Saturday, September 19, 2015
“အမွေဆက်ခံခြင်းဆိုင်ရာ ဗဟုသုတ”
“အမွေဆက်ခံခြင်းဆိုင်ရာ ဗဟုသုတ”
ကိုဖြူ ။ ။ ဆွေစဉ်မျိုးဆက် ဘယ်နှစ်ဆက် ရှိသလဲဆရာ။
ယူတီကေ ။ ။
အစုန်(၇)ဆက် (သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆတ်)နဲ့
အဆန်(၇)ဆက် (ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘက်)
ရှိတယ်။
တရားရုံး အမွေခန်းမှာတော့ သေသူကို ဗဟိုထားပြီး
အစုန်(၃)ဆက် (သား၊ မြေး၊ မြစ်)နဲ့
အဆန်(၃)ဆက် (ဘ၊ ဘိုး၊ ဘေး)
စုစုပေါင်း (၇)ဆက်ပဲ ရေတွက်ကြတယ်။
ကိုဖြူ ။ ။ အမွေဆက်ခံရေး အခြေခံဥပဒေနှစ်ရပ်ကို ပြောပြပါ။
ယူတီကေ ။ ။
(၁) စုန်နိုင်လျှင် မဆန်ရ။
အစုန်ရှိရင်၊ အဆန်ဆွေမျိုးမရဘူး။
ဥပမာ – သေသူမှာ သားသမီးရှိရင် သေသူရဲ့ မိဘအမွေမရဘူး။
(၂) မျိုးဆက်နီးသူက ဝေးသူကို ပယ်ထုတ်တယ်။
သေသူနဲ့ သွေးနီးတဲ့သူက သွေးဝေးသူကို ပယ်တယ်။
ဥပမာ – သားသမီးရှိနေရင် မြေးအမွေ မရသေးဘူး။
ကိုဖြူ ။ ။ သွေးရင်းနဲ့ သွေးဝက်သားသမီး၊
အထက်ပါ သားသမီး၊ မိတူဘကွဲ၊ ဘတူမိကွဲ သားသမီး
ဆိုတာတွေအကြောင်း ပြောပြပါ။
ယူတီကေ ။ ။
ဥပမာနဲ့ ရှင်းပြပါမယ်။
- A, B, C ဆိုတဲ့ ကလေး(၃)ယောက်ဖခင် ဦးဝင်းဟာ
- D, E, F ဆိုတဲ့ ကလေး(၃)ယောက် မိခင် ဒေါ်ခင်နဲ့
ယူလိုက်ကြတယ်။
- X, Y, Z ဆိုတဲ့ ကလေး(၃)ယောက် ထပ်ရကြတယ်။
(၁) ဦးဝင်းနဲ့ ဒေါ်ခင်ဟာ အိမ်ထောင်ကြီးများ ဖြစ်တယ်။
(၂) ABC နှင့် DEF တို့ဟာ အထက်ပါ သားသမီးများ
ဖြစ်တယ်။
(၃) XYZ ဟာ ဦးဝင်း၊ ဒေါ်ခင်တို့ရဲ့
နှစ်ပါးစုံ/သွေးရင်း သားသမီးများ ဖြစ်ကြတယ်။
(၄) XYZ နဲ့ ABC ဟာ ဘတူမိကွဲ ညီအစ်ကိုမောင်နှမ
ဖြစ်ကြတယ်။
(၅) XYZ နဲ့ DEF မိတူဘကွဲ ညီအစ်ကိုမောင်နှမ
ဖြစ်ကြတယ်။
သွေးရင်းနဲ့ သွေးဝက် ညီအစ်ကိုမောင်နှမတော်တယ်။
(မင်းသုံးယောက်၊ ငါသုံးယောက်၊ တို့သုံးယောက်)
(you Three, I Three, We Three) ပေါ့။
ကိုဖြူ ။ ။ ဝမ်းကွဲညီအစ်ကို မောင်နှမနဲ့ မတူဘူးပေါ့နော်။
ယူတီကေ ။ ။
ဟုတ်ကဲ့။
ညီအစ်ကိုမောင်နှမများက မွေးဖွားတဲ့ သားသမီးအချင်းချင်းကို
တစ်ဝမ်းကွဲ First Cousins,
မြေး အချင်းချင်းကို နှစ်ဝမ်းကွဲ Second Cousins,
မြစ်အချင်းချင်းကို သုံးဝမ်းကွဲ Three Cousins
ညီအစ်ကိုမောင်နှမလို့ ခေါ်တယ်။
ကိုဖြူ ။ ။ အမွေခံထိုက်သူတို့ရဲ့ အစီအစဉ်ကို ရှင်းပြပေးပါ။
ယူတီကေ ။ ။
အမွေဆိုတာ လူတစ်ယောက်ကွယ်လွန်တဲ့အချိန်မှာ
ကျန်ရစ်ခဲ့တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊
မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တယ်။
- အမွေခံထိုက်သူ ဘယ်သူဆိုတာ အမွေရှင်ရဲ့
ယုံကြည်ကိုးကွယ်တဲ့ ဘာသာအရ အဆုံးအဖြတ်ပေးတယ်။
- ဗုဒ္ဓဘာသာ ဝင်များဟာ အမွေခံထိုက်သူကို ရွေးချယ်ခွင့်မရှိဘူး။
- ဘယ်သူကို အမွေပေးခဲ့မယ်ဆိုပြီး
သေတမ်းစာရေးသားလို့မရဘူး။
- အခြား ဘာသာဝင်များမှာ သေတမ်းစာရေးသားခွင့်ရတယ်။
ရွေးချယ်ခွင့်ရှိတယ်။
- မြန်မာဗုဒ္ဓဘာသာဝင်တစ်ယောက် ကွယ်လွန်တဲ့အခါမှာ
ဘယ်သူဟာ အမွေစားအမွေခံဖြစ်တယ်။
- သူ့ရဲ့ အမွေ ဝေစုဟာ ဘယ်လောက်ဖြစ်တယ်ဆိုတာ
အတိအကျသတ်မှတ်ပြီးဖြစ်တယ်။
- စာရေးသားပြီး အမွေကို စီမံခန့်ခွဲလို့မရဘူး။
- ပိတ်ပင်လို့၊ ရုပ်သိမ်းလို့ မရဘူး။
ဥပမာ –
(က) လင်သေမယား၊ မယားသေလင် အမွေရတယ်။
( ခ) သြရသသားသမီးရှိရင်၊ လိင်တူမိဘသေချိန်မှာ
မိမိဝေစု လေးပုံတစ်ပုံ ရထိုက်ခွင့်ရှိတယ်။
( ဂ) မိဘသေရင် သား၊ သမီး၊ မြေး၊ မြစ် စတဲ့
တိုက်ရိုက်အဆက်အနွယ်များ ဆက်ခံရရှိကြတယ်။
(ဃ) အထက်ပါ ပုဂ္ဂိုလ်တွေမရှိရင်
သေသူဟာ လူပျိုလူလွတ်ဖြစ်ရင် သူ့အမွေကို
ဆွေမျိုးသားချင်းများက ဆက်ခံ ရရှိတယ်။
- အမွေခံထိုက်သူတို့ရဲ့ အစီအစဉ်ဟာ ဒီအတိုင်းဖြစ်ပါတယ်။
(တိုက်ရိုက်အမွေခံ)
၁။ သားသမီးများ
၂။ မြေးများ
၃။ မြစ်များ
၎င်းတို့မရှိရင်-
(ဆွေမျိုးသားချင်းများ)
၎။ ညီအစ်ကိုမောင်နှများ
၅။ မိဘများ
၆။ ဘိုးဘွားများ
၇။ တူ၊ တူမများ
၈။ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးများ
၉။ တူ၊ တူမ၏ သားသမီးများ
၁ဝ။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ
၁၁။ တူ၊ တူမများ၏ မြေးများ
၁၂။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ၏
သားသမီးများ
၁၃။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ၏
မြေးများ
ကိုဖြူ ။ ။ ညီအစ်ကို မောင်နှမအချင်းချင်း
ဘယ်လိုအမွေခွဲသလဲ။
ယူတီကေ ။ ။
သေသူရဲ့ညီ၊ ညီမတွေက အစ်ကို၊ အစ်မတွေကို
အမွေက ပယ်ထုတ်တယ်။
ဥပမာ -
- ABCDE ညီအစ်ကို မောင်နှမ ငါးယောက်ရှိတယ်။
- အကြီးဆုံး A သေရင် (BCDE) ရတယ်။
- D သေရင် (E) ရတယ်။ E သေရင် (ABCD) ရတယ်။
သားသမီးမရှိတဲ့ လင်မယားနှစ်ယောက် အန္တရာယ်များလှတဲ့
အမြန်လမ်းမပေါ်မှာ ကားမှောက်ပြီး တစ်ပြိုင်နက်တည်း
သေတယ်။
သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေ အမွေမရဘူး။
လင်ရဲ့ မိဘနဲ့ မယားရဲ့ မိဘတို့ ထက်ဝက်စီ ခွဲယူကြရတယ်။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
credit - Lawyer U Tun Kyi
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment