“အွန်လိုင်းပေါ်က မက်လုံးများ - သတိပြု”
၁။ "ပါသွားပြန်ပြီ သိန်းပေါင်း ရှစ်သောင်းကျော်"
(အွန်လိုင်းပေါ်က ငွေကြေးရှယ်ယာ လုပ်ငန်းတွေ
အမြန်စိစစ်ပေးပါ)
အွန်လိုင်းပေါ်ကနေ အတိုးနှုန်းများများပေးပြီး ရှယ်ယာ
လုပ်ငန်းအဖြစ်ခေါ်ယူနေတဲ့ လုပ်ငန်းတွေကို စိစစ်ဖို့လိုအပ်
နေပြီလို့ လေ့လာသူတွေက ထောက်ပြပြောဆိုကြပါတယ်။
အွန်လိုင်းကနေ အတိုးနှုန်းများများပေးပြီး ရှယ်ယာအဖြစ်
ခေါ်ယူတဲ့ Jude Jude လုပ်ငန်း (သင့်မြတ်ကုမ္မဏီ) က
ရှယ်ယာအဖြစ် ထည့်ဝင်ထားသူတွေကို အမြတ်ရော
အရင်းပါမပေးတော့ဘဲ ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်
လိမ်လည်မှု အခုရက်ပိုင်းအတွင်းမှာဖြစ်ပွားခဲ့ပါတယ်။
အဲသည်လို အတိုးနှုန်းများများပေးမယ်ဆိုပြီး မက်လုံးပေး
ခေါ်ယူတာတွေကြောင့် စိတ်ဝင်စားမှု များခဲ့တယ်။
ရှယ်ယာအဖြစ်ငွေကြေးထည့်ဝင်သူတွေ အများအပြား
ရှိခဲ့ပါတယ်။ငွေကြေးထည့်ဝင်ထားသူတွေ အနေနဲ့
စာချုပ်စာတမ်း ခိုင်ခိုင်မာမာမရှိတာ၊ ဆက်သွယ်စရာလိပ်စာ
မရှိတာ စတဲ့ အကြောင်းအမျိုးအမျိုးကြောင့် နစ်နာမှုတွေ
ကြုံတဲ့အခါ လိမ်လည်သူတွေအတွက် အခွင့်အရေး
ပေးလိုက်သလို ဖြစ်နေပါတယ်။
သည်လို အွန်လိုင်းငွေကြေးလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး
အရေးယူဆောင်ရွက်တာ၊ စစ်ဆေးတာတွေမလုပ်နိုင်သေး
တာကြောင့် လိမ်လည်လိုသူတွေအတွက် အခွင့်ကောင်း
ဖြစ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြပြောဆို
ကြပါတယ်။
လုပ်ငန်းတစ်ခုက တစ်လကို ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း
အတိုးပေးဖို့ဆိုတာ သည်ခေတ်မှာ သူလုပ်နေတဲ့ စီးပွားရေး
အမျိုးအစားနဲ့ သူရဲ့ အောင်မြင်နေမှု အတိုင်းအတာကို
မှန်းကြည့်လိုက်တာနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ
သိသာပါတယ်။
သိသာနေပေမဲ့ လူသစ်တွေက ယုံယုံပြီးတော့ ထပ်ဝင်
လာတယ်။ ဝင်လာအောင်လည်း လူဟောင်းတွေက
ထောက်ခံပေးကြတယ်။ တချို့ကပိုက်ဆံ ထည့်ထားတယ်။
အတိုးပြန်ထုတ်တယ်။ ငြိမ်ငြိမ်ပဲနေတယ်။ခဏလောက်
ထ လုပ်လိုက်၊ ပြီးရင်ပျောက်သွားလိုက်နဲ့ ဖြစ်နေတယ်။
ဒါကြောင့်မဖြစ်ခင်မှာ ပြည်သူလူထုကို ပညာပေးဖို့
လိုပါတယ်။
အဲဒါက ခဏလေးလုပ်ရမှာမဟုတ်ဘူး။ အပတ်စဉ် မီဒီယာ
တွေကနေ အခုလိုဆွေးနွေးတာတွေ လုပ်မလား။ ဒါမှမဟုတ်
အစိုးရသတင်းစာ တွေထဲမှာပုံမှန်ထည့်ပေးမလား။
ထိရောက်စွာအရေးမယူလိုက်နိုင်တဲ့အတွက် လူလိမ်က
ပိုပြီးတော့ လိမ်ချင်စိတ်ပိုများလာတယ်လို့ မာလ်တီလယ်ဗယ်
ဆန့်ကျင်ရေးကမ်ပိန်း ဦးဆောင်သူ ကိုဇင်ဇေလွင်က
တရားမဝင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ က
ဘယ်လောက်အန္တရာယ်ရှိနေသလဲ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့
စီးပွားရေး စကားစစ်ထိုးပွဲတစ်ခုမှာ ထည့်သွင်း
ပြောကြားခဲ့ပါတယ်။
ရှိစုမဲ့စု ကုန်ပြီ
။။။။။။။။။။။။။။။။
အဲသည်လိုအတိုးနှုန်းများများပေးပြီး ခေါ်ယူတဲ့လုပ်ငန်းတွေမှာ
ငွေကြေးထည့်ဝင်ထားသူ အများစုက ပိုလျှံလို့ထည့်တာမျိုးက
နည်းပါတယ်။ ရှိစုမဲ့စု ငွေတွေကို ယုံကြည်ပြီး အပ်နှံလိုက်တာ
များပါတယ်။
Jude Jude လုပ်ငန်းကြောင့်ငွေကြေးဆုံးရှုံးမှုတွေ အတွက်
ကူညီဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ
ဦးနေစည်သူဇော် က တချို့ ငွေထည့်ထားသူတွေဆိုအတော်
သနားဖို့ ကောင်းပါတယ်၊ ရှိလို့ထည့်တာမဟုတ်ဘဲ အိမ်ပေါင်
ထားတဲ့သူ ပါတယ်၊ ခြံတွေပေါင်ထားတဲ့သူတွေ ပါတယ်၊
ပင်စင် ရထားတဲ့ ပိုက်ဆံတွေပါတယ်၊ အဲဒီလိုမျိုးတွေ
အများကြီးပါပဲလို့ ပြောပါတယ်။
အဲသည်လိုငွေကြေးလုပ်ငန်းတွေကြောင့် နစ်နာသူတွေကို
သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်အရေးယူဖို့သွားရောက်
အကြောင်းကြားပေမဲ့ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်တာကြောင့်
ရဲအရေးပိုင်မဟုတ်လို့ပြောပြီး အမှုမဖွင့်ပေးတာလည်း
ရှိတယ်လို့ သိရပါတယ်။
ဦးနေစည်သူဇော် က
"တော်တော်များများက ရဲစခန်းက အမှုဖွင့်မပေးတာတွေသည်
နိုင်ငံတော်ပေါ်မှာ လူတွေကအယုံအကြည်မရှိတာတွေက
နံပါတ် တစ်လို့ ပြောရမယ်၊ ရဲစခန်းမှာအမှုဖွင့်ဖို့ ကျွန်တော်
ကိုယ်တိုင်သွားတာတောင် ရဲစခန်းက ရဲအရေးမပိုင်ဘူးဆိုပြီး
ပုတ်ထုတ်တာကြုံရတယ်၊
ကျွန်တော့် မှာ သူတို့ကို အချက်အလက်အတိအကျနဲ့ ရှင်းပြ
ပြောဆိုရတယ်၊ သိလို့ပြောပြတတ်ပေမဲ့ မသိတဲ့သူတွေ
ဘယ်လို လုပ်တတ်မလဲ၊ အမှုဖွင့် မပေးတော့ ဒီအတိုင်း
ပြန်လာခဲ့တဲ့ သူတွေလဲရှိတယ်" လို့ ဆိုပါတယ်။
အွန်လိုင်းကနေ ရှယ်ယာငွေကြေးထည့်ဝင်ခဲ့တဲ့ အချိန်မှာ
ရှယ်ယာခေါ်ယူသူဘက်က စာချုပ်ချုပ်ခဲ့တာဖြစ်ပေမဲ့
သတ်မှတ်တဲ့စာချုပ်ပုံစံအတိုင်းမဟုတ်တာ၊
စာချုပ်မှာပါရှိရမယ့် အချက်တွေအားနည်းနေတာတွေကို
တွေ့ရတယ်လို့ သိရပါတယ်။
လုပ်ငန်းစတင်လုပ်ကိုင်ချိန်က ရှယ်ယာအဖြစ်ခေါ်ယူပြီး
ရှယ်ယာကနေ တစ်ဆင့် အစုစပ်လုပ်ငန်းလို့ ပြောင်းလဲပြီး
ငွေကြေးထည့်ဝင်သူတွေကိုအစုစပ်စာချုပ် ချုပ်ဆိုခိုင်းတယ်
လို့ သိရပါတယ်။အစုစပ် စာချုပ်မှာဘယ်သူမှ မပါဘူး၊
တစ်ယောက်တည်းချုပ်ထားတယ်၊ အဲဒီစာချုပ်ကရော
တကယ်တရားဝင်ရဲ့လား၊ အစုစပ်စာချုပ်ကရောမှန်ရဲ့လား၊
မှတ်ပုံတင်ရုံးကရော ဘယ်လိုမှတ်ပုံတင်ထားလဲ၊
ဘာစည်းကမ်းချက်တွေနဲ့ တင်ပေးလိုက်လဲ၊
ဒီစည်းကမ်းချက်တွေနဲ့ရော ညီရဲ့လားဆိုတာ
အဆင့်ဆင့်လာရမယ်၊
မညီညွတ်ရင် ဒါဟာ စာရွက်စာတမ်းအတုလုပ်တာပဲ၊
လွှဲပြောင်းတာကယုံကြည်အပ်နှံခြင်းကိုလွှဲပြောင်းတာ၊
ပြောတုန်းက အစုစပ်လွှဲပြောပြီး ကုမ္မဏီထဲမှာရှယ်ယာဆိုပြီး
လုပ်တာ၊ အလွဲသုံးစားလုပ်တာပဲလို့ ဦးနေစည်သူဇော်က
ပြောပါတယ်။
လက်ရှိ အွန်လိုင်းမှာလုပ်ကိုင်နေတဲ့ ငွေကြေးလုပ်ငန်းတွေနဲ့
ပတ်သက်ပြီးတိကျတဲ့ ဥပဒေမရှိတာ စိစစ်ပေးတာတွေမရှိတာ
ကြောင့် နစ်နာလာရင်ဖြေရှင်းဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။
ဥပဒေပညာရှင် ဦးတင်သန်းဦး က
"တရားမဝင်ငွေကြေးစီမံခန့်ခွဲနေတယ်ဆိုတာက
မြန်မာပြည်မှာရှေးရှေးကတည်းက ဖြစ်ခဲ့ပြီးပြီ၊
ဒါပေမဲ့ ပြဿနာကဘာလဲ၊
ပြောချင်တာက တရားမဝင်ငွေကြေးစီမံခန့်ခွဲမှုတွေရှိနေတယ်၊
သတင်းတွေလဲထွက်နေတယ်၊
ဒီတော့ ဒီကိစ္စကိုချက်ချင်းအရေးယူရမယ်၊
ဒါကနံပါတ်တစ်ပါ၊ ပြီးတော့ချက်ချင်းကုစားရမယ်၊ ဘယ်လို
နည်းတွေနဲ့ ကုစားနိုင်တယ်ဆိုတာလဲ ဥပဒေအပြည့် ဆွဲထား
ပြီးသားပါ၊ ဒီလိမ်သွားတဲ့ကုမ္မဏီက ငွေကြေးဆိုင်ရာဥပဒေနဲ့
ငြိစွန်းနေတာလား၊ ကုမ္မဏီများ အက်ဥပဒေနဲ့ ငြိစွန်းနေ
တာလား၊ စုံစမ်းဖော်ထုတ်ရေး ကာလဟာ ၄၅ ရက်နဲ့
မလောက်ရင်နောက်ထပ်ကာလထပ်တိုးလို့ရတယ်၊ ဒါပေမဲ့
မြန်မာပြည်မှာကလုပ်ကိုမလုပ်တာပဲ" လို့ ဒီဗီဘီကပြုလုပ်တဲ့
စီးပွားရေး စကားစစ်ထိုးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဥပဒေရှိပါတယ်
။။။။။။။။။။။။။။။။။။
အဲသည်လို အတိုးနှုန်းများများပေးပြီး ရှယ်ယာအဖြစ်ခေါ်ယူတဲ့
လုပ်ငန်းကို နိုင်ငံတကာမှာ Ponzi Scheme စနစ်အဖြစ်
သတ်မှတ်ထားပြီး Muti Level Marketing စနစ်နဲ့
မတူပါဘူး။
Ponzi scheme ဆိုတဲ့စနစ်က တစ်လကို အတိုးနှုန်း
၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းပေးမယ်ဆိုပြီး လူတွေကို
ငွေကြေးထည့်ဝင်လာအောင် မက်လုံးပေးခေါ်ယူတာပါ။
MLM နဲ့ကွာခြားတာကကြားထဲမှာ အဆင့်ဆင့်ခံစားခွင့်တွေ၊
လူခေါ်ပေးရတာတွေမရှိဘဲ သူကိုယ်တိုင်ကပဲအတိုးပြန်ပေး
တာမျိုးဖြစ်တယ်လို့ လေ့လာသူတွေရဲ့ ပြောဆိုမှုတွေအရ
သိရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးအဖွဲ့အစည်းတွေအနေနဲ့
ဗဟိုဘဏ်ရဲ့ မှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်စားလှယ်ရုံး
ဖွင့်လှစ်ခွင့်မရှိကြောင်း ဥပဒေမှာပါရှိပြီးဖြစ်ပါတယ်။
အဲသည်လို ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်မပါရှိဘဲ ကိုယ်စားလှယ်ရုံး
ဖွင့်လှစ်ရင်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၃၆)ကို ချိုးဖောက်ရာ
ရောက်ပြီး အနည်းဆုံးထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ
ချမှတ်နိုင်ပါတယ်။ ဒဏ် ကြေးအဖြစ် ကျပ်သန်း ၅၀ဝ
ပေးဆောင်ရမယ်လို့သတ်မှတ်ထားပါတယ်။
ငွေကြေးလိမ်လည်မှုတွေက အွန်လိုင်းကတစ်ဆင့်ဖြစ်တာ
ကြောင့် ဆက်သွယ်ရေးကွန်ရက်အသုံးပြုပြီး လိမ်လည်တာ
ဖြစ်တဲ့အတွက်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၆၆/ဂ)အရလည်း
တရားစွဲဆိုနိုင်တယ်လို့ သိရပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၆၆/ဂ)မှာ ဆက်သွယ်ရေးကွန်ရက်
တစ်ခုခုကို အသုံးပြုပြီးငွေကြေးနဲ့ ပစ္စည်းတစ်ရပ်ရပ်ကို
ခိုးယူတာ၊ လိမ်လည်တာ၊ အလွဲသုံးစားပြုတာ ဒါမှမဟုတ်
အကျိုးပျက်စီးစေတာစတဲ့ ပြစ်မှုထင်ရှားရင် ကျူးလွန်သူကို
သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ် ဖြစ်ဖြစ်
နှစ်ခုလုံးချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းပါရှိပါတယ်။
အထက်တန်းရှေ့နေ ဦးနေစည်သူဇော်က
‘ရဲအရေးပိုင်တဲ့အမှုပါ၊ စခန်းမှူးက တိုက်ရိုက်ဖွင့်လို့ရတယ်၊
တရားစွဲဆိုခွင့်ပြုမိန့်မလိုတော့ချက်ချင်းအမှုဖွင့် အရေးယူပေး
ရပါတယ်၊ အရင်ကအာမခံမရှိပေမဲ့ အခုပြင်လိုက်တာကြောင့်
အာမခံရှိတယ်' လို့ ရှင်းပြပါတယ်။
လက်ရှိမှာ အွန်လိုင်းကနေရှယ်ယာအဖြစ်ခေါ်ယူခဲ့ပြီး
ငွေကြေးလိမ်လည်ခဲ့တဲ့ Jude Jude Family,
Thint Myat Public Holding ကုမ္မဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်
ကိုရွှေမိုးစက်ကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ဖမ်းဆီး
ထားပါတယ်။
ကုမ္မဏီပိုင်ရှင် ဒေါ်သက်သက်မြိုင်(ခ)ဂျူးဂျူးကို ဖမ်းဝရမ်း
ထုတ်ထားပြီး ဖမ်းမမိသေးဘူးလို့ ရန်ကင်းမြို့နယ် ရဲစခန်းက
သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်စတဲ့ ရန်ကုန်မြို့တွင်းမြို့နယ်
တချို့မှာလည်း အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။
နောင်မှသိ
။။။။။။။။။။။။
အဲသည်လို လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး သတိပေးစာတွေ
ရေးသားဖြန့်ဝေပေးနေသူတွေရှိပေမဲ့ ရှယ်ယာထည့်ဝင်သူတွေ
က အတိုးရနေချိန်မှာသတိမထားကြဘဲ အတိုးမရတဲ့အပြင်
ထည့်ထားတဲ့ ငွေကိုပြန်ထုတ်လို့မရတဲ့ အချိန်ရောက်မှသာ
နစ်နာကြောင်း သိရှိရတာဖြစ်ပါတယ်။
အွန်လိုင်းငွေကြေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အထူးစုံစမ်းရေး
အဖွဲ့တွေဖွဲ့စည်းပြီး စောင့်ကြည့်ဖို့လိုသလို လုပ်ကိုင်နေတဲ့
လုပ်ငန်းတွေက တရားဝင်တည်ထောင်ထားတာ ဟုတ်မဟုတ်
ဆိုတာလည်း စစ်ဆေးအရေးယူဖို့လိုတယ်လို့ လေ့လာသူ
တချို့ကဆိုပါတယ်။
လက်ရှိ သိန်းပေါင်းရှစ်သောင်းကျော် လိမ်လည်မှုနဲ့ပတ်သက်ပြီး
သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးယူမှုအပိုင်းမှာ
ကြန့်ကြာနေတယ်လို့ရဲမှူးချုပ် ဦးဝင်းခေါင်(ငြိမ်း)က
သုံးသပ်ပြောဆိုပါတယ်။
"သူက ဘဏ်နဲ့ညှိတယ်ဆိုရင် သက်ဆိုင်ရာဘဏ်တွေကို
အကြောင်းကြားမယ်၊ ဒီတော့ အခုစစ်ဆေးချက်တွေ
အကုန်လုံးမှာပေါ်ပေါက်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့သည်
အရေးယူမှုမှာအလွန် အင်မတန် လက်တွန့်နေတဲ့ နှောင့်နှေး
နေတဲ့ အချက်တွေတော့ရှိတယ်၊ ဒါက အမှန်တော့
delay action သွားရမှာမဟုတ်ဘူး၊ တကယ့်ကို
rapid action နဲ့ ကျွန်တော်တို့ သွားရမှာလေ၊ ဒီပြဿနာတွေ
က နိုင်ငံတော်ကို ခြိမ်းခြောက်နေတဲ့ပြဿနာ၊ အခုငွေတွေ
သိန်းပေါင်း ရှစ်သောင်းကျော်ကို လိမ်ပြီးထွက်ပြေးသွား
တယ်ဆိုတာဟာ ဒီပမာဏနဲ့ညီမျှတဲ့ နိုင်ငံခြားငွေတွေက
တိုင်းပြည်အတွက် အကျိုးတစ်စုံတစ်ရာမရှိဘဲ နိုင်ငံခြားကို
ထွက်သွားတာလေ၊ ဒါက နိုင်ငံတော်က အခိုးခံလိုက်
ရတာပဲ" လို့ ဆိုပါတယ်။
(မေသော်တာမောင်)
*****
၂။ "အစုရှယ်ယာရောင်းချခွင့်မရှိသည့် ကုမ္ပဏီများက
အွန်လိုင်းအသုံးပြုပြီး အတိုးကြီးပေးမည်ဟုဆိုကာ မက်လုံး
ပေးခေါ်နေသဖြင့် ပြည်သူများ အယုံမလွယ်ကြရန် သတိပေး"
အစုရှယ်ယာ ရောင်းချခွင့်မရှိသည့် ကုမ္ပဏီများက အွန်လိုင်း
အသုံးပြုပြီး အတိုးကြီး ပေးမည်ဟုဆိုကာ မက်လုံးပေးခေါ်
နေသည့် ဖိတ်ခေါ်မှုများရှိနေသဖြင့် ပြည်သူများအနေဖြင့်
အယုံမလွယ်ကြရန် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း
ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က
သတိပေးပြောကြားသည်။
“အစုရှယ်ယာ ရောင်းချခွင့်မရှိတဲ့ ကုမ္ပဏီတွေကနေ အွန်လိုင်း
အသုံးပြုပြီးတော့ အတိုးကြီးတွေပေးမယ်ဆိုပြီး မက်လုံးပေး
ခေါ်တဲ့ ဖိတ်ခေါ်မှုတွေ ရှိပါတယ်။
အဲဒါ ပြည်သူတွေမယုံဖို့၊ အယုံမလွယ်ဖို့လိုပါတယ်” ဟု
ဦးဌေးချွန်က ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံသူတွေ သတိပြုရမယ့် အချက်ပေါ့လေ။
မကြာခင်က ကြားခဲ့ရတဲ့ အွန်လိုင်းကနေ အရင်းအနှီး
ထည့်ဖို့ဖိတ်ခေါ်လို့ ဆုံးရှုံးတာတွေ အများကြီးဖြစ်ကြောင်း
ကျွန်တော်တို့ကြားရပါတယ်။ ဒါတွေကြောင့်မို့ အများပြည်သူ
တွေ ရင်းနှီးမြှုပ်နှံတဲ့အခါ အစုရှယ်ယာရောင်းချခွင့်ရှိတဲ့
ကုမ္ပဏီဖြစ်ဖို့လိုပါတယ်။ အစုရှယ်ယာရောင်းချခွင့်ရှိတဲ့
ကုမ္ပဏီဆိုတာ Public ကုမ္ပဏီဖြစ်ရမယ်။ Securities
ကုမ္ပဏီမှာ Prospectus တင်ထားရမယ်။ DICA မှာ
မှတ်ပုံတင်ထားရမယ်။ ဒီအချက်တွေနဲ့ပြည့်စုံမှ ရောင်းချခွင့်
ရှိပါတယ်” ဟု ဦးဌေးချွန်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီများအက်ဥပဒေအရ အများပိုင်
ကုမ္ပဏီဆိုတိုင်း ရှယ်ယာထုတ်ရောင်းချခွင့် မရှိကြောင်း
MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ကုမ္ပဏီဥပဒေအရ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊
တစ်နည်းအားဖြင့် အများပိုင်ကုမ္ပဏီမဟုတ်ရင် ရှယ်ယာ
ရောင်းချခွင့် မရှိဘူး။ အများပိုင်ကုမ္ပဏီမှာတောင်မှ
ကျွန်တော်တို့က စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ခွင့်
ထုတ်ပေးတဲ့ ကုမ္ပဏီများကပဲ ရှယ်ယာရောင်းခွင့်ရှိတယ်။
အများပိုင် ကုမ္ပဏီဆိုတိုင်း ရှယ်ယာရောင်းချခွင့် မရှိဘူး။
အများပိုင် ကုမ္ပဏီတွေ ၂၀၀ ကျော်၊ ၃၀၀နီးပါးလောက်
ရှိတယ်။ အဲဒီအထဲမှာ ၆၀ ကျော်လောက်သာ ရှယ်ယာ
ရောင်းခွင့်ပေးထားတယ်။ ကျန်တဲ့ကုမ္ပဏီတွေ ရှယ်ယာ
ရောင်းချခွင့် မရှိပါဘူး” ဟု
ဦးအောင်နိုင်ဦးက ပြောကြားသည်။
credit - Kumudra Journal & Eleven Media Group
“မှတ်ချက်”
အိမ်ခြံမြေ အကြောင်းအရာများနှင့် မသက်ဆိုင်သော်လည်း
စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်း ဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment