Sunday, December 10, 2017

“ရန်ကုန်မြို့သစ်စီမံကိန်းများနှင့် ဆက်စပ်သတင်းများ”

“ရန်ကုန်မြို့သစ်စီမံကိန်းများနှင့် ဆက်စပ်သတင်းများ”

၁။ "အဆိုပြုထားသော ရန်ကုန်မြို့သစ်စီမံကိန်းများတွင်
မြေဧက ၅၀၀၀၀ ခန့်၌ ဒေါ်လာ ၁၅ ဒသမ ၈၅၇ ဘီလျံ
ရင်းနှီးမြှုပ်နှံရမည့် တွံတေးနှင့် ဒလမြို့သစ် စီမံကိန်းပါဝင်ပြီး
ဒလဘက်ခြမ်း သီလ၀ါတစ်ဖက်ကမ်းနှင့် ကွမ်းခြံကုန်း
ဆက်စပ် ဧရိယာတွင် လေဆိပ်သစ်၊ ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန် တည်ထောင်ရန် စီစဉ်နေ"

အဆိုပြုထားသော ရန်ကုန်မြို့သစ် စီမံကိန်းများတွင် မြေဧက
၅၀၀၀၀ ခန့်၌ ဒေါ်လာ ၁၅ ဒသမ ၈၅၇ ဘီလျံ ရင်းနှီးမြှုပ်နှံ
ရမည့် တွံတေးနှင့် ဒလမြို့သစ်စီမံကိန်း ပါဝင်ပြီး
ဒလဘက်ခြမ်း သီလ၀ါ တစ်ဖက်ကမ်းနှင့် ကွမ်းခြံကုန်း
ဆက်စပ်ဧရိယာတွင် လေဆိပ်သစ်၊ ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန် တည်ထောင်ရန် စီစဉ်နေကြောင်း
မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်း
အစီအစဉ်အရ သိရသည်။

အဆိုပါ မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းကို
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်
မှုဖြင့် Yangon City Development Committee နှင့်
ဂျပန်နိုင်ငံ JICA (Japan International Coorperation
Agency) ကိုရီးယားနိုင်ငံ KOICA (Korea International
Coorperation Agency) တို့နှင့် ပူးပေါင်းဆောင်ရွက်မှု
အပြင် ပြင်သစ်နိုင်ငံ AFD (Agency for French
Develioment) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး
အင်္ဂလန်နိုင်ငံ DFID (Department for International
Development) မှလည်း စက်မှုဇုန်များ ဖွံ့ဖြိုးရေးအတွက်
လေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းဧရိယာသည် ရန်ကုန်တိုင်းဒေသကြီး
မဟာရန်ကုန် (၁၅၀၀ စတုရန်းကီလိုမီတာ) အပါအ၀င်
ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး
(၁၀၁၇၀ စတုရန်းကီလိုမီတာ)ဖြစ်ပြီး စီမံကိန်းရည်မှန်းနှစ်
ကို ၂၀၄၀ ပြည့်နှစ်အထိ ရည်မှန်းချက်များ၊ စီမံကိန်းများ
ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရန်ကုန်-ဟံသာဝတီ-ပဲခူးစင်္ကြံတစ်လျှောက်နှင့် ရန်ကုန်
အနောက်တောင်ဒေသ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းတွင်
ရှေ့ပြေး စီမံရွေးချယ်မှုအဖြစ်
- တွံတေး-ဒလ မြို့သစ် စီမံကိန်း (၂၀၂၀-၂၀၂၅)၊
- ဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်းဒေသဖွံ့ဖြိုးမှု စီမံကိန်းများ
အဖြစ် ပင်လယ်ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းအမျိုးမျိုး
(၂၀၂၀-၂၀၂၅)၊
- ဒလဆိပ်ကမ်းသစ် (၂၀၂၀ -၂၀၂၅)၊
- ကုန်းတွင်းပိုင်း စက်မှုလုပ်ငန်း အမျိုးမျိုး (၂၀၂၁-၂၀၃၀)၊
- ရန်ကုန်အပြင်ပတ်လမ်း (၂၀၂၀-၂၀၄၀)၊
- အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု (၂၀၂၀-၂၀၄၀)နှင့်
- ရန်ကုန်တောင်ပိုင်း အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှု စီမံကိန်း
(၂၀၂၀-၂၀၄၀) ဟူ၍ ရေးဆွဲထားသည်။

ထို့အတူ ဖွံ့ဖြိုးမှု စီမံကိန်းများအဖြစ်
- အပိုင်း (၁-၂) တွံတေး-ဒလမြို့သစ်စီမံကိန်း (—–၂၀၂၅)၊
- အပိုင်း(၃) ဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်း စီမံကိန်း
(၂၀၂၆-၂၀၃၀)၊
- အပိုင်း (၄-၅) အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှုစီမံကိန်း
(၂၀၃၁- ၂၀၄၀) တို့ကို ရေးဆွဲထားသည်။

အဆိုပါ စီမံကိန်းများအနက် ပထမဦးစားပေး လုပ်ငန်း
စီမံကိန်းများအဖြစ် တွံတေးတူးမြောင်းနှင့် ပန်းလှိုင်
မြစ်ကြောင်းကြား ကြည့်မြင်တိုင်တစ်ဖက်ကမ်း
(ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကြည့်မြင်တိုင်မြို့နယ်) တွင်
မြို့သစ်စီမံကိန်းဆောင်ရွက်ရန် ကိုရီးယားနိုင်ငံ
KOICA က အဆိုပြု တင်ပြထားခြင်းဖြစ်သည်။

ဒလဘက်ခြမ်း သီလ၀ါတစ်ဖက်ကမ်းနှင့် ကွမ်းခြံကုန်း
ဆက်စပ်ဧရိယာတွင် ရန်ကုန်လေဆိပ်သစ်၊
ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်တည်ထောင်ရန် စီစဉ်
နေခြင်းဖြစ်ပြီး အမည်ကို ရန်ကုန်မြို့သစ်ဟု အမည်ပေးရန်နှင့်
ပြည်သူနေချင်စဖွယ် မြို့သစ်ဖြစ်စေရန် ဆောင်ရွက်သွားမည်
ဟု ဖော်ပြထားသည်။

အဆိုပြုတင်ပြထားသည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများအလိုက်
နေရာအကျယ်အ၀န်းနှင့် ခန့်မှန်းတန်ဖိုး (ဒေါ်လာ) တို့မှာ
- ဒဂုံအရှေ့မြို့သစ် စီမံကိန်း
(၁၃၂၈၆ ဧက၊ ဒေါ်လာ ၄၃၅၅ သန်း)၊
- တွံတေးနှင့် ဒလမြို့သစ်စီမံကိန်း
(၄၉၇၉၉ ဧက၊ ဒေါ်လာ ၁၅၈၅၇ သန်း)၊
- သန်လျင်မြို့သစ်စီမံကိန်း
(၁၉၉၄၂ ဧက၊ ဒေါ်လာ ၆၅၃၇ သန်း)၊
- ထန်းတပင်မြို့သစ် စီမံကိန်း
(၂၆၉၂၄ ဧက ဒေါ်လာ ၈၈၃၁ သန်း)၊
- မှော်ဘီမြို့သစ်စီမံကိန်း
(၆၅၈၉ ဧက၊ ဒေါ်လာ ၂၁၆၀ သန်း)၊
- လှည်းကူးမြို့သစ်စီမံကိန်း
(၆၈၀၁ ဧက၊ ဒေါ်လာ ၂၂၂၉ သန်း)၊
- ဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်း ဖွံ့ဖြိုးရေးစီမံကိန်း
(၁၁၁၃၇ ဧက၊ ဒေါ်လာ ၄၆၂၁ သန်း) စသည်တို့ပါဝင်ကြောင်း
သိရသည်။

(စည်သူအောင်)

*****

၂။ "ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းအတွက် မြေယာ
လျော်ကြေးအဖြစ်တစ်ဧကလျှင် မြို့မြေသတ်မှတ်ပြီးသည့်
မြေ ၂ဝရာခိုင်နှုန်းသာ ပေးမည်"

ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းအတွက် သိမ်းယူမည့်
လယ်ယာမြေများကို မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင်
မြို့မြေသတ်မှတ်ပြီးသည့် မြေ ၂ဝရာခိုင်နှုန်းသာ ပေးမည်
ဖြစ်ပြီး အခြားသီးနှံလျော်ကြေး၊အဆောက်အအုံလျော်ကြေး
စသည်တို့ အပါအဝင် မည်သည့်လျော်ကြေးကိုမျှပေးမည်
မဟုတ်ကြောင်း တွံတေးမြို့နယ် တမာတကော
ဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် မြို့သစ်စီမံကိန်းအတွက်
ဒေသခံများနှင့် ဌာနဆိုင်ရာလူကြီးများတွေ့ဆုံပွဲမှ သိရသည်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်း တွံတေးမြို့နယ်နှင့် ဆိပ်ကြီး
ခနောင်တိုမြို့နယ်တို့ရှိ လယ်မြေဧက သုံးသောင်းခန့်တွင်
စီမံကိန်းအား ပြုလုပ်မည်ဖြစ်ပြီး ယင်းလယ်မြေများတွင်
အချို့မှာစပါးများစိုက်ပျိုးထားခြင်း၊နေအိမ်များဆောက်ထားခြင်း၊
ငါးကန်များတူးထားခြင်းစသည်တို့ ပြုလုပ်ထားခြင်းများလည်း
ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် လယ်မြေလျော်ကြေး
အား မြို့မြေ၂ဝရာခိုင်နှုန်းသာပြန်ပေးမည်ဖြစ်ပြီး တခြားသီးနှံ
လျော်ကြေး၊အဆောက်အအုံလျော်ကြေးဘာမျှ မပေးကြောင်း
သိရသည်။

ထို့ကြောင့် ဒီလျော်ကြေးအပေါ်သဘောတူညီမှု ရှိ မရှိမှာ
ဒေသခံများအနေနှင့် လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြောင်း
သိရသည်။

အဆိုပါ သဘောထားမှတ်ချက်များကို ယခုတစ်ပတ်အတွင်း
ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ယခုတစ်ပတ်အတွင်း
ကောက်ယူသွားမည်ဖြစ်ပြီး မြေယာလျော်ကြေးနှင့်
ပတ်သက်၍ သဘောတူညီသူဦးရေများမှသာ စီမံကိန်း
အမြန်ဆုံးအကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း
သိရသည်။

လယ်တစ်ဧကအား မြို့မြေ၂ဝရာခိုင်နှုန်းပြန်လည်ပေးမည်
ဖြစ်သည့်အတွက် ပေ၄ဝ×ပေ၆ဝနှင့်တွက်ကြည့်လျှင်
သုံးကွက်လောက်ရမည် ဖြစ်သည်။

ထိုမြေမှာ လက်ရှိတွင် လယ်တစ်ဧကပေါက်ဈေးမှာ
ကျပ်သိန်း၁၅ဝသာရှိကြောင်း၊သို့သော် စီမံကိန်းကိုသာ
အမြန်ဆုံးအကောင်အထည်ဖော်စေချင်ကြောင်းကို
ခလောက်ချိုက်ကျေးရွာမှ လယ်ကိုးဧကပိုင်ဆိုင်သူတစ်ဦးမှ
ပြောကြားကြောင်း သိရသည်။

*****

၃။ "မြို့သစ်စီမံကိန်းလုပ်မည့် တွံတေးမြေဈေး
နှစ်ဆခန့်တက်"

တိုင်းအစိုးရက လာမည့်နှစ်တွင် စတင်မည်ဟုဆိုသော
ရန်ကုန် အနောက်တောင် မြို့သစ်စီမံကိန်းပြုလုပ်မည့်
တွံတေး မြို့နယ် မြေဈေးသည် နှစ်ဆတက်ပြီး အဝယ်လိုက်
လာကြောင်း အဆိုပါမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်
များထံမှ သိရသည်။

အဆိုပါစီမံကိန်း ဆောင်ရွက်ရာတွင် သိမ်းယူမည့် မြေများ
အတွက် မြေယာ လျော်ကြေးအဖြစ် မြို့မြေ ၂၀ ရာခိုင်နှုန်း
ပေးမည်ဆိုသော သတင်းများကြောင့် ယခုကဲ့သို့ မြင့်တက်
လာခြင်းဖြစ်ကြောင်း အကျိုးဆောင်များထံမှ ဆက်လက်
သိရသည်။

ရန်ကုန်မြိုသစ် စီမံကိန်းကို လက်ရှိ အစိုးရအနေနှင့်
ယခုနှစ်ကုန်တွင် ဆောင်ရွက်မည်ဖြစ်သောကြောင့် တွံတေး
မြို့နယ်ရှိ မြေကွက်များကို စီးပွားရေး လုပ်ငန်းရှင်များ က
ဝယ်ယူစုံစမ်းမှုများ ရှိလာကြောင်း တွံတေးမြို့နယ်
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။

“အရင်က မြို့သစ်စီမံကိန်းလုပ်ဖို့ မသေချာတော့ ရွာထဲက
ပေ ၄၀၊ ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်းတစ်ရာလောက်
ပဲရှိတယ်။
အခုလက်ရှိ တစ်ကွက်ကို သိန်း ၃၀ဝ လောက်အထိ
ဈေးမြင့်တက်လာတယ်။
လုပ်ငန်းရှင်တွေ အနေနဲ့ လမ်းမကြီးဘက်က မြေတွေကို
ဝယ်ယူလာကြတယ်”ဟု တွံတေးမြို့နယ် အိမ်၊ ခြံ၊ မြေ
အကျိုးဆောင် ကိုဝင်းသိန်းက ဆိုသည်။

တွံတေးမြို့နယ် ကျေးရွာအတွင်းရှိ ပေ ၄၀၊ ပေ ၆၀ မြေကွက်
တစ်ကွက်လျှင် ယခင်က ကျပ်သိန်း ၁၀ဝ ခန့် ပေါက်ဈေးရှိပြီး
ယခုလက်ရှိ ကျပ်သိန်း ၃၀ဝ ခန့် မြင့်တက်လာကြောင်း၊
တွံတေးလမ်းမကြီးဘေးရှိ ပေ ၄၀၊ ပေ ၆၀ မြေ တစ်ကွက်လျှင်
ယခင်က သိန်း ၃၀ဝ ခန့်ရှိရာမှ ယခုလက်ရှိ ကျပ်သိန်း ၅၀ဝ မှ
၆၀ဝ အထိ မြင့်တက်လာကြောင်း တွံ့တေးမြို့နယ်
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

ယခုလက်ရှိ မြေဧက အများစုကို လယ်သမားများနှင့် ပြင်ပမှ
သူဌေးများက ပိုင်ဆိုင်ထားပြီး ယင်းလယ်မြေများတွင် အချို့မှာ
စပါးများ စိုက်ပျိုးထားခြင်း၊ နေအိမ်များ ဆောက်ထားခြင်း၊
ငါးကန်များ တူးထားခြင်းစသည်တို့ ပြုလုပ်ထားကြောင်း
ဒေသခံပြည်သူများထံမှ သိရသည်။

အနောက်တောင် မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ်၊
ဆိပ်ကြီး ခနောင်တိုမြို့နယ်နှင့် တွံတေးမြိုနယ်တို့ရှိ လယ်မြေ
ဧက သုံးသောင်းခန့်တွင် ပြုလုပ်မည်ဖြစ်ကြောင်း
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ
သိရသည်။

credit - Eleven Media Group /
Pyi Myanmar & The Voice

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment