"တရားဝင် မြေသိမ်းပွဲကြီး လာတော့မည်"
ရန်ကုန်မြို့သစ် စတင်မည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ပြီးခဲ့သည့်နှစ်အတွင်း လယ်မြေကို
ရောင်းချသည့်လုပ်ငန်းများ ခေတ်စားခဲ့သော်လည်း ယခုတွင် ထိုသို့မဟုတ်တော့ပေ။
သတင်းလက်ဦးမှုရယူ၍ အပွကြီးကြံသူများ လက်မှိုင်ချနေရသည်။
ယင်းနေရာသည်ကား ရန်ကုန်-တွံတေး လမ်းမကြီးဘေး၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊
တွံတေးနှင့် ဆိပ်ကြီး ခနောင်တိုမြို့နယ်များပင် ဖြစ်သည်။
သို့သော်လည်း အဆိုပါမူရင်းစီမံကိန်းထက် ကြီးမားသော မြို့သစ်စီမံကိန်း ခုနစ်ခု တည်ဆောက်ရန်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဇွန်လ ၁၉ ရက်နေ့တွင် သဘောတူခဲ့ပြန်သည်။ မူလရည်ရွယ်ထားသည့် စီမံကိန်းမှာ ရန်ကုန်အနောက် တောင်ပိုင်း မြို့သစ်စီမံကိန်းအဖြစ် ပါဝင်လာပြီး
ဦးစားပေးအဆင့် (၂) အဖြစ် အကောင်အထည်ဖော်မည်ဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းမှာ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ရေးဆွဲခဲ့သည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး
မဟာဗျူဟာစီမံကိန်း ၂၀၄၀ အရ ပြုလုပ်ခြင်းပင် ဖြစ်သည်။
ရန်ကုန်မြို့သစ် စီမံကိန်းတွင် မြို့သစ် စီမံကိန်း ခုနစ်ခု ပါဝင်သည်။ ရန်ကုန်အရှေ့ပိုင်း မြို့သစ်
(၁၇,၃၇၅ ဧက)၊ ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ် (၂၁,၇၁၆ ဧက)၊
သန်လျင်မြို့သစ် (၂၁,၁၉၃ ဧက)၊ ဒလမြို့သစ် (၁၅,၁၇၃ ဧက)၊ ထန်းတပင်မြို့သစ် (၂၄,၇၄၈ ဧက)၊
မှော်ဘီမြို့သစ် (၁၁,၅၉၄ ဧက)နှင့် လှည်းကူးမြို့သစ် (၆,၉၃၃ ဧက) တို့ဖြစ်ပြီး
လာမည့် ၂၀၄၀ ပြည့်နှစ်တွင် အပြီး အကောင်အထည် ဖော်မည်ဖြစ်သည်။
စုစုပေါင်း ကျပ် ၈၁၂၇ ဒသမ ၅၁ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။
ရွေးကောက်ပွဲနှစ်တွင် ရန်ကုန်တိုင်း အစိုးရက စတင် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သော
စီမံကိန်း အကောင်အထည် ဖော်မည့် ကိစ္စတွင် အဖြေမသိသေးသော ပြဿနာကြီးတစ်ရပ် ရှိပါသည်။
ယင်းမှာ မြေယာသိမ်းဆည်းမှုများပင် ဖြစ်သည်။
အကြောင်းမှာ လက်ရှိမြို့သစ် စီမံကိန်းတွင် ပါဝင်မည့် မြေဧကပေါင်း တစ်သိန်းကျော် (၁၁၈,၇၃၂)
အနက် အများစုမှာ လယ်မြေများ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ မြေယာနှင့် လယ်မြေ စုစုပေါင်းဧက
တစ်သိန်းကျော် (၁၁၃၃၉၁ ဧက) ကို ပြည်သူများထံမှ သိမ်းဆည်းမည် ဖြစ်သည်။
ပုံ (၁) တွင် ရှုပါ။
“တကယ့်မြစိမ်းရောင် (လယ်မြေ) တွေပါတယ်။ တကယ်လုပ်နေတာတွေ ပါမယ်” ဟု
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က ဆိုပါသည်။
လယ်ယာမြေ သိမ်းဆည်းမှုနှင့် ပတ်သက်လျှင် နိုင်ငံတဝန်းရှိ လယ်သမားများတွင် ခါးသီးသော
အတွေ့အကြုံများ ရှိခဲ့ပြီးဖြစ်သည်။
လက်ရှိအစိုးရ လက်ထက်တွင် အခက်အခဲဆုံး ဖြေရှင်းရသည့် ပြဿနာ တစ်ရပ်မှာ ယခင်အစိုးရ
လက်ထက်က စည်းလွတ်ဝါးလွတ် သိမ်းဆည်းခဲ့သည့် လယ်ယာမြေပြဿနာ ဖြစ်သည်။ ပြဿနာကို
ဖြေရှင်းရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု အငြင်းပွားမှု ဖြေရှင်းရေးကော်မရှင်ကို
ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
အာဏာရှင်စနစ်က ချန်ထားခဲ့သော ဆိုးမွေဖြစ်သည့် လယ်ယာမြေ ပြဿနာကို လွှတ်တော်တွင်
အပြင်းအထန်ငြင်းခုန် ဆွေးနွေး အဖြေရှာခဲ့သော်လည်း ယနေ့တိုင် အမြစ်ပြတ် ဖြေရှင်းနိုင်ခြင်း
မရှိသေးပါ။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ၁၉၈၉-၁၉၉၇ ခုနှစ်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့သစ်များ
တည်ဆောက်ခဲ့သည်။ လှိုင်သာယာ၊ ရွှေပြည်သာနှင့် သန်လျင်-ကျောက်တန်း မြို့သစ်များ
တည်ဆောက်ရန် အတွက် လယ်ယာမြေဧက ၁၅၀၀၀ ခန့်ကို ဒေသခံများထံမှ သိမ်းဆည်းခဲ့သည်။
အဆိုပါမြို့နယ်များ၏ လယ်ယာမြေ သိမ်းဆည်းခံရမှုကို ပုံ (၂)တွင် ဖော်ပြထားသည်။
ယင်းသို့ သိမ်းဆည်းခဲ့သော်လည်း လယ်ယာမြေအတွက် လျော်ကြေးရသူမှာ ၁၀၁ ဦးသာရှိသည်ဟု
လယ်ယာမြေစုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ၂၀၁၅ ခုနှစ်
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် လယ်ယာမြေ သိမ်းဆည်းရသည့် အကြောင်းရင်း များအနက်
ရန်ကုန်တိုင်းဒေသကြီး အတွင်း မြေယာသိမ်းဆည်းမှုမှာ စီမံကိန်းအတွက် သိမ်းဆည်းခြင်း၊
စက်မှုဇုန်များ အကောင်အထည်ဖော်ရန် သိမ်းဆည်းခြင်းနှင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခြင်းသည်
အများဆုံးဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု အငြင်းပွားမှု
ဖြေရှင်းရေးကော်မရှင်ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
၂၀၁၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး
မှတ်တမ်းများ အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာအမှု ၈၀၀ ကျော်အနက်
အမှုပေါင်း ၇၀ ကျော်ခန့်သာ ဖြေရှင်းနိုင်ခဲ့သည်။ ယခင်အစိုးရ လက်ထက်က မဖြေရှင်းနိုင်သည့်
ပြဿနာမှာ ယခုအစိုးရ လက်ထက်တွင် ဘူးလေးရာ ဖရုံဆင့်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
“လက်ရှိမှာတော့ ကိုယ့်လယ်အတွက် စိုးရိမ်နေရပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်
ဘုရားငူကျေးရွာနေ လယ်သမား ဦးဇော်မင်းက ဆိုသည်။
လယ်မြေများကို မည်သို့ သိမ်းဆည်းမည်နည်း ဆိုသည်နှင့် ပတ်သက်၍ ဒေသခံ များနည်းတူ
လွှတ်တော်ကိုယ်စားလှယ် များကလည်း အတိအကျ မသိကြဟု ဆိုသည်။ သို့သော်လည်း
လယ်တစ်ဧကလျှင် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ ပေးလျော်မည်ဟု ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က လွှတ်တော်ကိုယ်စားလှယ်များသို့ ဝေငှထားသည့်
စာအုပ်ပါဖော်ပြချက်ကို ကိုးကား၍ ဆိုပါသည်။
၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေပုဒ်မ ၂၆ တွင် လယ်ယာမြေကို နိုင်ငံတော်
အကျိုးငှာဖြစ်စေ၊ အများ ပြည်သူအကျိုးငှာ ဖြစ်စေ သိမ်းဆည်းခဲ့လျှင် ပြည်သူများ နစ်နာမှု
လုံးဝမရှိစေရေး လျော်ကြေးပေးရမည်ဟု ဖော်ပြထားသည်။ နစ်နာမှုမရှိစေရေးမှာ ဈေးကွက်ပေါက်ဈေး
ဖြစ်မှသာ လယ်ပိုင်သူများနှင့် ဒေသခံများအတွက် အဆင်ပြေမည် ဖြစ်ကြောင်း
လယ်သမားဦးဇော်မင်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်-တွံတေး လမ်းကြီးဘေးရှိ လယ်တစ်ဧကလျှင် ကျပ်သိန်း တစ်ထောင်ဝန်းကျင်
တန်ကြေးရှိပြီး အတွင်းပိုင်းတွင်မူ ကျပ်သိန်း ၂၀၀- ၃၀၀ ဝန်းကျင်ရှိကြောင်း ၎င်းကဆိုသည်။
သို့သော်လည်း ယင်းပေါက်ဈေး အတိုင်း လယ်သမားများ လျော်ကြေးရရှိရန် အတော့်ကို မသေချာလှပါ။
မနစ်နာစေရ ဟူသော စကားရပ်ကို လယ်သမားများနှင့် အစိုးရတာဝန်ရှိသူတို့ လုံးဝခြားနားစွာ
ဘာသာပြန် ကောက်ယူကြပေလိမ့်မည်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကမူ လယ်သမားများကို မထိခိုက်မနစ်နာစေဘဲ သိမ်းဆည်းမည်
ဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြောကြားခဲ့သည်။
လှည်းကူးမြို့နယ်တွင် နာမည်ကျော် ပြည်တွင်းကုမ္ပဏီတစ်ခုက လယ်သမားများထံမှ မြေတစ်ဧလျှင်
ကျပ်သုံးသိန်းဖြင့် သိမ်းယူခဲ့ပြီး ထိုမြေကို အနည်းငယ်ပြုပြင်၍ တစ်ဧက ကျပ်သိန်းငါးထောင်ဖြင့်
ရောင်းချခဲ့ဖူးသည့် သာဓကများ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်က ပြောပြသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကမူ “ဒီစီမံကိန်းကို မြေကွက်ရိုက်ပြီး
ရောင်းတဲ့စီမံကိန်း သက်သက်ပဲ ဖြစ်တယ်လို့ အန်တီက ယူဆပါတယ်” ဟု မှတ်ချက်ပြုသည်။
ယခင်က အသစ်တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ်များက ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်ခဲ့မှုကြောင့် ရပ်ဆိုင်းခဲ့သည်။
အဓိကမှာ လွှတ်တော်တွင် သဘောထား ရယူခြင်းမရှိဘဲ မြန်မာ့စေတနာ မြို့သစ် အများပိုင်ကုမ္ပဏီ
တစ်ခုတည်းကို မြို့သစ်စီမံကိန်း ဆောက်လုပ်ခွင့် ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
ယင်းစီမံကိန်းကို ပြန်လည်လုပ်ကိုင်ရန် အတွက် ဒေသခံများက သုံးကြိမ်တိုင် ဆန္ဒပြခဲ့ကြသည်။
လွှတ်တော်ကိုယ်စားလှယ် များသည် ဒေသခံများ၏ လူမှုဘဝကို အောက်ခြေအထိ ဆင်း၍ ကြည့်ရှု
လေ့လာသင့်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့သစ်စီမံကိန်း အကောင်အထည်
ဖော်စေလိုကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သည့် တွံတေးမြို့နယ် တမာတကော
ကျေးရွာနေ ဦးခင်မောင်ရင်က ပြောကြားခဲ့သည်။
သို့သော်လည်း လက်ရှိပြုလုပ်မည့် ရန်ကုန်မြို့သစ်စီမံကိန်း ကိုမူ မည်သည့် အဖွဲ့အစည်း၊
မည်သည့်ကုမ္ပဏီက ဦးဆောင်မည်ကို မသိရှိရ။ ပြည်သူများသို့ ပွင့်လင်းစွာ တင်ပြခြင်း မရှိသေးကြောင်း
ဝေဖန်သူများက ဆိုပါသည်။ ထို့ပြင် ဒေသခံများနှင့် သဘောတူညီမှု ရရန် မည်သို့လုပ်ဆောင်မည်၊
ဒေသခံများကို မနစ်နာစေရန် မည်သို့လုပ်ဆောင် ပေးမည်ဆိုသည်ကို ရှင်းလင်းစွာ ပြောကြားခြင်း
မရှိချေ။
မြို့သစ်တည်ခြင်းသည် လူနေမှု မြင့်တက်လာရန်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က
အကြောင်းပြ ထားသည်။ သို့သော် လူနေမှု မြင့်တက်ခြင်းနှင့် မြို့သစ်တည်ခြင်း မည်သို့တိုက်ရိုက်
အချိုးကျသည်ဆိုသည်ကို ရန်ကုန်တိုင်း အစိုးရက အများပြည်သူသို့ သေချာစွာ ရှင်းလင်းတင်ပြနိုင်ခြင်း
မရှိသေးပါ။ လူဦးရေသိပ်သည်းမှု မြင့်တက်လာသည့် ရန်ကုန်မြို့အတွက် လူဦးရေ ဆယ်သန်းကျော်
နေထိုင်နိုင်မည့် ရန်ကုန် မြို့သစ်စီမံကိန်း ခုနစ်ခုကို ဖော်ဆောင်ရခြင်း ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့က
ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က
ပြောကြားခဲ့သည်။
လယ်မြေများမှာ ရေငန်ဝင်သည့် လယ်မြေများဖြစ်ပြီး စပါးစိုက်ပျိုး၍ မရကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရ အဖွဲ့က ဆိုပါသည်။ သို့သော်လည်း ရေငန်ဝင်၍ စိုက်ပျိုးမရသည့် လယ်မြေမှာ အနည်းငယ်သာ
ဖြစ်ကြောင်း ဒေါ်ညိုညိုသင်းကဆိုသည်။
အစိုးရသက်တမ်း ကုန်ခါနီးတွင်မှ ကြီးမားသောစီမံကိန်းများကို အကောင်အထည် ဖော်ခြင်းနှင့်
ပတ်သက်၍ စာရေးဆရာ မြသန်းတင့် ဘာသာပြန်သည့် အမေရိကန်ပြည်တွင်းစစ်နောက်ခံ
လေရူးသုန်သုန် ဝတ္ထုပါ အတွေးအချို့ကို လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က
ယခုကဲ့သို့ ပြန်လည်အမှတ်ရစွာ ပြောပါသည်။
“ဝတ္ထုထဲမှာ ဘတ္တလာက လူရှုပ် လူပွေ။ စကားလက်ကို သွားပိုးပန်းပြောရင်း ပြောတဲ့စကား ရှိတယ်။
စီးပွားရေးလုပ်လို့ ကောင်းတဲ့အချိန်က တိုင်းပြည်ပျက်တဲ့ အချိန်နဲ့ ပြန်လည်
တည်ဆောက်တဲ့အချိန် ပဲတဲ့”
ဦးကျော်၏အတွေးက ရှင်းသည်။ ရန်ကုန်မြို့သစ် စီမံကိန်းသည် အာဏာရှိသူများက အာဏာဖြင့်
စီမံကိန်းခွင့်ပြုချက် ရရန် ကြိုးပမ်းပြီး ခရိုနီများက ငွေစိုက်၍ စီးပွားဖြစ်လုပ်ကြမည့် စီမံကိန်းဖြစ်သည်ဟု
ထင်မြင်နေခြင်းပင် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကမူ နိုင်ငံတော်သမ္မတက ပြည်သူများသို့
လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် စနစ်ဟောင်း၏ လုပ်ပုံကိုင်ပုံရှုပ်ထွေးခြင်း၊
ပိုင်ဆိုင်မှု အထောက်အထားစစ်ဆေးရန် ခက်ခဲခြင်း၊ ခေတ်နှင့်မလျော်ညီသည့်
ဥပဒေဟောင်း များ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ စီမံကိန်းများ ဆောင်ရွက်ရာတွင်
ပွင့်လင်း မြင်သာမှုမရှိခြင်းနှင့် ဒေသခံများ၏ သဘောထားကို လျစ်လျူရှုခြင်းကြောင့်
မြေယာပြဿနာများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း သမ္မတက ဆိုပါသည်။
ယခုပြုလုပ်မည့် ရန်ကုန်မြို့သစ် စီမံကိန်းမှာ ဦးဆောင်ဖော်ဆောင်မည့် အဖွဲ့အစည်းကို မသိရှိရခြင်း၊
ပွင့်လင်းမြင် သာမှုမရှိခြင်း၊ ဒေသခံများ၏ သဘောထား မည်သို့ရယူမည်၊ ၎င်းင်းတို့နှင့် မည်သို့ ညှိနှိုင်း
မည် စသည်ဖြင့် မပါရှိခြင်းကြောင့် ဝေဖန် သူများအကြား ထောက်ပြစရာများဖြစ် သည်။
လယ်သိမ်းမြေသိမ်းပြဿနာ၏ အကျိုးဆက်အဖြစ် ယခုအစိုးရလက်ထက်တွင် အဓိကရုဏ်းများ
ဖြစ်ပွားသည်။ လက်ပံတောင်းမှ ဒေါ်ခင်ဝင်းကဲ့သို့ ပြည်သူများလည်း ဆုံးပါးခဲ့ရသည်။
သိမ်းထား သည့်လယ် ပြန်မရ၍ ကိုယ့်ကိုကိုယ် ဓာတ်ဆီလောင်းမီးရှို့သည့် ရှမ်းပြည်နယ်မှ
ဦးမြင့်အောင်ကဲ့သို့ လူများလည်းရှိသည်။ တပ်မတော်နှင့် ပြည်သူ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ
အကြား အယုံအကြည်ကင်းမဲ့ မှုများ ဖြစ်ပေါ်လာရသည်။ မိုးဦးကျချိန်တွင် နိုင်ငံအနှံ့၌
ထွန်တုံးတိုက်ပွဲများကို တွေ့ရပြီး ရင်တမမ စောင့်ကြည့်ရသည့် အနေအထားမျိုးပင် ဖြစ်သည်။
ယခု လယ်မြေဧက သိန်းရာချီ သိမ်းမည့် တစ်ကျော့ပြန် ရန်ကုန်မြို့သစ် စီမံကိန်း သည်လည်း
ပြဿနာကို မီးမွှေးမည့် နောက်ထပ် လောင်စာတစ်ခုလောဟု မေးခွန်းထုတ်စရာ ရှိနေသည်။
လယ်ကွင်းပြင်ကြီးတွင် ငုတ်တုတ်မေ့နေသည့် လယ်ယာမြေ အရောင်းအဝယ် လုပ်ရာနေရာများမှာ
မြို့သစ်စီမံကိန်း ပြန်လည်စတင်မည် ဆိုသော်လည်း အသက် မဝင်နိုင်သေး။ လယ်မြေအရောင်းအဝယ်
လုပ်ကြသူများ၏ ညည်းသံများက ဇူလိုင်မိုး နှင့်အတူ လွင့်ပျံနေဆဲ။ မြို့သစ်စီမံကိန်း အပေါ်
ဒေသခံများ၏ ဝေခွဲမရသည့် သို့လော သို့လော သံသယများကလည်း ကြီးထွားဆဲ။
စီမံကိန်းနယ်မြေတွင် ပါဝင်သည့် ရန်ကုန်-တွံတေး လမ်းမကြီးဘေး ဘုရားငူ ကျေးရွာနေ
လယ်သမားဦးဇော်မင်းက ဤသို့ဆိုသည်။
“စီမံကိန်းဖြစ်လာရင် အကျိုးရှိမှာက ခရိုနီတွေပါ။ စီမံကိန်းကိုလည်း ဘယ်လိုလုပ် သွားတားမလဲ” ဟု
၎င်းကဆိုသည်။
ရဲနိုင်ဦး
(The Voice Weekly)
No comments:
Post a Comment