Sunday, December 24, 2017

"ဦးဖြိုးမင်းသိန်း၏ အထူးစီးပွားရေးဇုန်စီမံကိန်း"

"ဦးဖြိုးမင်းသိန်း၏ အထူးစီးပွားရေးဇုန်စီမံကိန်း"

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အထူးစီးပွားရေးဇုန်အသစ်
ထူထောင်မည့်အဆိုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက အဆိုပြုလာသည်။

မြန်မာနိုင်ငံတွင်
- ရန်ကုန်တိုင်းရှိ သီလဝါအထူးစီးပွားရေးဇုန်၊
- တနင်္သာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့်
- ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟူ၍
စီးပွားရေးအထူးဇုန်သုံးခု သတ်မှတ်ဖော်ထုတ်ထားပြီး
ဖြစ်သည်။

ယခု အထူးစီးပွားရေးဇုန် စီမံကိန်းသည် တစ်နိုင်ငံလုံးတွင်
လူဦးရေ အထူထပ်ဆုံးဖြစ်သည့် စီးပွားရေးမြို့တော်
ရန်ကုန်မြို့၏တစ်ဖက်ကမ်းတွင် အကောင်အထည်
ဖော်မည်ဟု ဆိုထားပြီး ရန်ကုန်အထူးစီးပွားရေးဇုန် ဟု
ခေါ်မည်ဖြစ်သည်။

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ရန်ကုန်တိုင်းအစိုးရ
က ဦးစားပေးအဖြစ် သတ်မှတ်ထားသည်များ အနက်
တစ်ခုဖြစ်သည်။

သို့ဖြစ်ရာ ယခုနှစ်ကုန်တွင် စက်မှုဇုန်အသစ်များနှင့်
အထူးစီးပွားရေးဇုန် အသစ် ထူထောင်ရေးအစီအစဉ်ကို
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စီစဉ်လှုပ်ရှားလာသည်။

စက်မှုဇုန်သစ်တွေပြီးတော့ အထူးစီးပွားရေး ဇုန်သစ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြီးခဲ့သော ဒီဇင်ဘာ ၂ ရက်တွင် ဦးဖြိုးမင်းသိန်းသည်
တိုင်းလွှတ်တော်အမတ်များ၊ ဝန်ကြီးဌာနများနှင့် တွေ့ဆုံပြီး
ရန်ကုန်စည်ပင် ဧရိယာပြင်ပရှိ မြို့နယ် ၁၁ ခုတွင်
စက်မှုဇုန်များတည်ထောင်ရေးအစီအစဉ်ကို ချပြခဲ့သည်။

စက်မှုဇုန်အသစ်များကို
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရှိ မြို့နယ်ရှစ်ခုနှင့်
မြောက်ပိုင်းခရိုင်ရှိ မြို့နယ်သုံးခုတို့တွင်
မြေဧက တစ်ထောင်စီဖြင့် ဖော်ဆောင်မည်ဟု
သူက ဆိုခဲ့သည်။

နောက် သုံးရက်အကြာ ဒီဇင်ဘာ ၅ ရက်တွင်
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဌအဖြစ်
တာဝန်ယူထားသော နိုင်ငံတော်အဆင့် အထူးစီးပွားရေးဇုန်
ကော်မတီ၏ အစည်းအဝေးတွင် ဦးဖြိုးမင်းသိန်းက
ရန်ကုန် အထူးစီးပွားရေးစီမံကိန်းလုပ်ရန် တင်ပြခဲ့ပြန်သည်
ကို အစိုးရသတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

နောင် ၁၂ ရက်အကြာ ဒီဇင်ဘာ ၁၇ ရက်၌ ရန်ကုန်ရှိ
မြန်မာ့ ကုန်သည်/စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့်
စီးပွားရေးလုပ်ငန်းများအတွက် လာမည့် ၂ဝ၁၈ ခုနှစ်တွင်
ကြုံနိုင်သည့် စိန်ခေါ်မှုများဆိုင်ရာ အများပြည်သူ
ဆွေးနွေးပွဲတွင် ဦးဖြိုးမင်းသိန်းက
အဆိုပါ ရန်ကုန်အထူးစီးပွားရေးဇုန်အကြောင်း
ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့ပြောသည်မှာ အစိုးရ၏ တံခါးပိတ်အစည်းအဝေးများ
မဟုတ်သော ပြင်ပတွင် အများပြည်သူကို
ရန်ကုန်အထူးစီးပွားရေးဇုန်အကြောင်းကို ပထမဆုံး
ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

ထိုစဉ်က
''ရန်ကုန်နဲ့ ဒလဘက် တံတားထိုးပြီးရင် အဲဒီဘက်အခြမ်းမှာ
ရန်ကုန်အထူးစီးပွားရေးဇုန်တစ်ရပ် ထူထောင်ဖို့ ပြင်ဆင်
ဆောင်ရွက်နေပါတယ်''ဟု ၎င်းက အခိုင်အမာ ဆိုခဲ့သည်။

ဒီဇင်ဘာလတစ်လတည်းတွင်ပင် ဦးဖြိုးမင်းသိန်းက
ရှေ့ဆင့်နောက်ဆင့်ဆိုသလို စက်မှုဇုန်အသစ်များနှင့်
အထူးစီးပွားရေးဇုန်အသစ် စီမံကိန်းများကို ထုတ်ဖော်
တင်ပြလာခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်အသစ် ဘာကြောင့်လိုတာလဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရန်ကုန်အထူးစီးပွားရေးဇုန်သစ်သည်
ရန်ကုန်တိုင်းအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်၊
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ−JICA၊
ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
ကော်မတီ−KOICA၊
ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊
ယူကေနိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့က
ပူးပေါင်း သုတေသနလုပ်ပြုစုခဲ့ကြသည့်
'မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း' ၏
အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အဆိုပါစီမံကိန်းအရ
''ဒလဘက်ခြမ်း သီလဝါတစ်ဖက်ကမ်းနှင့် ကွမ်းခြံကုန်း
ဆက်စပ်ဧရိယာ'' တွင် လေဆိပ်အသစ်၊ ရေနက်ဆိပ်ကမ်း
အသစ်နှင့် အထူးစီးပွားရေးဇုန်အသစ် ထူထောင်မည့်
အစီအစဉ်များ ပါဝင်သည်ဟု ပြီးခဲ့သော စက်တင်ဘာ
နှောင်းပိုင်းက ထုတ်ပြန်သည့် မြန်မာနိုင်ငံ ပြန်တမ်းတွင်
ဖော်ပြထားသည်။

ပြန်တမ်းတွင် ဖော်ပြချက်အရ
ထိုအထူးစီးပွားရေးဇုန်သစ်သည် မြေဧက ၆,၅ဝဝ  ကျော်
ရှိမည်ဖြစ်ပြီး
စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄,၇ဝဝ ကျော်
ကုန်ကျမည်ဟု သိရသည်။

JICA နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် အထက်ပါ
မဟာဗျူဟာ စီမံကိန်းကြီးကို ပြန်လည်သုံးသပ်လျက်ရှိရာ
စာရွက်ပေါ်တွင် သုံးသပ်သည့်အဆင့်သည်
အတော်ခရီးရောက်ပြီဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက
ပြောသည်။

''၂ဝ၁၈ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ မြေပြင်မှာ
အကောင်အထည်ဖော်ရမယ့် အချိန်ကာလ တစ်ခုဖြစ်
ပါတယ်''ဟု ၎င်းက ပြောသည်။

ရန်ကုန်မြစ်ကို ဗဟိုပြုပြီး မြို့နှစ်ဖက်ခြမ်းကို ဖွံ့ဖြိုး
တိုးတက်ရေးနှင့် ဆိပ်ကမ်းများကို ပင်လယ်ဘက်သို့
ရွေ့နိုင်အောင်လုပ်မည်ဖြစ်ကာ မြို့အပြင်ပတ်လမ်းမှ
ကုန်စည်စီးဆင်းနိုင်ရေးဆောင်ရွက်ရန် ၎င်းတို့အစိုးရအဖွဲ့
က ရည်မှန်းထားသည်။

''ကျွန်တော်တို့အစိုးရသစ် စတင်တာဝန်ယူခဲ့တဲ့အချိန်မှာ
စက်မှုဇုန်တွေအားလုံးဟာ ကျွန်တော်တို့လက်ထဲမှာ
မရှိပါဘူး။
ပိုင်ဆိုင်သူအားလုံး ရှိပါတယ်။
ကျွန်တော်တို့ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေလာရင်
ဘယ်နေရာမှာလုပ်ရမလဲလို့မေးရင် ကျွန်တော်တို့မှာ
ပေးစရာ မရှိပါဘူး။
ဒါကြောင့် ကျွန်တော်တို့ အခု စက်မှုဇုန်အသစ်တွေ၊
အထူးစီးပွားရေးဇုန်တွေ ထူထောင်ဖို့ ကျွန်တော်တို့
လုပ်နေတာပါ''ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ဇုန်အသစ်ဖော်ထုတ်သော အကြောင်းရင်းကို
ပြောသည်။

ရှိရင်းစွဲဇုန်များပင် ရုန်းကန်နေကြဆဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သန်လျင်မြို့နယ်ရှိ မြန်မာ-ဂျပန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း
ဆောင်ရွက်မှုဖြင့် ဖော်ဆောင်ထားသည့် သီလဝါ
အထူးစီးပွားဇုန်သည် ၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက်
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ကာ
စီးပွားရေးအရ လည်ပတ်နေသည့် တစ်ခုတည်းသော
အထူးစီးပွားရေးဇုန်ဖြစ်သည်။

ကျန် ထားဝယ်နှင့် ကျောက်ဖြူဇုန်တို့မှာရုပ်လုံးပေါ်အောင်ပင်
ကြိုးစားနေရဆဲဖြစ်သည်။

''အထူးစီးပွားရေးဇုန် သုံးခုရှိတယ်၊
အောင်မြင်တယ်လို့ ပြောလို့ရတာက သီလဝါပဲရှိတယ်။
ထားဝယ်နဲ့ ကျောက်ဖြူကလည်း အောင်မြင်ဖို့ တော်တော်
ကြိုးစားနေရသေးတယ်''ဟု ထားဝယ်အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌဒေါက်တာမြင့်စန်းက
ပြောသည်။

ရန်ကုန်အထူးစီးပွားရေးဇုန်အသစ်တည်ထောင်မည့်
အစီအစဉ်သည် ရန်ကုန်တိုင်းတွင် သီလဝါအထူးဇုန်
တည်ရှိပြီးသားဖြစ်ကာ အခြားစီးပွားရေးဇုန်များလည်း
စီးပွားရေးအရ ရုန်းကန်နေရချိန်တွင် သီလဝါနှင့်
ကပ်လျက်တွင် အထူးစီးပွားရေးဇုန်သစ်တစ်ခု ဖော်ထုတ်ရန်
ပြင်ဆင်နေမှုအပေါ်  မေးခွန်းထုတ်စရာများဖြစ်နေသည်။

''ရန်ကုန်တိုင်းတစ်ခုတည်းမှာလည်း အထူးစီးပွားရေးဇုန်
နှစ်ခုရှိစရာ မလိုဘူးလို့လည်း ထင်ပါတယ်။
ဒီအဝန်းအဝိုင်းထဲမှာ သီလဝါလည်း ရှိပြီးသားကို
ထပ်လုပ်တာဆိုတော့ အင်အားတွေ ပြန့်သွားမှာလည်း
စိုးရတယ်'' ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ
အမည်မဖော်လိုသည့် ဇုန်စီမံရေးရာ ကော်မတီဝင်တစ်ဦးက
မှတ်ချက်ပြုသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ပြည်ထောင်စုအစိုးရနှင့်
လွှတ်တော်နှစ်ခုလုံးက အတည်ပြုမှသာ အထူးစီးပွားရေးဇုန်
တည်ထောင်နိုင်သည်။

ယခုအထူးစီးပွားရေးဇုန် တည်ထောင်မည့်ကိစ္စကို
ဦးဟင်နရီဗန်ထီးယူ၏ အထူးစီးပွားရေးဇုန် ကော်မတီထံ
တင်ပြပြီးဖြစ်ရာ ယင်းမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံ
တင်ပြခြင်း၊ အစိုးရက ပြည်ထောင်စုလွှတ်တော်၏
အတည်ပြုချက်ယူခြင်းတို့ကို ဆက်လက်ဆောင်ရွက်
ရဦးမည်ဖြစ်သည်။

အထူးစီးပွားရေးဇုန်များသည် နိုင်ငံ၏ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားဖြစ်သည့်အတွက်
ရန်ကုန် အထူးစီးပွားရေးဇုန်သစ် တည်ထောင်မည်ကို
လုပ်ငန်းရှင်အချို့က ကြိုဆိုသည်။

''ဈေးကွက်အနေအထား၊ တည်နေရာအနေအထား၊
အထူးစီးပွားရေးဇုန်တွေ ဆက်နွှယ်မှု၊ လုပ်သားအင်အားရရှိမှု
အနေအထားတွေကို ထည့်သွင်းစဉ်းစားပြီး မြေပြင်
လေ့လာမှုတွေ လုပ်မယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့
အနေအထားဆိုတာ ပေါ်လွင်လာပါမယ်''ဟု မြန်မာသီလဝါ
အက်စ်အီးဇက် ဦးပိုင်လီမိတက်၏ ဥက္ကဌ
ဦးဝင်းအောင်က ဆိုသည်။

လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်းသုံးနှစ်ကျော် အတွင်း
အထူးစီးပွားရေးဇုန်ကို မည်မျှပြီးစီးအောင် ဆောင်ရွက်နိုင်မည်
ဆိုသည်နှင့် နောင်ရွေးကောက်ပွဲအပြီး တာဝန်ယူမည့်
အစိုးရက ဆက်လက်အကောင်အထည်ဖော်လိုစိတ်ရှိမရှိမှာမူ
အရေးကြီးဆုံး ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်ဟု
အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏
စီးပွားရေးကော်မတီဝင် စီးပွားရေးပညာရှင်
ဒေါက်တာ အောင်ကိုကိုက သုံးသပ်သည်။

''ရှိတာလေးပဲ အောင်မြင်အောင် လုပ်ပါဦး''ဟု
အမည်မဖော်လိုသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်
ကော်မတီဝင်က ပြောသည်။

(သီဟကိုကို)

credit - The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment