“တင်မည့်သူ၊ ထုတ်ပြန်သူ၊ စောင့်နေသူများ၏ အခွန်”
၁။ "၂၀၁၆ခုနှစ် အခွန်အကောက် ဥပဒေ
လွှတ်တော် အချိန်မီတင်မည်"
သူရဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်က ပြင်ဆင်ဖို့
သဘောထားမှတ်ချက်ပေးထားတဲ့ ၂၀၁၆ခုနှစ် အခွန်အကောက်
ဥပဒေကို သည်လွှတ်တော်ပြန်စရင် အချိန်မီတင်ရမယ်လို့
အဲသည်ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး
ကော်မရှင်အဖွဲ့ဝင်ဦးဇော်မြင့်ဖေက
"ပြန်ပြင်ရလဲ ငွေလုံးငွေရင်းသာမသုံးနိုင်တာသာမန်ငွေကတော့
သုံးလို့ရတာပဲ၊ အလုပ်မပြတ်ပါဘူး၊ ဒီတစ်ခေါက်လွှတ်တော်
ခေါ်လို့ရှိရင် အချိန်မီတင်ရမှာပါ၊ အချိန်မီပြန်ဖျက်ပေးရမယ့်
သဘောရှိပါတယ်" လို့ ပြောပါတယ်။
ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေကို
သည်လ ၁၀ရက်နေ့ကတည်းက ခေတ္တရပ်နားထားတာ
ဖြစ်ပါတယ်။ လွှတ်တော်မနားခင်ကအထိ သက်ဆိုင်ရာ
ကော်မတီတွေဘက်က သည်ဥပဒေနဲ့ ပတ်သက်ပြီး ပြန်လည်
တင်ပြကြတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
ယခင်လွှတ်တော်ကအတည်ပြုခဲ့တဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်
အခွန်အကောက်ဥပဒေအရ နိုင်ငံတော်ရဲ့
အခွန်အကောက်ရငွေ ကျပ် ၆.၂၁၈ဘီလျံကို ပြန်ပြင်
ရေးဆွဲရမယ်လို့ သိရပါတယ်။
သည်ဥပဒေဟာ ပြီးခဲ့တဲ့အစိုးရ လက်ထက်ကတည်းက
ပြဋ္ဌာန်းခဲ့တာဖြစ်တယ်။လေ့လာဆန်းစစ်ရလောက် လူထုက
မလိုလားတဲ့ အချက်တွေပါနေတာကြောင့် ပြင်ဆင်ရခြင်း
ဖြစ်တယ်လို့ ဦးဇော်မြင့်ဖေက ပြောပါတယ်။
ဥပဒေထဲက လူတစ်ဦးချင်းစီပေါ်က တိုးမြှင့်ကောက်ခံတဲ့
ဝင်ငွေခွန်နဲ့ ပတ်သက်ပြီး အဓိကပြင်ဆင်ဖို့ ကော်မရှင်က
အကြံပြုထားတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က
သည်ဥပဒေအရ အရက်၊ ဘီယာနဲ့ ဆေးလိပ်ရောင်းဝယ်တဲ့
အပေါ်မှာပဲ အခွန်တင်းကျပ်ထားတာဖြစ်ပြီး သာမန်ကုန်စည်တွေ
အတွက်တော့အရင်ကထက် ဖြေလျှော့ပေးတာတွေ
တောင်ရှိတယ်လို့ ပြောပါ တယ်။
*** လက်ရှိမှာ အခွန်အကောက်ဥပဒေကြောင့်
အခက်အခဲဖြစ်နေတာတွေက တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေမှာ
- လုပ်ငန်းကြီးတွေနဲ့ အခွန်တန်းတူပေးရမယ့် ကုန်စည်တွေ
(ဥပမာ ဆေးလိပ်နဲ့ဆေးရွက်ကြီး) ၊
- မော်တော်ယာဉ်ဝယ်ယူ တင်သွင်းမှုအပေါ် ကောက်ခံတဲ့
အခွန်နှုန်း၊
- အိမ်ခြံမြေခွန်ရာခိုင်နှုန်း စတာတွေ ဖြစ်တယ်လို့
သိရပါတယ်။ ***
လူထုအတွက်ကြည့်တဲ့ ဥပဒေဖြစ်အောင်ပဲ ပြင်ဆင်မယ်လို့
ဦးဇော်မြင့်ဖေက ပြောပါတယ်။
သူက
"လွှတ်တော်ကော်မတီများရဲ့ သဘောထားပေါ်မှာလဲ
အများကြီးတည်ပါတယ်၊ အဲဒီဟာတွေကလဲ အခုထက်ထိ
တောင် ပြန်ဆွဲတဲ့ဟာ လွှတ်တော်မရောက်သေးဘူးလို့
ကျွန်တော်တို့ သိပါတယ်၊ လူတွေကတော့ မျိုးစုံ စိုးရိမ်နေမှာ
ပေါ့ဗျာ" လို့ ပြောပါတယ်။
သည်ဥပဒေအရ လတ်တလော ကောက်ခံရရှိထားတဲ့
တယ်လီဖုန်းခေါ်ဆိုခတွေထဲက ကုန်သွယ်လုပ်ငန်းခွန်
ငါးရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်း ၇၅၀ဝကို ပညာရေးအတွက်
စတင်သုံးစွဲပြီး လူထုအတွက် တိုက်ရိုက်အကျိုးရှိစေမယ့်
ကဏ္ဍတွေမှာ အသုံးပြုမယ်လို့ နိုင်ငံတော်သမ္မတရုံးက
ထုတ်ပြန်ထားပါတယ်။
(ဖေသက်ထက်ခင်)
***
၂။ "အိမ်ခြံမြေအဝယ်အချို့ ဝင်ငွေခွန်ရာခိုင်နှုန်းအသစ်ကို
စောင့်နေ"
အိမ်ခြံမြေဝယ်ယူထားသူတချို့ ဝယ်ယူထားတဲ့အိမ်ခြံမြေတွေ
အတွက် ပေးဆောင်ရမယ့်ဝင်ငွေခွန်ရာခိုင်နှုန်းကများတာကြောင့်
မြေပုံရာဇဝင်ကူးယူတဲ့အဆင့်အထိပဲပြုလုပ်ထားကြပြီး
ဝင်ငွေခွန်ရာခိုင်နှုန်းအသစ်ကိုစောင့်နေကြတာတွေရှိတယ်လို့
ဈေးကွက်အတွင်းကသိရတယ် ။
လက်ရှိမှာပေးဆောင်နေရတဲ့ဝင်ငွေခွန်ရာခိုင်နှုန်းက
များတာကြောင့်အမည်ပေါက်ပြောင်းလဲတဲ့လုပ်ငန်းစဉ်မှာ
လုပ်ဆောင်ရတဲ့မြေပုံကူးအဆင့်အထိပဲလုပ်ဆောင်ထားပြီး
အခွန်နှုန်းထားအပြောင်းအလဲကိုစောင့်နေကြတာဖြစ်တယ် ။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က
'‘မြေပုံကူးတာကတော့လုပ်ငန်းစဉ်ထဲမှာပါတဲ့တစ်ခုပါ ၊
အမည်ပေါက်ပြောင်းရင်ပြုလုပ်ရတာပဲ ၊အရောင်းအဝယ်ပြုလုပ်ဖို့
ဆိုတဲ့အကြောင်းအရာနဲ့ယူထားလို့ရတယ် ၊သူရဲ့သက်တမ်းက
တစ်နှစ်အထိရတယ် ၊တစ်နှစ်အတွင်းကိုယ်က
ဝင်ငွေခွန်မဆောင်သေးဘဲ ကိုင်ထားလဲရတယ်" လို့
ရှင်းပြပါတယ် ။
ဈေးကွက်ထဲမှာနေဖို့ဝယ်တဲ့သူတွေကအမည်ပေါက်ပြောင်းပြီး
တရားဝင်အခွန်ပေးဆောင်ချင်သူတွေရရှိပါတယ် ။
ဒါပေမဲ့ဝင်ငွေခွန်နှုန်းထားက အနည်းဆုံးက (၁၅)ရာခိုင်နှုန်းနဲ့
တံဆိပ်ခေါင်းခွန်ငါးရာခိုင်နှုန်းဖြစ်နေတာကြောင့်
မြို့သစ်တွေဘက်မှာဝယ်ယူတဲ့သူတစ်ဦးအတွက်
ဆောင်ရမယ့်ဝင်ငွေခွန်ကအနည်းဆုံးကျပ်သိန်း (၆၀)ကျော်
လောက်အထိရှိနေပါတယ် ။အများစုကပေးဆောင်ဖို့ ဝန်လေး
ကြတာကြောင့်အစိုးရသစ်လက်ထက်မှာပြောင်းလဲလာမယ့်
အခွန်နှုန်းထားအသစ်ကိုစောင့်နေကြတယ်ဖြစ်တယ်။
ကောင်းသန့်အကျိုးဆောင်ကကိုနိုင်မျိုးက
"နှစ်တိုင်းဝင်ငွေခွန်နှုန်းထားကို ပြောင်းလဲတတ်တယ် ၊
အောက်တိုဘာလောက်မှာ ပြောင်းလဲတတ်တာကြောင့်
စောင့်ကြည့်နေကြတာပါ ၊မြေပုံကူးပြီးသားလူဆိုသက်တမ်း
မကုန်သေးရင် ၀င်ငွေနှုန်းထားလျော့တာနဲ့
အခွန်တန်းဆောင်လို့ရအောင် ကြိုတင်လုပ်ဆောင်ထားကြတဲ့
သဘောပါ" လို့ပြောပါတယ် ။
လက်ရှိနှုန်းထားနဲ့ဆောင်နိုင်တဲ့သူတချို့လည်းအခွန်ဆောင်ပြီး
အမည်ပေါက်ပြောင်းထားတွေရှိသလိုအခုလိုအခွန်နှုန်းလျှော့မယ့်
အချိန်ကို မျှော့်လင့်ပြီးစောင့်နေကြတာတွေလည်းဈေးကွက်ထဲမှာ
ရှိနေကြတာဖြစ်တယ် ။
အကျိုးဆောင်အများစုကတော့အရင်ကလိုအခွန်နှုန်းထားတွေ
ဖြေလျော့ပေးသင့်တယ်လို့သုံးသပ်ကြပါတယ် ။
ကျောက်တံတားမြို့နယ်ကအကျိုးဆောင်ဦးအောင်ကျော်က
"ဟိုးအရင်ကအခွန်ဆောင်ရင် (၃၀)ရာခိုင်နှုန်းပဲပေါ့ ၊
အခုနောက်ပိုင်းတန်ဖိုးတွေနဲ့ကန့်သတ်ပြီးရာခိုင်နှုန်းတွေ
ခွဲခြားထားပြီးဆောင်ခိုင်းတယ် ၊လက်ရှိအခွန်နှုန်းထား
မသတ်မှတ်ခင်က နှုန်းထားအဟောင်းကတော့ ပိုပြီး
အဆင်ပြေစေတယ် ၊လူတိုင်းဆောင်နိုင်တဲ့နှုန်းထားမျိုးပေါ့ ၊
အသစ်သတ်မှတ်ပေးမယ့်နှုန်းထားတွေကိုလဲအဲဒီလို
သတ်မှတ်ပေးစေချင်တယ်" လို့သူအမြင်ကိုပြောပါတယ် ။
***
၃။ "အိမ်ခြံမြေအဆောက်အအုံနှင့် စက်မှုဇုန် ငှားရမ်းသူများ
ဝင်ငွေခွန်ဆောင်ရမည်ဟုဆို"
၂၀၁၆ မေလမှစ၍ ၂၀၁၇ မေလအထိ တစ်နှစ်အတွင်း
စက်မှုဇုန်မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်းနှင့်
တိုက်ခန်းငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို
ဝင်ငွေခွန်ကောက်ခံမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက
ဇူလိုင်ပထမပတ်တွင် ထုတ်ပြန်သည်။
‘‘မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ချိတ်ဆက်ပြီး အိမ်ခြံမြေ
ငှားရမ်းထားတဲ့ စာရင်းတွေကို ကောက်ယူထားပြီးပြီ။
ဒီဘဏ္ဍာနှစ်အစမှာ ငှားရမ်းထားတဲ့သူတွေက တစ်နှစ်ပြည့်ရင်
ဝင်ငွေခွန်ဆောင်ရမယ်။ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်တော့
ရှိတယ်’’ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး
တစ်ဦးက ပြောကြား သည်။
* ထိုသို့ ငှားရမ်းခြင်းမှ အနည်းဆုံးတစ်လလျှင်
ကျပ်ငါးသိန်း အောက်ဆိုပါက အခွန်ဆောင်ရန် မလိုဘဲ
ကျပ်ငါးသိန်းနှင့်အထက် ရရှိပါက အခြေခံသက်သာခွင့်များ ကို
နုတ်ပြီး ကျန်ရှိသည့်ဝင်ငွေအပေါ်တွင် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်း
ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ
သိရသည်။ *
၂၀၁၆ မေလမှ ၂၀၁၇ မေလအထိ စက်မှုဇုန်မြေငှားရမ်းခြင်း၊
အဆောက်အအုံ ငှားရမ်းခြင်းနှင့် တိုက်ခန်းငှားရမ်းခြင်းမှ
ရရှိသည့်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ၀င်ငွေခွန်အဖြစ်
ပေးဆောင်ရမည်ဖြစ်သည်။
အဆိုပါ ငှားရမ်းခြင်းလုပ်ငန်းများ၏ အချက်အလက်များကို
သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်း
ကောက်ယူကာ ငှားရမ်းခြင်းလုပ်ငန်းလုပ်ကိုင်နေသူများက
ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။
‘‘အိမ်ခြံမြေငှားစားနေတဲ့သူကို ၀င်ငွေခွန်ပေးဆောင်ဖို့
စည်းရုံးသွားမယ်။ စည်းရုံးပေမယ့် လည်း အခွန်မပေးဆောင်တဲ့
သူတွေကို စာရင်းလုပ်ထားမယ်။ လက်ရှိမှာတော့ တရားစွဲဆို
အရေး ယူတာတွေ မလုပ်သေးပါဘူး’’ ဟု
ညွှန်ကြားရေးမှူးကပြောသည်။
‘‘ကျွန်မတို့က တိုက်ခန်း လောက်ပဲ ငှားစားတာပါ။
ဒီလိုလူ တွေဆီက ကောက်တာထက် လုပ်ငန်းကြီးတွေဆီက
အခွန်ရအောင် ကောက်သင့်တယ်။
အခွန်ကောက်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
အကုန်လုံးဆီက အခွန်ရအောင်ကောက်သင့်တယ်’’ဟု
ကမာရွတ်မြို့နယ်မှ တိုက်ခန်းငှားရမ်းခြင်း လုပ်ငန်းလုပ်ကိုင်နေသူ
အမျိုးသမီးက ပြောသည်။
ထို့အပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံရင်းနှီး
မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့်
ကုမ္ပဏီများနှင့် သမ၀ါယမအသင်းများမှ ငှားရမ်းခြင်းဖြစ်ပါက
ရရှိသောဝင်ငွေအပေါ် ကုန်ကျစရိတ်များနုတ်၍
၂၀၁၆ အခွန်အကောက်ဥပဒေပါ သတ်မှတ်နှုန်းထားများအတိုင်း
အခွန်ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ
သိရသည်။
‘‘တိုက်ခန်းငှားတဲ့သူတွေဆီ က အခွန်ကောက်မယ်ဆိုရင်
အိမ်ငှားတွေဆီပဲ ပြန်ဝန်ပိမှာပဲ။ အခွန်ဆောင်ရတယ်ဆိုတဲ့
အကြောင်း ပြချက်နဲ့ အိမ်ငှားခတွေ ဈေးတက်သွားမှာကို
စိုးရိမ်တယ်’’ဟု ကမာရွတ်မြို့နယ်အတွင်း တိုက်ခန်းငှားရမ်း
နေထိုင်သူ အမျိုးသားကပြောသည်။
(မျိုးစန္ဒာအောင်)
credit - Kumudra Journal / The Modern
& 7day Daily
No comments:
Post a Comment