“တိုင်းလွှတ်တော်များအတွင်းက အိမ်၊ ခြံ၊ မြေ”
၁။ "မြေတန်ဖိုးသတ်မှတ်ချက် မြင့်မားမှုကြောင့်
အစိုးရအနေနှင့် အခွန်ငွေ နစ်နာ"
မန္တလေးမြို့တော်အတွင်းရှိ မြေကွက်များ အပါအဝင်
အိမ်အရောင်းအဝယ် ပြုလုပ်ရာတွင် သတ်မှတ်ထားသော
နှုန်းထားများ မြင့်မားနေ၍ အရောင်းဝယ် ပြုလုပ်နေသူများ
အနေနှင့် အခွန်ပေးဆောင်ခြင်း မပြုရသော နည်းလမ်းကို
အသုံးပြုနေခြင်းကြောင့် နိုင်ငံတော်အစိုးရ အနေနှင့်
နစ်နာရကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်မြေ
အမှတ် (၁) မှ မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ်
ဦးတင်အောင် က ပြောကြားသည်။
“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြေဈေးနှုန်းထား
သတ်မှတ်ချက်က လျော့သွားပါတယ်။
လျော့သွားတယ်ဆိုပေမယ့်လည်း အမှန်တကယ်
ပေါက်ဈေးထက် များနေတဲ့အပြင် ပြည်ထောင်စုအစိုးရ က
သတ်မှတ်တဲ့ အခွန်ကောက်ခံမှုနှုန်းကလည်း မြင့်မားနေတဲ့
အတွက် မြေအရောင်းအဝယ် လုပ်ကြတဲ့နေရာမှာ တရားဝင်
စာချုပ်စာတမ်းနဲ့ မှတ်ပုံ မတင်ကြတော့ဘူး။
အရပ်ကတိစာချုပ်နဲ့ပဲ အရောင်းအဝယ် လုပ်နေကြပါတယ်။
အဲ့ဒီမှာ မြေအရောင်းအဝယ်က ရတဲ့အခွန်နဲ့ စာချုပ်ရောင်းချ
ရမှုက ရတဲ့အခွန်ငွေ နည်းသွား ပါတယ်” ဟု
၎င်းကပြောဆိုသည်။
ဒုတိယအကြိမ်မြောက် မန္တလေးတိုင်း လွှတ်တော် အဋ္ဌမ
ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက်နေ့က စတင်
ကျင်းပခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြေ အရောင်းအဝယ်
အတွက် တန်ဖိုးနှုန်းထား သတ်မှတ်ချက်များကို ယခုထက်ပိုမို
လျှော့ချပြင်ဆင်ပေးရန် အစီအစဉ်ရှိမရှိဟူသော မေးခွန်းရှင်
ဦးတင်အောင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြား
ခဲ့ခြင်းဖြစ်သည်။
ယခင်နှစ်များက ကျပ်သိန်းတစ်ထောင်တန်ဖိုးရှိ မြေကွက်
အတွက် အခွန်ငွေသုံးရာခိုင်နှုန်းသာရှိခဲ့ပြီး ကျပ်သိန်း ၃၀ ခန့်
သာ ပေးဆောင်ခဲ့ရသော်လည်း ယခုလက်ရှိတွင် မြေကွက်
တန်ဖိုးကို ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိလျှော့ချခဲ့၍
အခွန်ငွေ တိုးကောက်မှုကြောင့် ကျပ်သိန်း ၁၅၀ ခန့်အထိ
ပေးဆောင်နေရကြောင်း၊
ယင်းသို့ အခွန်နှုန်းထား တိုးမြှင့်လိုက်ခြင်းကြောင့်
မြေအရောင်းအဝယ် ပြုလုပ်သူများက အရောင်းအဝယ်
စာချုပ်များကို တရားဝင်မှတ်ပုံတင်ခြင်း မပြုတော့ကြောင်း
၎င်းက လွှတ်တော်သို့ တင်ပြခဲ့သည်။
မန္တလေးမြို့တော်၌ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင်
အိမ်၊ ခြံ၊ မြေအရောင်းအဝယ်စာချုပ် ၁၆၀၃ ခု၊ ၂၀၁၆-၂၀၁၇
ဘဏ္ဍာနှစ်တွင် စာချုပ် ၂၈၁၀ စောင်အထိ တရားဝင်စာချုပ်
များဖြင့် မြေဝယ်သူများက မှတ်ပုံတင်ခဲ့ကြသော်လည်း
၂၀၁၇ ခုနှစ် နှစ်စမှ ယခုလအထိ တရားဝင် စာချုပ်ချုပ်ဆိုမှု
၆၂၁ ခုသာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်က
ထောက်ပြသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်၏ မေးမြန်းချက်
များနှင့် ပတ်သက်၍ မန္တလေးတိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ က
“ယခုနှစ်ရဲ့ အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက်များ တိုးမြှင့်
ထားခြင်းမရှိပါဘူး။ လျော့နည်းမှုသာ ရှိနေပါတယ်။
အိမ် ၊ ခြံ၊ မြေ ကာလတန်ဖိုး သတ်မှတ်ခြင်းဆိုတဲ့ နေရာမှာ
တန်ဖိုးသတ်မှတ်ရတဲ့ကာလရဲ့ စံနှုန်းသတ်မှတ်ချက်အတိုင်း
တန်ဖိုးသတ်မှတ်ရတာဖြစ်တဲ့အတွက် အခုလိုကွာဟ
နေတယ်ဆိုတာ လွန်ခဲ့တဲ့ လေးငါးနှစ်က ဝယ်ယူခဲ့တဲ့
ဈေးနှုန်းတွေနဲ့ ကွာဟနေတာ ဖြစ်ပါတယ်” ဟု
ဖြေကြားခဲ့သည်။
မြေဝယ်သူများအနေနှင့် မြေပြင်တွင် လက်တွေ့ရောင်းချနေ
သည့် ပေါက်ဈေးထက် စာချုပ်ထဲတွင် ပိုမိုထည့်သွင်း ချုပ်ဆို
ကြသည့်အတွက် အခွန်နှုန်းထား များပြားသွားခြင်း
ဖြစ်ကြောင်း၊
မြေပြင်တွင် ကျပ်သိန်း ၃၈၁၀ ဖြင့် အရောင်းအဝယ်ပြုလုပ်
ခဲ့သော်လည်း စာချုပ်တွင် ကျပ်သိန်း ၄၅၀ဝ ဟု ချုပ်ဆို
ထားသည့် အတွက် စာချုပ်ပါအတိုင်း အခွန်ကောက်ယူရခြင်း
ဖြစ်၍ မြေပြင်ပေါက်ဈေးထက် အခွန်ငွေများပြားသွားခြင်း
ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။
“ခုလက်ရှိ ဘတ်ဂျက်လ မတိုင်ခင် လုပ်ထားတဲ့နှုန်းက
သုံးဆယ်ရာခိုင်နှုန်းလောက်အထိ ဈေးကျသွားတယ်။
အပြင်မှာ သိန်းတစ်ရာလောက် ပေါက်တယ်ဆိုရင်
အရောင်းအဝယ်က ၇၀ လောက်နဲ့ပဲဖြစ်တော့တယ်။
ဈေးကွက်ကလည်း အရမ်းကိုအေးနေပါတယ်။
မဖြစ်မနေဝယ်ရမယ့်သူကပဲ မြေ ဝယ်တော့တယ်။
မြေဈေးက အရမ်းကိုကျသွားတယ်။ အစိုးရအပြောင်းအလဲမှာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာမယ်လို့ မျှော်မှန်းထားပေမယ့်
ဝင်မလာတော့ တော်တော်ခက်သွားတယ်” ဟု ရွှေမန္တလေး
အိမ်၊ ခြ၊ံမြေ အကျိုးတော်ဆောင်လုပ်ငန်းမှ
အုပ်ချုပ်မှုဒါရိုက်တာ ဦးနေလင်းအောင် က ပြောဆိုသည်။
လက်ရှိတွင် မြေဝယ်သူများအနေနှင့် အခွန်ဆောင်ခြင်း
မရှိတော့ဘဲ ကိုယ်စားလှယ်လွှဲစာများဖြင့်သာ အရောင်းအဝယ်
လုပ်နေကြပြီး အမည်ပေါက် လျှောက်ထားခြင်း
မပြုတော့ကြောင်း၊
ကာလပေါက်ဈေးနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေး
ကွာခြားနေသော်လည်း အခွန်ဆောင်ရာတွင် ပေါက်ဈေး
အတိုင်း ပေးဆောင်ရမည်ဖြစ်၍ ဝယ်သူများက အခွန်မဆောင်
ကြခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“မဖြစ်အနေ အမည်ပေါက် လုပ်ချင်တဲ့သူကတော့
အခွန်ဆောင်တယ်။ ရှောင်တဲ့လူက ပါဝါလွှဲတယ်။
အရပ်ကတိတွေချုပ်တယ်။ လက်ရောက်ယူတယ်။
ဒီလိုနည်းတွေနဲ့ ရှောင်ကြတယ်။
အဲဒီလို ရှောင်တဲ့သူ ဘယ်လောက်ရှိလဲဆိုရင် လူတစ်ရာမှာ
၇၀ လောက်အထိ ရှိနေတယ်။
ကျွန်တော်တို့ အကျိုးဆောင်အဖွဲ့တွေအနေနဲ့ ဝယ်တဲ့သူတွေ
ကို အခွန်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။
အမည်ပေါက်မပြောင်းဘဲ ကိုယ်စားလှယ်လွှဲစာနဲ့ဆိုရင်
အခွန်ရှောင်တာထက်ဆိုးတဲ့ ပြဿနာတွေ ဖြစ်လာနိုင်
ပါတယ်” ဟု ဦးနေလင်းအောင်က
ထပ်လောင်းပြောကြားသည်။
*****
၂။ "အများပြည်သူပိုင်မြေတွေကို ပုဂ္ဂလိကတွေဆီကနေ
ပြန်လည် သိမ်းယူမည်"
မန္တလေးတိုင်းဒေသကြီးအတွင်း ဥပဒေနဲ့မညီဘဲ ရယူထားတဲ့
အများပြည်သူပိုင်မြေတွေကို ပြန်လည်သိမ်းဆည်းပြီး မူလ
သတ်မှတ်ထားတဲ့ အများနဲ့ သက်ဆိုင်တဲ့နေရာတွေ ပြန်လည်
ဖော်ထုတ်သွားဖို့ စီစဉ်နေတယ်လို့ တိုင်း လွှတ်တော်
ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။
ကျောင်း၊ ဆေးခန်း၊ ကစားကွင်းစတဲ့ မူလက သတ်မှတ်ထား
တဲ့အတိုင်း ပြန်လည်ဖော်ဆောင်သွားဖို့ မန္တလေးတိုင်း
ဝန်ကြီးချုပ်က အတည်ပြုလိုက်ပြီလို့ ချမ်းမြသာစည်မြို့နယ်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး
က ပြောပါတယ်။
"နဂိုထဲက ကျောင်းလို့ သတ်မှတ်ထားတဲ့နေရာတွေပါတယ်၊
ဆေးခန်းလို့ သတ်မှတ်ထားတာတွေပါတယ်၊
အဲ့ဒါတွေကို လူပုဂ္ဂိုလ်တွေကို ချပေးလိုက်တာဆိုတော့
အဲဒါတွေကို ပြန်လည်သိမ်းဆည်းမှာပါ၊
ဥပဒေနဲ့ မညီတာတွေ အကုန်ပြန်သိမ်းမယ်၊
ဝန်ကြီးချုပ်ကိုယ်တိုင်က ပြည်သူကိုသိအောင်လို့
လွှတ်တော်မှာ သူကိုယ်တိုင်ပြောမယ်"
၂၀၁၆ ခုနှစ်က ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်
အထူးအစည်းအဝေးမှာ အစိုးရအကူးအပြောင်း ကာလအတွင်း
အများပြည်သူပိုင်မြေနေရာတွေ ဥပဒေနဲ့မညီဘဲ လွှဲပြောင်း
ပေးခဲ့တာတွေကို စိစစ်ပေးဖို့အဆို တင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအဆို အောင်မြင်သွားတဲ့အပေါ် တိုင်းဒေသကြီး အစိုးရ
အဖွဲ့က လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ စုံစမ်းစစ်ဆေးရေး
အဖွဲ့ ဖွဲ့စည်းပြီး စိစစ်စေခဲ့ပြီးနောက် အစိုးရ အဖွဲ့ဝင်တွေက
စစ်ဆေးပြီး ဝန်ကြီးချုပ်က အတည်ပြုပေးလိုက်တာ
ဖြစ်ပါတယ်။
ပြန်လည်သိမ်းယူမယ့် မြေနေရာတွေကို လက်ရှိကျင်းပနေတဲ့
မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ်
ကိုယ်တိုင် ကြေညာမှာဖြစ်တယ်လို့ ပြောပါတယ်။
ပြန်လည်စိစစ်ပေးဖို့ တင်ပြထားတဲ့ မန္တလေးတိုင်းအတွင်း
မြေနေရာ ရာဂဏန်းလောက်ရှိပြီး အကုန်လုံးနီးပါး ကို
ပြန်လည် စီစစ်ရယူသွားမှာဖြစ်ကာ ငွေသွင်းရယူထားသူတွေ
ကို ငွေပြန်လည်ထုတ်ပေးသွားမှာဖြစ်ပါတယ်။
*****
၃။ "ရန်ကုန်တွင် သဘာဝရေကန်များကို မြေဖို့၍
အဆောက်အအုံဆောက်ခြင်း ခွင့်မပြုရန်အဆို မှတ်တမ်းဖြစ်"
(ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေပါက
မြေအောက်မြို့တော်မဖြစ်ဘဲ ရေအောက်မြို့တော်
ဖြစ်သွားမည်ဟု ဒီချုပ် အမတ်ပြော)
ရန်ကုန်တိုင်းအတွင်း သဘာဝအတိုင်းဖြစ်ပေါ်နေသော
ရေကန်များကို မြေဖို့၍ အဆောက်အအုံများ ဆောက်လုပ်ခြင်း
ကို လုံးဝခွင့်မပြုရန်နှင့် တိမ်ကောနေသော ရေကန်များ
ပြန်လည်ဖော်ထုတ်ပေးရန် အဆိုကို မှတ်တမ်းတင် လေ့လာ
စောင့်ကြည့်သွားမည်ဟု ရန်ကုန်တိုင်းလွှတ်တော် က
အတည်ပြုခဲ့သည်။
မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးရန်ရှင်းက နိုဝင်ဘာ ၁၄ ရက် တွင် အဆိုတင်သွင်းပြီး
ဒီဇင်ဘာ ၄ ရက်မှသာ လွှတ်တော်က ဆွေးနွေးပြီးနောက်
ဆုံးဖြတ်ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး က
‘‘သဘာဝအလျောက်ရှိခဲ့တဲ့ ရေကန်တွေကို မြေဖို့ပြီး
အဆောက်အအုံ ဆောက်လုပ်ခြင်းကို လုံးဝ ခွင့်မပြုခဲ့ပါဘူး။
ဒီရေကန်တွေ သဘာဝအလျောက် တိမ်ကော လာရင်လည်း
တာဝန်ရှိသူတွေနဲ့ ပြန်လည်ဖော်ထုတ်ပေးနေပါတယ်။
ဒီအဆိုကို မှတ်တမ်းအဖြစ် ထားရှိပေးဖို့ တိုက်တွန်းပါ တယ်’’
ဟု ယင်းအဆိုနှင့် ပတ်သက်၍ ပြောကြားသည်။
ရန်ကုန်တိုင်းတွင် သတ်မှတ်ထားပြီးဖြစ်သည့် သဘာဝ
ရေကန်၊ ရေစုကန်၊ ရေစစ်ကန်များသည် YCDC ၏
မြို့ကွက်ပြမြေပုံ၌ တရားဝင်သတ်မှတ်ထားပြီးဖြစ်၍ ယခု
ဒီချုပ်အစိုးရလက်ထက်တွင် တရားဝင် သတ်မှတ်
အဆောက် အအုံဆောက်လုပ်ခွင့် မပြုကြောင်း
၎င်းက ပြောသည်။
‘‘ဒီအဆိုက မလိုအပ်ပေမယ့် သတိကြီးကြီးထားပြီး ကိုင်တွယ်
ရမယ့် သဘောပါနေပါတယ်’’ ဟု ၀န်ကြီးကဆိုသည်။
ဝန်ကြီး ပြောကြားချက်အပေါ် အဆိုရှင်ဦးရန်ရှင်းက အဆို ကို
လွှတ်တော်တွင် မှတ်တမ်းတင်လေ့လာစောင့်ကြည့်သည့်
အဆင့်ဖြစ်စေချင်ကြောင်း ၎င်း၏ သဘောထားကို ထပ်မံ
ပြောကြား ရာ လွှတ်တော်ဥက္ကဋ္ဌက မှတ်တမ်းတင်လေ့လာ
စောင့်ကြည့်ရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။
‘‘ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေရင်
မြို့တော်ဝန်ကြီးပြောကြားထားတဲ့ မြေအောက် မြို့တော်
ဆိုတာကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။
မြေအောက်မြို့တော်ဟာ ရေကြီးရေလျှံ၊ ရေတွေဝင်ပြီး
ရေအောက်မြို့တော်ကြီး ဖြစ်သွားပါလိမ့်မယ်’’ဟု
၎င်းက ဆိုသည်။
ယခင်က ရှိခဲ့သည့် ရေစုကန်၊ ရေစစ်ကန်များကို ဆက်လက်
ထိန်းသိမ်းနိုင်ရေးနှင့် စီမံကိန်း အဆောက်အအုံများ၊
အကောင်အထည်ဖော်ခြင်း မရှိသေးသည့် ရေကန်များကို
ပြန်လည် ဖော်ထုတ်ရေး အလွန်အရေးကြီးခြင်းကြောင့်
ယင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းဖြစ်ကြောင်း
ဦးရန်ရှင်းက ဆိုသည်။
စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် သဘာဝအတိုင်း
ရှိသော ရေကန်များပျောက်ကွယ် လာရခြင်းသည် အများပိုင်
မီးသတ်ကန်၊ ရေစုကန်၊ ရေစစ်ကန်များ ကို ထိန်းသိမ်းမှု
အားနည်းခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ အပါအ၀င်
ကျူးကျော်ဝင်ရောက်မှုများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက
စီမံကိန်းလုပ်ရန် ၀ယ်ယူ မြေဖို့ခြင်းတို့ ပါဝင်ကြောင်း
ဦးရန်ရှင်းက ဆိုသည်။
သဘာဝရေကန်များ၊ မီး သတ်ရေကန်များကို လုပ်ငန်းရှင်
များက မြေဂရန်လျှောက်ထားရယူကာ မြေဖို့၍
အဆောက်အအုံ များ ဆောက်လုပ်ခြင်း၊ စီမံကိန်း များ
ဆောင်ရွက်နေခြင်းကို တွေ့ရှိရပြီး တစ်ဖက်၌ ဆိုးကျိုးရလဒ်
များအရ ပတ်ဝန်းကျင်ရေကြီး ရေလျှံမှုသည် ယခင်ကထက်
ပိုမိုဖြစ်ပေါ်နေခြင်းနှင့် မြေအောက်ရေအရည်အသွေး
ကျဆင်းလာကြောင်း ယင်းအဆိုကို လွှတ်တော်
ကိုယ်စားလှယ်ခြောက်ဦးက ကနဦးထောက်ခံ
ဆွေးနွေးထားသည်။
လက်ရှိ ကျင်းပနေသော ရန်ကုန်တိုင်းလွှတ်တော် ပဉ္စမပုံမှန်
အစည်းအဝေးတွင် လုပ်ငန်း မလုပ်ကိုင်သည့် နိုင်ငံပိုင်မြေနှင့်
အဆောက်အအုံများကို နိုင်ငံ တော်က ပြန်သိမ်းရန်အဆိုနှင့်
ယခု သဘာဝရေကန်များ ပြန်လည်ဖော်ထုတ်ပေးရန်
အဆိုနှစ်ခုသည် မှတ်တမ်းတင် လေ့လာစောင့်ကြည့်သည့်
အဆင့်သာ ဖြစ်သည်။
(သက်အောင်၊ ခင်ရူပါမော်)
credit - The Voice / RFA Burmese &
7day Daily
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment