Tuesday, October 25, 2016

“ဒေါ်လာဈေး တက်ရခြင်းအပေါ် သုံးသပ်မှုနှင့် လက်ရှိကာလ ဒေါ်လာဈေး”

“ဒေါ်လာဈေး တက်ရခြင်းအပေါ် သုံးသပ်မှုနှင့်
လက်ရှိကာလ ဒေါ်လာဈေး”


၁။ "ဘာကြောင့် ဒေါ်လာဈေး တက်ရသလဲ"

ဘာကြောင့် ဒေါ်လာဈေး တက်ရသလဲ ဆိုသည်ကို
တိုတိုနှင့် ထိရောက်သော စီးပွားရေး အသုံးအနှုန်းနှင့်
ပြောရလျှင် ဝယ်လိုအား(Demand)နှင့် ရောင်းလိုအား
(Supply)မမျှသောကြောင့်ဟု ဖွင့်ဆိုကြပါသည်။

ဒေါ်လာဝယ်လိုအား(Demand)က များပြီး
ရောင်းလိုအား (Supply)က နည်းပါက ဒေါ်လာဈေး
တက်မည်ဖြစ်ပြီး ဒေါ်လာ ဝယ်လိုအားက နည်းပြီး
ရောင်းလိုအားက များပါက ဒေါ်လာဈေး ကျမည်
ဖြစ်ပါသည်။

ယခုဒေါ်လာဈေး တက်ခြင်းသည် ဝယ်လိုအား များပြီး
ရောင်းလိုအား နည်းသောကြောင့် ဖြစ်ပါသည်။
ဘာကြောင့် ဒေါ်လာ ဝယ်လိုအား များရသလဲ
ဆိုသည်ကို စဉ်းစားကြည့်ရအောင်။

၁။ သွင်းကုန်လို့ဆိုရာတွင် အမည်များစွာ
ရှိပါသော်လည်း ခွဲခြမ်း စိတ်ဖြာကြည့်ပါက
ပထမ အမျိုးအစားမှာ ကုန်ချော ထုတ်ဖို့အတွက်
ကုန်ကြမ်းပစ္စည်း၊ ကုန်ချော ထုတ်လုပ်ဖို့ စက်ပစ္စည်းနှင့်
ဒုတိယ အမျိုးအစားမှာ ဇိမ်ခံပစ္စည်း (လူသုံးကုန် ပစ္စည်း၊
အိမ်သုံးကား စသည်တို့) ဖြစ်ပါသည်။

(က)  ပထမ အမျိုးအစားတွင် သွင်းကုန် အစားထိုး
(Import substitution) ဖြစ်ပြီး သွင်းကုန်ကို ပြည်တွင်း
တွင် ထုတ်လုပ်ရသည့်အတွက် ၎င်းအတွက် သုံးရသော
နိုင်ငံခြားငွေ မသုံးရ၍ နိုင်ငံခြားငွေ သက်သာခြင်းနှင့်
ပိုလျှံသော ကုန်ချောကို ပို့ကုန်အဖြစ် အသုံးပြုနိုင်၍
နိုင်ငံခြားဝင်ငွေ (ဒေါ်လာ) ရရှိနိုင်သဖြင့် ၎င်းသွင်းကုန်
ကို မပိတ်ပင်ဘဲ အားပေးသင့်ပါသည်။

(ခ)  မြန်မာနိုင်ငံတွင် ပို့ကုန် လုပ်ငန်းရှင်များသည် လုပ်ငန်း
လုပ်ဆောင်ရန်အတွက် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု
အတွက် အရင်းကို အနည်းဆုံး ၂-ဆ သုံးရပါသည်။
ထိုအရင်း၂-ဆသည် နိုင်ငံခြားငွေ (ဒေါ်လာ) ၂ ဆ အသုံး
ပြုရသလို ဖြစ်နေပြီး မလိုလားအပ်ဘဲ ဒေါ်လာများကို ပိုမို
သုံးစွဲနေသဖြင့် ဒေါ်လာ လိုအပ်ချက် များနေပါသည်။

မြန်မာနိုင်ငံမှသွင်းကုန်ငွေကို တချို့နိုင်ငံများသို့
မြန်မာနိုင်ငံမှ တိုက်ရိုက် ငွေချေခွင့် မရ၍ ထိုင်း၊ စင်ကာပူ၊
တရုတ် စသည့် နိုင်ငံတို့မှ ငွေချေရပါသည်။

နားလည်လွယ်အောင် ပြောရလျှင် -
- မြန်မာနိုင်ငံမှ ကုမ္ပဏီများသည် ထိုင်း၊ စင်ကာပူ၊ တရုတ်
စသည့် နိုင်ငံများတွင် ကုမ္ပဏီ ဖွင့်ထားပြီး
(များသောအားဖြင့် Paper ကုမ္ပဏီ) နိုင်ငံခြားမှ ကုန်ပစ္စည်း
မှာပြီး ငွေချေရပါသည်။
- ၎င်းကုန်ပစ္စည်းကို မြန်မာပြည် ပို့ရန်အတွက် မြန်မာပြည်မှ
ကုမ္ပဏီသည် နိုင်ငံခြားတွင်ရှိသော မိမိကုမ္ပဏီသို့ ငွေလွှဲ
ပေးရပါသည်။
- မြန်မာနိုင်ငံတွင် ရှိသော ကုမ္ပဏီ အများစုသည်
နိုင်ငံခြားတွင် ကုမ္ပဏီ ထောင်ထားကြပါသည်။
(ယခုအခါ အမေရိက၏ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းလိုက်
သည့်အတွက် မကြာမီ ကုန်ဖိုးငွေကို မြန်မာနိုင်ငံမှ
တိုက်ရိုက် ပေးချေနိုင်တော့မည် ဖြစ်သဖြင့် အရင်း ၂-ဆ
သုံးရန် မလိုတော့ပေ။)

(ဂ) ဒုတိယ အမျိုးအစားမှာ ဇိမ်ခံပစ္စည်း
(လူသုံးကုန်ပစ္စည်း၊ အိမ် သုံးကား စသည်တို့) များ
တင်သွင်းခွင့်ကို တင်းကျပ်ခြင်း ဖြစ်ပါသည်။ ပြည်သူများ
အား ဇိမ်ခံပစ္စည်းများကို အချိန် အတိုင်းအတာ တစ်ခုအထိ
အသုံးမပြုအောင် တိုင်းပြည်စီးပွားရေး အခြေအနေကို
ရှင်းပြပြီး ပြည်သူလူထု ကိုယ်တိုင် လိုက်နာနိုင်အောင်
စည်းရုံးရပါမည်။
(စကားမစပ်-ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံတွင် ခြိုးခြံ
ချွေတာရေး အစီအစဉ်အရ အနောက်တိုင်းဝတ်စုံကို
သာရေး၊ နာရေးနှင့် အစိုးရရုံးများတွင် အနက်ရောင်
တစ်မျိုးတည်း ဝတ်ဖို့ ဆုံးဖြတ်ပြီး ပြည်သူလူထုကိုလည်း
လိုက်နာအောင် စည်းရုံး နိုင်ခဲ့ပါသည်။ ယခုစီးပွားရေး
တိုးတက်နေသော်လည်း အနောက်တိုင်း ဝတ်စုံကို
အနက်ရောင်ပင် ဆက်လက် သုံးစွဲနေပါသည်။)

၂။ ပြည်တွင်းဘဏ်များမှ ဒေါ်လာကစားခြင်းကို ပြင်းထန်စွာ
ကိုင်တွယ်ရပါမည်။ ၄.၁ဝ.၂ဝ၁၆ တွင် ဗဟိုဘဏ်မှ
ပြည်တွင်းဘဏ်များကို အစည်းအဝေးခေါ်ပြီး ဒေါ်လာဈေး
မကစားရန် သတိပေးခဲ့ပါသည်။

၎င်း၏အကျိုးဆက် အနေနှင့် ထိုနေ့တွင်ပင် ဒေါ်လာဈေး
ကျသွားသည်ကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းဘဏ်များမှာ
ဒေါ်လာဈေး ကစားသည်ကို ထင်ရှား စေခဲ့ပါသည်။

ပြည်တွင်း ဘဏ်များတွင်ရှိသော ဒေါ်လာ ပမာဏမှာ
ဗဟိုက ကိုင်ဆောင်ထားသော ဒေါ်လာ ပမာဏထက်
များမည်ဟု ခန့်မှန်းရပါသည်။ အကြမ်းဖျင်းအားဖြင့်
၇ ဘီလီယံ ဒေါ်လာခန့် ရှိသည်ဟု သိရှိရပါသည်။
ထိုဒေါ်လာများကို မည်သို့မည်ပုံ အသုံးပြုနေသည်ကို
ဗဟိုဘဏ်က ထိန်းကျောင်းနေရပါမည်။ ၎င်းအပြင်
ဗဟိုဘဏ် အနေနှင့် ပြည်တွင်း ဘဏ်ထက် နိုင်ငံခြား
အရန်ငွေ များပြားအောင် ကြိုးစားရပေမည်။

၃။ ပြည်တွင်းဘဏ် ခေါ်ယူ အပ်နှံငွေ (Call Depoist)
အတိုးကို လျှော့မည်ဟု အစည်းအဝေးခေါ်ပြီးနောက်
ဒေါ်လာဈေးနှုန်း တက်လာပါသည်။ အချို့လူများက
ဘဏ်တိုးနှုန်းလျှော့ပါက ဘဏ်တိုးနှုန်းထက်သာသော
လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ရည်ရွယ်ချက်ဖြင့်
ဒေါ်လာဝယ်ယူမှုကို အစ ပျိုးခြင်းသည်လည်း တစ်ချက်
အပါအဝင် ဖြစ်ပါသည်။

ဘဏ်များတွင် အပ်နှံငွေများပြားသဖြင့် ဘဏ်များက
အတိုးပေးရသည်မှာ ကြီးမားသော ဝန်ထုပ်ဝန်ပိုးဟု
ပြောကြားခြင်းကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီး
မြှုပ်နှံရသည့် လုပ်ငန်းက နည်းပါးခြင်း၊ တစ်နည်းအားဖြင့်
ရင်းနှီးမြှုပ်နှံမူမှ ရရှိသော အကျိုးအမြတ်က ဘဏ်တိုးထက်
နည်းနေသဖြင့် ဘဏ်တွင် ငွေအပ်နှံသူ များပြားခြင်း
ဖြစ်ပါသည်။
(စကားမစပ်-စီးပွားရေး ဘာသာရပ်တွင် မဖွံ့ဖြိုးသေးသော
နိုင်ငံများရှိ အကြီးမားဆုံး အခက်အခဲမှာ အရင်းအနှီး
မလုံလောက်မှု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အားသာချက်မှာ
အရင်းအနှီးများ ရှိပြီး ၎င်းအရင်းအနှီးများကို ဈေးကွက်တွင်
ကောင်းစွာ အသုံးမချနိုင်သဖြင့် ဘဏ်များတွင် ငွေအပ်နှံခြင်း
ဖြစ်ပါသည်။ ၎င်းအရင်းအနှီးများကို ဈေးကွက်တွင်
ကောင်းစွာ အသုံးချနိုင်ပါက  စီးပွားရေးမှာ အလျန်အမြန်
တိုးတက်လာနိုင်ပေသည်။)

၎။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျှော့ကျခြင်းသည်လည်း
ဒေါ်လာဈေး တက်ခြင်း၏ အကြောင်း တစ်ရပ်ဖြစ်နေပါသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လကုန်အထိ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာသန်းပေါင်း၂၈ဝဝ ရှိခဲ့ပြီး
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ
ဝင်ရောက်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူမှာ ဒေါ်လာ
သန်းပေါင်း ၇ဝဝ သာရှိခဲ့ပြီး ဒေါ်လာသန်းပေါင်း၂၁ဝဝ
နည်းပါးခဲ့ပါသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းပါးမှုက ပြည်တွင်းသို့ ဝင်ရောက်
သော နိုင်ငံခြားငွေဒေါ်လာ နည်းပါးခြင်း ဖြစ်ပြီး
ယင်းအကြောင်းအချက်သည်လည်း ဒေါ်လာဈေး တက်ရခြင်း
အကြောင်း တစ်ရပ်ပင် ဖြစ်ပါသည်။

၅။   မြန်မာနိုင်ငံ၏ ဓနအင်အား ၅ဝ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်
သော ခရိုနီများသည် ၂ဝ၁၆ ခုနှစ် မတ်လကုန်
(ယခင်အစိုးရ လက်ထက်အထိ) လုပ်ငန်းများစွာ လုပ်ခဲ့
သော်လည်း ယခုအစိုးရခေတ်တွင် လုပ်ငန်းလုပ်ကိုင်သည်ကို
မတွေ့ရပေ။

အလုပ်မလုပ်သောအခါ ၎င်းတို့ပိုင်ဆိုင်သော ဓနအင်အားကို
မည်သို့ စီမံသနည်း။ စီးပွားရေး ဘာသာရပ်တွင် ကြက်ဥ
အကုန်လုံးကို ခြင်းတောင်း တစ်ခုတည်းတွင် မထည့်ရဟု
ဆိုထားပါသည်။

“အကယ်၍ ခြင်းတောင်း ပြုတ်ကျပါက ကြက်ဥ အကုန်လုံး
ကွဲသွားနိုင်ပါသည်။ထို့ကြောင့် မြန်မာ့ဓနအင်အား
၅ဝ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်သော ၎င်းတို့၏ ဓနအင်အားကို
မည်သို့ စီမံခန့်ခွဲနေသည်မှာ စိတ်ဝင်စားစရာပင်။ ၎င်းတို့၏
လုပ်ဆောင်မှုသည်လည်း ဒေါ်လာဈေး အတက်အကျတွင်
ကြီးမားသော အကျိုး သက်ရောက်မှု ရှိနိုင်ပါသည်။

၆။ စိတ်ကြွ မူးယစ်ဆေးပြား ရောင်းဝယ်မှုသည်လည်း
ယခုတစ်လော မြန်မာ့စီးပွားရေးမှာ အတိုင်းအတာ တစ်ခု
အဖြစ် ပါဝင်နေပါသည်။

သတင်းစာထဲတွင် နေ့တိုင်း စိတ်ကြွ မူးယစ်ဆေးပြား
ဖမ်းဆီးမှုက ပါနေပြီး ဖမ်းဆီးမှု ပမာဏမှာ ကျပ်ငွေ
သိန်းထောင်၊ သောင်းချီ နေပါသည်။

ထိုပမာဏမှာ ဖမ်းဆီးသည့် ပမာဏဖြစ်ပြီး ဖမ်းဆီးမမိသည့်
ပမာဏမှာ ၉ဝ ရာခိုင်နှုန်းခန့် ရှိပါသည်။ ယင်းငွေများကို
ကျပ်ငွေအဖြစ် ထားပါက အရေအတွက် များပြားပြီး
သိမ်းဆည်းထားရန်နှင့် သယ်ယူ ပို့ဆောင်ရာတွင်
မလွယ်ပါ။

ထို့ကြောင့် အဖြစ်နိုင်ဆုံးနည်းမှာ ၎င်းကျပ်ငွေကို ဒေါ်လာ
အဖြစ် ပြောင်းလဲခြင်းပင် ဖြစ်ပါသည်။ ထိုအကြောင်း
သည်လည်း ဒေါ်လာဈေး တက်ရသော အကြောင်း
တစ်ရပ်ပင် ဖြစ်ပါသည်။

၇။ နိုင်ငံတော်၏ ဘတ်ဂျက် အသုံး မလျှော့ခြင်းသည်လည်း
ကျပ်ငွေ ဖောင်းပွခြင်း၊ ဒေါ်လာငွေဈေး တက်ခြင်း၏
အကြောင်းအရင်း တစ်ရပ်ပင် ဖြစ်ပါသည်။

အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာန ၁၄ ခုလောက်
လျှော့သွားသော်လည်း ဝန်ထမ်းများကို မလျှော့သည့်
အတွက် ဘတ်ဂျက်များသည် ယခင်အစိုးရနီးပါး ရှိသည့်
အတွက် ဝန်ကြီးဌာန လျှော့ချခြင်းသည် အဓိပ္ပာယ်မဲ့နေ
သလို ရှိနေပါသည်။

အစိုးရဌာနများသည် ယခင်ကတည်းက အလုပ်
မရှိသည်က များနေပြီး ဝန်ထမ်းအင်အား များပြားခြင်းက
လာဘ်ပေး လာဘ်ယူမှုကို တိုးပွားစေရန် မီးထိုးပေသလို
ဖြစ်နေပါသည်။

ထို့ကြောင့် ဝန်ထမ်းများကို မက်လုံးပေးပြီး
(ပင်စင်လစာ ပိုပေးခြင်းသည်) ကိုယ်ပိုင်လုပ်ငန်းကို
လုပ်စေချင်အောင် စည်းရုံးရပါမည်။

ထိုမှသာ နိုင်ငံတော်က အသုံးပြုသော ဘတ်ဂျက်ငွေ
လျော့သွားပြီး ကျစ်လျစ် ခိုင်မာသော အစိုးရ
ဖြစ်လာပေမည်။

၈။ ဗဟိုဘဏ်သည် နိုင်ငံ၏ ငွေကြေး အတက်အကျကို
ထိန်းချုပ်ရန် အဓိက တာဝန်ရှိပါသည်။ ထိုတာဝန်များ
ထမ်းဆောင်ရန်အတွက် လုံလောက်သော နိုင်ငံခြား
အရန်ငွေ ရှိရန်လည်း လိုအပ်ပါသည်။ ယခုအခါ
ဗဟိုဘဏ်တွင် နိုင်ငံခြား အရန်ငွေ
ဒေါ်လာ ၅ ဘီလီယံခန့် ရှိသည်ဟု သိရပါပြီ၊

ပြည်တွင်းတွင် ရောင်းဝယ်နေသော ဒေါ်လာပမာဏ
မည်မျှ ရှိသည်ကို ဗဟိုဘဏ် အနေနှင့် ခန့်မှန်းနိုင်ပါက
(မခန့်မှန်းနိုင်ပါက ခန့်မှန်းနိုင်အောင် ကြိုးစားရ ပေမည်။
ထိုအလုပ်မှာ ဗဟိုဘဏ်၏ အလုပ် ဖြစ်ပါသည်။) ဒေါ်လာ
အတက်အကျကို ဝယ်ယူ ရောင်းချခြင်းဖြင့်
ထိန်းချုပ်နိုင်ရမည်ဖြစ်ပါသည်။

ထို့အပြင် ဗဟိုဘဏ် အနေနှင့် နိုင်ငံခြား ဗဟိုဘဏ်များ၊
ဘဏ်အဖွဲ့အစည်းများဖြစ်သော ကမ္ဘ့ာဘဏ်၊ ADB, IMF
စသည့် အဖွဲ့အစည်းများနှင့် ရင်းနှီးသော ဆက်ဆံရေးကို
တည်ဆောက်၍ ဒေါ်လာ အကျပ်အတည်း ပေါ်ပေါက်လာ
သောအခါ ကျောထောက် နောက်ခံအဖြစ်
အသုံးပြုနိုင်အောင် ဆောင်ရွက်ရပါမည်။

ဒေါ်လာဈေးကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ
အနေနှင့် နိုင်ငံခြားဖြစ် အသုံးအဆောင်များကို
တတ်နိုင်သမျှ ခြိုးခြံချွေတာခြင်းဖြင့် ခေတ်မီ
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို
တည်ဆောက်နိုင်အောင်
ကြိုးစားကြပါဟု အကြံပြုပါရစေ။

စိုးမြင့်
BSc., Eco; MSc., Eco
(Tokyo International University, Japan)

***

၂။ "နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၉၀ အထိ
မြင့်တက်လာပြီး ငွေလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်း တက်ရိပ်
ပြလာသဖြင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၄၀၀၀
ခန့်အထိ ရောက်ရှိလာ"

အောက်တိုဘာ ၂၄ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း
တစ်ဒေါ်လာ ကျပ် ၁၂၉၀ အထိ ပြန်လည်မြင့်တက်လာပြီး
ငွေလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်း တက်ရိပ်ပြလာခြင်းကြောင့်
ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၄၀၀၀ ခန့် အထိ ရောက်ရှိ
လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့်
ရွှေရောင်းဝယ်သူများထံမှ သိရသည်။

အောက်တိုဘာ ၂၀ ရက်နောက်ပိုင်း ၁၂၉၀ ကျပ်အထိ
ပြန်လည်မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည်
အောက်တိုဘာ ၂၄ ရက်တွင် ၁၂၈၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး
ညနေပိုင်းတွင် ကျပ် ၁၂၉၀ အထိ တစ်ရက် အတွင်း
ငါးကျပ်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

တစ်ပတ်အတွင်း ရက်အလိုက်အမြင့် ဆုံးဈေးနှုန်းဖြစ်ပေါ်
ခဲ့သော နိုင်ငံခြားငွေလဲ နှုန်းများမှာ
- အောက်တိုဘာ ၁၈ ရက်တွင် ၁၂၈၉ ကျပ်၊
- အောက်တိုဘာ ၁၉ ရက်တွင် ၁၂၈၇ ကျပ်၊
- အောက်တိုဘာ ၂၀ ရက်တွင် ကျပ် ၁၂၉၀၊
- အောက်တိုဘာ ၂၁ ရက်တွင် ၁၂၈၉ ကျပ်၊
- အောက်တိုဘာ ၂၂ ရက်တွင် ၁၂၈၈ ကျပ်၊
- အောက်တိုဘာ ၂၃ ရက်တွင် ၁၂၈၆ ကျပ်၊
- အောက်တိုဘာ ၂၄ ရက်တွင် ဖြစ်ပေါ်သော အနိမ့်ဆုံး
ဈေးနှုန်းမှာ ၁၂၈၅ ကျပ် ဖြစ်ပြီး အမြင့်ဆုံးနှုန်းမှာ
ကျပ် ၁၂၉၀ ဖြစ်ရာ ခြောက်ရက်အတွင်း ၁၂၈၅ ကျပ် မှ
ကျပ် ၁၂၉၀ ကြားတွင် ရှိနေခြင်းဖြစ်သည်။

ပြင်ပငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံတော်
ဗဟိုဘဏ်က ၎င်းင်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို
အောက်တိုဘာ ၁၉ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ
ဆက်တိုက်တိုးမြှင့် သတ်မှတ်ခဲ့သော်လည်း
အောက်တိုဘာ ၂၄ ရက်တွင် အောက်တိုဘာ ၂၁ ရက်
ဈေးအတိုင်းသာ ဆက်လက်သတ်မှတ်ခဲ့သည်။

အောက်တိုဘာ ၂၀ နှင့် ၂၁ ရက်တို့တွင် ကမ္ဘာ့ရွှေ
ဈေးနှုန်းသည် ပြန်လည်မြင့်တက်လာပြီး
အောက်တိုဘာ ၂၄ ရက်အထိ အမြင့်ဈေးတွင် ဆက်လက်
တည်ရှိနေချိန်တွင် အောက်တိုဘာ ၂၄ ရက်အတွင်း
နိုင်ငံခြားငွေလဲနှုန်း ပြန်လည်မြင့်တက် လာသောကြောင့်
ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၇၄၀၀၀ ခန့် အထိ
ရောက်ရှိလာသည်။

(စည်သူအောင်)

credit - The Voice & Eleven Media Group

မှတ်ချက်
----------

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးဆိုင်ရာ  
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

No comments:

Post a Comment