Sunday, December 17, 2017

“တည်ဆောက်ရန်ရှိသည့် အထူးစီးပွားရေးဇုန်နှင့် သူ့အမြင်”

“တည်ဆောက်ရန်ရှိသည့် အထူးစီးပွားရေးဇုန်နှင့် သူ့အမြင်” 

၁။ "ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဆောင်မည့်
ဒုတိယအထူးစီးပွားရေးဇုန်စီမံကိန်းကို အထူးစီးပွားရေးဇုန်
ဆိုင်ရာ ဗဟိုအဖွဲ့က လက်ခံဟုဆို"

ဝန်ကြီးချုပ်ဦးဆောင်၍ ဖော်ဆောင်မည့် ရန်ကုန်တိုင်း
ဒေသကြီး၏ ဒုတိယ အထူးစီးပွားရေး ဇုန် စီမံကိန်းကို
အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က သဘောတူလက်ခံ
ထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး
ဌာန အထူးစီးပွားရေးဇုန်များ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်
ဦးအောင်စိုးက ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၅ ရက်
တွင် ရန်ကုန် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍
အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့သို့ ပထမဆုံးတင်ပြ
ခဲ့သည်။ ထိုတင်ပြချက်တွင် ယင်းအထူးစီးပွားရေးဇုန်
တည်ထောင်ပါက ရရှိမည့် အကျိုးကျေးဇူးများနှင့် လုပ်ငန်း
အစီအမံများ ပါဝင်သည်။

‘‘၀န်ကြီးချုပ်က အနာဂတ် ဖြစ်ချင်တဲ့
စိတ်ကူးအကောင်အထည်ကို တင်ပြတာ၊ စီမံကိန်းဖြစ်နိုင်ခြေ
ရှိ၊ မရှိအသေးစိတ်ကို လေ့လာရဦးမယ်။
ဒုသမ္မတကတော့ လက်ခံထားပါတယ်’’ဟု
ဦးအောင်စိုး က ပြောသည်။

အဆိုပါစီမံကိန်းကို စီးပွားရေး တွက်ခြေကိုက်၊ မကိုက်နှင့်
လုပ်ငန်းဖြစ်နိုင်ခြေရှိ၊ မရှိလေ့လာဆန်းစစ်ရမည် ဖြစ်ပြီး
အထူးစီးပွားရေးဇုန်များ၏ တာဝန်ခံ ၀န်ကြီးဌာနဖြစ်သည့်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း
အဆိုပါစီမံကိန်းကို ကြိုဆိုထားသည်ဟု ဦးအောင်စိုးက
ပြောသည်။

အထူးစီးပွားရေးဇုန်သည် လက်ရှိ လည်ပတ်နေသည့်
သီလ၀ါအထူးစီးပွားရေးဇုန်နှင့် အပြိုင်ဖြစ်လာနိုင်ကြောင်း
၎င်းက ဆက်လက်ပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက်ပြီးပါက ယခုအကောင်အထည်ဖော်မည့် စီမံကိန်း
တွင်လည်း ထပ်မံဝင်ရောက်ရန် အလားအလာရှိလာနိုင်
ကြောင်း ဦးအောင်စိုးက ဆိုသည်။

ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်တွင် ရေနက်ဆိပ်ကမ်းနှင့်
လေယာဉ်ကွင်းတည်ဆောက်ရန် ပြောကြားမှု ရှိသော်လည်း
အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် တိုင်ပင်ထားခြင်း
မရှိသေးကြောင်း ကွမ်းခြံကုန်းမြို့နယ် တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း က
ပြောကြားသည်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များကို ကြီးကြပ်ရန်
အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ကို ဒုသမ္မတ
ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတက
၂၀၁၆ သြဂုတ်တွင် စတင်ဖွဲ့စည်းပေးခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးဝန်ကြီးက ဒုဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်ကာ အခြားပြည်ထောင်စုအဆင့်ဝန်ကြီး ၁၀ ဦး၊
ပြည်ထောင်စုရှေ့နေချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊
ပြည်နယ်ဝန်ကြီးချုပ်များဖြင့် ဖွဲ့စည်းခဲ့သည်။

ဗဟိုအဖွဲ့ကို အထောက်အကူပြုမည့် ဗဟိုလုပ်ငန်းအဖွဲ့ကို
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအား ဥက္ကဋ္ဌ
အဖြစ် တာဝန်ပေးထားပြီး ဒုဝန်ကြီး သုံးဦး၊ ဒုရှေ့နေချုပ်၊
အမြဲတမ်းအတွင်းဝန် ခုနစ်ဦးနှင့် ညွှန်ကြားရေးမှူး ချုပ်
သုံးဦးတို့အဖွဲ့ဝင် အဖြစ် ပါဝင်သည်။

အဆိုပါဗဟိုအဖွဲ့သည် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေ
အရ အထူးစီးပွားရေးဇုန်များအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊
စီမံခန့်ခွဲ ရေးနှင့် စည်ပင်သာယာရေးတို့ကို
အကောင်အထည်ဖော်ရမည် ဖြစ်သည်။

အထူးစီးပွားရေးဇုန် တည်ထောင်ရန် အဆိုပြုချက်၊ နေရာ၊
နယ်မြေဧရိယာအကျယ်အ၀န်း နှင့် နယ်နိမိတ်ပိုင်းခြား
သတ်မှတ်ချက်တို့ စုစည်းရယူပြီး ဗဟိုအစိုးရထံ တင်ပြကာ
ခွင့်ပြုရမည့် အဖွဲ့ဖြစ်သည်။

(ထွန်းထွန်းမင်း)

*****

၂။ "ပျက်တာတွေကို အရင်ပြင်ပေးပါ"

မြန်မာ့စီးပွားရေးအတွက် အဓိက အခရာကျသည့် မြို့
ဖြစ်သော ရန်ကုန်တွင် အထူး စီးပွားရေးဇုန်သစ်တစ်ခု ထပ်မံ
တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
စီစဉ်လျက်ရှိသည်ဟု သိရပါသည်။

သီလဝါ အထူး စီးပွားရေးဇုန် အပါအဝင် အခြား စက်မှုဇုန်
များလည်း ရှိထားသည့် ရန်ကုန်၌ နောက်ထပ် စက်မှုဇုန်
တစ်ခု တည်ဆောက်မည် ဟူသောကိစ္စမှာ အံ့ဩစရာ
ကောင်းနေပေသည်။

မည်သည့်နေရာတွင် မည်သည့်ပုံစံ အမျိုးအစားဖြင့်
တည်ဆောက်မည်ကို အတိအကျ မသိရသေးသော်လည်း
ဖွံ့ဖြိုးမှု နည်းပါးနေသေးသည့် ပြည်နယ်ဒေသများတွင်
အကောင်အထည် ဖော်ပေးရမည့်အစား ရန်ကုန်တိုင်းလို
နေရာမျိုးတွင် အဘယ့်ကြောင့် အထူး စီးပွားရေးဇုန်
ထပ်ဆောက်ရန် စဉ်းစားရသနည်း ဟူသည်မှာလည်း
မေးစရာပင် ကောင်းပါသည်။

မည်သို့ပင်ဖြစ်စေ မကြာသေးခင်က လျှပ်စစ်မီး
မလောက်ငသောကြောင့် ရန်ကုန်တိုင်းဒေသကြီး
လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံများပင် လုပ်ငန်း
လည်ပတ်မှု ယာယီ ရပ်ဆိုင်းသွားခြင်း၊
ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ စက်မှုဇုန်များကို အစိုးရက
တိုက်ရိုက် စီမံကြီးကြပ်ရန် ပြင်ဆင်လာခြင်း စသည်တို့ကို
ကြည့်မည်ဆိုလျှင် စက်မှုဇုန်များ လည်ပတ်နေမှု၌
အခက်အခဲများစွာ ရှိနေသည်ဟူသော အချက်မှာ ပေါ်လွင်
နေပေသည်။

အစိုးရက စက်မှုဇုန်များသည် မြေအောက်ရေကို စနစ်တကျ
အသုံးမပြုခြင်း၊ ရေဆိုးစွန့်ထုတ်သည့်စနစ် မပါဝင်ခြင်း
တို့ကြောင့် ဖြစ်သည်ဟု ဆိုသော်လည်း အမှန်တွင်
ယခင်ခေတ် အဆက်ဆက်က စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း
မရှိခဲ့မှု အကျိုးဆက်ပင် ဖြစ်ပေသည်။

ပို၍ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောရမည်ဆိုပါက
ယခင် အစိုးရများ လက်ထက်ကလည်း စီးပွားရေး လုပ်ငန်း
များနှင့် စက်မှုဇုန်ကြီးများ လည်ပတ်နိုင်ရေး အတွက်
အခြေခံလိုအပ်ချက်ဖြစ်သော ရေနှင့်မီးစနစ်များ ကောင်းမွန်
အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသလို ယနေ့အချိန်ထိလည်း
ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

သို့အတွက်ကြောင့်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်း
နောက်ထပ် အထူးစီးပွားရေးဇုန် ထပ်မံ တည်ဆောက်မည်
ဟူသော ကိစ္စအပေါ် စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်
အများစုက ဝေဖန်ကြခြင်း ဖြစ်ပေသည်။

အမှန်တွင် ယခင်ခေတ်ကာလက အကောင်အထည် ဖော်ခဲ့
သော်လည်း အားနည်းချက်များကြောင့် အခက်အခဲများနှင့်
ရင်ဆိုင်နေရသည့် စီးပွားရေးဇုန်များ တကယ် လိုအပ်နေသော
အခြေခံ အဆောက်အဦကောင်းများ ရရှိအောင် ပထမ
ဦးစားပေး လုပ်ဆောင်ပြီးပါမှ အခြားကိစ္စများကို စဉ်းစား
သင့်ပေသည်။

* လျှပ်စစ်မီးပင် မှန်မှန် မပေးနိုင်ဘဲ
မြေအောက်မြို့တော်စီမံကိန်းတို့၊ မြေအောက်ရထားတို့၊
မိုးပျံရထားတို့ကို စိတ်ကူးနေခြင်းသည် နွေခေါင်ခေါင်
နှင်းရည်စက်ကို မျှော်မှန်းနေသကဲ့သို့ပင် ရှိပေမည်။ *

နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ မြန်မာတို့ လွန်စွာ
အားကျကြသော ဂျပန်နိုင်ငံသည် လျှပ်စစ်မီးကို အစွမ်းကုန်
သုံးစွဲနိုင်ခွင့် ရခဲ့သောကြောင့် ယခုလို အခြေအနေမျိုး
ရောက်ခဲ့သည်မှာ ထင်ရှားသည့်သာဓက ဖြစ်ပေသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ
ထင်သလောက် မလာကြသည့် အဓိက အကြောင်းရင်းမှာ
လည်း အဆိုပါ ရေနှင့်မီးစနစ်ဟူသည့် အခြေခံ
အဆောက်အဦ ကိစ္စကြောင့်ပင် ဖြစ်ပေသည်။

မြန်မာ့စီးပွားရေး တိုးတက်အောင် အကူအညီပေးလျက်
ရှိသည့်နိုင်ငံများတွင် ထိပ်ဆုံးက ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်ရန် အမှန်တကယ် စိတ်ဝင်စားသည့် ဂျပန်နိုင်ငံရှိ
ဂျပန်ကုန်သည်ကြီးများ အသင်း၌ အဖွဲ့ဝင်လုပ်ငန်းကြီး
၁၂၀ ရှိရာ အဘယ့်ကြောင့် မြန်မာ၌ လက်တွေ့ကျကျ
ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းစုစုပေါင်း ၁၀ ခုကျော်သည်အထိ
မရှိသေးသနည်းဟု မေးလျှင် ယင်းအခြေခံ အဆောက်အဦ
ပြဿနာကိုသာ လက်ညှိုးထိုးရမည် ဖြစ်ပေသည်။

ဆိုရလျှင် အစိုးရတို့ဟူသည် မိမိတာဝန်ယူစဉ် လက်ထက်
အတွင်း စီမံကိန်း အသစ်အဆန်းများ၊ မူဝါဒအသစ်များ
ချမှတ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်ခဲ့
ပါသည် ဟူသောဂုဏ်ပုဒ်ကို ရယူလိုကြသည်ချည်းသာပင်
ဖြစ်သော်လည်း အဂတိ လိုက်စားမှု၊ စည်းကမ်းမဲ့မှု၊
ခိုင်မာသည့်စနစ် မရှိမှု စသည်တို့ အပါအဝင် ပြဿနာပေါင်း
သောင်းခြောက်ထောင်မကဖြင့် ကြုံတွေ့ခဲ့ရသော
မြန်မာနိုင်ငံအတွက်မူ ပျက်ယွင်းနေသည့် အရာများနှင့်
လိုအပ်နေသည့်အရာများ ပြုပြင် ဖြည့်ဆည်းသည့်ကိစ္စကို
ပထမဦးစားပေး လုပ်ဆောင်ရန်သာ အရေးကြီးကြောင်း
ဖော်ပြလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (The Voice)

credit - 7day Daily & The Voice

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment