Tuesday, July 19, 2016

"အစိုးရသစ်၏ ရက် ၁၀၀ စီးပွားရေးခြေလှမ်း"

"အစိုးရသစ်၏ ရက် ၁၀၀ စီးပွားရေးခြေလှမ်း"

ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ဦးစားပေးခဲ့သော
ဒီချုပ် အစိုးရသည် ရက် ၁၀၀ ပြည့်ချိန်တွင် နိုင်ငံ၏ အနာဂတ်
စီးပွားရေးကို တိကျစွာ ပုံဖော်နိုင်ခြင်း မရှိမှုအပေါ်
လုပ်ငန်းရှင်များက ပူပန်နေကြသည်။

ပြည်သူ့အစိုးရ၏ သက်တမ်းရက် ၁၀၀ သည် အာဏာရယူပြီး
မတ်လ ၃၁ ရက်မှ စတင်ရေတွက်လျှင် ဇူလိုင် ၈ ရက်တွင်
ရက် ၁၀၀ပြည့်ပြီး ယခုဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်မှ စတင်
ရေတွက်လျှင် ဇူလိုင် ၉ ရက်၌ ရက် ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

စီးပွားရေးကဏ္ဍတွင် နိုင်ငံတကာနှင့် ပြည်တွင်း စီးပွားရေး
လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရန်
ယနေ့အထိ  စောင့်ကြည့်အဆင့်သာရှိသေးသဖြင့် နိုင်ငံ၏
စီးပွားရေး ပိုမိုနှေးကွေး လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်
ဒေါက်တာစိုးထွန်းက ပြောသည်။

‘‘ထင်ထင်ရှားရှားနဲ့ မလုပ်နိုင်ရင်တော့ စီးပွားရေးအတွက်
စိုးရိမ်စရာပဲ’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ဆိုသည်။

ဒီချုပ်အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီက စီးပွားရေး နှင့်
ပတ်သက်သော အချက်ခြောက်ချက်ကို ပြည်သူများအား
တရားဝင် အသိပေးထားသည်။
- ဘဏ္ဍာရေး ဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ပြည်သူ့
ဘဏ္ဍာရေး စနစ် ထိရောက်စွာ ကျင့်သုံးခြင်း၊
- ဗဟိုဘဏ်ကို အမှန်တကယ် သီးခြား လုပ်ပိုင်ခွင့်ပြုပြီး
တည်ငြိမ်သော ငွေကြေးဈေးကွက် ဖော်ဆောင်ပြီး
အသေးစားအလတ်စားနှင့် တောင်သူလယ်သမားများ
ငွေကြေးအရင်းအနှီးဖြည့်တင်းပေးခြင်း၊
- နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများ တိုးတက်မြင့်မားပြီး
အလုပ်အကိုင် အခွင့်အလမ်းသစ်၊ နည်းပညာအသစ်များ
ပေါ်ပေါက်လာစေခြင်း၊
- လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားနှင့်
အခြေခံ အဆောက်အအုံများ တိုးတက် လာစေခြင်း၊
- လယ်ယာမြေ အသုံးချခွင့် အာမခံချက် ရရှိပြီး
လယ်ယာကဏ္ဍ ခေတ်မီဖွံ့ဖြိုးရေး၊
- သဘာဝအရင်းအမြစ် ထုတ်ယူသုံးစွဲရေးကို
ပွင့်လင်းမြင်သာစွာ ပြည်သူများအား ချပြပြီး နိုင်ငံတော်
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သီးသန့်ရန်ပုံငွေ
တစ်ရပ် ထားရှိခြင်း စသည့် ကြေညာချက်များ
ထုတ်ပြန်ခဲ့သည်။

လက်ရှိ အစိုးရသည် တိုင်းပြည်အတွက် အရေးကြီးသည့်
အစိုးရ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာစာရင်း (ဘတ်ဂျက်)
ကို အသစ် ပြန်လည်ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်သို့
တင်ပြသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က
ပြောကြားသည်။

ဘတ်ဂျက်ရေးဆွဲမှုမှာ ယခုမှ စတင်သဖြင့် မည်သို့ ရေးဆွဲမည်ကို
မသိရသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ
အတွက် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှု၊ လုပ်ပိုင်ခွင့် တိုးမြှင့်
ပေးမှုများ ရှိလာပါက ဖက်ဒရယ် ဘတ်ဂျက်စနစ် 
ဖြစ်လာမည်ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေ၀င်းက
ပြောသည်။

‘‘ဘတ်ဂျက်နဲ့ ဖက်ဒရယ်စနစ်ကို စတင်လို့ ရပါတယ်။ ဒါကို
အကောင်အထည် ဖော်နိုင်ရင်တော့ ကောင်းတာပေါ့’’ဟု
၎င်းကပြောသည်။

ကြေညာစာတမ်းတွင် ပါဝင်သော ဗဟိုဘဏ်ကို သီးခြား
ရပ်တည်ခွင့်ပြုပြီး တည်ငြိမ်သော ငွေကြေးဈေးကွက်
ဖန်တီးမှုမှာ အစိုးရ၏ ရက် ၁၀၀ အတွင်း အကောင်အထည်
ဖော်ခြင်းကို မတွေ့ရပေ။

ဗဟိုဘဏ်သည် ရက် ၁၀၀အတွင်း မည်သည့်
အပြောင်းအလဲမျှ မပြုလုပ်ဘဲ တက်လာသည့် အစိုးရနှင့်သာ
ပူးပေါင်း ဆောင်ရွက်မည်ဟု ညွှန်ကြားရေးမှူးချုပ်
ဦးဝင်းသော်က ပြောသည်။

ဧပြီမှစပြီး အပြောင်းအလဲများ ရှိနေသော ငွေလဲနှုန်းကို
တည်ငြိမ်စေရန် ထိန်းသိမ်းမှု မပြုလုပ်သည်ကို စီးပွားရေး
လုပ်ငန်းရှင်များက ဝေဖန်နေသည်။ ပြင်ပဈေးကွက်တွင်
အမေရိကန်ဒေါ်လာနှင့်  မြန်မာကျပ်ငွေ တန်ဖိုးသည်
နေ့စဉ်အပြောင်းအလဲ ဖြစ်နေသကဲ့သို့ ဗဟိုဘဏ်က
သတ်မှတ်သော ရည်ညွှန်း ငွေလဲနှုန်းမှာလည်း
တည်ငြိမ်အောင် ထိန်းနိုင်ခြင်းမရှိပေ။

ငွေလဲနှုန်း တည်ငြိမ်မှုမရှိဘဲ စီးပွားရေးကဏ္ဍတွင် ထူးခြားစွာ
ပြောင်းလဲမှု မရှိသေးခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်
လာသည်။ ငွေကြေးဖောင်းပွမှုကလည်း အစိုးရသစ်
လက်ထက်တွင် ဆက်လက် မြင့်တက်နေသည်ဟု
ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့က ခန့်မှန်းထားသည်။

ရက် ၁၀၀ အတွင်း တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်
ချေးငွေကို တစ်ဧကလျှင် ကျပ်တစ်သိန်းမှ ကျပ်တစ်သိန်းခွဲ
အထိ ၅၀ ရာခိုင်နှုန်း တိုးမြင့်ပေးသော်လည်း အသေးစား၊
အလတ်စားလုပ်ငန်းများ အတွက် ထူးခြားမှု မရှိသေးကြောင်း
တွေ့မြင်နေရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး
သည် ငါးနှစ်အတွင်း ပို့ကုန် သုံးဆမြှင့်ရန် စိတ်ကူးအိပ်မက်ကို
ပြည်သူများအား ချပြထားသည်။ ပို့ကုန်သုံးဆ မြှင့်တင်မှုသည်
ထုတ်လုပ်မှု သုံးဆမြှင့်တင်မှ ရမည်ဖြစ်ရာ ထုတ်လုပ်မှု သုံးဆ
မြှင့်တင်ရန် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များကို
ငွေကြေးထောက်ပံ့ပေးရန် လိုကြောင်း မြန်မာနိုင်ငံ
ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်း အတွင်းရေးမှူး
ဦးခိုင်မြင့်က ပြောသည်။

‘‘ထုတ်လုပ်မှု သုံးဆမြှင့်ဖို့က ရက်ပေါင်း ၁၀၀ အတွင်း မရဘူး။
ဒါပေမဲ့ မူဝါဒချမှတ်ပြီး စလုပ်သင့်တယ်’’ဟု ဦးခိုင်မြင့်က
ပြောသည်။

ကုန်သွယ်ရေး ကဏ္ဍတွင် ဖြေလျှော့မှုများလည်း ရှိသည်။
ယခင် အစိုးရသက်တမ်း ကုန်ဆုံးခါနီးတွင် ထုတ်ပြန်သော
နယ်စပ်မှ ယာဉ်၊ ယန္တရားများ တင်သွင်းခွင့် ပိတ်ထားသည့်
အမိန့်ကို လက်ရှိ အစိုးရက ပယ်ဖျက်ပေးခဲ့သည်။
သွင်းကုန် လိုင်စင်များ ထုတ်ပေးခဲ့ကာ တစ်ဆင့်ခံ တင်ပို့မှု
အတွက် ကုန်ပစ္စည်းအမည်များ တိုးမြှင့်ခွင့် ပြုခဲ့သည်။

စီးပွားကူးသန်း ဝန်ကြီးဌာနက မော်တော်ယာဉ် တင်သွင်းမှုနှင့်
ပတ်သက်၍ ဖြေလျှော့ပေးမှုများ ရှိသော်လည်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရက ကားပါကင်နှင့် ပတ်သက်၍ တိကျသည့်
မူဝါဒ မထုတ်ပြန်ခြင်းကြောင့် ကားဈေးနှုန်း မြင့်တက်လာ
ကြောင်း မြရတီ ကားအရောင်းပြခန်းပိုင်ရှင်က ဆိုသည်။

‘‘အစိုးရသစ် လုပ်တဲ့ ရက် ၁၀၀ စီမံချက်က လုပ်ငန်းရှင်တွေကို
အလုပ်မလုပ်နဲ့ဦး၊ ရပ်ထားပါ ဦးလို့ပြောတာနဲ့အတူတူပဲ။
တော်တော်လေး ဂယက်ကြီးတယ်’’ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေးနှင့် ပတ်သက်၍လည်း
အစိုးရ၏ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်သည် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အစိုးရသစ် ဖွဲ့ပြီး ၆၉ ရက်မှ အသစ်
ပြန်လည်ဖွဲ့စည်းကာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို
ခွင့်ပြုပေးခဲ့သည်။ ယခင်အစိုးရ လက်ထက်က  ရေးဆွဲနေသော
ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ကုမ္ပဏီဥပဒေတို့မှာ အပြီးသတ်
ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

‘‘နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ အဟောင်းမှာက
နိုင်ငံခြားသား လုပ်ချင်တဲ့ ရင်းနှီးမြှုပ်နှံမှု အတော်များများမှာ
ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ ပေါင်းလုပ်ရမယ် ဆိုတာ
ပါနေတယ်’’ဟု ကုန်သည်စက်မှု အသင်းချုပ်ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရက် ၁၀၀ အတွင်း
ကုမ္ပဏီ မှတ်ပုံတင်ကြေးကို ကျပ် ၁၀ သိန်းမှ ၅ သိန်းသို့
လျှော့ချပေးပြီး ပြည်တွင်းမှ အသေးစားနှင့် အလတ်စား
လုပ်ငန်းရှင်များ တရားဝင်ကုမ္ပဏီ ထူထောင်ပြီးလုပ်ငန်းများ
လုပ်ကိုင်ရန် ရည်ရွယ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးပိုင်းတွင်
ဆောက်လုပ်ရေး ၀န်ကြီးဌာနသည် လမ်းတံတားများ
ပြင်ဆင်ခြင်း၊ အမြန်လမ်း တိုးချဲ့ပြင်ဆင်ခြင်း၊
တန်ဖိုးနည်း အိမ်ရာများ အကောင်အထည်ဖော်ခြင်းများ
ဆောင်ရွက်နေသည်။

‘‘ကျွန်တော်တို့ အစိုးရလက်ထက်က တည်ဆောက်သမျှ
လမ်းတံတားတွေ ငါးနှစ်အတွင်း မခံရင် အဲဒီအင်ဂျင်နီယာကို
ထောင်ထဲ ပို့ပစ်မယ်’’ဟု ဆောက်လုပ်ရေးဝန် ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က သမိုင်းဝင်စကား
ပြောသည်။

သို့သော် ရန်ကုန်တိုင်းတွင် တိုင်းအစိုးရနှင့် စည်ပင်က
အထပ်မြင့် အဆောက်အအုံများ တည်ဆောက်မှု
ရပ်ဆိုင်းထားခြင်းကြောင့် ဆောက်လုပ်ရေးလောက တွင်
အစိုးရကို ဝေဖန်သံများ ပေါ်ထွက်လာသည်။

တည်ဆောက်ရေး ကဏ္ဍ ရပ်တန့်သကဲ့သို့ ဖြစ်လာခြင်းကြောင့်
ဆောက်လုပ်ရေး အလုပ်သမားများ၏ စားဝတ်နေရေးမှာ
အခက်အခဲများ ကြုံတွေ့လာကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘မြန်မြန်နဲ့မှန်ဖို့ အရေးကြီးတယ်။ အခုက ရက်က အရမ်းကြာနေပြီ။
အိမ်ခြံမြေဆောက်လုပ်ရေး လောက ပြိုလဲနိုင်တဲ့ အခြေအနေမှာ
အခုလို ရက် ၁၀၀ စီမံချက်ထဲ မှာ အဆောက်အအုံ
ဆောက်လုပ်ခွင့်တွေ ရပ်ဆိုင်းလိုက်တာကပိုပြီး ကြီးမားတဲ့
ထိုးနှက်ချက် တစ်ခု ဖြစ်လာမှာကိုပဲ စိုးရိမ်မိတယ်’’ဟု
Three Friend ဆောက်လုပ်ရေးမှ ဦးကိုကိုလေးက ပြောသည်။

လျှပ်စစ်ကဏ္ဍသည် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ
ကဏ္ဍတွင် အရေးပါဆုံးဖြစ်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက်လည်း
တွန်းအားတစ်ခု ဖြစ်နေသည်။

‘‘စက်မှုကဏ္ဍ၊ ထုတ်ကုန် ကဏ္ဍမှာ လျှပ်စစ်မှာ အဓိက
အခန်းကဏ္ဍပါတယ်’’ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌဟောင်း ဦးမြတ်သင်းအောင်က ပြောသည်။ သို့သော်
လက်တွေ့တွင် လျှပ်စစ်မီး ပိုပျက်လာသည်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လက်ရှိအစိုးရသည်
ရက် ၁၀၀ အတွင်း ဆည်ရေအသုံး ပြုမှုနှင့်ပတ်သက်၍
လွတ်လပ်ခွင့် ပြုခြင်း၊ မိမိနှစ်သက်ရာ သီးနှံစိုက်ပျိုးခွင့်ပြုခြင်း
စသည့် ပြောင်းလဲမှုများ ရှိခဲ့သည်။

‘‘ဒါက ကျွန်တော်တို့ ၀န်ကြီးဌာနရဲ့ ပြောင်းလဲမှုပဲ’’ဟု
ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ပြောသည်။
ယခင်က ဆည်အနီးရှိ လယ်များသည် မိုးရာသီတွင်
ဆည် ရေကို သုံးစွဲခွင့်မရသဖြင့်
‘ချဉ်သီးပင်အောက် ချဉ်သီးရှားခြင်း’ကဲ့သို့ ဖြစ်နေကြောင်း
ဒေါက်တာထွန်းဝင်းက ပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထက်က စီးပွားရေးကဏ္ဍကို တိကျသည့်
မူဝါဒချမှတ်မှု မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းကြောင့် အောင်မြင်မှု
မရရှိခဲ့ပေ။ လက်ရှိအစိုးရမှာလည်း စီးပွားရေးကဏ္ဍ အတွက်
တိကျသည့် မူဝါဒတစ်ရပ်ကို မကြာမီအတွင်း အမြန်ဆုံး ချမှတ်ရန်
လိုအပ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက
လိုလားနေကြသည်။

ယခင် အစိုးရ လက်ထက်တွင် ရက် ၁၀၀ စီမံကိန်းကို သတ်မှတ်
ဆောင်ရွက်ခြင်း မရှိသော်လည်း ထိုစဉ်က စီးပွားကူးသန်းဝန်ကြီး
ဌာနကို တာဝန်ယူခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည်
အများပြည်သူ မှီခို စားသုံးနေသော စားအုန်းဆီကို လွတ်လပ်စွာ
တင်သွင်းခွင့်ပြုခဲ့သည်။ ထို့အပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
ခေါင်းစဉ်ဖြင့် သမ၀ါယမစနစ်ကို ပြန်လည် အသက်သွင်းခဲ့သည်။
သို့သော် မအောင်မြင်ခဲ့ဘဲ စီးပွားရေး ဖွံ့ဖြိုးမှု နည်းပါးခြင်းကပင်
ရွေးကောက်ပွဲ အပြတ်အသတ် ရှုံးနိမ့်ရခြင်း၏
အကြောင်းရင်းတစ်ခု ဖြစ်သည်။

‘‘အရင်အစိုးရထက်စာရင် ထူးခြားမှုတွေရှိပါတယ်။ အရှုပ်အထွေး
တွေက အရမ်းများတော့ လုပ်ကိုင်ရတာခက်တယ်’’ ဟု
ကမ္ဘောဇဘဏ် အကြီးတန်းအကြံ ပေး ဦးသန်းလွင်က
ပြောသည်။

လိုအပ်ချက်များပြီး ရှုပ်ထွေးလှသော အခြေအနေများကြောင့်
အစိုးရသစ်အပေါ် စိတ်ရှည်ရန် ဦးသန်းလွင်က အကြံပြုသည်။

(ပြည်သိမ်း ၊ မိုးညို)

credit - 7day Daily

No comments:

Post a Comment