Tuesday, July 19, 2016

“လျော့ကျဖွယ်ရှိသည့် အိမ်ခြံမြေစံနှုန်း၊ အရေးယူတော့မည့် လယ်ယာမြေ အကွက်ရိုက်မှုနှင့် ပြန်လည်သိမ်းယူမည်ဆိုသော စက်မှုဇုန်မြေကွက်များ၏ လတ်တလော အခြေအနေ”

“လျော့ကျဖွယ်ရှိသည့် အိမ်ခြံမြေစံနှုန်း၊ အရေးယူတော့မည့်
လယ်ယာမြေ အကွက်ရိုက်မှုနှင့် ပြန်လည်သိမ်းယူမည်ဆိုသော
စက်မှုဇုန်မြေကွက်များ၏ လတ်တလော အခြေအနေ”

၁။ "အိမ်ခြံမြေစံနှုန်းများ ယခင်နှစ်ထက်လျော့ကျဖွယ်ရှိ"

ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု
အသင်း(ဗဟို) မှ ညှိနှိုင်းထားချက်များအရ ယခုနှစ်အတွက်
ရန်ကုန်မြို့၏ မြို့နယ်အလိုက် အိမ်ခြံမြေ တစ်ပေပတ်လည်
စံနှုန်းများအား ပြင်ဆင်သတ်မှတ်ရာတွင် ယခင်နှစ်များထက်
လျော့နည်းပြီး သင့်တင့်သည့်နှုန်းထားတစ်ရပ် ဖြစ်လာနိုင်ဖွယ်
ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)ဒုတိယဥက္ကဋ္ဌ
ဦးသန်းဦးက "ပြည်တွင်း အခွန်များဦးစီးဌာနက အိမ်ခြံမြေ
တစ်ပေပတ်လည်စံနှုန်းတွေကို သူတို့သဘောနဲ့သူတို့ မထုတ်ပြန်
တော့ဘူး။ ကျွန်တော်တို့ အိမ်ခြံ မြေဝန်ဆောင်မှုအသင်းကို
ဖိတ်ခေါ်ညှိနှိုင်းပြီးမှ တင်ပြချက်တွေကို ညှိနှိုင်းပူးပေါင်းအကြံပြု
ထားတာ ဖြစ်ပါတယ်။ ဒီနှစ်ညှိနှိုင်းရာမှာ ပြည်တွင်းအခွန်ကနေ
သက်ဆိုင်ရာမြို့နယ် အလိုက် လက်တွေ့စာရင်းလိုက်ကောက်တာ
မျိုးတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့နဲ့ ညှိနှိုင်းတဲ့အခါ
ဒေသပေါက်ဈေးထက် သက် သာနေတာကိုတောင် တွေ့ရ
ပါတယ်''ဟု ပြော သည်။

ညှိနှိုင်းဆွေးနွေးထားချက်များအရ ပြည်တွင်း အခွန်များဦးစီးဌာနမှ
တင်ပြလာသည့် တချို့မြို့နယ်များ၏ တစ်ပေပတ်လည်
စံနှုန်းများမှာ ပြင်ပပေါက်ဈေးကျပ်သိန်း ၅၅ဝ၊ ၆ဝဝ ခန့်ကို
ကျပ်သိန်း ၃၂ဝ ကျော်သာ သတ်မှတ် ပေးထားခြင်းဖြစ်ကြောင်း
သိရသည်။

လက်ရှိဆွေးနွေးညှိနှိုင်းချက်များကို အ တည်ပြုသတ်မှတ်ပေးရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ ဆက်လက်တင်ပြသွားမည်
ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ တစ်ပေပတ်လည်စံနှုန်းများကို အိမ်ခြံမြေ
အရောင်းအဝယ်၊ တည်ဆောက် မှုနှင့် ပြုပြင်ခြင်းများအပေါ်
အခွန်ထမ်းဆောင်ရာ၌ ပြောင်းလဲလာသော ဈေးနှုန်းများနှင့်
ကိုက်ညီမှုရှိပြီး ထိန်းချုပ်မှုရှိစေရန် ပြင်ဆင် သတ်မှတ်ခြင်း
ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ၂ဝ၁၄၊ ၂ဝ၁၅ခုနှစ် များက ဝင်ငွေခွန်
ပေးဆောင်မှုအတွက် သတ်မှတ်ပေးထားသော စံနှုန်းတချို့သည်
ဈေးမြင့်နေခြင်း၊ မညီမျှမှုရှိခြင်းများ ရှိခဲ့သည်ဟု ဝေဖန် မှုများ
ရှိခဲ့သည်။

***

၂။ "လယ်ယာမြေများကို မြေကွက်ရိုက်မှုအပါအဝင် ဥပဒေမဲ့
လုပ်ဆောင်မှုများ အရေးယူမည်"

လယ်ယာမြေများကို မြေကွက်ရိုက် ရောင်းချမှုအပါအဝင် ဥပဒေမဲ့
လုပ်ဆောင်နေမှုများကို ကွင်းဆင်းစိစစ်၍ အရေးယူမည်ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းကပြောကြားသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်းစိစစ်၍
ခရိုင်နှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့
တင်ပြစေကာ အရေးယူဆောင်ရွက်ရမည့် နည်းလမ်းများ ချမှတ်
ညွှန်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စိုက်ပျိုးမြေများအပေါ် ဥပဒေနှင့်မညီ လုပ်ဆောင်နေမှုများကို
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၁၉(က)၊ ၁၉(ခ)၊ ၁၉(ဂ)၊
၁၉(ဃ) စသည့်ပြဋ္ဌာန်းချက်များ နှင့်အညီ အရေးယူ
ဆောင်ရွက်ရန် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ
၂၉-၃-၂၀၁၃ ရက်စွဲဖြင့် အကြောင်းကြားထားပြီးဖြစ်ကြောင်း
ဒေါက်တာ စိုးသန်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ဥပဒေမဲ့
အကွက်ရိုက်ခြင်း၊ အခြားနည်းဖြင့် အသုံးပြုနေခြင်းများကို
ပုသိမ်ကြီး၊ ပြင်ဦးလွင်နှင့် အခြားမြို့နယ်များတွင် တွေ့ရှိနေရပြီး
သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ အဂတိလိုက်စားရန်
အခွင့်အရေးပေးသကဲ့သို့ ဖြစ်နေကြောင်း ပုသိမ်ကြီးမြို့နယ်
မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဦးရဲမင်းဦးက
ပြောကြားသည်။

“ ဥပဒေနဲ့မညီညွတ်ဘဲ လုပ်ကိုင်နေမှုတွေကြောင့် အစိုးရအဖွဲ့ရဲ့
သိက္ခာကို ကျဆင်းစေနိုင်သလို ပြည်သူများမှာလည်း
ရောင်းမှားဝယ်မှားကိစ္စများကြောင့် နစ်နာမှုများ ဖြစ်စေပါတယ်။
ဒါကြောင့် ဥပဒေနှင့်အညီ တားဆီး ထိန်းချုပ်ပေးဖို့
လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

*** လယ်ယာမြေများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်
အတွက် လယ်ယာမြေ ဥပဒေကို၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု
လွှတ်တော်၌ ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ တွင် လယ်ယာမြေ
ဥပဒေမှာ စိုက်ပျိုးလုပ် ကိုင်နေသည့် လယ်ယာမြေအား
အခြားနည်းအသုံးပြုလိုပါက -
ဥပဒေပုဒ်မ ၂၉၊ ဥပဒေပုဒ်မ ၃၀(က) (ခ) နှင့်အညီ
အဆင့်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး
ပြည်ထောင်စုအစိုးရခွင့်ပြုချက်၊
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရခွင့်ပြုချက်တို့ဖြင့်
စီမံဆောင်ရွက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
ပြဋ္ဌာန်းချက်ကို ချိုးဖောက်ပါက -
အဆိုပါဥပဒေပုဒ်မ ၃၅ အရ ထောင်ဒဏ် ခြောက်လမှ ၂ နှစ်အထိ
ချမှတ်ရမည့်အပြင် ဒဏ်ငွေ ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအထိ
ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ***

***

၃။ "စက်မှုဇုန်မြေကွက်ပိုင်ရှင်အချို့ ယနေ့ထက်တိုင် လာရောက်
ဆက်သွယ်ခြင်းမရှိသေး"

စက်မှုဇုန်မြေကွက်လွတ်ပိုင်ရှင်အချို့ လာရောက် ဆက်သွယ်ခြင်း
မရှိသလို မြေကွက်ပိုင်ရှင်များကို စုံစမ်းရန်လည်း အခက်အခဲရှိနေ
ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေး
ကော်မတီဥက္ကဋ္ဌများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ငန်းလုပ်ဆောင်ခြင်း
မရှိသည့် စက်မှုဇုန်မြေကွက်များကို ပြန်လည်သိမ်းယူပြီး
အမှန်တကယ်လုပ်ငန်းလုပ်ဆောင်သူများကို ပြန်လည်နေရာချ
ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ဇွန် ၂၇ ရက်အထိ
လာရောက် ဆက်သွယ်ခြင်းမရှိသည့် မြေကွက်လွတ် အများအပြား
ကျန်နေသေးသည်။

"စက်မှုဇုန်မြေကွက်လွတ်တွေကို စာရင်းကောက်ပြီးသွားပါပြီ။
အစိုးရက ပြန်သိမ်းမယ်ဆိုတော့ နည်းနည်းချင်း တိုးဆောက်လာတာ
တော့ ရှိပါတယ်"ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ
ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

"တချို့ဇုန်တွေမှာတော့ မြေကွက်တော်တော်များကျန်သေးတယ်။
ပိုင်ရှင်တွေ ရှာမရတဲ့အကွက်တွေလည်း ရှိနေတယ်။ သူတို့ကလည်း
ဇုန်ကော်မတီတွေကို လာမဆက်သွယ်ကြဘူး။ ဘယ်ရက်မှာ
မဆောက်ရင် ပြန်သိမ်းမယ်ဆိုတဲ့ရက်အတိအကျ မပြောထား
သေးတော့ လူတွေက မကြောက်တဲ့ပုံစံရှိတယ်"ဟု
၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံးစက်မှုဇုန် တစ်ခုဖြစ်သည့်
လှိုင်သာယာစက်မှုဇုန်နယ်မြေတွင်စက်မှုဇုန်ပေါင်း ကိုးဇုန်ရှိသည့်
အနက် ဦးမြတ်သင်းအောင် တာဝန်ယူထားသည့်စက်မှုဇုန်
ခြောက်ဇုန်တွင် တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး စက်ရုံ၊
အလုပ်ရုံပေါင်း၇၀၀ ကျော်ရှိသည်။ ကော်မတီသို့ လာရောက်
ဆက်သွယ်ခြင်းမရှိသည့် မြေကွက်လွတ်မှာမူ၂၀ ကျော်
ကျန်ရှိနေဆဲဖြစ်သည်။

စက်မှုဇုန်မြေကွက်နှင့် ဂိုဒေါင်အလွတ် များကို ၂၀၁၄ ခုနှစ်
နှောင်းပိုင်းကကောက်ယူ ခဲ့သည့် စာရင်းများတွင် တိုင်းဒေသကြီး
တစ်ခုလုံးအတိုင်းအတာအရ စက်မှုဇုန်မြေကွက်လွတ်ပေါင်း
၎,၄၁၈ ဧက (မြေကွက် ၂,၃၃၉) ကွက်နှင့် ဂိုဒေါင်အလွတ်
၁,၂၉၉ လုံးရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန် ၂၉ ဇုန်တွင် လုပ်ငန်း
ဆောင်ရွက်ခြင်းမရှိသည့်ဂိုဒေါင်အလွတ်များနှင့် မြေကွက်
လွတ်များကို အစိုးရသစ်လက်ထက်တွင် စာရင်းကောက်ယူခဲ့ပြီး
တိတိကျကျ လုပ်ငန်း လုပ်ဆောင်ခြင်းမရှိသည့် စက်မှုဇုန်မြေကွက်
များကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က
မေလနှောင်းပိုင်းတွင် သတင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်
သည်။

မေ ၁၉ ရက်မှ မေ ၂၄ ရက်ထိ ကာလများတွင် လှိုင်သာယာ
စက်မှုဇုန် အမှတ်(၁)မှ(၇)အထိ၊ ငွေပင်လယ်နှင့် ရွှေလင်ပန်းစက်မှု
ဇုန်ကိုးခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကွင်းဆင်း
စစ်ဆေးကာ မြေကွက်လွတ်များ၊ ဂိုဒေါင်လွတ်များ၏ စာရင်းများကို
ကောက်ယူခဲ့သည်။

ယခင်အစိုးရလက်ထက်က စက်မှုဇုန်မြေကွက်လွတ်များကို
လုပ်ငန်းရှင်များသို့ရောင်း ချပေးခဲ့ရာတွင်
- မြေဂရန်ရရှိပြီး ခြောက်လ အတွင်း လုပ်ငန်းများလုပ်ဆောင်ရန်၊
- လူနေ အိမ်ဆောက်လုပ်ခြင်းမပြုရန်နှင့်
- တစ်ဆင့် ပြန်လည်ငှားရမ်းခြင်း၊ ရောင်းချခြင်းမပြုရန်
ဟူသည့် စည်းကမ်းချက်များဖြင့် ရောင်းချ ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် စည်းကမ်း ဖောက်ဖျက်သည့် မြေကွက်ပိုင်ရှင်များကို
အကြောင်းအမျိုးမျိုးကြောင့်ဥပဒေအတိုင်း အရေးယူနိုင်ခဲ့ခြင်း
မရှိပေ။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် စက်မှုဇုန်များစတင်
ဖော်ဆောင်ချိန်မှ ယနေ့အထိ မြေကွက်လွတ်များ အများအပြား
ကျန်ရှိနေဆဲဖြစ်သည်။

ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ
ဦးအေးသောင်းက စက်မှုဇုန်များတွင်စာရင်းကောက်ယူခြင်းထက်
စက်မှုဇုန် များအတွက် စိစစ်မည့် လုပ်ငန်းကော်မတီ ဖွဲ့ထားသင့်
ကြောင်းပြောသည်။

"သိမ်းမယ်ပြောလည်း မြေကွက်လွတ်ပိုင်ရှင်တွေ လာမဆက်သွယ်
သလို လာတောင်မကြည့်ကြပါဘူး။ ပထမလူလည်း အဲလိုပဲ
ပြောခဲ့တာပါပဲ။ နားလည်မှုနဲ့ လျှောက်လွှာစည်းကမ်းတွေနဲ့
စာရွက်ပေါ်မှာ မပြည့်ပြည့်အောင် လျှောက်လုပ်နေကြပြီး
မြေကွက်တွေ အများကြီးယူထားကြတယ်။
တချို့ဆို တစ်ဇုန်မှာကို နှစ်ကွက် သုံးကွက်လောက်ကို ၀ယ်ပြီး
ပစ်ထားကြတယ်။ ၀န်ကြီးချုပ်ကနေရာတိုင်း သူလိုက်လုပ်ဖို့၊
အရေးယူဖို့မလွယ်ဘူး။ လုပ်မယ်ပြောပေမဲ့ ဘယ်တော့လုပ်မယ်မှန်း
မပြောသွားကြတော့ လူတွေက သိပ်ဂရုမစိုက်ကြတော့ဘူး၊
လာလည်း မဆက်သွယ်ကြပါဘူး"ဟု၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်များကို ၁၉၉၆ ခုနှစ်မှ
စတင်ကာ နိုင်ငံတော်၏စီမံချက်များဖြင့် ဆောက်လုပ်ရေးဝန်ကြီး
ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်မြို့ရွာနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန) က ဖော်ထုတ် နေရာချထားပေးခဲ့ခြင်း
ဖြစ်ပြီး မြေတစ်ဧကလျှင်ကျပ် ၄၅ သိန်းဖြင့် စက်ရုံ တည်ဆောက်
ပြီးမှသာ မြေဂရန်ထုတ်ပေး သည့်စနစ်ကို ကျင့်သုံးနေရာချထား
ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ပြောင်းလဲလာသည့် အစိုးရ အဆက်ဆက်၏မူဝါဒများအရ
၂၀၀၀ ပြည့် နှစ်မှစတင်ကာမြေဂရန်ကြိုတင်ထုတ်ပေးပြီး
စက်ရုံများကို တည်ဆောက်စေသည့် မူဝါဒကို ပြောင်းလဲခဲ့သည်။

ရန်ကုန်မြို့ အိမ်ခြံမြေဈေးနှုန်းမြင့်တက်လာချိန်တွင် မူဝါဒ
အပြောင်းအလဲကို အခွင့်အရေးတစ်ရပ်အဖြစ် သဘောထားပြီး
အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသူများမှ စက်မှုဇုန်
မြေကွက်များကို ၀ယ်ယူလျှောက်ထားကာ ပြန်လည်ငှားရမ်းခြင်းနှင့်
အဆင့်ဆင့် ပြန်လည်ရောင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

အကွက်အကွင်းပေါ်မူတည်၍ စက်မှုဇုန်မြေ တစ်ဧကလျှင်
ကျပ်သိန်း ၅,၀၀၀ အထိ ပေါက်လာသည်။

"တကယ်ဝင်ပြီး လုပ်ငန်းလုပ်၊ စက်ရုံ ဆောက်တဲ့လူကိုပဲ
စာရွက်စာတမ်းထုတ်ပေးတဲ့စနစ်ဟောင်းက အဆင်ပြေတာ၊
နိုင်ငံ တကာမှာလည်း ဒီလိုပဲ ချထားပေးခဲ့တာ"ဟု
ဦးအေးသောင်းက ပြောသည်။

(ဇေယျာလင်း)

credit - Yangon Media Group / The Voice
& The Myanmar Times

No comments:

Post a Comment