Sunday, December 24, 2017

"အလှဆင်ဖို့ တောင်းဆိုလာတဲ့ ရန်ကုန်က အိမ်တွေ"

"အလှဆင်ဖို့ တောင်းဆိုလာတဲ့ ရန်ကုန်က အိမ်တွေ"

ရန်ကုန်က လွန်ခဲ့တဲ့ ၁ဝ စုနှစ်တွေထက် အရောင်စုံလင်
လာသည်။ ၂ဝ၁ဝ နိုင်ငံရေးပြောင်းလဲမှုအပြီး ၂ဝ၁၂ ခုနှစ်
နောက်ပိုင်းကတည်းက ပြည်တွင်းမှာ ယခင်က မရှိခဲ့တဲ့
အလုပ်အကိုင်တွေရှိလာသလို၊ ကမ္ဘာအနှံ့က ပြည်ပသား
တွေလည်း ကဏ္ဍစုံမှာ လုပ်ကိုင်ကြဖို့ ရောက်လာ
ကြသည်။

ထိုနည်းတူပဲ ပြည်တွင်း အနယ်နယ်အရပ်ရပ်က သူတွေ
ဟာလည်း ရန်ကုန်ကို အိပ်မက်အဖုံဖုံနဲ့ ရောက်လာနေ
ကြတာ နေ့စဉ်ရှိနေသည်။

ရန်ကုန်က အိမ်ခန်းအများစုသည် ယခင် တစ်လျှောက်လုံး
ဖြစ်သလိုဆောက်လာခဲ့ရာ အများအပြားမှာ လေးထောင့်ပုံ
ကွန်ကရစ်ပြွန်ချောင်းသာသာရှိသောကြောင့် နေထိုင်သူများ
အဖို့ သက်သောင့်သက်သာရှိရန် မလွယ်ကူပေ။

အချိန်အများစုကို အလုံပိတ်အခန်းများတွင်သာ ကုန်ဆုံး
နေကြသူများအဖို့ စိတ်ထဲမှာ သက်တောင့်သက်သာရှိဖို့
ကုစားမှုက လိုအပ်ချက်တစ်မျိုး ဖြစ်လာသည်။

ထို့ကြောင့် လက်ရှိတွင် လူငါးသန်းကျော်ရှိပြီး တစ်နေ့တခြား
လူထူထပ် လာသည့် ရန်ကုန်က တိုက်ခန်းများသည်
နေထိုင်သူတို့ သက်သောင့်သက်သာ ရှိရန် အိမ်အလှဆင်မှု
ကို တောင်းဆိုလာကြသည်။

အိမ်အလှဆင်သည့် လုပ်ငန်းများသည် ၂ဝဝ၈ ခုနှစ်
နောက်ပိုင်းမှစ၍တဖြည်းဖြည်း တွင်ကျယ်လာကာ ယခုအချိန်
တွင် သင့်တင့်သောအခြေအနေတွင် ရပ်တည်နေနိုင်ပြီဟု
ဈေးကွက်အတွင်းရှိ သတင်းရင်းမြစ်အချို့က ဆိုကြသည်။

ရန်ကုန်တွင် တိုက်ခန်းဝယ်ကာ အိမ်တွင်းအလှဆင်ပြီး
ပြန်လည်ငှားရမ်းသည့်လုပ်ငန်းကို လုပ်ကိုင်နေသည့်
ထိုင်းနိုင်ငံသား မစ္စတာ တက်ဒီ တာနဖော ဂျီရပွန်ဖန်နစ်က
''ကျွန်တော့်အမြင်အရတော့ ရန်ကုန်ဟာ အိမ်တွင်း
အလှဆင်မှုကို လိုကို လိုအပ်နေတယ်။
ဒါမှ လူတွေ အပြည့်အဝအနားရပြီး သောကတွေလျော့မယ်၊
နောက်နေ့မှာ ခွန်အားပြည့် အလုပ်လုပ်နိုင်မယ်''လို့
မြန်မာတိုင်း(မ်)ကို ပြောသည်။

ဈေးကွက်အခြေအနေ
။။။။။။။။။။။။။။။။။။။။။။။။

အများအားဖြင့် နိုင်ငံခြားသားကို ငှားရမ်းမည့်တိုက်ခန်းများ၊
ကွန်ဒိုများတွင် အိမ်အတွင်း အလှပြင်ဆင်လာကြသည်။
ယခုနောက်ပိုင်းတွင် ဈေးဆိုင်ခန်းများ၊ ဈေးဝယ်စင်တာများ၊
ဆေးရုံများ၊ ဟိုတယ်များနှင့် ရုံးခန်းများတွင်လည်း အလှဆင်ရန်
ပိုမိုစိတ်ဝင်စားလာကြကြောင်း အိမ်တွင်းအလှဆင်လုပ်ငန်း
လုပ်ကိုင်နေသည့် အင်ဂျင်နီယာ ဦးတင်သန်းဦးက
ပြောသည်။

ခြံဝင်းများထဲတွင် ပြုလုပ်သည့် အလှဆင်မှုကိုမူ
သိပ်မလုပ်ကြသေးကြောင်း သူကဆက်ပြောသည်။
ဈေးဝယ်စင်တာများတွင် ရောင်းချသည့် ဆိုင်ခန်းများသည်
အမှတ်တံဆိပ်ပြောင်းလဲသည့်အခါ နောက်ဒီဇိုင်းတစ်မျိုးဖြင့်
အစအဆုံးပြန်ပြင်ကြသည့် လုပ်ငန်းမှာမူ တွင်ကျယ်ကြောင်း
၎င်းက ပြောသည်။

''ဒီမှာက အိမ်တွင်းအလှဆင်ဈေးကွက်က တဖြည်းဖြည်းချင်း
တိုးတက် လာတာတော့ တွေ့နေရပြီ။
အထူးသဖြင့် မြန်မာတွေက ပြည်ပနိုင်ငံတွေကို အရင်ကထက်
အသွားများလာတယ်။
ဟိုရောက်တော့ သူတို့မြင်တွေ့ပြီး သိလာတာတွေထဲကမှ
ကောင်းနိုးရာရာတွေ အမူအကျင့်တွေကို ယူဆောင်လာ
ကြတာပေါ့။
အဲဒီအထဲက အိမ်တွင်းအလှဆင်မှုကလည်း တစ်ခုအပါအဝင်
ဖြစ်ပါတယ်''ဟု မစ္စတာ ဂျီရပွန်ဖန်နစ်က မှတ်ချက်ပြုသည်။

တစ်ဖက်တွင်လည်း တိုက်ခန်းအရောင်းအဝယ်ဈေးကွက်
အေးစက်နေခြင်းက ယင်းလုပ်ငန်းဈေးကွက်ကို သက်ရောက်မှု
ရှိကြောင်း ဦးတင်သန်းဦးက ပြောသည်။

သို့သော် ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် ရုံးများ
အများအပြား ဆောက်လုပ်လာကြသဖြင့် အခန်းအလှဆင်သည့်
ဈေးကွက်မှာ ဟန်မပျက်ဆက်ရှိနေကြောင်း
၎င်းကဆိုသည်။

အိမ်ကို အလှဆင်ကြသူ အများစုမှာ လူလတ်တန်းစားများ
ဖြစ်ကြပြီး ကိုယ်တိုင်နေထိုင်ရန်မဟုတ်ဘဲ နိုင်ငံခြားသားများ
ကို ငှားရန်အတွက်သာ အများစုက ပြင်ဆင်ကြသည်ဟု
သိရသည်။

''နိုင်ငံခြားသားက အခန်းဝယ်မရတော့ ပရိဘောဂအပြည့်အစုံ
ပါတဲ့ တိုက်ခန်းတွေ ငှားလာကြတယ်။
နိုင်ငံခြားသား အငှားဈေးကွက် သွက်လာတာနဲ့အမျှ
ဒီလုပ်ငန်းကလည်း ပိုပြီးတိုးတက်လာတယ်''ဟု ၄င်းက
ဆိုသည်။

နိုင်ငံခြားသား အငှားဈေးကွက်တွင် အသင့်နေထိုင်နိုင်သည့်
တိုက်ခန်း ဈေးမှာ တစ်လလျှင် ဒေါ်လာ ၁,၂ဝဝ ခန့်မှစပြီး
လုံးချင်းနှစ်ထပ်တိုက်ဆိုလျှင် ဒေါ်လာ ၄,ဝဝဝ ခန့်ထိရှိကြောင်း
အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူများက
ဆိုသည်။

ဘာကြောင့် အိမ်ကိုအလှမဆင်ကြတာလဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရန်ကုန်က တိုက်ခန်းများသည် အလှဆင်ပြီးမှ နေသာထိုင်သာ
ရှိမည်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် စဉ်းစားစရာများ
ကလည်း ရှိသေးသည်။

အိမ်တွင်းအလှဆင်ရာတွင်လည်း အသုံးပြုသည့် ပစ္စည်းအပေါ်
မူတည်ပြီး ကုန်ကျစရိတ်ရှိသဖြင့် နိုင်ငံသားများ၏ ဝင်ငွေအရ
လက်လှမ်းမီရန် ခက်ခဲနေသေးသည်ဟု ဈေးကွက်
သတင်းရင်းမြစ်များက ဆိုသည်။

ပုံမှန်အရွယ်အစားရှိသော အခန်းတစ်ခန်းကို ပြုပြင်မည်ဆိုလျှင်
အနည်းဆုံး ကျပ်သိန်း ၈ဝ နှင့် သိန်း ၁ဝဝ ပတ်ဝန်းကျင်ခန့်
ကုန်ကျစရိတ်ရှိသည်ဟု သိရသည်။

အိမ်အလှဆင်လုပ်ငန်းများကို ယခင်ထက်စာလျှင် ပိုမို
စိတ်ဝင်စားမှုရှိလာကြသော်လည်း ရှေးရိုးစွဲနေသော
အယူအဆများကြောင့် ဆောက်ပြီးသား အိမ်ဒီဇိုင်းများကို
ပြုပြင်ရန် တွန့်ဆုတ်နေကြသည်များလည်းရှိကြောင်း
ရန်ကုန်မြို့ အင်းလျားလမ်းတွင်နေထိုင်သူ ကိုအောင်မိုး က
ပြောသည်။

ထို့ပြင် ရန်ကုန်မြို့လယ်နှင့် အလှမ်းဝေးသောနေရာများတွင်
ကျယ်ဝန်းသောခြံဖြင့် နေထိုင်ရန်သာ ပိုမိုအားသန်ပြီး အိမ်ကို
အလှဆင်ရန် သိပ်စိတ်မဝင်စားသူများလည်း ရှိသည်ဟု
အိမ်အလှဆင်သည့် လုပ်ငန်း ကုမ္ပဏီက
ဦးဇော်ဇော်က ပြောသည်။

အလားအလာ
။။။။။။။။။။။။။။။။။

များမကြာမီ ကွန်ဒိုမီနီယံနည်းဥပဒေလည်း ထွက်ရှိလာတော့
မည်ဖြစ်ရာ ကွန်ဒိုခန်းများကို နိုင်ငံခြားသားများပါ ဝယ်ယူခွင့်
ရလာတော့မည်ဖြစ်သည်။

ထိုအချိန်တွင် အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာရန်
အများစုက မျှော်လင့်နေကြရာ ယင်းဈေးကွက်နှင့်ညီနောင်
ဖြစ်သော အိမ်အလှဆင် ဈေးကွက်အတွက်လည်း
မျှော်လင့်စရာတစ်ခုဖြစ်လာနိုင်သည်။

ဒို့အိမ် (doh aein) ဟူသည့် အိမ်များကို ပြန်လည်အဆင့်မြင့်
တင်သည့် စိတ်ဝင်စားဖွယ်ကောင်းသော လုပ်ငန်းမျိုးလည်း
ရန်ကုန် ဈေးကွက်တွင် ရှိလာသည်။

၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ မိမိအိမ်
ကို အဆင့်မြင့်တင်လိုသော အိမ်ရှင်တစ်ဦးက ဒို့အိမ်ကို
ကမ်းလှမ်းလာပါက ငါးနှစ် အကျိုးအမြတ်ခွဲဝေရေး
စာချုပ်ချုပ်ဆိုသည်။

ပထမဆုံးနှစ်အတွင်း ပြင်ဆင်မှုများ၊ အဆင့်မြင့်တင်မှုများ
အတွက် ပစ္စည်းနှင့် အလုပ်သမားကုန်ကျစရိတ်များကို သူတို့က
ကျခံပေးသည်။

အဆင့်မြင့်တင်ပြီးနောက် တိုးတက်ရရှိလာသော
အကျိုးအမြတ်၏ လေးပုံတစ်ပုံကို ဒို့အိမ်က ယင်းငါးနှစ်အတွင်း
ပြန်လည်ရယူပြီး ထိုငွေထဲမှ ငါးရာခိုင်နှုန်းကို အကျိုးအမြတ်
မမျှော်သော လုပ်ငန်းများတွင် ပြန်လည်အသုံးပြုသည်ဟု
ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

ဥပမာအားဖြင့်ဆိုလျှင် အဆင့်မမြင့်မီက တစ်လအိမ်ငှားခ
ကျပ်နှစ်သိန်းခွဲခန့်ရနေသော အိမ်သည် အဆင့်မြင့်တင်ပြီး
နောက် တစ်လ ကျပ် ၁ဝ သိန်းရရှိလာပါက တိုးတက်ရရှိ
လာသော ကျပ်ရှစ်သိန်းခွဲ၏ လေးပုံတစ်ပုံကို ငါးနှစ်အတွင်း
ပြန်လည်ပေးရခြင်း ဖြစ်သည်။  ရန်ကုန်တွင် ထိုကဲ့သို့ပြုလုပ်
သော တိုက်ခန်းများလည်း ရှိလာပြီ ဖြစ်သည်။

အိမ်အလှဆင်ဖို့ ဘာကြောင့်လို
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

''ကျွန်တော်ဆို အိမ်မပြန်ချင်ဘူး။
ဘာကြောင့်ဆို အိမ်မှာက နေချင့်စဖွယ်မဖြစ်ဘူး။
ပစ္စည်းတွေက ရှုပ်ပွနေတယ်။
ရှင်းပြစ်ဖို့ကလည်း နေရာမရှိဘူး။
အခန်းကကျဉ်းတော့ လူကဖြစ်သလိုနေရတယ်။
ဒီတော့ဈေးဝယ်စင်တာလို ဟာမျိုးတွေမှာ အချိန်ဖြုန်းရတာ
များတယ်'' ဟု အသက် ၃၂ အရွယ် ရန်ကုန်သား
ကိုမျိုးကျော်က ပြောသည်။

ကိုယ်တိုင်မလုပ်တတ်သလို ထိုလုပ်ငန်းလုပ်သည့် ကုမ္ပဏီများ
အပ်ရန် ငွေကုန်ကြေးကျများသဖြင့် မလုပ်ဖြစ်သော်လည်း
သူကအိမ်ကို အလှဆင်လိုကြောင်း ပြောသည်။

မြန်မာတိုင်း(မ်)၏ မေးမြန်းချက်အရ မိမိတို့နေသည့် အိမ်
သို့မဟုတ် တိုက်ခန်းများကို အလှဆင်လိုသည်မှာ ၄င်းတစ်ဦး
တည်းသာမကဘဲ ရန်ကုန်မှာနေတဲ့ လူအများအပြားက
အိမ်ကို အလှဆင်ရန်လိုကြောင်းမှတ်ချက်ပေးကြသည်။

ရန်ကုန်တွင် စံချိန်နှင့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ
ဆောက်ထားသည့် တိုက်အများအပြား ရှိနေခြင်းကြောင့်
ရန်ကုန်သားတို့ နေ့စဉ်ဘဝကို မကြာခဏ ညည်းညူ
ကြသည်။

ထိုအိမ်များနေရာတွင် အိမ်အသစ်များအစားထိုးဖို့
မဖြစ်နိုင်အောင် ခက်သဖြင့် သူတို့အတွက် ကောင်းမွန်စွာ
ပြင်ဆင်ထားသည့် အိမ်ခန်းများ လိုအပ်သည်မှာ အမှန်ပင်။

သို့သော် အိမ်အလှဆင်ရန် ငွေကြေးကလည်း
စဉ်းစားနေကြရသည်။

မစ္စတာ ဂျီရပွန်ဖန်နစ်က
''ကျွန်တော်အိမ်ကိုပြန်ပြင်ပြီး အလှဆင်တာလုပ်ဖို့ ကုမ္ပဏီတွေ
ကိုမေးတော့ ကျပ်သိန်း ၁၁ဝ တောင် တောင်းတယ်ဗျ။
အဲဒါနဲ့ ကျွန်တော် ကိုယ့်ဘာသာ ဒီဇိုင်းဆွဲပြီးလုပ်တော့
ကျပ် ၁ဝ သိန်းကျော်ပဲ ကျသင့်တယ်ဗျ။
ကျွန်တော့်အတွေ့အကြုံအရ လိုအပ်တဲ့ပစ္စည်းတွေလည်း
ပြည်တွင်းမှာ အကုန်နီးပါး ရှိပါတယ်။
သေသေချာချာစဉ်းစားဖို့ရယ်၊
အချိန်ပေးဖို့ရယ်တော့ လိုတာပေါ့''ဟု
၎င်း၏အတွေ့အကြုံကို ရှင်းပြသည်။

(ရည်ရွယ်မြင့်)

credit - The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment