“မြေယာမသမာမှု့များ အတွက် တပ်လှန့်သံများ”
၁။ "မြိတ်မြို့တွင် အိမ်ရာမဲ့ ပြည်သူများအား မြေကွက်ပိုင်ဆိုင်ခွင့်
ရအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ မြေကွက်ပေါင်း
သုံးထောင်ခန့် လိမ်လည်ရောင်းချထားသော အဖွဲ့ကို ဖမ်းဆီးရမိ"
မြိတ်မြို့တွင် အိမ်ရာမဲ့ ပြည်သူများအား မြေကွက်ပိုင်ဆိုင်ခွင့်
ရအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ စာရွက်စာတမ်း
လိမ်လည်ပြီး မြေကွက်ပေါင်း သုံးထောင်ခန့်အား လိမ်လည်
ရောင်းချထားသော အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု အတွင်းရှိ မြေကွက်များကို
အကွက်ဖော်ကာ ရောင်းချပေးနေသော လူမှုအထောက်အကူပြု
အကျိုးဆောင် ကော်မတီ (မြိတ်တောင်ကျေးရွာ) ဆိုသည့်
အဖွဲ့အား ဇူလိုင် ၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့မှ ကုန်းဖောက်ကျေးရွာနှင့် တောထွက်ကြီးနေရာ
အနီးတစ်ဝိုက်မှ မြေနေရာများကို မသိနားမလည်သည့်
ဆင်းရဲသား ပြည်သူများအား ပြသကာ မြေတစ်ကွက်ကို
ကျပ်ရှစ်သောင်းဖြင့် လိမ်လည်ရောင်းချနေခဲ့ကြောင်း
သိရသည်။
“ဇူလိုင် ၇ ရက်မှာ အလယ်ကျွန်းရပ်က ပြည်သူတစ်ဦးထံမှာ
မြေလာရောင်းတယ်။ အိမ်ရာမရှိကြောင်း ထောက်ခံစာကို
ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာ လာလုပ်တယ်။ အုပ်ချုပ်ရေးမှူးက
မသင်္ကာလို့ စုံစမ်းကြည့်ရာကနေ အမှုမှန် ပေါ်သွားတယ်။
အဲဒီသတင်းကြားရတာနဲ့ ကျွန်တော်တို့လည်း အုပ်ချုပ်ရေးမှူး
ရုံးကို လိုက်သွားတယ်။ မကြာခင်မှာ ရဲတပ်ဖွဲ့ဝင်တွေ
ရောက်လာပြီး အဲဒီအဖွဲ့တွေကို ဖမ်းသွားတယ်။ ကွင်းဆက်အရ
ရဲတပ်ဖွဲ့တွေက အိမ်မှာသွားရောက် ရှာဖွေကြည့်တော့
မြေတွေရောင်းထားတဲ့ ငွေကျပ် ၁၆၇ သိန်းကျော်
ဖမ်းမိခဲ့တယ်။ ဖမ်းမိထားတဲ့ ဦးအောင်သန်းဆီက အဲဒီငွေတွေ၊
ဘဏ်စာအုပ် သိမ်းဆည်းထားပြီး သူတို့အဖွဲ့ထဲက ဦးလှမြင့်ဆိုသူ
ထံမှာလည်း သိန်း ၄၅၀ အပ်ထားတယ်လို့ မြိတ်တောင်ကျေးရွာ
အုပ်ချုပ်ရေးမှူးရုံးမှာ တွက်ဆိုခဲ့တာ ကျွန်တော်တို့
ကြားခဲ့ရတယ်” ဟု မြိတ်မြို့နယ် NLD အမှုဆောင် ဦးမြတ်ကိုက
ပြောကြားသည်။
ဆင်းရဲသား ပြည်သူများ အနေဖြင့် မြေတစ်ကွက်ကို
ကျပ်ရှစ်သောင်းဖြင့် ၀ယ်ယူသူများရှိသလို ကျပ်ခုနစ်သောင်းဖြင့်
လည်း ၀ယ်ယူထားသူများရှိကြောင်း သိရသည်။
ရောင်းချထားသော ငွေများမှ ကျပ် ၁၆၇ သိန်းလေးသောင်းကို
ဦးအောင်သန်း ဆိုသူ၏ အိမ်မှသိမ်းဆည်းရမိသလို
ကမ္ဘောဇဘဏ် (၃) တွင် အဖွဲ့ဝင် သုံးဦး၏ အမည်ဖြင့်
အပ်နှံထားသော ငွေကျပ်သိန်း ၃၀၀ ငွေစာရင်းရှိ ဘဏ်စာအုပ်
တစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့တွင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုဥက္ကဋ္ဌ ဦးအောင်သန်းနှင့်
အတွင်းရေးမှူး ဦးအောင်အောင်ဇင် အပါအ၀င် ၁၁ ဦးရှိကြောင်း
သိရသည်။
“ဖြစ်စဉ်က ဇူလိုင် ၇ ရက်ညနေ ၃ နာရီခွဲလောက်မှာ
ဖြစ်သွားတယ်။ မြိတ်မြို့၊ အလယ်ကျွန်းရပ်မှာ လူတစ်ဦးက
မြေရာကွက်တွေရမယ် တစ်ကွက်ကို ကျပ်ငါးသောင်းပေးရမယ်ဆို
ပြီး လိုက်စည်းရုံးနေတယ်လို့ သတင်းကြားတော့ သွားရောက်
စစ်ဆေးတော့ ဒီလူအမည်က ဦးအောင်သန်းလို့ သိရတယ်။
အသက်ကတော့ ၇၀ လောက်ရှိပြီ။ သူ့ကိုမေးမြန်းတော့
သက်ဆိုင်ရာကို တင်ပြထားပြီး ပြောတယ်။ ၀န်ကြီးချုပ်ကိုလည်း
တင်ပြထားပြီးလို့ ပြောတယ်။ အိမ်ခြေရာခြေမဲ့တဲ့ သူတွေကို
မြေပေးမယ် တစ်ကွက်ကို ငါးသောင်းပေးရမယ် ပြောလိုက်တော့
တစ်မြို့လုံး ပျံ့နှံ့ပြီး သူ့ဆီကို လာကြတယ်။ တောထွက်ကြီးနှင့်
မြိတ်ကိုလည်း ရွာဆက်လမ်းကို ဖောက်မယ်။ အဲဒီအထဲက
ငွေတွေကို လှူပေးရမယ်လို့ပြောပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေ
ပေးခဲ့တယ်။ ငွေတွေများလာတော့ ဘဏ်မှာအပ်တယ်။
ငွေတွေ မထားရဲလို့ တခြားတစ်ယောက်မှာ အပ်ထားတယ်။
ညကတော့ ကျွန်တော်တို့ သူကိုစစ်ဆေးခဲ့ပြီး အမှုဖွင့်ခဲ့ပါပြီ။
လိမ်လည်မှု၊ တံဆိပ်တွေနှင့် စာရွက်စာတမ်း အတုပြုလုပ်မှု
တွေနှင့် အမှုဖွင့်ထားပါတယ်။ သူ့အနောက်မှာ ဘယ်သူတွေ
ရှိမလဲ။ ဘာတွေ ကျန်သေးလဲဆိုတာ ကျွန်တော်တို့
ဆက်လက်စစ်ဆေးရဦးမယ်” ဟု မြိတ်မြို့မရဲစခန်းမှူး
ဝင်းဇော်ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ရှိ ဦးအောင်သန်း
တစ်ဦးတည်းကိုသာ ဖမ်းဆီးထားပြီး အဖွဲ့တွင် ပါဝင်သော
ဦးလှမြင့်၊ ဦးအောင်အောင်ဇင်၊ ဒေါ်နှင်းနှင်းယု၊ ဒေါ်ဆုဝင်း၊
ဦးညွန့်သောင်း၊ ဦးသန်းဆွေ၊ ဦးလှစိန်တို့အား ခေါ်ယူ
စစ်ဆေးထားပြီး ကျန်သုံးဦးမှာ တိမ်းရှောင်နေကြောင်း
သိရသည်။
အဆိုပါ အဖွဲ့မှာ ယခင်က ဂေဟစနစ် ထိန်းသိမ်းရေးအဖွဲ့
အမည်ဖြင့် လှုပ်ရှားခဲ့ပြီး ယခုအခါ လူမှုအထောက်အကူပြု
အကျိုးဆောင် ကော်မတီဟု ဖွဲ့စည်းထားကြောင်း မြိတ်မြို့နယ်
သာမက ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ် အတွင်းရှိ
ကျေးရွာများတွင်လည်း လိုက်လံလိမ်လည်နေသည်ဟု
သတင်းရရှိထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ
ပြစ်မှုအမှတ် (ပ )၇၂၇/၂၀၁၆ ၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ ဖြင့်
အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဇော်မိုးဦး ( မြိတ် )
***
၂။ "အစိုးရအကူးအပြောင်းကာလအတွင်း အလျင်အမြန်
မြေယာများ ချထားပေးခဲ့သည်များကို
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးမည်"
မန္တလေးတိုင်းဒေသကြီးအတွင်း၊ မန္တလေး စည်ပင်သာယာရေး
ကော်မတီ နယ်နိမိတ် အတွင်း၌အစိုးရ အကူးအပြောင်းကာလ
ဖြစ်သည့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လ အတွင်း
အလျင်အမြန် မြေယာပိုင်ဆိုင်ခွင့် မြေငှားဂရန် ချထားပေးခြင်းများကို
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း
ယခုလ ၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ်မန္တလေးတိုင်း
ဒေသကြီး ၁ / ၂၀၁၆ လွှတ်တော်အထူးအစည်းအဝေး၊
ဒုတိယနေ့တွင်အတည်ပြုခဲ့ကြသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ် (၂) မှ
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက
အစိုးရ အကူးအပြောင်းကာလအတွင်း အများ ပြည်သူနှင့်
သက်ဆိုင်သည့် ဧရိယာကျယ်ဝန်း သော မြေကွက်များ၊
ပလပ်မြေများကို လူပူဂ္ဂိုလ်အမည်များဖြင့်မြေနေရာချထားပေး
မှုများ ပြန်လည်စိစစ်၍ အများပြည်သူ အကျိုး အတွက်
စနစ်တကျစီမံခန့်ခွဲနိုင်ရေး တိုက် တွန်းကြောင်း အဆိုကို
လွှတ်တော်၌ တင်သွင်း ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စား လှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး
အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးရန်
လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
"အစိုးရ အကူးအပြောင်းကာလဖြစ်တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လ
အတွင်းမှာ ကြာသင့်တဲ့အချိန်ထက်စောပြီး မြေဂရန်တွေကို
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် နာမည်တွေနဲ့ ချထားပေးခဲ့တာတွေ၊
မြေကို လှောင်ကုန်လို လှောင်ပြီး ဈေးကစားနေကြတယ်။
အခုချပေးခဲ့တာတွေကလည်း စံနှုန်းသတ်မှတ်ချက်နဲ့ မညီဘူး။
မန္တလေးမြို့စည်ပင်သာယာနယ် နိမိတ်အတွင်းအပြင်
အခြားမြို့တွေမှာလည်း အခုလိုဖြစ်စဉ်တွေ ရှိနေကြတယ်။
အပြည့်အ၀ပြောချင်တာကတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့
ကိုင်တွယ်ဖြေရှင်းလို့ရတဲ့ အဆင့်ထက်ကျော်လွန်နေတဲ့အတွက်
အထူးစုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးဖို့
လိုအပ်နေပါတယ်။
အံ့ဩစရာကောင်းတာက အကူး အပြောင်းကာလအတွင်းမှာ
လူပုဂ္ဂိုလ် ၉၉ ဦး ကို ချထားပေးခဲ့တာပဲ။ သုံးဧကကျော်စီကို
လူနှစ်ဦး၊ နှစ်ဧကကျော်စီကို လူလေးဦး၊ တစ်ဧကကျော်စီကို
လူပုဂ္ဂိုလ် ၁၂ ဦးအပြင် တော်တော်များများကို ချထား
ပေးခဲ့ကြတယ်" ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။
လူပုဂ္ဂိုလ် ၉၉ ဦးကို မြေနေရာချထားပေးခဲ့ရာတွင် ယခင်အချိန်က
မြို့ကွက်သစ် ဖော်ထုတ်ရာမှာကျန်ရှိခဲ့သည့် မြေနေရာများ၊
အများပြည်သူအတွက် ကျန်းမာရေးစီမံချက်၊ မူလတန်း၊
အထက်တန်းကျောင်းများ စီမံချက်၊ ဈေးသစ်များ ဖော်ထုတ်ရန်
စီမံချက် အစရှိသည့်မြေနေရာများကို လူပုဂ္ဂိုလ်
တစ်ဦးတစ်ယောက်အမည်များဖြင့် မြေငှားဂရန်များ ချထား
ပေးခြင်းများဖြစ်ပြီး၊ မြေငှားဂရန် စာချုပ်ပါ အချက် ၁၃ ချက်ကို
ဖောက်ဖျက် ကျူးလွန်ခြင်းမရှိသော်လည်းအများပြည်သူ အတွက်
အသုံးပြုရန် မြေနေရာများကို မြေငှား ဂရန် ရရှိခဲ့သည့်ဆိုသည်
အချက်ဖြင့် ပြန်လည်စစ်ဆေးရန် အဆိုပါအဖွဲ့ကို ဖွဲ့စည်း
သင့်ကြောင်း ဒေါက်တာရဲလွင်ကဆိုသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး၏
အဆိုကို အခြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များမှ
ထောက်ခံ ဆွေးနွေးရာတွင် အများပြည်သူပိုင် မြေနေရာတို့ကို
လူပုဂ္ဂိုလ်တို့မှ ရယူထားခြင်းများအပြင် နိုင်ငံရေးပါတီကြီးတစ်ခုမှ
ရယူထားခြင်းများရှိကြောင်း လွှတ်တော်၌ ဆွေးနွေးခဲ့ကြသည်။
"ဘယ်တော့ ဖွဲ့မလဲဆိုရင်တော့ အမြန်ဆုံးဖွဲ့စည်းရမယ်။
ဥပဒေချုပ်အပါအ၀င် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
တွေ အဓိကပါမယ်။ အစိုးရအကူးအပြောင်း သုံးလ အတွင်းမှာ
ချထားပေးခဲ့တဲ့ မြေငှားဂရန်တွေကို စစ်ဆေးသွားမယ်။
တကယ်ပဲ အများပြည်သူအသုံးပြုဖို့ သတ်မှတ်ထားတဲ့
နေရာတွေကို မြေငှားဂရန်ချထားပေးခဲ့တယ်ဆိုရင် ပြည်သူကို
လုံးဝ အကျိုးမပြုဘူးဆိုရင်တော့ ပြန်ပေးရမယ်။
ပယ်ဖျက်လို့ရပါတယ်။ ကစားကွင်း တွေ၊ ကျန်းမာရေးမြေနေရာတွေ၊
ဆေးရုံဆေးပေးခန်းနေရာတွေ၊ဈေးတွေဆောက်ဖို့ သတ်မှတ်
ထားခဲ့တဲ့ မြေနေရာတွေကို မြေငှား ဂရန်ပေးတယ်ဆိုတာ
မလုပ်သင့်တဲ့ အကြောင်း အရာပါပဲ။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က
စုံစမ်းလို့ ပေါ်ပေါက်ခဲ့တယ်ဆိုရင် သွင်းထား တဲ့ ဘဏ္ဍာငွေကို
ပြန်ပေးမှာဖြစ်ပြီး မြေငှား ဂရန်ကို ပယ်ဖျက်သွားမှာပါ" ဟု
မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က
ပြောသည်။
ပြည်သူများ သမားရိုးကျ မြေငှားဂရန် လျှောက်ထားကြရာတွင်
သတင်းစာကြော်ငြာများထည့်သွင်းခြင်းအပါအ၀င် အဆင့်ဆင့်
လုပ်ဆောင်ရန် သုံးလမှ ခြောက်လထိ ကြာမြင့်တတ်ပြီး အ
စိုးရ အကူးအပြောင်းကာလအတွင်း ရရှိထားသည့်
မြေငှားဂရန်များမှာ အချိန်တစ်လအတွင်း ချထားပေးသည့်
မြေငှားဂရန်များဖြစ်ကြောင်း ဆွေးနွေးသည့် လွှတ်တော်
ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
(စည်သူလွင်)
***
၃။ "ကျူးကျော်တွေ ရှင်းရင်းနဲ့ ငြိမ်းချမ်းရေးအမည်ခံ
အဖွဲ့တွေကို အရေးယူသွားမယ်လို့ နယ်လုံဝန်ကြီးပြော"
ကျူးကျော်တွေကို ရှင်းရင်းနဲ့ ပြေးလေးပြေးနဲ့ အတူငြိမ်းချမ်းရေး
အမည်ခံ အဖွဲ့များကိုအရေးယူသွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်း
နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဗိုလ်မှုးကြီးတင်အောင်ထွန်းက
ကျူးကျော်နဲ့ ပတ်သတ်တဲ့သတင်းစာရှင်းလင်းပွဲမှာ
ပြောခဲ့ပါတယ်။
ငြိမ်းချမ်းရေးအမည်ခံပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ
မင်းမဲ့စရိုက်ဆန်ဆန် သူများအပေါ်မတရားလုပ်နေတဲ့
လာရောက်နေတဲ့အဖွဲ့အစည်း တွေလည်းရှိတယ်။ ဒါတွေကိုလည်း
ထိထိရောက်ရောက်အရေး ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့
ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မှာကျုးကျော် ၄၃၀၀၀၀ ကျော်ရှိပြီး
အဲဒီ အထဲမှာ ပြေးလေးပြေးတရားခံတွေ အပါအ၀င်
ငြိမ်းချမ်းရေးအမည်ခံ မြေကွက်ရိုက် ရောင်းစားသူတွေပါဝင်
နေတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က
တစ်ချို့နေရာတွေမှာငြိမ်းချမ်းရေးကဗိုလ်ကြီးတွေလို့အမည်ခံပြီး
ယူနီဖေါင်းဝတ်ပြီးတော့ သည်မှာထင်တိုင်းကျဲနေတဲ့
အခြေအနေတွေ တွေ့နေရတယ်။ငြိမ်းချမ်းရေးအဖွဲ့စည်းတွေ
အတွက်လည်းအလွန်အင်မတန်ကိုဂုဏ်သိက္ခာထိခိုက်
စေပါတယ်လို့မှတ်ချက်ပြုပါတယ်။
ဦးဖြိုးမင်းသိန်းက
” ငြိမ်းချမ်းရေးအဖွဲ့စည်းတွေကိုလည်းအသိပေးထားတယ်။
ငြိမ်းချမ်းရေးအဖွဲ့စည်းတွေရဲ့နာမည်ကိုအလွဲသုံးစားပြုမှုတစ်ရပ် ပဲ
ဖြစ်ပါတယ်။ငြိမ်းချမ်းရေးအဖွဲ့စည်းတွေဘက်ကလည်း
သည်အခြေနေတွေကိုကူညီဆောင်ရွက်နိုင်ဖို့ တိုက်တွန်း
ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ပြောပါတယ်။
(စရာဇာအောင်)
credit - Eleven Media Group / The Myanmar Times &
Kumudra
No comments:
Post a Comment