Tuesday, July 19, 2016

“ရန်ကုန်၊ မန္တလေး အိမ်ခြံမြေဈေးကွက် အခြေအနေ”

“ရန်ကုန်၊ မန္တလေး အိမ်ခြံမြေဈေးကွက် အခြေအနေ”   

၁။ "အိမ်ခြံမြေဈေးကွက် အကျဈေးဖြင့် အရောင်းအ၀ယ်
ဖြစ်နေ"

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အချိန်ကြာမြင့်စွာ အေးစက်
နှေးကွေးနေခဲ့ရာမှ ဇူလိုင်လဆန်းပိုင်းအတွင်း အကျဈေးနှုန်း ဖြင့်
အရောင်းအ၀ယ်များ ပြန်လည်ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များထံမှ သိရသည်။

“ဒီရက်ပိုင်းအတွင်း ဒဂုံလေးမြို့နယ်မှာ အ၀ယ်လိုက်လာတယ်။
လာကြည့်ကြတဲ့သူလဲများတယ်။ ဘာကြောင့် အ၀ယ်တွေ
ပြန်လိုက်လာတာလည်း ဆိုတာကိုတော လေ့လာနေတယ်။
အိမ်ခြံမြေ ဈေးနှုန်းက မတက်ဘူး။ အကျဈေးနဲ့ပဲ
အရောင်း အ၀ယ် ဖြစ်နေတာ”ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ
လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုင်းခွန်နောင်က ပြောသည်။

ယခုရက်ပိုင်းအတွင်း အရောင်းအ၀ယ်ဖြစ်ပေါ်နေသည့် နေရာမှာ
ဒဂုံလေးမြို့နယ်ဖြစ်သည့် အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ် ကမ်း
နှင့် တောင်ဒဂုံ စသည့်နေရာတို့တွင် အ၀ယ်ရှိနေပြီး ၀ယ်ယူရန်
လာရောက် လေ့လာနေသူများလည်း များလာ ကြောင်း
သိရသည်။

ဒဂုံမြို့သစ် လေး မြို့နယ်တွင် အခြေစိုက်လုပ်ကိုင်နေသည့်
တူးဆဲဗင်းနိုင်း အိမ်ခြံမြေ အကျိုးဆောင်မှ ကိုဖိုးရှမ်းကလည်း
“အရောင်းအ၀ယ် ပြန်လှုပ်တာ မကြာသေးဘူး။ ဒီလအတွင်း
ဖြစ်တာ။ တနှစ်ကျော်နေပြီ ဈေးကွက်က ငြိမ်နေတာ။ အခု
အရောင်း အ၀ယ် ဖြစ်နေတဲ့ပုံစံက အောက်ဈေးတွေနဲ့
ဖြစ်နေတာပါ”ဟု ပြောသည်။

အရောင်းအ၀ယ် ဖြစ်ပေါ်သည့် အနေအထားတွင်
အိမ်ခြံမြေများတွင်သာ အရောင်းအ၀ယ် ဖြစ်ပေါ်နေသည်သာ
မဟုတ်ဘဲ ဒဂုံဆိပ်ကမ်းကဲ့သို့သောနေရာမျိုးတွင်
မြေကွက်များပါ လိုက်ပါ၍ အ၀ယ်လိုက်နေခြင်း ဖြစ်ကြောင်း
သိရသည်။

အိမ်ခြံမြေဈေးကွက်တွင် ယခင်က သိန်း ၃၀၀ သိန်း ၄၀၀ တန်ဖိုး
ဖြစ်ပေါ်ခဲ့သည့် နှုန်းထားများကို သိန်း ၁၅၀ သိန်း ၂၀၀ ဖြင့်
ထက်ဝက်ဈေးနှုန်းဖြင့် အရောင်းအ၀ယ်ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ဒုတိယဥက္ကဌ
ဦးသန်းဦးက
“ အခု ဖြစ်နေတဲ့ပုံစံက အိမ်ခြံမြေဈေးကွက် တခုလုံးကို
လာဖြစ်နေတာ မဟုတ်ဘူး။ နေရာရယ် ဈေးနှုန်းရယ် ကွက်ပြီး
အရောင်းအ၀ယ်ဖြစ်ပေါ်နေတာ။ ပါမစ်မြေကွက်တွေ
အရောင်းအ၀ယ် ဖြစ်နေတယ်။ ဘာကြောင့် ဆိုတာ
ပြောရခက်တယ်”ဟု ပြောသည်။

အိမ်ခြံမြေဈေးကွက်သည် ၂၀၁၅ ခုနှစ် နှစ်လယ်ခန့်မှ စတင်ပြီး
အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်အေးစက်နေပြီး
ယခုအစိုးရသစ်လက်ထက်တွင်လည်း တန်ဖိုးနည်းအိမ်ယာ
များကို တည်ဆောက်ပြီး ရောင်းချပေးမည့် အစီအစဉ်များ
ထွက်ပေါ်လာနေသည့်အတွက် ဈေးကွက်မှာ လှုပ်ရှားမှု
မရှိသလောက် ငြိမ်သက်မှု ရှိခဲ့သည်။

လတ်တလော အိမ်ခြံမြေဈေးကွက် အေးစက်နေချိန်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အထပ်မြင့်
အဆောက် အအုံများကို ယခုအသစ်တက်လာသည့် အစိုးရ
လက်ထက်တွင် ပြန်လည်စစ်ဆေးရန် ရပ်ဆိုင်းထားရန်
အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

“အိမ်ခြံဈေးကွက်က အရောင်းအ၀ယ် လည်ပတ်နေဖို့လိုတယ်။
အိမ်ခြံမြေအရောင်းအ၀ယ် လည်ပတ်နေမှ သူနဲ့ဆက်စပ် နေတဲ့
ကွင်းဆက်လုပ်ငန်းတွေဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း
တည်ဆောက်သူ ၊ တင်သွင်းသူများပါ အဆင်ပြေနိုင်မယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုက ဘဏ်တွေကနေ
ငွေချေးယူပြီး လုပ်ကိုင်နေကြတာဆိုတော့ ရိုက်ခတ်မှု
ရှိနိုင်တယ်”ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ
အသင်း ဥက္ကဌ ဦးစိုင်းခွန်နောင်က ပြောသည်။

(မေစိုးစံ)

***

၂။ "မန်းအိမ်ခြံမြေဈေးကွက် အရင်နှစ်ကထက် အငှားသွက်"

အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား ရာသီအစ မန္တလေးအိမ်ခြံမြေ
ဈေးကွက်မှာ အချက်အချာနေရာတွေက နေရာကျယ်ဝန်းတဲ့
အိမ်ခြံမြေတွေ အငှားသွက်နေတယ်လို့ အကျိုးဆောင်လုပ်ငန်း
အချို့က သိရပါတယ်။

ဇွန်၊ ဇူလိုင်လဆန်းကနေ နိုဝင်ဘာ၊ဒီဇင်ဘာလအထိ ကာလ
တွေဟာ မန္တလေးအိမ်ခြံမြေ ရောင်း၊ဝယ်၊ ငှားဈေးကွက်ရဲ့
ရာသီဖြစ်ပြီး ရာသီအစမှာပင် အရင်နှစ်ကထက် မန္တလေး
အိမ်ခြံမြေအငှားသွက်နေတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်
အချို့က ဆိုပါတယ်။

ဈေးကွက်ကောင်းတယ်
=============

"အငှားဈေးကွက်ကကောင်းတယ်၊ အငှားဈေးတွေကတတ်တယ်၊
လမ်း(၃၀)၊ ၃၅လမ်း၊ သိပ္ပံလမ်း အဲ့ဒီနေရာတွေကမြေကွက်
ကျယ်ကျယ်တွေအလုပ်ဖြစ်တယ်။အဓိကကားရှိုးရွမ်းတွေ၊
ဆိုင်ကယ်ရှိုးရွမ်းတွေတွေက ငှားတာများတယ်၊ သူတို့ကတော့
ရှိုးရွမ်းလဲပါမယ်၊ အခြားဝပ်ရှော့လိုမျိုးတွေလဲပါတော့
မြေနေရာကြီးကြီးလိုချင်တာ" လို့ ဖိုးလမင်းအိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ပြောပါတယ်။

မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ လမ်း ၃၀၊ ၃၅လမ်း၊
၆၂၊ ၇၈လမ်းနဲ့ သိပ္ပံလမ်းပေါ်က မြေကွက်အကျယ်တွေ
အငှားသွက်နေတယ်၊ အခြားနေရာတွေရှိ မြေကွက်အသင့်အတင့်
ကျယ်ဝန်းတဲ့ နေရာတွေမှာလဲ အငှားဈေးကွက် ကောင်းမွန်
နေတယ်၊ အဓိက ပြည်ပက စီးပွားရေးလုပ်ငန်းတွေ၊ ပြည်ပကုမ္ပဏီနဲ့
ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းကုမ္ပဏီ
တွေက ငှားရမ်းတာများတယ်လို့ အကျိုးဆောင်အချို့ထံက
သိရပါတယ်။

"နိုင်ငံရေးစနစ်က အပြောင်းအလဲ ဖြစ်နေပြီ၊ စစချင်း
ပြောင်းလဲခါစကတော့ သွေးတိုးစမ်းတဲ့ သဘောပါပဲ၊ ဝင်လာတာ၊
တဖြည်းဖြည်း ယုံကြည်မှုရလာတော့ မျှော်လင့်ချက်ပိုပြီးတော့
ကောင်းလာတယ်၊ ယုံကြည်ချက် ပိုတိုးလာတဲ့အချိန်မှာ
စီးပွားရေးသမားက ပိုပြီးတော့ ရင်းနှီးမြှုပ်နှံချင်တဲ့ သဘော၊
ဒီရက်ပိုင်းမှာတော့ အလုပ်တွေဖြစ်တယ်၊ ဧကကွက်တွေ
အငှားဖြစ်တယ်" လို့ အကျိုးဆောင် ဦးမျိုးကျော်က
ပြောပါတယ်။

အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်ရာ ရပ်ကွက်တွေ
မှာလည်း အိမ်အငှားသွက်နေပြီး ငှားရမ်းခနှုန်းထားတွေဟာ
ပြီးခဲ့တဲ့ ၂၀၁၅ခုကထက်စာရင် မြင့်တတ်လာတယ်လို့
မြို့ခံအိမ်ခြံမြေအငှား အကျိုးဆောင်အချို့က ပြောပါတယ်။

"နှုန်းထားတွေလည်းတက်"
===============

ချမ်းအေးသာစံမြို့နယ်က ယာဉ်ပျံ၊ ရွှေယာဉ်မွန်၊ ကျန်းမာရေး၊
အောင်မြေသာစံမြို့နယ်က နန်းဦးလွင်၊ ဘူးကုန်း၊ သရက်ကုန်း၊
ပုသိမ်ကြီးမြို့နယ်က မဲခင်းကုန်း၊ ကျွဲရေကုန်း စတဲ့
ရပ်ကွက်တွေက အိမ်ငှားခတွေ မြင့်တတ်လာတာဖြစ်ပါတယ်။

"တတ်တာတော့ အကုန်လုံးကိုတတ်တာ၊ ဥပမာ အရင်တစ်လ
အိမ်ငှားရမ်းခကျပ် တစ်သိန်းတန်လောက်က အခုလက
ကျပ် ၁၃၀,၀၀၀ လောက်တတ်တယ်၊ အိမ်အခြေအနေ၊
လမ်းအနေအထား အဲ့ဒါတွေပေါ်မှာ အနည်းဆုံး ၁၀,၀၀၀
လောက်ကနေ နှစ်ဆလောက်အထိ တတ်တာရှိတယ်" လို့
အိမ်ခြံမြေ အငှားပွဲစား မစိုးခိုင် က ပြောပါတယ်။

သွားရေးလာရေး လွယ်ကူအဆင်ပြေတာ၊မြို့တွင်းအချက်အချာ
ကျတဲ့ နေရာတွေနဲ့ မနီးမဝေးမှာ ရှိတာ၊ မြို့တွင်းအိမ်အငှား
ဈေးနှုန်းတွေနဲ့ယှဉ်ရင် အိမ်ငှားရမ်းခနှုန်းထား အဆမတန်
သက်သာတာ စတာတွေကြောင့် အဲ့သည်ရပ်ကွက်တွေမှာ
အိမ်ငှားနေထိုင်လိုသူတွေ ပိုမိုများပြားလာပြီး နောက်ပိုင်း
အိမ်ငှားရမ်းခနှုန်းထားတွေ အခုလို မြင့်တတ်လာတာ
ဖြစ်တယ်လို့ သိရပါတယ်။

***

၃။ "မြို့ပြင် သိန်း (၁ဝဝ) အောက် မြေကွက်များ
အဝယ်လိုက်လာ"

လက်ရှိအနေအထားအရ အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေဆဲ
ဖြစ်သော်လည်း မြို့ပြင်ရှိ ကျပ်သိန်း ၁ဝဝ အောက်မြေကွက်များ
အဝယ်လိုက် လာပြီး အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း
အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

''အရောင်းဘက်မှာ ဒဂုံအရှေ့ နဲ့ ဒဂုံဆိပ်ကမ်းဘက်က
အကွက်ရိုက်မြေကွက်တွေကို အရောင်းပြန်တင်လာကြတယ်။
ဒီမြေကွက် တွေက တချို့နေရာတွေမှာဆို သိန်းဆယ် ဂဏန်း
လောက်ပဲရှိတော့ သိန်း ၁ဝဝ အောက်မြေကွက်တွေဆိုပြီး
အရောင်းပြတာတွေရှိတယ်။ အဝယ်လဲရှိလာပါတယ်''ဟု
ဒဂုံဆိပ်ကမ်းမြို့ နယ်မှ အိမ်ခြံမြေအကျိုးဆောင်
ဦးကြည်ထူးအောင်က ပြောသည်။

အဆိုပါမြေကွက်အများစုမှာ လက်ရှိတွင် အကွက်ရိုက်ပြီး
ပြန်လည်ရောင်းချသည့် စလစ်နှင့် ပါမစ်မြေများဖြစ်ပြီး
အများစုသည် မြေကွက်ထက် လယ်မြေကဲ့သို့ သွားလာရန်
ခက်ခဲသည့် မြေကွက်များပြားကြောင်း၊ တချို့မြေကွက်များသည်
လျှပ်စစ်မီတာရရှိသော် လည်း တချို့မြေကွက်နေ ရာများမှာ
လမ်းဖောက်ထားရုံသာရှိသေးသည့် နေရာများလည်း
ပါဝင်နေကြောင်း သိရသည်။

ယင်းမြေကွက်အများစုမှာ ယခင်က ကျေးရွာ များဖြစ်ပြီး
ယခုနောက်ပိုင်းတွင် ရပ်ကွက်နာမည်ပေးထားသော မြို့နယ်
အသစ်များဖြစ် ကြောင်း သိရသည်။

သို့သော် ပေ၂ဝ x ပေ ၆ဝ အကွက်များရှိသလို ဝယ်သူစိတ်ကြိုက်
အကျယ်အဝန်းသတ်မှတ်ပြီး ဝယ်ယူနိုင်သည့် မြေနေရာများရှိ၍
အရောင်းအဝယ်ဖြစ်ထွန်းနေကြောင်း သိရသည်။
မြေကွက်တန်ဖိုးမှာ ကျပ် သိန်း ၆ဝ ခန့်မှ သိန်း ၉ဝ ဝန်းကျင်အထိ
မြေနေရာနှင့် ရပ်ကွက်အလိုက် ကွာခြားမှုရှိကြောင်း သိရသည်။

ဝါရင့်ရှေ့နေဦးဌေးက
''တချို့မြေတွေရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေက စလစ်နဲ့
ပါမစ်မြေတွေ ဖြစ်ပေမယ့် တချို့နေရာတွေကျ တော့
လယ်မြေတွေဖြစ်တာကြောင့် ဝယ်ယူသူတွေအနေနဲ့
သတိပြုသင့်ပါတယ်။ လယ်မြေကိုတော့ လက်ရှိအချိန်အထိ
လူနေအိမ်ဆောက်လုပ်ဖို့မရနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်
နေတာလဲရှိတယ်''ဟု သုံးသပ် ပြောဆိုသည်။

credit - Irrawaddy Publishing Group / Mordern
& Yangon Life

No comments:

Post a Comment