“စီမံကိန်းများနှင့် ရန်ကုန်မြို့တော်”
၁။ "မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ
အကောင်အထည်ဖော်မည်"
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁ မြို့နယ်မှာ
စက်မှုဇုန်တွေ အကောင်အထည်ဖော်ဖို့ စီစဉ်နေကြောင်း
တိုင်းအစိုးရအဖွဲ့က မနေ့က တိုင်းလွှတ်တော်ကိုယ်စားလှယ်
တွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။
မြို့နေလူတန်းစားနဲ့ တောနေလူတန်းစား မျှတမှု ရှိအောင်
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စက်မှုဇုန်တွေ အကောင်အထည်
ဖော်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် က
ပြောကြောင်း မနေ့က တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ သုံးခွမြို့နယ်
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်း က
ပြောပါတယ်။
"တောမှာရှိတဲ့ လူတန်းစားနဲ့ မြို့မှာရှိတဲ့လူတန်းစားနဲ့
ညီမျှဖို့အတွက် စက်မှုဇုန်တွေ ဖော်ရမယ်ဆိုတဲ့
ရည်ရွယ်ချက်ပေါ့လေ၊
စက်မှုဇုန်က ရိုးရိုးသာမန်စက်မှုဇုန် မဟုတ်ဘူး၊
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရမှာ ဖြစ်တယ်၊
ဒါမှသာလျှင် အခွန်အခလည်း တို့က ရမယ်၊
လူတွေကလည်း ရန်ကုန်မြို့ကို သွားပြီး အလုပ်လုပ်စရာ
မလိုတော့ဘူး၊
တို့မြို့နယ်မှာတင်အလုပ်လုပ်လို့ရပြီ၊
အဲလို မလိုတော့ဘူးဆိုရင် ရန်ကုန်မြို့ကြီးရဲ့ ပျက်စီးမှု၊
သိပ်သည်းမှုကိုလည်း လျှော့ချလို့ရပြီ၊ လမ်းတွေသိပ်သည်းမှု
ကိုလည်း လျှော့ချလို့ရပြီ၊
အင်မတန် ကောင်းတဲ့ အလုပ်ပဲ၊
အဲဒါကြောင့် စက်မှုဇုန်တွေကို ၀န်ကြီးချုပ်ကြီးက ဖော်ဆောင်
တယ်လို့ အစ်ကိုတို့က ထင်တယ်"
ရန်ကုန်တိုင်း ၀န်ကြီးချုပ်က မြို့နယ် ၁၁ မြို့နယ်ရဲ့ မြေဧက
တစ်ထောင်စီမှာ စက်မှုဇုန်တွေ တည်ထောင်မှာဖြစ်ပြီး
အဲဒီအစီအစဉ်ကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊
အထွေထွေအုပ်ချုပ်ရေးနဲ့ စည်ပင်သာယာရေး တာဝန်ရှိသူ
တွေကို တိုင်းအစိုးရအဖွဲ့ရုံးမှာ မနေ့က ခေါ်ယူတွေ့ဆုံစဉ်
ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ သန်လျင်၊
ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ ထန်းတပင် နဲ့ လှည်းကူး
စတဲ့မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်
ဖော်မှာ ဖြစ်ပါတယ်။
စက်မှုဇုန်တွေကနေ ရရှိလာမယ့် အခွန်အခတွေကို
သက်ဆိုင်ရာ မြို့နယ်ရဲ့ လိုအပ်တဲ့နေရာတွေမှာ ပြန်လည်
အသုံးပြုမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်
သွားမှာ ဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ
က ပြောပါတယ်။
အဲဒီစက်မှုဇုန်တွေအတွက်
စိုက်ပျိုးရေးဖြစ်ထွန်းမှုနည်းပါးတဲ့နေရာ၊
ရေ နဲ့ လျှပ်စစ်မီးရရှိပြီး ဆက်သွယ်ရေး ကောင်းမယ့်နေရာ
စတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ မြေဧက ၁ ထောင်စီကို
မြို့နယ်တိုင်းက ရှာဖွေပြီး တိုင်းအစိုးရအဖွဲ့ကို
ပြန်လည် တင်ပြပေးရမှာ ဖြစ်ပါတယ်။
အဲဒီအချက်တွေနဲ့ ကိုက်ညီတဲ့နေရာမှာ မြေပိုင်ရှင်ရှိနေမယ်
ဆိုရင် မြေဧကအလိုက် အစိုးရက သတ်မှတ်ထားတဲ့
တန်ကြေး ပေးမှာဖြစ်တယ်လို့ ဦးနေ၀င်း က ပြောပါတယ်။
*****
၂။ "ရန်ကုန်မြို့တော်တွင် မိုးပျံတံတားစီမံကိန်းနှင့်
မြေပေါ်မြေအောက် လျှပ်စစ်ရထား စတင်မည်ဟု ဆို"
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တော်တွင်
မိုးပျံတံတား စီမံကိန်းနှင့် မြေပေါ်မြေအောက် လျှပ်စစ်ရထား
စီမံကိန်းများကို အကောင်အထည်ဖော်ရန် ပြင်ဆင်လျက်
ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်း
ဒေသကြီး လွှတ်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊
ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီထံမှ
သိရသည်။
နေပြည်တော်တွင် နိုဝင်ဘာ ၂၄ ရက်နေ့က ပြုလုပ်သော
ဆောက်လုပ်ရေး ဝန်ကြီးဌာန တည်ထောင်သည့်
၁၃၁ နှစ်မြောက် အခမ်းအနား ကျင်းပရေးလုပ်ငန်း ညှိနှိုင်းပွဲ
အပြီးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း
အတွင်းဝန် ဦးဝင်းတင့်က ရန်ကုန်မြို့တော်တွင် လူဦးရေ
များပြားလာသည့်အတွက် အိမ်ရာစီမံကိန်များနှင့် ယာဉ်ကြော
ပြဿနာများ ဖြေရှင်းရန် ကားလမ်းပါသည့် မိုးပျံတံတား
စီမံကိန်းကို ၂၀၂၀ ခုတွင် စတင် အကောင်အထည်ဖော်ရန်
ဂျပန် အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်နေသည်ဟု
အသိပေး ပြောကြားသည်။
မိုးပျံတံတား စီမံကိန်းကို ဗိုလ်တထောင် ဘုရားဘက်ခြမ်းမှ
စပြီး သုဝဏ္ဏနှင့် တောင်ဥက္ကလာ မြောက်ဥက္ကလာဘက်သို့
ပတ်ထွက်သွားမှာ ဖြစ်ကြောင်း၊
လမ်းဖောက်ရန်အတွက် လမ်းအကျယ်၊ သွားမည့်ကား
အစီးရေ၊ တံတား စီမံကိန်းတွင် ပါဝင်လုပ်ဆောင်နိုင်သော
ပုဂ္ဂလိက ကဏ္ဍများကို ထည့်သွင်းတွက်ချက်နေသည့် အပြင်
ချေးငွေများ ရရှိလာလျှင် အမြန်ဆုံး အကောင်အထည်
ဖော်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း
အတွင်းဝန်က ထပ်လောင်း ပြောကြားသည်။
အလားတူ ရန်ကုန်မြို့တော်တွင် နိုင်ငံတကာ အဆင့်မီ
မြေပေါ်မြေအောက် လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန်
Shwe Yandanar Aung ကုမ္ပဏီ တာဝန်ရှိသူများ က
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ လာရောက်
ရှင်းလင်းတင်ပြခဲ့ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် က
သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။
“ဒီမြေပေါ် မြေအောက် လျှပ်စစ်ရထား ပြေးဆွဲမယ့်
အစီအစဉ်က မြို့သစ် စီမံကိန်း မဟာဗျူဟာ လုပ်ငန်းစဉ်
အရ ရေးဆွဲထားပြီးဖြစ်တယ်။
အစိုးရဘတ်ဂျက် အပါအဝင် အကျိုးတူ ပူးပေါင်း လုပ်ပါမယ်”
ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့်
စက်မှုလက်မှုရေးရာ ကော်မတီဝင် တွံတေးမြို့နယ်
မဲဆန္ဒနယ် အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ ကျော်ဇင်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးတွင် မော်တော်ကား
ဖြင့် ရေရှည် မည်သို့မျှ ဖြေရှင်းနိုင်မည် မဟုတ်ရာ ရထားဖြင့်
ပို့ဆောင်ရေး လုပ်ငန်းကိုသာ တွင်ကျယ်လာအောင် ကြိုးပမ်း
လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
မြေပေါ်မြေအောက် လျှပ်စစ်ရထား ပြေးဆွဲချိန်တွင် မြို့ပတ်
ရထား၊ ခရီးသည်တင် ဘတ်စ်ကားလိုင်းများနှင့် ချိတ်ဆက်
ရမည်ဖြစ်ပြီး အဝေးပြေး ယာဉ်လိုင်းများနှင့်လည်း ချိတ်ဆက်
ပြေးဆွဲရန် လုပ်ဆောင်မည်ဖြစ်ကြောင်း၊
လက်ရှိတွင် မြေပေါ်မြေအောက် လျှပ်စစ်ရထား ပြေးဆွဲခြင်း
အတွက် အဆိုပြုလွှာ တင်သွင်းခြင်းကိစ္စကို ကုမ္ပဏီနှင့်
ဆွေးနွေးသည့် အဆင့်သာရှိပြီး တင်ဒါ ခေါ်ယူခြင်း မရှိသေး
ကြောင်း မြန်မာ့မီးရထား အကြီးတန်း အရာရှိကတစ်ဦး
ဆိုသည်။
“ရန်ကုန်မြို့ အနေအထားက သွားလာရေးမှာ တော်တော်
ကြပ်တည်းလာပြီ။ တခြား တိုင်းပြည်မှာလည်း မြို့ကြီးလာပြီ
ဆိုရင် အခုလိုပဲ သွားလာရေးအတွက် တခြား အစီအစဉ်တွေ
စဉ်းစားရတယ်။
လူဦးရေ ၁၀ သန်းလောက် ရှိလာပြီးဆိုရင် မြေအောက်
ရထားက မဖြစ်မနေ ရှိမှဖြစ်မှာ၊
၁၀ သန်းက မလိုတော့ဘူး၊ လူတွေ ထူထပ်နေရာတွေမှာ
လည်း ရောက်အောင် လုပ်ဖို့ လိုအပ်တယ်။
ရင်းနှီးမြှုပ်နှံမှု ပမာဏက အရမ်းကြီးပါတယ်။
မြေအောက်မှာ သွားမယ်ဆိုရင် တိုင်တူးစရာ မလိုဘူး။
မြေပေါ်ဆိုရင်တော့ တိုင်တူးဖို့ နေရာဂရုစိုက် ရှာရမယ်၊
လျှပ်စစ်သာရမယ်ဆိုရင် အကောင်အထည် ဖော်နိုင်ပြီ”ဟု
အဆိုပါ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ စီမံကိန်းအနေနှင့် ၂၀၁၈ -၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင်
စတင်ရန်လျာထားပြီး ၂၀၄၀ ခုနှစ်အပြီး လုပ်ဆောင်ရန် မြို့သစ်
စီမံကိန်း မဟာဗျူဟာတွင် ပါရှိကြောင်း ဒေါက်တာကျော်ဇင်ဦး
က ပြောကြားသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်ရထားကို DC 600 V လျှပ်စစ်ဓာတ်အား
DC Motor များ အသုံးပြု၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က
ဝါးတန်းလမ်းမှ လင်းစဒေါင်းအထိ လက်မှတ်ခ ကျပ် ၁၀ဝ ဖြင့်
တစ်ရက်ကို နှစ်ခေါက်နှုန်းဖြင့် စတင်ပြေးဆွဲခဲ့ပြီး ပြေးဆွဲခဲ့သည့်
အချိန်မှစ၍ ငါးလတာ ကာလအတွင်း ခရီးသွားပြည်သူ စီးနင်းမှု
နည်းပါးခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်းများကြောင့် လျှပ်စစ်ရထား
ကို ဇူလိုင်လ ၁ ရက်တွင် ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ကြောင်း
မြန်မာ့မီးရထားထံမှ သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ
West Corporation တို့ ပူးပေါင်းဆောင်ရွက်သော
ကမ်းနားလမ်းပိုင်း၌ လျှပ်စစ်ရထား Phase-1 ကိုသာ
ဆောင်ရွက်နိုင်ခဲ့ပြီး Phase-2, 3 ကိုထပ်မံ ဆောင်ရွက်နိုင်ခြင်း
မရှိကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန လျှပ်စစ်ရထား
ပြေးဆွဲခြင်းဆိုင်ရာ စီမံကိန်းဌာနထံမှ သိရသည်။
credit - RFA Burmese & The Voice
*****
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment