“မြို့တော် စည်ပင် သတင်းများ”
၁။ "စီးပွားရေးလုပ်ငန်းလိုင်စင် လျှောက်ထားရာတွင်
(စက်မှုဇုန်များ မပါ) အချက်အလက်ပြည့်စုံပါက တစ်ပတ်
အတွင်း လိုင်စင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ ထုတ်ပြန်"
စီးပွားရေးလုပ်ငန်းလိုင်စင် လျှောက်ထားရာတွင်
(စက်မှုဇုန်များမပါ) အချက်အလက်ပြည့်စုံပါက တစ်ပတ်
အတွင်း လိုင်စင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် လုပ်ငန်းလိုင်စင်လျှောက်ထားမှု
(စက်မှုဇုန်များမပါ) များအား အချက်အလက်ပြည့်စုံပြီး
လိုအပ်ချက်မရှိပါက လျှောက်ထားသည့်ရက်မှ တစ်ပတ်
အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်း
ပြန်ပေးမည်ဖြစ်ကာ စီးပွားရေးလုပ်ငန်း လိုင်စင်များ
လျှောက်ထားခြင်းကို အွန်လိုင်းမှသော်လည်းကောင်း၊
သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရုံးများမှလည်းကောင်း
လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အွန်လိုင်းမှ
လုပ်ငန်းလိုင်စင်လျှောက်ထားသည့် စီးပွားရေးလုပ်ငန်းရှင်
အနေဖြင့် လုပ်ငန်းရှင်သည်
- နိုင်ငံသားဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်၊
နိုင်ငံခြားသားဖြစ်ပါက ပတ်စ်ပို့မိတ္တူ၊
- လိုင်စင်ဓာတ်ပုံ သုံးပုံ၊
- လုပ်ငန်းတည်နေရာအား လုပ်ကိုင်ဆောင်ရွက်ခွင့်
အထောက်အထား၊
- လုပ်ငန်းတည်နေရာ ဓာတ်ပုံများ၊
- လုပ်ကိုင်မည့်လုပ်ငန်းကို ၀ဲ၊ ယာရှေ့နောက် ပတ်ဝန်းကျင်
၁၀ ဦး သဘောတူကန့်ကွက်မှုမရှိကြောင်း ထောက်ခံချက်များ၊
- မြို့နယ်အဆင့် အဖွဲ့အစည်းများဖြစ်သော မီးသတ်တပ်ဖွဲ့၊
လျှပ်စစ်၊ စည်ပင်၊ ကျန်းမာရေးအဖွဲ့တို့၏ ထောက်ခံချက်များ
ကို ပူးတွဲတင်ပြလျှောက်ထားကြရမည်ဖြစ်ကြောင်း၊
အဆိုပါလျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ
ပြည့်စုံပြီး လိုအပ်ချက်မရှိပါက လျှောက်ထားသည့်နေ့ရက်မှ
တစ်ပတ်အတွင်း လိုင်စင်ခွင့်ပြုကြောင်း ပြန်လည်အကြောင်း
ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းလိုင်စင်ကို အွန်လိုင်းမှ လျှောက်ထားလိုသူများ
အနေဖြင့် လုပ်ငန်းအမျိုးအစားနှင့် လုပ်ငန်းအမျိုးအစားနှင့်
သက်ဆိုင်သောဝန်ကြီးဌာန၏ ခွင့်ပြုမိန့်လိုအပ်ချက်များကို
ycdc.gov.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း၊
လုပ်ငန်းလိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားရာတွင်
အခြားအထောက်အထား စာရွက်စာတမ်းများ လိုအပ်ပါက
ထပ်မံတင်ပြရမည်ဖြစ်ကြောင်း၊
အွန်လိုင်းမှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုများနှင့်
ပတ်သက်၍ Online Application လက်ခံရရှိပါက
သက်ဆိုင်ရာခရိုင်၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး
မှ ကွင်းဆင်းစစ်ဆေးမည့်ရက်ကို အကြောင်းကြားမည်
ဖြစ်ကြောင်း၊
ထိုသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်
အထားများလိုအပ်ပါက တစ်ပြိုင်တည်း တောင်းခံမည်
ဖြစ်ကြောင်း၊
လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရရှိပြီး မြို့နယ်စည်ပင်သာယာ
အုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက
လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
(ဆန်းထူးအောင်)
*****
၂။ "ကားပါကင်နေရာဦးသူများကို ရန်ကုန်စည်ပင် တရားစွဲမည်"
ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းမြို့နယ်များရှိ စည်ပင်ပိုင်
မြေပေါ်တွင် ကားရပ်နားရန် ကျူးကျော် နေရာချထားသူများကို
တရားစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရှိရသည်။
မြို့တွင်းမြို့နယ်များရှိ ကွန်ဒို၊ တိုက်ခန်းများ၊ ကုမ္ပဏီများ၊
ဘဏ်များ၊ ရှော့ပင်း စင်တာများရှေ့တွင် တစ်ဦးတည်းပိုင်အဖြစ်
ကားရပ်နားရန် ပါကင်ဦးထားသည့် ဆိုင်းဘုတ်များ၊ တာယာများ၊
တွန်းလှည်းများ၊ ပန်းအိုးချထားခြင်း၊ ခုံများ ချထားခြင်းနှင့် ဝါးလုံး
များကို သိမ်းဆည်းလျက်ရှိပြီး ပိုင်ရှင်ကို ရှာဖွေတွေ့ရှိပါက
တရားစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အခုလက်ရှိ ညွှန်ကြားချက်နဲ့အညီ အိမ်ရှေ့တွေမှာ နေရာဦး
ထားတဲ့ ပစ္စည်းတွေကို အပတ်စဉ် တစ်ပတ်တစ်ခါ လိုက်လံ
သိမ်းဆည်းနေတယ်။
အခုလိုဆောင်ရွက်တော့ လူတွေကတော့ ပျောက်သွားလား
ဆိုတော့ မပျောက်ပါဘူး။
လူတွေက ဒါနဲ့ပတ်သက်ပြီး ဘယ်သူ၊ ဘယ်ဝါက ချထား
ပါတယ်ဆိုတာ ဝန်မခံဘူး။
သက်သေ မခိုင်မာတော့ တရားစွဲလို့ မရဘူးဖြစ်နေတယ်” ဟု
၎င်းကဆိုသည်။
ယခုလက်ရှိ ရန်ကုန်မြို့တွင်း မြို့နယ်နှင့် ဆက်စပ်မြို့နယ်များ
တွင် ကားပါကင် နေရာဦးမှု ပြဿနာများ ပိုမိုဖြစ်ပွားလာ
ကြောင်းနှင့် ကားပါကင်နေရာနှင့် လမ်းနယ် ကျူးကျော်သူများ
ကို စည်ပင်ထံသို့ တိုင်ကြားနိုင်ပြီး တိုင်ကြားစာများကို
အလေးထားကာ အရေးယူ ဆောင်ရွက်နေကြောင်း ၎င်းက
ဆက်လက်ပြောဆိုသည်။
ယခုအခါ တစ်ဦးတည်းပိုင်အဖြစ် ဆိုင်းဘုတ်များ၊ ခုံများ၊
တာယာခွေများနှင့် ဝါးလုံးများ တန်း၍ ကားရပ်နားရန် ပါကင်
ဦးသူ များပြားလာပြီး ခိုက်ရန်ဖြစ်ပွားသည်အထိ
ရှိလာကြောင်း မြို့တွင်းမြို့နယ်တွင် နေထိုင်သူများထံမှ
သိရသည်။
“လသာမြို့နယ်မှာဆို လမ်းသွယ်တွေမှာ တာယာတွေ၊
ပန်းအိုးတွေနဲ့ ကားပါကင်နေရာ ဦးထားတဲ့သူတွေက
အများကြီးပဲ။
စည်ပင်က ခဏခဏ လာသိမ်းမယ်ဆိုရင် ပိုကောင်းတယ်။
အခုက လှည်းတွေလည်း လမ်းမမှာ အရမ်းများတယ်။
အဲဒီဟာတွေကို ကားမောင်းတဲ့သူတွေက ထိမိရင် လျော်ကြေး
တောင်းတာတွေ ရှိလာတယ်” ဟု လသာမြို့နယ်တွင်
နေထိုင်သူ ဦးဝိုင်းက ဆိုသည်။
စည်ပင်မြေပေါ် ကျူးကျော်ကာ တစ်ဦးတည်းပိုင်အဖြစ်
ပြုလုပ်ထားသူများကို ဖမ်းဆီးရမိပါက စည်ပင်သာယာ
အက်ဥပဒေပုဒ်မ ၆၈ အရ ဒဏ်ငွေ ကျပ် တစ်သောင်းမှ
ငါးသိန်းအထိ ဒဏ်ရိုက်နိုင်ပြီး တရားသူကြီး၏ ချမှတ်သည့်
ဥပဒေအရ ဒဏ်ကြေး ဆောင်ရမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ
သိရသည်။
*****
၃။ "ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်း
ကျေးလက်မြေများကို မြို့ပြရပ်ကွက် အဆင့်သို့ ပြောင်းလဲ
လိုပါက စည်ပင်မှ ကူညီမည်ဟုဆို"
ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်း ကျေးလက်
မြေများ မြို့ပြရပ်ကွက် အဆင့်သို့ ပြောင်းလဲလိုပါက ရန်ကုန်
မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပံ့ပိုးကူညီမည်ဖြစ်
ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်
အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ပြောကြားသည်။
“ကျွန်တော်တို့ ရှင်းရမှာ ကျေးလက်မြေကို ရှင်းပြီးလို့ရှိရင်
မြို့ပြမြေကို ပြောင်းတဲ့အခါ မြေအရှုပ်အရှင်းများ ရှိခဲ့လို့ရှိရင်
ကျေးလက်မှာပဲ စပြီးတော့ ရှင်းရပါတယ်။
ပြီးရင် မြို့ပြ မြေပုံပြောင်းတဲ့ အဆင့်ကို သွားပါမယ်။
အခုရှုပ်မှ နောင်ရှင်းဆိုတဲ့အတိုင်း စောစောစီးစီး ဒီပြဿနာ
တွေကို ရှင်းထားရပါမယ်။
ကျေးလက်ကနေ မြို့ကွက်ပြမြေပုံ ပြောင်းစေချင်တဲ့ အချက်က
ကျေးလက်လည်းမကျ မြို့ကွက်လည်း မကျတဲ့ အတွက်
ကြောင့် လူထုရဲ့ကျန်းမာရေး အခြေအနေ စောင့်ရှောက်မှု၊
မြို့ပြရဲ့ စောင့်ရှောက်မှု အခြေအနေ ဒီဒေသတွေက
မခံစားရဘူး။
လူနေမှုစနစ် ကျလာလို့ရှိရင် ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီက လူမှုရေး လုပ်ငန်းတွေ တရားဝင်
ထိထိရောက်ရောက် လုပ်ပေးနိုင်တဲ့ အတွက်ကြောင့်
ဒီအစီအစဉ်က ကောင်းပါတယ်။ ဆက်လုပ်ပါ။
ကျွန်တော်တို့က ပံ့ပိုး ကူညီပေးပါမယ်” ဟု မြို့တော်ဝန်
ဦးမောင်မောင်စိုးက ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်
အတွင်းရှိ မြို့နယ်ဧရိယာတွင် ပါဝင်သော ကျေးရွာများအား
မြို့ပြရပ်ကွက်အဆင့် တိုးမြှင့်ဆောင်ရွက်ခြင်းနှင့်
ပတ်သက်ပြီး ကျေးရွာများမှ ဖွဲ့စည်းထားသော ကော်မတီများ
အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ
လျှောက်ထားရန် လိုအပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့မှ အတည်ပြုချက် ရရှိပြီးမှသာ ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီ အနေဖြင့် မြို့ပြအင်္ဂါရပ်နဲ့အညီ
မြို့ကွက်ဖော်ဆောင်ခြင်းနှင့် မြေချပါမစ်၊ မြေငှားဂရမ်ခွင့်ပြု
ဆောင်ရွက်ခြင်းများကို မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံး
လုပ်နည်းများနှင့်အညီ အဆင့်ဆင့် ဖော်ဆောင်မည်ဖြစ်
ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက
ဆက်လက်ပြောကြားသည်။
လတ်တလောတွင် ဒဂုံမြို့သစ် တောင်ပိုင်းရှိ ကျေးရွာများ
ဖြစ်သော ရွာသာကြီး၊ သုံးခွ၊ ကြည်စု၊ အနောက်လေးထောင့်
ကန်၊ ရှမ်းတဲကြီး စသည့်ကျေးရွာများကို မြို့ပြရပ်ကွက်များ
အဆင့်သို့ တိုးမြှင့်နိုင်ရန် စီမံချက်ဖြင့် လုပ်ဆောင်ပေးရန်
စီစဉ်လျက်ရှိကြောင်း မြို့တော်ဝန်က ပြောကြားသည်။
(ဆန်းထူးအောင်၊ ထက်ရှိုင်း)
credit - Eleven Media Group & The Voice
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment