Sunday, December 17, 2017

“၂၀၁၇ မြန်မာ့စီးပွားရေး စစ်တမ်းနှင့် ဂျက်ပါဝါအခြေအနေ”

“၂၀၁၇ မြန်မာ့စီးပွားရေး စစ်တမ်းနှင့် ဂျက်ပါဝါအခြေအနေ”

၁။ "ရင်းနှီးမြှုပ်နှံသူတို့ မြန်မာအပေါ် ယုံကြည်မှု
၂၅ ရာခိုင်နှုန်း နီးပါး ကျဆင်း"

မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေး
ဆိုင်ရာ ယုံကြည်စိတ်ချမှုသည် တစ်နှစ်အတွင်း ၂၅ ရာခိုင်နှုန်း
နီးပါးအထိ ကျဆင်းသွားကြောင်း ဥရောပ အခြေစိုက်
နိုင်ငံတကာအတိုင်ပင်ခံအဖွဲ့အစည်း ရိုလင်ဘာဂျာ က
ထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် ရိုလင်ဘာဂျာ၏
ဒုတိယအကြိမ်စစ်တမ်းတွင် အစိုးရ၏ စီးပွားရေး ဆိုင်ရာ
မူဝါဒနှင့် စီမံကိန်းများ ရှင်းလင်းပြတ်သားမှု မရှိခြင်းကြောင့်
လုပ်ငန်းများ၏ ကာလတိုအလားအလာအပေါ်အကောင်းမြင်မှု
သိသိသာသာကျဆင်းခဲ့သည်ဟု ရေးသားထားသည်။

၂ဝ၁၇ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်းကောက်ယူထားသော
စစ်တမ်း ရလဒ်အရ စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ
ယုံကြည်စိတ်ချရမှုသည်
- ယမန်နှစ်က ၇၃ ရာခိုင်နှုန်းရှိခဲ့ရာ
- ယခုနှစ်တွင် ၄၉ ရာခိုင်နှုန်းသို့ လျော့ကျသွားခြင်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် ရိုလန်ဘာဂျာတို့ ယခုနှစ်ဝက်
အတွင်း ပူးပေါင်းလေ့လာထားသော စစ်တမ်းက
- ရင်းနှီးမြှုပ်နှံသူ ၆ဝဝ ခန့်ကို မေးမြန်းထားပြီး
- နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ ၄ဝ ရာခိုင်နှုန်း ပါဝင်သည်။

''ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုဟာ သေချာပေါက်
ဒီနှစ်မှာ ကျဆင်းမယ်ဆိုတာခန့်မှန်းမိပေမဲ့ ၂၅ ရာခိုင်နှုန်းထိ
ကျသွားတာကိုတွေ့တော့  တုန်လှုပ်မိတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဝန်းကျင်မှာ  တစ်ခုခု မြန်မြန်ဆန်ဆန်
လုပ်ဖို့ လိုနေပြီ ဆိုတဲ့ အချက်ပြသံတွေ မြည်နေပြီလို့
ကျွန်တော်က ပြောချင်တယ်''ဟု ရိုလင်ဘာဂျာ၏
အရှေ့တောင်အာရှအုပ်ချုပ်မှုမိတ်ဖက် သောမတ်စ်ကလော့ဖ်
က သတင်းစာရှင်းလင်းပွဲအပြီး မြန်မာတိုင်း(မ်)ကို ပြောသည်။

စစ်တမ်းကောက်ယူမှုတွင်
- စင်ကာပူ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ အမေရိကန်၊ မလေးရှားနှင့်
တရုတ်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံသူများ ပါဝင်ပြီး
- စစ်တမ်းကောက်ယူသည့်ကာလမှာ ရခိုင်ပဋိပက္ခမတိုင်မီ
ဖြစ်သဖြင့်
- ယခုအခါ ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က ရင်းနှီး
မြှုပ်နှံသူများ၏ ယုံကြည်မှုသည် စစ်တမ်းရလဒ်ထဲက
ကိန်းဂဏန်းများထက်လျော့ကျဖွယ်ရှိသည်ဟု
မစ္စတာကလော့ဖ်က ပြောသည်။

ယမန်နှစ်ကထုတ်ပြန်ခဲ့သော စစ်တမ်းတွင် စီးပွားရေး
လုပ်ငန်းရှင် ၇၃ ရာခိုင်နှုန်းက စီးပွားရေးအခြေအနေ
လျင်မြန်စွာ တိုးတက်လာမည်ဟု ခန့်မှန်းထားခြင်းက
- တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းအပါအဝင်
- စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊
- ဒီမိုကရေစီအသွင်ဆောင်သည့် ရွေးကောက်ပွဲကျင်းပနိုင်မှု၊
- အစိုးရသစ်သို့ အေးဆေးတည်ငြိမ်စွာ အာဏာလွှဲပြောင်း
ပေးမှုနှင့်
- အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့လိုက်မှု
တို့၏ အကျိုးဆက်များပါဝင်သည်ဟု
သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံသူတို့ ယုံကြည်မှု သိသာစွာလျော့ကျရသည့်
အကြောင်းမှာ
- ကုမ္ပဏီ ၇၇ ရာခိုင်နှုန်းက အစိုးရ၏ စီးပွားရေးမူဝါဒ
ပြတ်သားရှင်းလင်းမှုမရှိခြင်းကို ပြဿနာအဖြစ်ဖော်ပြ
ထားသည်။
- သို့သော် ကုမ္ပဏီ ၈၈ ရာခိုင်နှုန်းက မြန်မာနိုင်ငံ၏
ကာလလတ်နှင့် ကာလရှည် အနာဂတ်အပေါ်
အပြုသဘောဆောင် အကောင်းမြင်ကြသည်။

အခြား ယုံကြည်မှုကျဆင်းစေသည့် အကြောင်းရင်းများတွင်
- ကျွမ်းကျင်လုပ်သားရှားပါးမှု၊
- ခန့်မှန်းရခက်သည့် ဥပဒေနှင့် မူဝါဒချမှတ်မှုနှင့်
- စည်းမျဉ်း စည်းကမ်းများ ချမှတ်မှုတို့လည်း ပါဝင်နေသည်။

အစိုးရသစ်၏ ရှင်းလင်းပြတ်သားသော ရည်မှန်းချက်နှင့်
အချိန်ကာလကို ဖော်ပြထားသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု
လမ်းပြမြေပုံနှင့်တကွ ရှင်လင်းပြတ်သားပြီး နားလည်လွယ်
သည့် ကဏ္ဍအလိုက်မူဝါဒများကို
- လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊
- စိုက်ပျိုးရေးကဏ္ဍ၊
- အခြေခံအဆောက်အအုံကဏ္ဍ၊
- ခရီးသွားကဏ္ဍနှင့်
- ကုန်ထုတ်လုပ်မှုကဏ္ဍတို့အတွက်
ချမှတ်ရန်လိုပြီး ချမှတ်ထားသည်များကို ရင်းနှီးမြှုပ်နှံသူများ
သိရှိအောင် ထုတ်ပြန်ပြောကြားပေးရန် လိုအပ်သည်ဟုလည်း
မစ္စတာကလော့ဖ်က ပြောသည်။

''ပြုပြင်ပြောင်းလဲမှုတွေက မျှော်မှန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှု
အတိုင်းအတာထိ မရောက်ခဲ့ဘူး။
ရင်းနှီးမြှုပ်နှံလိုမှုအတွက် ရှိနေတဲ့ အတားအဆီးတွေကို
အစိုးရအနေနဲ့ ဖော်ထုတ်ဖြေလျှော့ပေးဖို့ လိုနေတယ်လို့
မြင်တယ်''ဟု ၎င်းက ပြောသည်။

သို့သော် အစိုးရသစ်အနေဖြင့် ၂ဝ၁၆ ခုနှစ်တွင် ချမှတ်ခဲ့သော
စီးပွားရေးမူဝါဒ ၁၂ ချက်အပေါ် အခြေခံထားသည့်
သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ် အကောင်အထည်
ဖော်မည့် မူဝါဒ ၉၆ ချက်ကို ထုတ်ပြန်ပြီး ဖြစ်ကြောင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးထွန်းထွန်းနိုင်က ပြောသည်။

''ဒီလိုရလဒ်ထွက်တယ်ဆိုတာ ဘယ်ဟာကိုအခြေခံထားပြီး
စစ်တမ်းကောက်သလဲပေါ်တော့ မူတည်တယ်။
ဥပမာအားဖြင့် သြဂုတ်လ ဒီစစ်တမ်းကောက်တဲ့အချိန်ဟာ
ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်လိုက်ပြီး ကမောက်ကမ
ဖြစ်နေတဲ့ အချိန်ဖြစ်နေပေမဲ့ အခုဆိုရင် ဆောက်လုပ်ရေး
ကဏ္ဍက ပုံမှန်အခြေအနေကို ရောက်သွားပြီ။
ဒီလိုပဲ တခြားကဏ္ဍတွေမှာလည်း ရှိနိုင်တယ်''ဟု
၎င်းက ပြောသည်။

စစ်တမ်းရလဒ်အရ လာမည့် ၁၂ လအတွင်း ရင်းနှီးမြှုပ်နှံမှု
တိုးချဲ့ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာရန်
ယုံကြည်မှု ကျဆင်းသွားကြောင်းက ထင်ရှားနေသည်။

''အချိန်တိုလေးအတွင်းမှာ ယုံကြည်မှုကျဆင်းသွားဖို့က
လွယ်လွယ်လေးပဲ။
အဲဒီယုံကြည်မှုကို တစ်နှစ်သို့မဟုတ် နှစ်နှစ်အတွင်း
ပြန်ရအောင် လုပ်ဖို့ကတော့ တော်တော်လေးကို
ခက်လိမ့်မယ်။
ဒါကြောင့် အစိုးရရဲ့ ၂ဝ၁၈ ခုနှစ် စီးပွားရေးလုပ်ငန်းစဉ်
ဆောင်ပုဒ်က ပိုမိုလျင်မြန်စွာဖွံ့ဖြိုးရေးဖြစ်ဖို့ မျှော်လင့်တယ်''
ဟု မစ္စတာ ကလော့ဖ်က ပြောသည်။

(စုဖြိုးဝင်း)

*****

၂။ "နိုင်ငံ၏ စီးပွားရေး မျှော်မှန်းသလောက် မတိုးတက်ဟု
စီမံ/ဘဏ္ဍာ ဝန်ကြီး ဝန်ခံ"

အများဝေဖန်နေကြသည့်အတိုင်း နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး
တိုးတက်မှု အခြေအနေကို သုံးသပ်ကြည့်ပါက ၎င်းတို့အစိုးရ
မျှော်မှန်းထားသလောက် တိုးတက်မှု မရှိသည်ကို ဝန်ခံရမည်
ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက
ဒီဇင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့်
SMEs လုပ်ငန်းများ ဖွံ့ဖြိုးရေး အစည်းအဝေးတွင်
ပြောသည်။

“လက်ရှိ အနေအထားကို သုံးသပ်လို့ရှိရင် နိုင်ငံတော်ရဲ့
စီးပွားရေးအနေအထားက ကျနော်တို့ မျှော်မှန်းသလောက်
တိုးတက်မှု မရှိဘူး ဆိုတာ အဖွဲ့အစည်းတွေဘက်က
သုံးသပ်မှုရှိနေတာကို ကျနော်တို့ ကိုယ်တိုင်က အမှန်တရား
ကို လက်ခံရမှာ ဖြစ်ပါတယ်”ဟု ၎င်း က ပြောသည်။

ပြီးခဲ့သည့် ၆ လခန့်က မြန်မာပြည် စီးပွားရေးကို အရှိန်အဟုန်
နှင့် တိုးတက်အောင် ဆောင်ရွက်တော့မည် ဖြစ်၍ မြန်မာ့
စီးပွားရေးသည် ယခုနှစ်၌ ကမ္ဘာမြေကြီး၏ ဆွဲငင်အားကို
တွန်းကန်ပြီး ဂျက်ပါဝါနှင့် လေထဲသို့ ပြေးမည့်နှစ်ဟု
သတ်မှတ်နိုင်ကြောင်း ဝန်ကြီးက နေပြည်တော်တွင်
ပြောဆိုခဲ့ဖူးသည်။

စီးပွားရေး လုပ်ငန်းရှင်များ၏ မြန်မာ့စီးပွားရေးအပေါ်
ယုံကြည်မှုသည် ယခုနှစ်အတွင်း အကြီးအကျယ် ကျဆင်း
သွားသည်ဟု Roland Berger အတိုင်ပင်ခံလုပ်ငန်းနှင့်
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့
ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည့် စစ်တမ်းတခုတွင်
ဖော်ပြထားရာ ယင်းကိစ္စကို ရည်ညွှန်း၍
ဝန်ကြီး ဦးကျော်ဝင်းက ဝန်ခံလိုက်ခြင်း ဖြစ်သည်။

စီးပွားရေး အကြံပေး ဦးမြင့်က
“ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ
နာမကျန်းဘူးလို့ ကျနော် ထင်ပါတယ်။
ဒီစီးပွားရေး နာမကျန်းမှုကြီးကို မဟာဗျူဟာ လိုပါတယ်။
International Monetary Fund -IMF က ကျနော်တို့
တဦးချင်း ဂျီဒီပီကို ၂၀၂၀-၂၁ ရောက်ရင် အမေရိကန်
ဒေါ်လာ ၁၈၃၂ ဒေါ်လာ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
လူထုအနေအထား ဆန်းစစ်ဖို့က မခက်ပါဘူး။
ကျနော်တို့အခု ဈေးထဲသွား နေ့စဉ် ဈေးဝယ်နေတဲ့ သူတွေ၊
ရောင်းချနေတဲ့သူတွေ ရဲ့ မိသားစု ရပ်တည်ရေးအတွက်
ကြီးမားစွာ ရုန်းကန်နေရတာကို ကြည့်ရင် သိနိုင်ပါတယ်”
ဟု မကြာသေးမီက သုံးသပ်ပြောဆိုခဲ့သည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို
လူထုက မျှော်လင့်ချက် ကြီးမားစွာဖြင့် အပြောင်းအလဲများ
ပြုလုပ်နိုင်ရန် မဲပေးအပြီး ၂ နှစ်အကြာတွင် လူမှု စီးပွားရေး
ဘဝများ သိသိသာသာ တိုးတက်လာမှု မရှိခြင်း၊
ရှင်းလင်းသော မူဝါဒများ ချမှတ်နိုင်ခြင်း မရှိဘဲ တုန့်ဆိုင်းမှုများ
ရှိနေခြင်းက ပြည်သူလူထုကို စိတ်ပျက်လာစေကြောင်း
စီးပွားရေးပညာရှင်များက ထောက်ပြလျက် ရှိသည်။

ကမ္ဘောဇဘဏ်မှ အကြံပေး ပညာရှင် ဦးသန်းလွင်က
“မူဝါဒ စည်းမျဉ်း စည်းကမ်းတွေ ရှင်းရှင်းလင်းလင်း မရှိတာ
ကလည်း အခု ဦးဆောင်သူတွေမှာ Capacity နည်းတာကို
ပြတာ။
အရင် အစိုးရဟောင်းက အပြောင်းအလဲ မလုပ်ခင် အခွန်တွေ
တိုးခဲ့တဲ့မူကို NLD က ဆက်ခံပြီး လုပ်နေတာလည်း
မှားတယ်။
အရင်လူလုပ်တာ လိုက်လုပ်လို့ ဘာထူးမှာလဲ။
မှားလားမှန်လား ကြည့်ရမှာပေါ့”ဟု ဆိုသည်။

စီးပွားရေး တိုးတက်လာအောင် အစိုးရအနေဖြင့် စီးပွားရေး
အကြံပေး ပညာရှင်များ ခန့်အပ်ကာ Think Tank များ
ထူထောင်သင့်ကြောင်း၊ အစိုးရက ဦးဆောင်ပြီး ပညာရှင်များ
ကို စုစည်းကာ ဝန်ကြီးဌာနအလိုက် ပညာရှင်များ ခန့်အပ်ခြင်း၊
တိုင်းနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များကို အကြံပေး
နိုင်မည့် လူများကို ခန့်ထားရန် လိုကြောင်းလည်း
၎င်းက အကြံပြုသည်။

“အခွန်နှုန်းထားတွေ တိုးလိုက်ရင် အခွန်ပိုရမယ်လို့ အစိုးရက
ထင်တာ။
ဘယ်ရမလဲ။
စီးပွားရေး မတက်နိုင်တဲ့အချိန်မှာ အခွန်က နှိပ်စက်ပြန်တော့
ဒုက္ခတွေ တိုးတာပေါ့။
လူတွေကလည်း အခွန်များတော့ မပေးချင်တဲ့အခါ
ရှောင်တာပေါ့။
ပေးချင်စိတ် ရှိအောင်လည်း လုပ်ရတယ်။
အခွန်နှုန်းထားကို တင်တိုင်း Tax ပိုရမယ်လို့ ထင်နေတာ
မဟုတ်သေးဘူး”ဟု ပြောသည်။

တိုင်းပြည် စီးပွားရေး မတိုးတက်ရခြင်း၏ အကြောင်းတခုမှာ
တနိုင်ငံလုံးတွင် စီးပွားရေးအရ လက်ဝါးကြီး အုပ်မှုများ
ဆက်လက်ရှိ နေ၍ ဖြစ်ပြီး လူတစုတွင်သာ တိုးတက်နေသည့်
စီးပွားရေးပုံစံကို မပြောင်းနိုင်သရွှေ့ မြန်မာပြည် စီးပွားရေးကို
တိုးတက်သည်ဟု မဆိုနိုင်ကြောင်း ပြည်သူ့လွှတ်တော်
စီးပွားရေးကော်မတီဝင်ဟောင်း ဦးအောင်လှိုင်ဝင်းက
ပြောသည်။

“အရင်အစိုးရဆီက ကျနော်တို့ အမွေရတဲ့ဟာက လုပ်ငန်းကြီး
တွေကို လုပ်ငန်းငယ်လေးတွေက မယှဉ်နိုင်အောင် သတ်တဲ့
သဘောတွေ ရှိတယ်။
YBS ကိစ္စမှာ အရင်က ရန်ကုန်တမြို့လုံး ဘယ်သူမဆို
ဝင်ဆွဲလို့ရတယ်။
အခုကျတော့ ကုမ္ပဏီ တစုတဖွဲ့ကနေ လက်ဝါး ကြီး အုပ်
လိုက်တယ်။
အဲဒီလို သဘောပဲ တနိုင်ငံလုံးမှာ လက်ဝါးကြီး အုပ်မှုတွေ
အများကြီးတွေ့ရတယ်”ဟု ၎င်းက သုံးသပ်သည်။

နေပြည်တော်တွင် ပြုလုပ်သည့် အသေးစား အလတ်စား
လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ
အစည်းအဝေးကို စီးပွားရေးနှင့် ဆိုင်သော ဝန်ကြီးဌာနများမှ
ဝန်ကြီများ၊ နေပြည်တော် ကောင်စီ အပါအဝင်
တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာများမှ အမြဲတမ်း
အတွင်းဝန်များ တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးကျော်ဝင်းက SME အကြောင်းပြ၍ အလှပြင်ဆိုင်တခုကို
ကျပ် သိန်း ၉၀၀ ထုတ်ချေးထားခဲ့သည်ကို ဝေဖန်ခဲ့ပြီး
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း
အစည်းအဝေးအပြီး မြန်မာနိုင်ငံက SME အစစ်အမှန်များသည်
အစိုးရချေးငွေ မရရှိခဲ့ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

(ထက်နိုင်ဇော်)

credit - The Myanmar Times &
Irrawaddy Publishing Group

“မှတ်ချက်”

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ  
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment