“ဒီဇင်ဘာ (၉) ရက်က အသံများ”
၁။ "လက်ရှိအစိုးရ၏ ကျန်ရှိ သက်တမ်းအတွင်း
လာအိုနိုင်ငံကို အမီလိုက်ရန်ပင် အလားအလာနည်းနေပြီး
နာမကျန်းဖြစ်နေသည့် မြန်မာ့စီးပွားရေး ကုစားရန်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လုပ်ဆောင်ပေးဖို့
စဉ်းစားရန် အချက်လေးချက် ဒေါက်တာဦးမြင့်
အကြံပြု တင်ပြ"
လက်ရှိအစိုးရ၏ ကျန်ရှိနေသည့် သက်တမ်းအတွင်း
လာအိုနိုင်ငံကို အမီလိုက်ရန်ပင် အလားအလာနည်းနေပြီး
နာမကျန်းဖြစ်နေသည့် မြန်မာ့စီးပွားရေး ကုစားပေးရန်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အနေဖြင့် လုပ်ဆောင်ပေးဖို့ စဉ်းစားရန် အချက်လေးချက်ကို
ယခင် အစိုးရလက်ထက် စီးပွားရေးအကြံပေးအဖွဲ့
ခေါင်းဆောင်နှင့် လက်ရှိကုန်သည်စက်မှု အသင်းချုပ်၏
အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က
ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပသည့် ကုန်သည်စက်မှု
အသင်းချုပ် ညီလာခံ အဖွင့်အမှာစကားတွင်
အကြံပြုပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် လာအိုနိုင်ငံကို အမီလိုက်ရန်
အလားအလာ နည်းနေကြောင်း ဒေါက်တာဦးမြင့်က
သုံးသပ်ရာတွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အာဆီယံ
နိုင်ငံများ၏ လူတစ်ဦးချင်း အသားတင်ထုတ်လုပ်မှုနှင့်
ဝန်ဆောင်မှုတန်ဖိုး (PER Capita GDP) ဖြင့်
နှိုင်းယှဉ်တွက်ပြခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် လူတစ်ဦးချင်း
ဂျီဒီပီ ၁၉၃ ဒသမ ၂ ဒေါ်လာရှိခဲ့ပြီး အာဆီယံနိုင်ငံများတွင်
နောက်ဆုံးအဆင့်မှ ရပ်တည်ခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်
တွင် ၉၈၇ ဒသမ ၇ ဖြင့် ကမ္ဘောဒီးယား နိုင်ငံကို ကျော်တက်
ကာ အဆင့် (၉) နေရာ တွင် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅-၂၀၁၆ ခုနှစ်အထိ
အဆိုပါအဆင့်ကို ဆက်ထိန်းထားနိုင်ခဲ့ကြောင်းနှင့် မြန်မာ
နိုင်ငံအနေဖြင့် အာဆီယံ အိမ်နီးချင်းနိုင်ငံများဖြစ်သည့်
ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား
စသည့်နိုင်ငံများနှင့် နှိုင်းယှဉ်နိုင်ရန် ကနဦးအနေဖြင့် လာအို
ကို အမီလိုက်ကျော်တက်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း
ဒေါက်တာဦးမြင့်က ပြောကြားသည်။
သို့သော် လက်ရှိအစိုးရသက်တမ်း ငါးနှစ်ဖြစ်သည့်
၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ကာလအတွင်း ဖြစ်နိုင်မည့်
အလားအလာမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့
က ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း
ဂျီဒီပီအပေါ် ၁၈၂၃ ဒေါ်လာ ရရှိမည်ဟု ခန့်မှန်းထားသည်။
သို့သော် ထိုပမာဏမှာ လာအိုနိုင်ငံ၏ ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့
သည့် တစ်ဦးချင်း ဂျီဒီပီပင်လျှင် ၂၁၄၉ ဒေါ်လာ ဖြစ်နေသည့်
အတွက် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်
အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ခန့်မှန်း ချက်
ဖြစ်သည့် လူတစ်ဦးချင်း ဂျီဒီပီ ၁၈၂၃ ဒေါ်လာဖြစ်လာလျှင်ပင်
လာအိုနိုင်ငံ၏ ၂၀၁၅ ခုနှစ် ဂျီဒီပီထက် နည်းနေသဖြင့်
လာအိုနိုင်ငံကို အမီလိုက်ရန်ပင် ခဲယဉ်းသည့် အနေအထား
ဖြစ်နေသည့်အပြင် လာအိုနိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီမှာလည်း
၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ကာလအတွင်း ထပ်မံ
မြင့်တက်နေဦးမည်ဖြစ်သဖြင့် လာအိုနိုင်ငံကို အမီလိုက်ရန်
ပင် အလားအလာ နည်းပါးနေရကြောင်း ဒေါက်တာဦးမြင့်က
သုံးသပ်ပြောကြားသည်။
“လက်ရှိအစိုးရရဲ့ ကျန်နေတဲ့ ငါးနှစ်သက်တမ်း ကာလ
အတွင်းမှာ လာအိုနိုင်ငံကို အမီလိုက်နိုင်ဖို့တောင်
အလားအလာ နည်းနေပါတယ်။
ဒါက ကျွန်တော်တို့ ကိန်းဂဏန်း စီးပွားရေး ကမ္ဘာထဲမှာ
လက်ရှိ ဘယ်အနေအထား ရောက်နေတယ် ဆိုတာကို
စဉ်းစားဖို့ ဖြစ်ပါတယ်။
ပိုအရေးကြီးတာက လက်တွေ့ကမ္ဘာထဲက လူထုရဲ့ လက်ရှိ
အနေအထားက ဘယ်လိုရှိနေလဲ ဆန်းစစ်ဖို့ လိုပါတယ်။
ဒါ သိပ်မခက်ပါဘူး။
ကျွန်တော်တို့အခု ဈေးထဲသွားပြီး နေ့စဉ်ဈေးဝယ်သူတွေ
ဈေးရောင်းသူတွေ မိသားစု ရပ်တည်ရေးအတွက် ကြီးမားစွာ
ရုန်းကန်နေရတာကို ကြည်ရုံနဲ့ သိနိုင်ပါတယ်။
အတိုချုံးပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး
အခြေအနေဟာ နာမကျန်းဘူးလို့ ကျွန်တော်ထင်ပါတယ်”
ဟု ဒေါက်တာဦးမြင့်က ဆိုသည်။
လက်ရှိ စီးပွားရေးနာမကျန်းမှုကို ကုစားရန်နှင့် ရပ်တန့်နေသည့်
စီးပွားရေး ပြန်လည်လည်ပတ်ရန် ဒေါ်အောင်ဆန်းစုကြည်ကို
အားကိုးရမည်ဖြစ်ပြီး စီးပွားရေး တိုးတက် အားကောင်းမှု
ပြန်လည် တည်ဆောက်ပေးနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အချက်လေးချက်ကို
လုပ်ဆောင်ပေးဖို့ စဉ်းစားရန် တင်ပြကြောင်း
ဒေါက်တာဦးမြင့်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အနေဖြင့် လုပ်ဆောင်ပေးရန် ဒေါက်တာဦးမြင့်က တင်ပြခဲ့သည့်
အချက်များမှာ
ပထမ အချက်အဖြစ်
စီးပွားရေးကဏ္ဍကို ငြိမ်းချမ်းရေး တည်ဆောက်မှု နှင့် အတူ
ထိပ်ဆုံး ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း ရှင်းလင်း
ပြတ်သားစွာ ထုတ်ပြန်ကြေညာပေးရန် ဖြစ်ပြီး
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရေး၊
ပြည်ပ ထွက်သွားသူများ ၎င်းတို့၏ ဆန္ဒအတိုင်း ပြန်လာရေး၊
ပြန်လည်အခြေချနေထိုင်ရေးနှင့် ပြုစုပျိုးထောင်ရေးတို့အတွက်
စီးပွားရေးရှင်သန်တိုးတက်နေမှုမှာ မရှိမဖြစ်လိုအပ်သည်ဟု
ဒေါက်တာဦးမြင့်က အကြံပြုပြောကြားသည်။
ဒုတိယ အချက် အနေဖြင့်
အဓိကအရေးပါသည့် သက်ဆိုင်သူအားလုံးက ထောက်ခံနိုင်
သည့် စီးပွားရေး မဟာဗျုဟာတစ်ခု ရေးဆွဲပေးရန်ဖြစ်ပြီး
မဟာဗျုဟာအကြမ်းကို ရေးဆွဲပြုစုကာ လွှတ်တော်ထံသို့
တရားဝင် အထောက်အထားအဖြစ် အတည်ပြုပေးနိုင်ရန်
ဒေါက်တာဦးမြင့်က အကြံပြုပြောကြားသည်။
တတိယ အချက်အနေဖြင့်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် စီးပွားရေး
ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်နှင့် တိုင်း/ပြည်နယ်
အဆင့်များရှိ စီမံကိန်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးကိစ္စများနှင့်
ဗဟိုဘဏ်အဆင့် ငွေရေးကြေးရေးကိစ္စများ အဓိက
လုပ်ဆောင်နေသူများနှင့် မကြာခဏ အနှစ်သာရရှိရှိ အမြင်
ဖလှယ်မှုပြုလုပ်ပေးသင့်ကြောင်းနှင့်
အဆိုပါ ပုဂ္ဂိုလ်များကို လွတ်လွတ်လပ်လပ်နှင့် ပွင့်ပွင့်လင်းလင်း
ပြောနိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် အားပေးရန်
အပြင်
အဆိုပါပုဂ္ဂိုလ်များ၏ အကြံကိုလည်း ဆုံးဖြတ်ချက်ချရာတွင်
ထည့်သွင်း စဉ်းစားစေလိုကြောင်း ဒေါက်တာဦးမြင့်က
အကြံပြုသည်။
ထို့ပြင် အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင်
အမှီအခိုကင်းကင်းဖြင့် လွတ်လွတ်လပ်လပ် လုပ်နိုင်ရန်အပြင်
၎င်းတို့ ကျွမ်းကျင်သည့် ကဏ္ဍများတွင် ကိုယ်တိုင်ဆုံးဖြတ်ချက်
များ ချနိုင်သည့် လုပ်ပိုင်ခွင့်များ ပေးအပ်သင့်ပါကြောင်း
အကြံပြုချက်တွင် ဖော်ပြထားသည်။
ထို့ပြင်
စတုတ္ထအချက်အနေဖြင့်
လက်ရှိရရှိထားသည့် ရွေးကောက်ခံအစိုးရမှာ လက်ရှိ
အခြေအနေမှ ရှေ့ဆက်လှမ်းတက်ရန် အခွင့်အလမ်းကောင်း
တစ်ခုဖြစ်နေပြီး အဆိုပါအခွင့်အလမ်းကောင်းကို အသုံးချနိုင်ရန်
စီးပွားရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး နှင့် အခြားအရေးပါသည့်
ကဏ္ဍများတွင် ကျွမ်းကျင်ပိုင်နိုင်ကြောင်း သက်သေထူပြီးသူ
အများအပြားရှိနေကာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့်
အဆိုပါ ပုဂ္ဂိုလ်များဖြင့်တွေ့ဆုံကာ
၎င်းတို့တင်ပြသည်များကို နားထောင်ခြင်း၊
၎င်းတို့၏ အခက်အခဲများကို မှတ်သားခြင်းနှင့်
၎င်းတို့၏ အကြံပြုချက်များကို စဉ်းစားရာတွင် ဆန္ဒမစောစေအောင်
ထိန်းပေးရန်နှင့်
၎င်းတို့၏ အကြံများ ရယူပြီး
အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုအောက်တွင်
စီးပွားရေးပြန်လည်တိုးတက် ရှင်သန် အားကောင်းလာရေးအတွက်
လက်တွေ့အစီအစဉ်များကို စနစ်တကျ အချိန်ယူ လုပ်ဆောင်
သင့်ကြောင်း ဒေါက်တာဦးမြင့်က အကြံပြု ပြောကြားသည်။
(ဖြိုးဝေ)
*****
၂။ "ကုန်ဈေးနှုန်းကြီးခြင်းနှင့် ပတ်သက်၍ အစိုးရအပေါ်
အပြစ်တင်နေခြင်းကို စီးကူးဒုဝန်ကြီး မေးခွန်းထုတ်"
ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့်ပတ်သက်၍ အစိုးရအပေါ်
အပြစ်တင်နေခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး က
မေးခွန်းထုတ်ခဲ့သည်။
‘‘သတင်းစာတွေ၊ စာနယ်ဇင်းတွေ ဖတ်တဲ့အခါမှာ ကျွန်တော်
သဘောမပေါက်တာ တစ်ခုရှိတယ်။
ဈေးကွက်စီးပွားရေးစနစ် ကူးပြောင်းနေပြီ။
ဒါပေမဲ့ လူတွေ က အစိုးရကိုပဲ ဘာကြောင့် အပြစ်တင်နေရ
တာလဲ။
ကုန်ဈေးနှုန်း တက်တာ၊ တစ်ခုခုဖြစ်တာနဲ့ ဟာ အစိုးရ အစိုးရ၊
ဒါဟာ ကျွန်တော် တို့ရဲ့ mind set က မပြောင်းလဲ ဘူးဆိုတဲ့
သဘောဖြစ်တယ်။
ဈေးကွက်စီးပွားရေးစနစ်မှာ ဈေးကွက်ကို လွှမ်းမိုးတာ အစိုးရ
မဟုတ် ဘူး။
ဈေးကွက်ကို လွှမ်းမိုးထားတာ ဝယ်လိုအားနဲ့ ရောင်းလိုအားလို့
ခေါ်တဲ့ ဈေးကွက်အင်အားစုတွေပဲ ဖြစ်ပါတယ်’’ ဟု
စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် သည့် ဒီဇင်ဘာ ၉ ရက်
က ပြုလုပ်သောကုန်သည်စက်မှုအသင်းချုပ် ညီလာခံအဖွင့်
မိန့်ခွန်းတွင် ဦးအောင်ထူးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ပိုမိုလွတ်လပ်သည့် ဈေးကွက်
စီးပွားရေးစနစ်၌ ထိုကဲ့သို့ ပြစ်တင်ပြောဆိုခြင်းသည် ထိန်းချုပ်မှု
များသည့် စီးပွားရေးစနစ်၏ အတွေးအခေါ်များကို ပြောင်းလဲ
နိုင်ခြင်း မရှိခြင်းကြောင့်ဟု ၎င်းက ပြောသည်။
ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရ၏တာဝန်သည်
ဝယ်လိုအားနှင့် ရောင်းလိုအားမျှတရန် ဆောင်ရွက်ပေးရေးသာ
ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သို့သော် အစိုးရမူဝါဒနှင့် ကုန်ဈေးနှုန်းအတက်အကျ ဆက်စပ်မှု
ရှိကြောင်း စီးပွားရေးပညာရှင်နှင့် လုပ်ငန်းရှင်များက
သုံးသပ်မှုရှိသည်။
‘‘အစိုးရကို အပြစ်မြင်နေတာ မဟုတ်ဘူး။
သူတို့က လက်တွေ့နဲ့ ကင်းကွာသွားတယ်လို့တော့ ထင်ပါတယ်’’
ဟု ရွှေလင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး
ဦးနေလင်းဇင် က ပြောသည်။
အခြေခံ စားသောက်ကုန် ဖြစ်သည့် ကန်စွန်းရွက်တစ်စည်းပင်
တစ်ကြိမ်ဈေးတက်ပါက မူလတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းမှ
၃၀ ရာခိုင်နှုန်းအကြား ဈေးမြင့်တက်လေ့ ရှိကြောင်း ၎င်းက
ဆိုသည်။
ကျပ် ၂၀၀ တန် ကန်စွန်းရွက်တစ်စည်းလျှင် တစ်ကြိမ်ဈေးမြင့်
တက်ပါက ၁၀ ရာခိုင်နှုန်း ကျပ် ၂၂၀ သို့ မြင့်တက်ခြင်းမရှိဘဲ
ငွေအကြွေရှားပါးမှုကြောင့် ကျပ် ၂၅၀ မှ ကျပ် ၃၀၀ သို့
ဈေးမြင့်တက်လေ့ရှိကြောင်း ဦးနေလင်းဇင်က ပြောသည်။
ထို့အပြင် အခြေခံအဆောက်အအုံပိုင်းဖြစ်သော သယ်ယူ
ပို့ဆောင်ရေးစရိတ်ကြီးမားခြင်းကလည်း ကုန်ဈေးနှုန်း
မြင့်တက်ရန် တွန်းအားတစ်ခုဖြစ်ကြောင်း ပြည်ပသို့
ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
သယ်ယူပို့ဆောင်စရိတ်သည် ထိုင်းနိုင်ငံတွင် ဆန်တစ်တန်လျှင်
ကန်ဒေါ်လာ ၂၅ မှ ၃၀ အတွင်း ရှိနေချိန် မြန်မာနိုင်ငံ၌ ဒေါ်လာ
၇၀ မှ ၈၀ အတွင်း ကုန်ကျကြောင်း ၎င်းက ပြောသည်။
စီးပွားရေးလုပ်ငန်းများ အတွက် ငွေကြေးအရင်းအနှီးကို
ဘဏ်များမှ ရယူနေရခြင်းကြောင့် ထုတ်လုပ်ထားသည့်
ကုန်ပစ္စည်း များ၏တန်ဖိုးကို ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်း
ပေါင်းထည့် ရောင်းချရသဖြင့် စားသုံးသူများအတွက် ဈေးနှုန်း
ကြီးမြင့်မှု ဖြစ်စေကြောင်း ဦးနေလင်းဇင်က သူ၏အမြင်ကို
ပြောသည်။
‘‘ကုန်ဈေးနှုန်းမြင့်တက်ပြီး ပြည်သူတွေ ဆင်းရဲပြီး အခက်အခဲ
ဖြစ်ရင် ဈေးကွက်စီးပွားရေးဖြစ်ပါစေ အစိုးရအနေနဲ့ နည်းလမ်း
ရှာပြီး ပါဝင်သင့်ပါတယ်’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်
က ပြောသည်။
ဈေးကွက် စီးပွားရေးစနစ်သည် အရင်းရှင်စီးပွားရေးစနစ်တွင်
အခန်းကဏ္ဍတစ်ခုအဖြစ်သာ ပါဝင်သဖြင့် အခက်အခဲကြုံ
တွေ့ပါက သီအိုရီအရ ဆောင်ရွက်ခြင်းထက် လက်တွေ့ပိုင်း
ပါဝင်သင့်ကြောင်း ဦးလှမောင် က ပြောသည်။
လူတစ်ဦး၏တစ်ရက်ဝင်ငွေ ကျပ် ၃,၆၀၀ သတ်မှတ်ထားသော
မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းမြင့် တက်ခြင်းက စီးပွားရေး
ကဏ္ဍ၏ ကျဆင်းမှုပြယုဂ်တစ်ခု ဖြစ်ကြောင်း စီးပွားရေး
လုပ်ငန်းရှင်အချို့က ပြောသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား လူတစ်ဦးချင်း ဝင်ငွေအနိမ့်ဆုံး
ဖြစ်နေသော နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးနေခြင်းက အစိုးရ၏
စီးပွားရေးမူဝါဒများ လိုအပ်ချက် ရှိနေခြင်းကြောင့် ဟု
စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
(ပြည်သိမ်း)
credit - Eleven Media Group & 7day Daily
“မှတ်ချက်”
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက် မသက်ဆိုင်သော်လည်း
စီးပွါးရေးနှင့်ဆိုင်ရာ ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment