူး။ ဒီနှစ်လွှတ်တော်မှာလည်း မေးခွန်းတွေကို ကြိုပြီးပို့ရမယ်ဆိုလို့ ပို့ခဲ့ပေမယ့်
ဖြေဆိုသွားခြင်း မရှိပါဘူး။ ဒါကြောင့် ဒီစီမံကိန်းအပေါ်မှာ အစိုးရအနေနဲ့ ထိမ်ချန်ထားတာတွေ
အများကြီးရှိတယ်လို့ ယူဆတယ်။ ပြည်သူလူထုကို ချမပြသေးတာတွေ အများကြီး ရှိတယ်လို့ အန်တီ
လေးလေးနက်နက် ယုံကြည်တယ်။ ဒါ့ကြောင့် ဒီစီမံကိန်းကို ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ဆောင်ရွက်ပါ။
အခုပုံစံနဲ့တော့ ဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောခဲ့ပါတယ်။

Voice - စီမံကိန်းမှာ လယ်တွေအများကြီးပါတယ်။ ဒါတွေကို သိမ်းမယ်ဆိုတော့ ဘယ်လိုပုံစံနဲ့ သိမ်းမှာလဲ။

DNNT - သိန်း ၅၀ ဒါမှမဟုတ် သိန်း ၁၀၀ သတ်မှတ်ပြီး လျော်မယ်။ နောက် စည်ပင်စရိတ် တစ်ဧက
ငါးသိန်းထပ်ပေါင်းတယ်။ စည်ပင်ကလည်း ဧကတစ်သိန်းကျော် အတွက် တစ်ဧက ငါးသိန်းနှုန်းနဲ့
ဝင်ငွေရှိသွားဦးမယ်။ သူက အလုပ်အကိုင်ရတဲ့ သဘောပေါ့လေ။ YCDC အလုပ်အကိုင်ရတာထက်စာရင် အန်တီက ရန်ကုန်တိုင်းမှာ လယ်မြေတစ်သိန်းကျော် ဆုံးရှုံးမှာကို အန်တီက ဘယ်လိုမှ ခံစားလို့မရဘူး။
သိတဲ့အတိုင်း ပြည်ပကို ဆန်တွေပို့လွန်းလို့ ပြည်တွင်းမှာ စားနပ်ရိက္ခာဖူလုံမှု မရှိဘူးရယ်လို့လည်း
ဝေဖန်သူတွေက ဝေဖန်နေကြတယ်လေ။ ဆန်ဈေးတွေလည်း တက်နေတယ်လေ။ ဆန်ဈေးတက်တာက အခုလယ်တွေ မသိမ်းခင် အခြေအနေ။ အရင်တုန်းက သိမ်းထားတာရဲ့ အကျိုးဆက်လေ။ တကယ်လို့သာ လယ်မြေဧက တစ်သိန်းကျော်ကို ဒီအစိုးရ ထပ်သိမ်းလိုက်မယ် ဆိုရင် ဆန်ကို အားထားစားနေရတဲ့
အခြေခံပြည်သူလူထု ဘယ်လိုရပ်တည်မလဲ။ ဒါ့ကြောင့်မို့ လယ်ဧကသိန်းကျော် သိမ်းမယ့် အစီအစဉ်ကို
ခံစားလို့ မရတာ။ ဧကတစ်သိန်းကျော် ဆိုတာ နည်းလား။ သိမ်းတဲ့ဧရိယာတွေ ရှိမယ်။ တချို့ရိုက်ပြထားတာ ရှိတယ်။ တကယ့်မြစိမ်းရောင်တွေ ပါတယ်။ တကယ်လုပ်နေတာတွေ ပါမယ်။ ဆားငန်ရေ ဝင်နေတာ တချို့လည်းပါမယ်။ မဖြစ်စလောက် ဧက (ဆားငန်ရေဝင်သည့် လယ်မြေ ဧက) လေးပါ။

Voice - လျော်ကြေးပေးမယ့် တစ်ဧက သိန်း ၅၀ ဆိုတာ ပေ ၂၀၊ ပေ ၆၀ မြေကွက်ဈေးတောင်
တချို့နေရာမှာ မရှိဘူးလို့ ပြောကြတယ်။ လယ်ပိုင်ရှင်တွေ မနစ်နာအောင် ဘယ်လိုပုံစံနဲ့ သိမ်းမှာလဲ။

DNNT - ဘယ်မြေရှင်က တစ်ဧကသိန်း ၅၀၊ ၁၀၀ နဲ့ သူတို့မြေကို အသိမ်းခံမလဲ။ လယ်ယာမြေ ဥပဒေမှာလည်း ပါပြီးသား။ ကာလပေါက်ဈေးနဲ့ လျော်ရမယ်ဆိုတာ။ ကာလပေါက်ဈေးဆိုတာ ဖြစ်နေတဲ့ ပေါက်ဈေးကို ပြောတာ။ အစိုးရက အတင်းသတ်မှတ်တဲ့ ဈေးမဟုတ်ဘူးလေ။ ဒါ့ကြောင့် ပြဿနာတွေက အများကြီး။ လယ်သမားတွေအတွက် ပြသာနာတွေ အများကြီး သယ်လာတဲ့ စီမံကိန်း။ ဒီစီမံကိန်းကနေ
အကျိုးအမြတ်ရတဲ့လူတွေ ရှိတယ်။ ဒါ့ကြောင့် အကျိုးအမြတ် လိုချင်တဲ့လူတွေ၊ ရင်းနှီးမြှုပ်နှံထားတဲ့
လူတွေက ငွေမြန်မြန်ပေါ်ချင်ရင်တော့ စီမံကိန်းကို မြန်မြန်ဖြစ်စေချင်တာပေါ့။ အန်တီက မေးတယ်။
ဒီစီမံကိန်းက ပြည်သူအတွက် ဘာရမှာလဲ။ အရင်ဖျက်သိမ်းခဲ့တဲ့ စီမံကိန်းဆို အခန်းနှစ်သောင်း ရမယ်လို့ သူတို့ပြောတယ်မလား။ အခုစီမံကိန်းမှာ အဲလိုမပြောဘူးနော်။ သူတို့က သက်တမ်းကုန်တော့မှာ ဆိုတော့ အဲလိုပြောရင်လည်း ညာရာရောက်မယ်။ ဒါ့ကြောင့် သူတို့မလုပ်နိုင်တဲ့အတွက် ဘာမှမပြောဘူး။ ဘယ်သူမှ မလုပ်ပေးနိုင်ဘူးဆိုတာ သေချာတယ်။ အန်တီတို့ကိုပေးတဲ့ စာအုပ်လေးမှာ မြေပုံတွေပါတယ်။ ဒါတွေက Auto Cad နဲ့ ဆွဲပြီး စိမ်းလန်းဧက ဘယ်လောက်ထားမယ်။ ဘာညာပေါ့။ သူတို့က စီမံကိန်းလုပ်မယ်။
မြေကွက်ရိုက်မယ်။ နီးစပ်တဲ့သူတွေကို ရောင်းချပေးမယ့် အစီအစဉ်ပေါ့။ ဒီစီမံကိန်းကိုေ မြကွက်ရိုက်ပြီး
ရောင်းတဲ့စီမံကိန်း သက်သက်ပဲ ဖြစ်တယ်လို့ အန်တီက ယူဆပါတယ်။

Voice - မြေသိမ်းမဲ့ကိစ္စက ဒေသခံလယ်သမားတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်လာနိုင်လား။

DNNT - ဖြစ်လာနိုင်တာပေါ့လေ။ ဒေသခံတွေက သိချင်ကြတယ်။ သူတို့ကို ရေဘယ်လိုပေးမှာလဲ၊
မီးဘယ်လို ပေးမှာလဲ။ သူတို့မြေကို သိန်း ၁၀၀ နဲ့ သိမ်းသွားပြီး သူတို့ဘာရမှာလဲဆိုတာ
သူတို့ ပြတ်ပြတ်သားသား သိချင်တယ်လေ။ အဲဒီ့တော့ အစိုးရက ကတိပေးပြီ ဆိုပါတော့။
နောက်အစိုးရက ဆက်လုပ်မလား၊ မလုပ်လား မသေချာဘူးလေ။ ဖွဲ့စည်းပုံမှာ ပြောပြီးသား တရားမျှတတဲ့ တာဝန်တွေကိုပဲ အစိုးရ ဆက်ခံတာ။ တရားမမျှတတဲ့ တာဝန်ဆို နောင်အစိုးရ ဆက်မခံဘူး။
ဥပမာ- ဒီအစိုးရက ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး သုံးနှစ်အတွင်း မီးတွေအကုန်ရအောင်၊ လမ်းတွေ
အကုန်ကွန်ကရစ်လမ်း ဖြစ်အောင်၊ လမ်းပေါင်း နှစ်သောင်း၊ သုံးသောင်းဖြစ်အောင်၊
ရေပါအပါ ဖြစ်ရမယ်ဆိုရင် ဖြစ်မှမဖြစ်နိုင်တာ။ ဒီတာဝန်ကို နောက်အစိုးရကလည်း ထမ်းဆောင်မှာ
မဟုတ်ဘူး။ ရိုးရိုးစဉ်းစားရင်ကို ဒီစီမံကိန်းက ဒီအချိန်မှာ ဘယ်လိုမှ မလုပ်သင့်ဘူးဆိုတာ
အဖြေပေါ်နေတယ်။ ဒီအစိုးရပဲ ဆက်အာဏာရမှာ လုပ်မယ်ဆိုလည်း လုပ်လို့ရတာပဲ။ တခြားဘာမှ
မလုပ်ဘဲ မြို့သစ်ပဲ တည်မယ်ဆိုလည်း ရတာပဲ။ သက်တမ်းပိစိလေး ကျန်ချိန်ရောက်မှ ဒီလိုစီမံကိန်းကြီးကို လုပ်တယ်။ မြေကွက်ရောင်းဖို့ ကြံတယ်ဆိုတာကတော့ အစိုးရတစ်ရပ် အနေနဲ့ မဖြစ်သင့် မဖြစ်ထိုက်တာကို လုပ်တာပဲလို့ အန်တီတော့ မြင်တယ်။

Voice - ၁၉၉၀ ဝန်းကျင်လောက်က တည်ခဲ့တဲ့ လှိုင်သာယာ၊ ရွှေပြည်သာတို့တုန်းကလည်း ရေမရှိ၊ မီးမရှိ။ ဆယ်စုနှစ် တစ်စုစာလောက်ကြာမှ မီးရခဲ့တာတွေ၊ ရေရခဲ့တာတွေ၊ အခုထိလည်း ရေမရ မီးမရတာတွေ
ရှိနေဆဲပါ။ တည်ပြီးသား မြို့သစ်တွေကို ဖွံ့ဖြိုးအောင် မလုပ်ဘဲ မြို့သစ်ထပ်တည်မယ့် အပေါ်
ဘယ်လိုမြင်လဲ။

DNNT - အဲဒါကြောင့်မို့လည်း တည်ထောင်ပြီး မြို့သစ်တွေမှာနေတဲ့ ပြည်သူတွေ၊ ဒဂုံအရှေ့မှာဆို
လယ်ကွက်တွေ ဒီအတိုင်းကြီး ရှိသေးတယ်။ လမ်းတွေလည်းခင်းဖို့ ကျန်တယ်။ မီးတွေလည်း မရှိဘူး။
လှိုင်သာယာနဲ့ ရွှေပြည်သာမှာလည်း ဒီလိုပဲ။ ရွှေပေါက္ကံလည်း ဒီအတိုင်း။ ဒီလို အခြေခံလိုအပ်ချက်တွေ
ပြည့်စုံမှုမရှိတဲ့ မြို့သစ်တွေ ရှိနေပါလျက်နဲ့ ခုလိုမျိုး မြို့အသစ်ထပ်ဖော်ခြင်း၊ မြေကွက်ရိုက်ရောင်းခြင်းဟာ မဖြစ်သင့် မဖြစ်ထိုက်ဘူး။

Voice - ဒဂုံစီးတီးကိစ္စကျ ပြည်ထောင်စုအဆင့် လုပ်ပိုင်ခွင့်မို့ တိုင်းဒေသကြီးမှာ မေးခွန်းမေးတာကို
ငြင်းပယ်ခံခဲ့တယ်။ ဒီလိုမြို့သစ်တည်တာဟာ ဖွဲ့စည်းပုံ ဇယား ၂ အရ တိုင်းဒေသကြီး စီမံပိုင်ခွင့်နဲ့
အကျုံးဝင်လား။

DNNT - ဖွဲ့စည်းပုံ ဇယား ၂ အရ ထင်ထင်ရှားရှား ပြောရမှာကတော့ မြို့သစ်တည်ထောင်ခွင့်ရယ်လို့ မပါဘူး။ ဒါ့ကြောင့် ဖွဲ့စည်းပုံဥပဒေနဲ့ အတော်ကို လွဲချော်နေတဲ့ လုပ်ရပ်ဖြစ်တယ်။ သမ္မတကြီးက ခိုင်းလို့
လုပ်ရပါတယ်လို့တော့ ပြောနိုင်ပါတယ်။ သမ္မတကြီးက ခိုင်းတယ်လို့တော့ အန်တီဖြင့် မတွေ့ပါဘူး။ JICA သူတို့ဘာ သူတို့လေ့လာပြီးတော့ သမ္မတရုံးကို သွားသွားပြီး တင်ပြတယ်ပေါ့နော်။ သမ္မတကြီးက
လုပ်ချင်လို့ မဟုတ်ဘူး။ သူတို့က လုပ်ချင်လို့ သမ္မတကို သွားတင်ပြတာ။ သမ္မတကြီးကလည်း
ဘယ်နေ့ဘယ်နေ့မှာ ညွှန်ကြားခဲ့တယ်လို့လည်း အန်တီတို့ မတွေ့ပါဘူး။ သူတို့မှတ်တမ်းမှာတော့
ဒါလုပ်ချင်ပါတယ် ဆိုပြီး သမ္မတဆီသွားပြီး တင်ပြကြတယ်။ ဒီတော့ သမ္မတကြီးက ဘာကန့်ကွက်မှာလဲ။
မသကာ မင်းတို့လွှတ်တော် ရှိတယ်။ လွှတ်တော်က အတည်ပြုရင် လုပ်ပေါ့လို့ ပြောမှာပေါ့။
အန်တီထင်တာကတော့ သမ္မတကို နှစ်ပေါက်တစ်ပေါက် ရိုက်တာပဲလို့ အန်တီထင်တယ်။

Voice - အစိုးရသက်တမ်း ကုန်ခါနီးကျမှ စီမံကိန်းတွေကို အလောတကြီး လုပ်ကြတာ ဘာကြောင့်လဲ။

DNNT - ဒါတော့ ကိုယ်အာဏာရတုန်းမှာ အလောတကြီး လုပ်တာပေါ့ကွယ်။ ကိုယ်အာဏာရတုန်းမှာ
လုပ်ခွင့်ရှိတုန်းမှာ လုပ်နိုင်သလောက်လုပ်တဲ့ သဘောပေါ့ကွယ်။ ပြည်သူအတွက် အကျိုးရှိ မရှိကို ခေါင်းထဲ သိပ်ထည့်ပုံ မပေါ်ပါဘူး။ ဒီအတွက် သက်သေရှိလားဆို ရှိတယ်။ အန်တီကတော့ ပြည်သူအတွက်
ဘာအကျိုးရှိမှာလဲလို့ (စီမံကိန်းနှင့် ပတ်သက်ပြီး) မေးခွန်း မေးခဲ့တယ်လေ။ ဒါကို မဖြေနိုင်ဘူးလေ။

Voice - ဘာများ ထပ်ဖြည့်ပြောချင်စရာ ရှိသေးလဲ။

DNNT - မရှိပါဘူး။

ရဲနိုင်ဦး
(The Voice)


No comments:

Post a Comment