Monday, July 13, 2015
"အဟောင်းဖြင့် အသစ်ဖော်ခြင်း သတိပြု"
"အဟောင်းဖြင့် အသစ်ဖော်ခြင်း သတိပြု"
ဗြိတိသျှလူမျိုး စစ်အင်ဂျင်နီယာ အလက်ဇန္ဒား ဖရေဆာ၏ မြို့ကွက်ချပုံစံဖြင့် ရန်ကုန်မြစ်ကို
မေးတင်၍ ၁၈၅၇ ခုနှစ်တွင် မွမ်းမံတည်ဆောက်ခဲ့သည့် ရန်ကုန်မြို့တော်သည် ထိုစဉ်က အများဆုံး
လူဦးရေ သိန်းဂဏန်းစာ အတွက်သာ ရည်ရွယ်ထားခဲ့သော မြို့တော်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်း တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုးလာခဲ့ပြီး အရှေ့တောင်အာရှတွင်
အလှပဆုံး၊ ခေတ်အမီဆုံး၊ အသန့်ရှင်းဆုံးမြို့တော် အဖြစ် နာမည်ကျော်ကြားခဲ့သော်လည်း
၁၉၆၂ ခုနှစ် နောက်ပိုင်း မြို့ပြစီမံခန့်ခွဲမှုပညာရပ် မကျွမ်းကျင်သူများ၏ စီမံခန့်ခွဲမှု အလွဲများကြောင့်
ရန်ကုန်မြို့တော်ကြီး စနစ်မကျစွာ ကြီးထွားလာခဲ့သည်မှာ ယနေ့ကာလအထိ ဖြစ်သည်။
အထူးသဖြင့် တော်လှန်ရေးအစိုးရ လက်ထက် အကောင်အထည်ဖော်ခဲ့သော တောင်ဥက္ကလာပမြိုသစ်မှ အစပြုကာ အာဏာရှင်အစိုးရ လက်ထက်က အသစ်တည်ဆောက်ခဲ့သော ဒဂုံမြို့သစ်အထိ
မြို့ပြတစ်ခု၏ အခြေခံအဆောက်အအုံများ အဆင်သင့်မဖြစ်သေးမီ လူများကို အဓမ္မမောင်းထုတ်ပြီး
ရွှေ့ပြောင်းခဲ့သည်။
တရားဝင်စာရင်းများအရ ယနေ့ လူဦးရေ ငါးသန်းကျော် ခြောက်သန်းနီးပါး ရှိလာသော
ရန်ကုန်မြိုတော်တွင် မြို့တော်၏ မူလရှိနေသော အခြေခံအဆောက်အအုံများနှင့် မမျှတသော
အဆောက်အအုံများ၊ လူဦးရေများက မြို့တော်ကိုဖိထားပြီး မြို့ပြစီမံခန့်ခွဲမှုသဘော နကန်းတစ်လုံးမျှ
နားမလည်သူများက ဆုံးဖြတ်ချက်ပေးသူ နေရာ၊ မြို့တော်စည်ပင်သာယာ ဖွံ့ဖြိုးရေး တာဝန်ရှိသူ
နေရာများတွင် ရှိနေခြင်းကြောင့် မြို့တော်ကြီးတစ်ခုလုံး ပရမ်းပတာ ကြီးထွားလာခဲ့သည်။
အထူးသဖြင့် မြို့သစ်တစ်ခုဖော်တိုင်း နိုင်ငံတော်၏ ဘဏ္ဍာငွေများနှင့် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး
ပိုင်ဆိုင်သော အများပြည်သူဆိုင်ရာ မြေနေရာများမှာ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြု
ခံရသည့်အပြင် လူသားအခြေခံ အခွင့်အရေးများနှင့် သွေဖည်နေကာ အရည်အသွေး ညံ့ဖျင်းလှသည့်
ဒုက္ခသည်စခန်းသာသာ မြို့သစ်များသည် အာဏာရှင်များနှင့် လက်တစ်ဆုပ်စာ ခရိုနီတစ်စု၏
စားပေါက်စားလမ်းတစ်ခု အဖြစ် အသုံးတော်ခံ အဆင့်သာ ဖြစ်ခဲ့ရသည်။
စင်စစ်အားဖြင့် လက်ရှိ ရန်ကုန်မြို့တော်၏ အခြေအနေအရ ခေတ်မီဖွံ့ဖြိုးကာ စနစ်ကျသော မြိုသစ်တစ်ခု အကောင်အထည်ဖော်ရန် လိုအပ်နေသော်လည်း ယနေ့အချိန်အထိ တော်လှန်ရေးကောင်စီ
အစိုးရလက်ထက်၊ လမ်းစဉ်ပါတီအစိုးရ လက်ထက်၊ တပ်မတော်အစိုးရ လက်ထက်တို့တွင်
အကောင်အထည်ဖော်ခဲ့သည့် မြို့သစ်များပင်လျှင် လူတန်းစေ့၊ လူကဲ့သို့ ပီပီသသ
မနေထိုင်နိုင်ကြသေးဘဲ ဒုက္ခမျိုးစုံ ကြုံတွေ့နေရသေးသည့်ကြားက မြို့သစ်စီမံကိန်း အသစ်များ
ထပ်မံ အကောင်အထည်ဖော်ကာ လုပ်ငန်းပြ ကိုယ်ကျိုးရှာမည့် အရေးကိုမူ မည်သို့မျှ
လက်ခံနိုင်စရာ မရှိပေ။
မကြာသေးခင်က မြို့သစ်စီမံကိန်း ခုနစ်ခု အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီး
အစိုးရက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြချက်ကို အတည်ပြုလိုက်ရာ အဆိုပြု
မြေနေရာများတွင် လက်ရှိ စိုက်ပျိုးထွန်ယက်နေသော လယ်မြေများလည်း ပါဝင်နေသည့်အတွက်
ယခင်အာဏာရှင်အစိုးရ လက်ထက်လိုပင် ပုံစံဟောင်း အတွေးအခေါ်၊ အယူအဆ၊
လုပ်နည်းလုပ်ဟန်များကြောင့် ပေါ်ပေါက်လာမည့် ပုံစံဟောင်း ပြဿနာများ ဖြစ်သည့်
မြေသိမ်း၊ ယာသိမ်း ပြဿနာများ၊ ဒေသဆိုင်ရာ အစိုးရနှင့် နီးစပ်သူ ခရိုနီဆောက်လုပ်ရေး
ကုမ္ပဏီများ၊ စံချိန်စံညွှန်းမမီသော ဆောက်လုပ်ရေးပစ္စည်းများ၊ အခြေခံအဆောက်အအုံများ၊
ဈေးပေါပြီး အရည်အချင်းမမီသော ပညာရှင် နာမည်ခံများဖြင့် နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားပြု၊
ကိုယ်ကျိုးရှာမည့် ကိစ္စရပ်များ ဒင်းကြမ်းပေါ်ပေါက်လာမည့် အပြင် သက်တမ်းကုန်ခါနီး
ဒေသအစိုးရတစ်ရပ်၏ မရိုးသားသော လုပ်ရပ်အဟောင်းများ ပါဝင်နေနိုင်သည့်အတွက်
အထူးအလေးထား စောင့်ကြည့်သင့်ကြောင်း သတိပေးလိုရင်း ဖြစ်သည်။
အယ်ဒီတာ
(The Voice Weekly)
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment