Saturday, September 5, 2015
"လင်နှင့် မယား၏ အမွေကြောင်း"
"လင်နှင့် မယား၏ အမွေကြောင်း"
မြန်မာဗုဒ္ဓဘာသာဝင် လင်နဲ့မယားတို့ရဲ့
အမွေဆက်ခံရေး၊
အမွေခွဲဝေရေးအကြောင်း ဖြစ်ပါတယ်။
မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင် လင်နဲ့မယားတို့ဟာ
တစ်ဦးဦးသေဆုံးသွားတဲ့အခါ (သေကွဲကွဲပြီး)
အမွေဆက်ခံကြရပါ တယ်။
တစ်ဦးနဲ့တစ်ဦး လင်ခန်းမယားခန်း
ကွာရှင်းပြတ်စဲကြတဲ့အခါ (ရှင်ကွဲ ကွဲပြီး)
ပစ္စည်းခွဲဝေကြရပါတယ်။
"လင် သို့မဟုတ် မယားသေဆုံးခြင်း"
===================
(သေကွဲ ကွဲခြင်း)
- လင် သို့မဟုတ် မယား သေဆုံးသွားတဲ့အခါ
လင်ခန်း၊ မယားခန်း ပျက်ပြယ်သွားပါတယ်။
ကျန်ရစ်သူဟာ လွတ်လပ်သူ ဖြစ်သွားပါတယ်။
- လင်သေရင် မယားက၊ မယားသေရင် လင်က၊
လင်မယားနှစ်ဦးပိုင်တဲ့ပစ္စည်းအားလုံးကို
(သြရဿ သားသမီးမကျန် ရစ်ရင်)
တစ်ဦးတည်းအမွေဆက်ခံရရှိပါတယ်။
- ကနိဋ္ဌ သားငယ် သမီးငယ်များဟာ အမွေရခွင့်မရှိပါဘူး။
(အခြားဘာသာတွေမှာ ဒီလိုမဟုတ်ပါဘူး။)
- လင်နဲ့မယားဟာ မကွာရှင်းရသေးဘဲ၊ နှစ်ပေါင်းများစွာ
ခွဲခွာနေကြပေမဲ့ တစ်ဦးဦးသေဆုံးတဲ့အခါမှာ
သေသူ (ဇနီး၊ ခင်ပွန်း)ရဲ့ အမွေကိုလာပြီး တောင်းသွား
တတ်ပါတယ်။
- တရားဝင်မကွာရှင်းရသေးပါက၊ တစ်ဦးဦးသေရင် အမွေ
ဆက်ခံခွင့် ရှိပါတယ်။
- လင်ငယ်နောက်လိုက်သွားတဲ့ မိန်းမက လင်ကြီးသေတဲ့အခါ
သေသူလင်ရဲ့ အမွေကိုလာတောင်းလို့၊ လင်ရဲ့အမျိုးတွေနဲ့
အကြီးအကျယ် အမှု့ဖြစ်ခဲ့တာ တွေ့ဖူးပါတယ်။
မကွာရှင်းသေးရင် အမွေရနိုင်တဲ့ သဘော ကို သိထားဖို့
လိုပါတယ်။
အမှု့တစ်မှု့မှာ -
လင်ကြီးကို လင်ငယ်နဲ့ပူးပေါင်းပြီး သတ်လိုက်တယ်။
အဲ့ဒီမိန်းမ သေဒဏ်ကျသွားတယ်။
နောင် တစ်သက်တစ်ကျွန်းဒဏ် ပြောင်းသွားတယ်။
ထောင်ထဲမှာ (၁၆)နှစ် နေခဲ့ရတယ်။
ထောင်ကထွက်လာတော့ လင်ကြီးရဲ့ မရွှေ့ပြောင်းနိုင်တဲ့
အိမ်မြေတွေကို သူပဲ ဆက်ခံရရှိသွားတယ်။
ဘဏ်မှာထည့်ထားတဲ့ လင်ကြီးရဲ့ငွေတွေလဲ သူပဲ
ဆက်ခံရရှိသွား တယ်။
သားသမီးများတောင် မရလိုက်တာတွေ့ဖူးတယ်။
တိုက်တာအိမ်မြေတွေနဲ့ ရွှေတစ်တင်းပိုင်ဆိုင်တဲ့
အသက်(၇၀)အရွယ် ဘိုးချမ်းသာဟာ
အသက်(၂၀) အရွယ် မော်ဒယ် မလေးလှယဉ်ကျေးနဲ့
လက်ထပ်လိုက်တယ်။
အဲဒီညမှာပဲ ဘိုးချမ်းသာ သေသွားတယ်။
လှယဉ်ကျေးဟာ ရွှေတစ်တင်းနဲ့
နေ့ချင်း သေသွားတဲ့ ဘိုးချမ်းသာပိုင်ပစ္စည်းအားလုံးကို
အမွေဆက်ခံရ ရှိ တယ်။
ဒါ့ကြောင့် လင်နဲ့မယားတို့ရဲ့ အမွေဆက်ခံရေးကိုကြည့်ရင်၊
ယောက်ျားနဲ့ မိန်းမတို့ လင်မယား အဖြစ်
ပေါင်းသင်းလိုက်တဲ့ အခါ နှစ်ဦးစလုံးကပါလာတဲ့
ပစ္စည်းတွေဟာ လင်မယားနှစ်ဦးပိုင်ပစ္စည်းအဖြစ်
အတူပူးတွဲပိုင်သွားကြတာကို တွေ့ရပါတယ်။
သက်မဲ့ပစ္စည်းသာမက သက်ရှိပစ္စည်းကိုလည်း
ကာမပိုင်လင်၊ ကာမပိုင်မယားဆိုပြီး သဘောထားကြပါတယ်။
အခြားဘာသာတွေမှာတော့ ဒီလိုမဟုတ်ဘူး။
- ယောက်ျားနဲ့ မိန်းမပေါင်းလိုက်ကြတဲ့အခါ
တစ်ဦးမှာ ပါလာတဲ့ပစ္စည်းဟာ ကျန်တစ်ဦးနဲ့ ဘာမှမဆိုင်ဘူး။
- လင်ဆိုရင် လင်ပိုင်ပစ္စည်း သန့်သန့်ပဲဖြစ်တယ်။
- မယားပိုင်ပစ္စည်းဟာလဲ မယားပိုင်ပစ္စည်း သန့်သန့်ဖြစ်တယ်။
- တစ်ဦးရဲ့ပစ္စည်းကို ကျန်တစ်ဦးက သွားပြီးမပိုင် ဘူး။
ပူးတွဲလည်းမပိုင်ဘူး။
- လင် (သို့မဟုတ်) မယားဟာ သူပါလာတဲ့ သူပိုင်ပစ္စည်းကို
သူတစ်ယောက်တည်း သဘောနဲ့
ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်း၊ ငှားရမ်း၊ လဲလှယ်ခွင့်ရှိတယ်။
- ကျန်တစ်ဦးက၀င်ရောက်ကန့်ကွက်ပြော ဆိုခွင့်မရှိဘူး။
- သူပိုင်ပစ္စည်းကိုသူမသေမီ သေတမ်းစာရေးပြီး
အခြားသူမည်သူကိုမဆို ပေးကမ်းသွားလို့ရတယ်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်နဲ့မယားမှာ
ဒီလိုမဟုတ်ဘူး။
- လင်မယားဖြစ်သွားရင် တစ်ယောက် ပစ္စည်းကို
တစ်ယောက်ပူးတွဲပိုင်တယ်။
- အဲဒီပစ္စည်းအပေါ်မှာ မိမိရဲ့ဝေစု (ပိုင်ခွင့်) အလိုလျောက်
ရှိနေတယ်။
- သူပါလာတဲ့ပစ္စည်း ဆိုပြီး (ရောင်း၊ ပေါင်၊ ပေး၊ ငှား၊ လဲ)
လုပ်လို့မရဘူး။
- မိမိဝေစုကို ထိခိုက်အောင်လုပ်လို့ မရဘူး။
လုပ်ရင်ပျက်ပြယ်တယ်။
ဒါက မြန်မာဓလေ့ထုံးတမ်း ဥပဒေရဲ့ထူးခြားချက်ဖြစ်တယ်။
"နိဿယ(ထောက်ပံ့သူ)နဲ့ နိဿတ(မှီခိုသူ) သဘောတရား"
မြန်မာဗုဒ္ဓဘာသာလင်နဲ့မယားမှာ နိဿယနဲ့ နိဿိတ ဆိုတဲ့
မူသဘောတရားရှိတယ်။
- ပစ္စည်းပါလာ သူ၊ ထောက်ပံ့သူ၊ အမွေရသူကို
နိဿယ(ပစ္စည်းရသူ)လို့ ခေါ်တယ်။
- ကျန်တစ်ဦးကို နိဿိတ (မှီခိုသူ)လို့ခေါ်တယ်။
ဥပမာ -
- ဘိုးချမ်းသာက ရွှေတစ်တင်းပါလာတယ်ဆိုရင်၊
ဘိုးချမ်းသာကို (ထောက်ပံ့သူ-နိဿယ)လို့ခေါ်တယ်။
- သူ လှယဉ်ကျေးကိုယူရင် ဒီရွှေတွေအပေါ် မှာ(၂ /၃) ပဲ
ပိုင်တော့တယ်။
- လှယဉ်ကျေးမှာဘာပစ္စည်းမှပါမလာပေမဲ့ ဘိုးချမ်းသာရဲ့
ရွှေတစ်တင်းအပေါ်မှာ(၁/၃)ပုံလိုလိုပိုင်သွားတယ်။
- ဘိုးချမ်းသာသေရင်၊လှယဉ်ကျေးဟာ ရွှေတစ်
တင်းလုံးအမွေဆက်ခံတယ်။
- ဘိုးချမ်းသာနဲ့ကွာရှင်းပြတ်စဲရင် ရွှေတစ်တင်းရဲ့(၁/၃)ပုံ
ရခွင့်ရှိတယ်။
ဒါကို နိဿယ ၊ နိဿိတ မူသဘောတရား လို့ ခေါ်တယ်။
အလားတူပဲ လင်ဘက်က အမွေရတဲ့ပစ္စည်းဖြစ်ပေမဲ့
မယားဟာ (၁/၃)ပုံပိုင် ဆိုင်ခွင့်ရှိတယ်။
ထူးခြားချက်တစ်ခုကတော့ -
- အိမ်ထောင်ကြီး(အအို)နဲ့ အိမ်ထောင်ကြီး (အအို)အချင်းချင်း
လင်မယား အဖြစ်ပေါင်းသင်း ကြရင်တော့
- တစ်ဦးဦးသေသွားတဲ့အခါ၊ သေသူရဲ့ အထက်အိမ်ထောင်က
ပါလာတဲ့ပစ္စည်း (အထက်ပါပစ္စည်း)ကို ကျန်ရစ်သူက ရခွင့်မရှိဘူး။
- သေသူရဲ့ အထက်အိမ်ထောင်က သားသမီးများ
အကျိုး အတွက်ဖြစ်တယ်။
ဒါတွေကတော့ သေကွဲကွဲတဲ့လင်မယားတို့ရဲ့၊
အမွေဆက်ခံရေးအကြောင်း ဖြစ်ပါတယ်။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
credit - Aung Soe (Pyay)
via ဆရာဦးထွန်းကြည်(မဟာဝိဇ္ဇာ၊သိပ္ပံ၊ဥပဒေ)
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment