Tuesday, July 19, 2016

“အခွန်ဆိုင်ရာ သတင်းများနှင့် ဝေဖန်သုံးသပ်မှုများ”

“အခွန်ဆိုင်ရာ သတင်းများနှင့် ဝေဖန်သုံးသပ်မှုများ”

၁။ "အိမ်ခြံမြေ စံနှုန်းသစ် အခွန်ထမ်းဆောင်နိုင်တဲ့
နှုန်းထားဖြစ်ဖို့ လို"

အိမ်ခြံမြေစံနှုန်းသစ်ကို ဈေးကွက်မှာ ပြောနေကြတဲ့အတိုင်း
စံနှုန်းမြင့်မယ်ဆို အိမ်ခြံမြေဈေးကွက် ပိုအေးနိုင်ပြီး
အခွန်ထမ်းတွေ ဆောင်နိုင်တဲ့နှုန်းထား ဖြစ်လာဖို့
စဉ်းစားပေးသင့်တယ်လို့ သိရပါတယ်။

စံနှုန်းသတ်မှတ်ချက်တွေကို သက်ဆိုင်ရာမြို့နယ် အခွန်ရုံးက
လက်ရှိ ဈေးနှုန်းတွေကို အခြေခံထားပြီး ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ သိရပါတယ်။

အိမ်ခြံမြေစံနှုန်းတွေကို တစ်နှစ်တစ်ကြိမ် ပြင်ဆင်ရေးဆွဲပြီး
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်တဲ့အခါ သတ်မှတ်ထားတဲ့
စံနှုန်းတွေအတိုင်း အခွန်ပေးဆောင်ရတာ ဖြစ်ပါတယ်။
အိမ်ခြံမြေ တစ်ပေပတ်လည် စံနှုန်းတွေကို လမ်းနဲ့ မြို့နယ်
အလိုက် နေရာပေါ်မူတည်ပြီး
ဈေးနှုန်းသတ်မှတ်ပေးထားတာပါ။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က
“စံနှုန်းကလည်း မြင့်တယ်၊ ဝင်ငွေခွန်ကလည်း မြှင့်ထားတာ
ဆိုတော့ အခွန်ဆောင်မယ့်သူတွေထက် ရှောင်မှာတွေက
ပိုများလာနိုင်တယ်၊ တချို့စံနှုန်းတွေဆို နည်းနေတာ၊
များနေတာတွေရှိတယ်၊ ဒါတွေကို ချိန်ညှိပေးလိုက်ရင်ကိုပဲ
အဆင်ပြေပါတယ်၊ အခုတော့ ထပ်တိုးမယ်ဆိုတော့
အခြေခံလူတွေ ဘယ်တတ်နိုင်မလဲ”လို့ ပြောပါတယ်။

စံနှုန်းတွေမှာ တချို့စံနှုန်းတွေက ပြင်ပပေါက်ဈေးနီးပါး
ရှိခဲ့ပါတယ်။ အသစ်ထွက်ရှိမယ့် စံနှုန်းအသစ်မှာလည်း
အဟောင်းကို လျှော့ထားတာရှိသလို တချို့နှုန်းထားတွေကို
တိုးမြှင့်ထားတယ်လို့ အိမ်ခြံမြေအသိုင်းအဝိုင်းက
သိရပါတယ်။

နှစ်စဉ် အောက်တိုဘာလမှာ နှုန်းထားတွေ ထွက်တာကြောင့်
အပြင်မှာ ပြောနေကြတဲ့ သတင်းကတော့ စံနှုန်းအတိအကျ
ထွက်မှပဲ သိရနိုင်မှာ ဖြစ်ပါတယ်။

အရင်နှစ်တွေကလည်း စံသတ်မှတ်နှုန်းထား အသစ်တွေကြောင့်
အေးနေတဲ့ဈေးကွက်က အမေးမရှိသလောက် ဖြစ်သွားခဲ့တယ်။
လက်ရှိကာလမှာ အဝယ်မရှိဘဲ အေးစက်နေပြီးသား
ဈေးကွက်က စံနှုန်းအသစ်သာ ထွက်ရှိခဲ့ရင် ပိုဆိုးသွားမလား
မေးစရာဖြစ်နေတာပါ။ ဝင်ငွေခွန် နှုန်းထားတွေလည်း
မြှင့်ထားတာကြောင့် စံနှုန်းတွေ တိုးတာကလည်း
အခွန်ရှောင်ဖို့ ဖြစ်သွားနိုင်တယ်လို့ ပြောကြတာမျိုး ရှိပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးကျော်စွာက
“ဒီလိုအချိန်မှာ စံနှုန်းပါ ထပ်မြှင့်မယ်ဆို ပိုပြီး အေးသွားနိုင်တယ်၊
မဝယ်မဖြစ် ဝယ်ကြတဲ့အခါ ကျသင့်တဲ့ အခွန်နှုန်းထားက
မြင့်သွားတော့ ဘယ်ပေးချင်ကြတော့မလဲ၊
ပေးရမယ်ဆိုရင်တောင် သင့်တင့်တဲ့နှုန်းထားလေးတွေ
ဖြစ်စေချင်ကြတာပေါ့”လို့ ပြောပါတယ်။

စံနှုန်းထားက ဝင်ငွေခွန်ပေးဆောင်တဲ့အခါ ဆောင်ရမယ့်
နှုန်းထားတွေ ဖြစ်ပါတယ်။ ဝင်ငွေခွန်နှုန်းထားကလည်း
၂၀၁၆ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ-
- ၁ ကျပ်မှ ကျပ်သိန်း ၃၀ဝ အထိ ၁၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၃၀ဝ ကျော်မှ ကျပ်သိန်း ၁၀ဝ၀ အထိကို
၂၀ ရာ ခိုင်နှုန်း၊
- ကျပ်သိန်း ၁၀ဝ၀ နဲ့အထက်ကို ၃၀ ရာခိုင်နှုန်းအဖြစ်
ပေးဆောင်ရတာပါ။

အခွန်နဲ့ အိမ်ခြံမြေဈေးကွက်ကို ထိန်းတဲ့သဘောမျိုး ဆိုပေမယ့်
အခွန်ဆောင်ဖို့က တကယ်နေဖို့ဝယ်တဲ့သူတွေ အတွက်တော့
များနေတာကြောင့် အခွန်ကို ကန့်သတ်ချက်တွေနဲ့
ခွဲခြားပေးမယ်ဆို ပိုပြီး အခွန်ဆောင်သူတွေအတွက်
ထိရောက်မှုရှိစေမယ်လို့ အကျိုးဆောင်တချို့က
ပြောပါတယ်။

***

၂။ "အိမ်ခြံမြေစိစစ်ရေး အဖွဲ့ဖွဲ့ထားလို့ အခွန်နှုန်းမှန်ကန်စွာ
ကောက်ယူမည်"

မန္တလေးတိုင်းအတွင်းမှာ မြေယာဈေးနှုန်းတွေ ထိန်းချုပ်နိုင်ဖို့
အတွက် အိမ်ခြံမြေစိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး အခွန်မှန်ကန်စွာ
ကောက်ယူနိုင်ဖို့အတွက် တရားဝင်ခေါ်ယူစစ်ဆေးတာတွေ
ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ် ။

"အဲဒီအဖွဲ့မှာ အခွန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ပါမယ် ၊
နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေပါမယ် ၊
ရပ်ကျေးအုပ်ချုပ်ရေးတွေပါမယ် ၊ သူတို့ဝင်ရောက်စွပ်ဖက်မှာ
မဟုတ်ဘူး ၊ နားထောင်မှာ ၊ ဖြတ်တဲ့အခွန်နှုန်းထားက
မတော်မသင့်ဘူးထင်မှ ပြောမှာ" လို့ မန္တလေးတိုင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးမြတ်သူက
ပြောပါတယ် ။

မန္တလေးတိုင်းရဲ့ အိမ်ခြံမြေအခွန်ရာဖြတ်ဈေးနှုန်းတွေဟာ
တစ်နိုင်ငံလုံးမှာ အမြင့်မားဆုံးဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်
အခွန်ရာဖြတ်ဈေးနှုန်းသတ်မှတ်ချိန်တုန်းကလည်း
စံနှုန်းကွာဟမှုတွေ ရှိနေတယ်ဆိုပြီး တင်ပြမှုတွေရှိခဲ့တဲ့
အတွက် ယခင်အစိုးရလက်ထက်မှာလည်း မြို့နယ်အလိုက်
ပြန်လည်စိစစ်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ် ။

"အဓိကကတော့ အခွန်ရှောင်တာမျိုးတွေ ၊
မြေပြင်ပေါက်ဈေးထက် စည်းကြပ်နှုန်းထားက ပိုများနေတဲ့
ကိစ္စတွေကို စစ်ဆေးနိုင်ဖို့ပါ ၊ အဲဒီအဖွဲ့တွေကို
မြို့နယ်အလိုက်ဖွဲ့စည်းမယ် ၊ မြို့နယ်အဆင့်က စိစစ်ချက်ကို
တိုင်းကိုတင်ပြမယ် ၊ တိုင်းက တစ်ဆင့် အစိုးရအဖွဲ့ကို
တင်ပြမယ်" လို့ ဦးမြတ်သူက ပြောပါတယ် ။

ယခင်နှစ်က ထွက်ရှိခဲ့တဲ့ အိမ်ခြံမြေအခွန်ရာဖြတ်ဈေးနှုန်း
တွေဟာ ကာလပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်းကနေ
၃၀ ရာခိုင်နှုန်းအထိ များနေလို့ အိမ်ခြံမြေလုပ်ငန်းရှင် အချို့က
ဝေဖန်သုံးသပ်ခဲ့ပါတယ် ။

***

၃။ "မော်တော်ယာဉ် ရောင်းခြင်းမှရသည့် အမြတ်ငွေ
တစ်လအတွင်း အခွန်ဆောင်ရမည်"

မော်တော်ယာဉ် ရောင်းချခြင်း၊ လဲလှယ်ခြင်းနှင့် လွှဲပြောင်းခြင်းတို့
ပြုလုပ်ရာမှ ရရှိသည့် အမြတ်အစွန်းများကို ထိုသို့ ဆောင်ရွက်
သည့်ရက်မှ တစ်လအတွင်း သက်ဆိုင်ရာ အခွန်ရုံးများတွင်
အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ
ဦးစီးဌာနက ထုတ်ပြန်သည်။

အခြေပြပစ္စည်းမှ မြတ်စွန်းငွေဆိုင်ရာ ဝင်ငွေခွန် စည်းကြပ်ခြင်း
ဆောင်ရွက်နိုင်ရန်အတွက် မိမိမော်တော်ယာဉ်ကို ဝယ်ယူ၊
တင်သွင်းရာတွင် အသုံးပြုသည့် ငွေကြေးအပေါ် ကြိုတင်
ဝင်ငွေခွန် ဦးစွာပေးဆောင်ထားရန် လိုအပ်ကြောင်း အဆိုပါ
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်တော်ယာဉ် ရောင်းချမှုအပေါ် အခွန်ဆိုင်ရာ ကိစ္စများ
ရှင်းလင်းဆောင်ရွက်ပြီးသည့်အခါ သက်ဆိုင်ရာ အခွန်ရုံးက
ထုတ်ပေးသည့် အခွန်တောင်းခံလွှာ၌ မော်တော်ယာဉ်
ရောင်းချမှုအတွက် သတ်မှတ်တန်ဖိုး၊ ရောင်းချသည့်နေ့ ပါရှိခြင်း
ရှိ၊ မရှိ စိစစ်ရယူရန် လိုအပ်ကြောင်း ပြည်တွင်းအခွန်များ
ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

*** အဆိုပါ အခွန်တောင်းခံလွှာပါ မော်တော်ယာဉ် သတ်မှတ်
အရောင်း တန်ဖိုးမှ ကျသင့်အခွန်ကို နုတ်ဖယ်ရရှိသည့်
တန်ဖိုးသည် နောင်ဝယ်ယူမည့် မော်တော်ယာဉ်အတွက်
ဖြစ်စေ၊ အိမ်၊ ခြံ၊ မြေအတွက် ဖြစ်စေ ဝင်ငွေရလမ်း
တင်ပြနိုင်သည့် ဝင်ငွေ (ငွေဖြူ) အဖြစ် သတ်မှတ်မည်
ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ***

အခွန်များစွာ ပေးဆောင်စေခြင်းကြောင့် မော်တော်ယာဉ်
လုပ်ငန်းရှင်များ အနေနှင့် အခွန်ကို ဝန်ထုပ်ဝန်ပိုးတစ်ရပ်သဖွယ်
ထင်မြင်သွားစေနိုင်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်၍ Free Permit
မော်တော်ယာဉ်များ တင်သွင်းမည် ဆိုပါက ကြိုတင်ဝင်ငွေခွန်
ပေးဆောင်ရမည် ဖြစ်သည်။

credit - Kumudra News / The Voice

No comments:

Post a Comment