Sunday, June 25, 2017

"ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ပြင်ဆင်ခြင်း ဆိုင်ရာ ဥပဒေ သိမှတ်ဖွယ်ရာ"

"ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ပြင်ဆင်ခြင်း
ဆိုင်ရာ ဥပဒေ သိမှတ်ဖွယ်ရာ"


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အမိန့်
ကြေညာစာအမှတ် ၉/၉၉ ဖြင့် ထုတ်ပြန်ထားသော
အဆောက်အအုံဆိုင်ရာ နည်းဥပဒေ အပိုဒ် ၂(ဂ) တွင်
အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်း ဆိုသည်မှာ
အဆောက်အအုံတစ်ခုခုကို အ သစ်ဆောက် လုပ်ခြင်း၊
တိုးချဲ့ ဆောက်လုပ်ခြင်း၊
အကြီးစား သို့မဟုတ် အသေးစား ပြင်ဆင်ခြင်း သို့မဟုတ်
ခြံစည်းရိုးကို မည်သည့် ပစ္စည်းဖြင့် ဖြစ်စေ ကာရံခြင်း၊
ဖြိုချက်ခြင်းတို့ကို ဆိုလိုသည်ဟု ဖော်ပြထားပေသည်။

ထို့ပြင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ အပိုဒ် (၇၆)
တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်
နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်း
လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပေသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၂၈) တွင်
မည်သူမဆို ဤဥပဒေ ထုတ်ပြန်သည့် နည်းဥပဒေတစ်ရပ်ရပ်
ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်
ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို
ထောင်ဒဏ် (၁) နှစ်အထိဖြစ်စေ၊ ငွေဒဏ် ငါးသောင်းထိ
ဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရမည်ဟု
ဖော်ပြထားသည်။

ဤသည်နှင့် ပတ်သက်၍
''ဒေါ်ကျင်လှနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ (၂ဝဝ၉) ခုနှစ်
မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၁) အမှုမှာ
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ စည်ပင်သာယာ တရားရုံး
တွင် တရားခံ ဒေါ်ကျင်လှ အပေါ် ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ဥပဒေပုဒ်မ (၂၈) အရ ငွေဒဏ် သုံးသောင်းကျပ်
ပေးဆောင်စေရန်နှင့် ငွေဒဏ်မဆောင် ပျက်ကွက်က
ထောင်ဒဏ်သုံးလ ကျခံစေရန် အမိန့်ချခဲ့သည်။
ယင်းအမိန့်ကို ဒေါ်ကျင်လှက မကျေနပ်သဖြင့် ရန်ကုန်
အရှေ့ပိုင်းခရိုင် တရားရုံး၊ ရန်ကုန်တိုင်း တရားရုံးနှင့်
တရားရုံးချုပ်သို့ ပြင်ဆင်မှု တင်သွင်းရာ အောင်မြင်မှု
မရသောကြောင့် အထူးအယူခံ ခုံရုံးသို့ အယူခံဝင်
လာသောအမှု ဖြစ်သည်။

အထူးအယူခံခုံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ
- ယခုအမှု သည် တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်၊
သမိန်ဗရမ်းလမ်း၊ အမှတ် (၄၁) နေ ဒေါ်ကျင်လှက
၎င်းပိုင်ဆိုင်သော တစ်ထပ် (ပျဉ်/အုတ်)အဆောက်အအုံ
အား နောက်ဘက်ရှိ (မီးဖိုဆောင်၊ ရေချိုးခန်း၊ အိမ်သာပါ)
အုတ်တိုက်အား ချန်လှပ်ပြီး ရှေ့ဘက်ပိုင်းရှိ တစ်ထပ်
ပျဉ်ထောင်အား ဖျက်၍ ၁၄ ပေ၊ ၆ လက်မ x ၄ဝ ပေရှိ
တစ်ထပ်တိုက် အဆောက်အအုံကို ခွင့်ပြုချက်မဲ့ တိုးချဲ့
ဆောက်လုပ်နေမှုအား စစ်ဆေးတွေ့ရှိ သဖြင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၂၈) အရ
အရေးယူပေးရန် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ
ဒေါ်စန်းစန်းတင့်က ဦးတိုက် လျှောက်ထား စွဲဆိုသော
အမှု ဖြစ်သည်။
- တာမွေမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ မြို့ နယ်
အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက အချင်းဖြစ်နေရာသို့ သွားရောက်
စစ်ဆေးခဲ့ရာ တရားခံ ဒေါ်ကျင်လှ၏ တစ်ထပ်ပျဉ်ထောင်
နေအိမ် အရှေ့ဘက်ပိုင်းအား စည်ပင်သာယာ၏ ခွင့်ပြုချက်
မရရှိဘဲ ပြင် ဆင်ဆောက်လုပ်ခဲ့ကြောင်းကို စစ်ဆေး
တွေ့ရှိ၍ ဒေါ်ကျင်လှထံ အကြောင်းကြားစာ
ပေးပို့ခဲ့ကြောင်း ထွက်ဆိုထားသည်။

- တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ (ယာ/ အုံ)
တာဝန်ခံ ဦးရဲဝင်းက ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်ကျင်လှ
သည် ၄င်းနေအိမ်၏ အနောက်ဘက် တစ်ထပ်ပျဉ်ထောင်
အရှေ့ဘက်ပိုင်းအား ဖျက်၍
အကျယ် ၁၄ ပေ၊ ၆ လက်မ x ၄ဝ ပေ တစ်ထပ်တိုက်
အဆောက်အအုံကို ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေသည်ကို
တွေ့ရ၍
အုပ်ချုပ်ရေးမှူး၏ နို့တစ်စာကို ဒေါ်ကျင်လှအား ပေးခဲ့ကြောင်း၊
လိုက်နာခြင်း မရှိ၍ ဒေါ်စန်းစန်းတင့်ထံ တင်ပြရာ
ဒေါ်စန်းစန်းတင့်က ဒေါ်ကျင်လှအပေါ် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ဥပဒေ ပုဒ်မ (၂၈) ဖြင့် တရားလို ပြုလုပ်
တရားစွဲဆိုကြောင်း ထွက်ဆိုထားသည်။

- တရားခံ ဒေါ်ကျင်လှက အခင်းဖြစ်အိမ်ကို ဆောက်လုပ်
နေစဉ် မြို့နယ်စည်ပင်သာယာရေးရုံးမှ တာဝန်ခံအရာရှိ
ဦးရဲဝင်းရောက်ရှိလာ၍ သိရှိသွားကြောင်း၊ အိမ်ပြင်ဆင်
ဆောက်လုပ်ခြင်း အပေါ် ရပ်ကွက်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီမှ ကန့်ကွက်ရန် မရှိကြောင်း
ထောက်ခံချက်နှင့် အိမ်နီးချင်းထောက်ခံချက်များကို
ဦးရဲဝင်းထံ ပေးခဲ့ကြောင်း ထွက်ဆိုသည်။

- ဦးရဲဝင်းက ရ.ယ.ကရုံး၏ အဆောက်အအုံ ဆောက်လုပ်
သည့် ထောက်ခံစာနှင့် အိမ်နီးနားချင်း ပတ်ဝန်းကျင်
ထောက်ခံစာကို ကျွန်တော့်အား ပေးခဲ့ဖူးသည်ကို မှတ်မိပါ
သလားဆိုလျှင် မမှတ်မိကြောင်း ထွက်ဆိုထားသည်။
- အိမ်နီးနားချင်းဖြစ်သူ ဦးသိန်းနိုင်က ဒေါ်ကျင်လှနှင့်
အိမ်နီးနားချင်းဖြစ်၍ဒေါ်ကျင်လှအိမ် ပြင်ဆင်ဆောက်လုပ်ရာ
တွင် ကန့်ကွက်ရန်မရှိကြောင်းစာအား ဦးမောင်မောင်သန်း
အား ပေးခဲ့သည်ဟူသော ထွက်ဆိုချက်ရှိသဖြင့် ဒေါ်ကျင်လှ
က ဦးရဲဝင်းထံ ပေးခဲ့သည်ဟူသော ထွက်ဆိုချက်နှင့်
ကွဲလွဲလျက် ရှိသည်။
သို့ဖြစ်၍ တရားခံ ဒေါ်ကျင်လှ၏ တင်ပြချက်ကို လက်ခံ
စဉ်းစားရန် မဖြစ်နိုင်ပေ။
- တရားခံ ဒေါ်ကျင်လှသည် ခွင့်ပြုမဲ့ အဆောက်အအုံကို
တိုးချဲ့ဆောက်လုပ်ခြင်းမှာ ထင်ရှားနေပြီး ရန်ကုန်မြို့တော်
စည်ပင်သာယာရေးဆိုင်ရာ နည်းဥပဒေ ပြဋ္ဌာန်းချက်များကို
ချိုးဖောက်ခြင်းဖြစ်သဖြင့် ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ဥပဒေပုဒ်မ (၂၈) ကိုကျူးလွန်ကြောင်း
ပေါ်လွင်ထင်ရှားနေသည်။

- ထို့ကြောင့် တာမွေမြို့ နယ် စည်ပင်သာယာရေးအဖွဲ့ က
တရားခံ ဒေါ်ကျင်လှအပေါ် စွဲဆိုမှုတွင် ဒေါ်ကျင်လှအပေါ်
ချမှတ်ခဲ့သော မြို့နယ်တရားရုံး၏ အမိန့်နှင့် ယင်းအမိန့်ကို
အတည်ပြုခဲ့သော တရားရုံးအဆင့်ဆင့်၏ အမိန့်မှာ
မှားယွင်းခြင်း မရှိသဖြင့် ဤအထူးအယူခံမှုကို ပလပ်ကြောင်း
အမိန့်ချမှတ်ခဲ့ပေသည်။

ဤတွင်
နောက်ဆက်တွဲ ဖြစ်ပေါ်တတ်သည်မှာ အဆောက်အအုံကို
ခွင့်ပြုချက်မရဘဲ တိုးချဲ့ ပြင်ဆင် အခိုင်အမာ ဆောက်လုပ်ခြင်း
ကြောင့် စည်ပင်သာယာရေး ဥပဒေအရ အရေးယူ အပြစ်ပေး
ခံရသူသည် 'အိမ်ငှားဖြစ်ပါက' အိမ်ရှင်မှ အိမ်ငှား၏ တာဝန်
ဖောက်ဖျက်မှုဖြင့် အိမ်နှင်လိုမှု စွဲဆိုပြီး နေအိမ်မှ ဖယ်ရှားခြင်း
ခံရတတ်ပါသည်။

အလားတူပင်
တိုက်ခန်း များတွင်လည်း သက်ဆိုင်ရာမှ ခွင့်ပြုချက်နှင့် မြေရှင်
(အိမ်ရှင်) တို့၏ ခွင့်ပြုချက် မရှိဘဲ တိုက်ခန်း အတွင်း တိုးချဲ့
ပြင်ဆင်ပါက မြေရှင် (အိမ်ရှင်) တို့မှ အိမ်နှင်လိုမှု စွဲဆိုခွင့်
ရှိသွားမည် ဖြစ်သည်။

ဤသည်နှင့် ပတ်သက် ၍
'ဒေါ်အမာနှင့် ဦးကျော်ဝင်း (၄င်း၏ ကိုယ်စားလှယ် ဒေါ်ခင်နွဲ့)
၁၉၉၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၂၁၆)'
အမှု မှာ
- ရန်ကုန်တိုင်း၊ ကျောက်တံတား မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊
မဟာဗန္ဓုလပန်းခြံလမ်း၊ အမှတ် (၂၈၅) ဟု ခေါ်တွင်သော
နှစ်ထပ်အိမ်၏ မြေညီထပ်အခန်းကို အိမ်ရှင် ဦးကျော်ဝင်းက
အိမ်ငှား ဒေါ်အမာအား ငှားရမ်းထားသည်။
- အိမ်ငှား ဒေါ်အမာသည် အိမ်ရှင်၏ ခွင့်ပြုချက် မရရှိဘဲ
တိုက်နံရံကို ဖောက်ထွင်း၍ ထပ်ခိုးပြုလုပ်သဖြင့် ဦးကျော်ဝင်းက
ဒေါ်အမာ အပေါ် အိမ်ငှားတာဝန်ဖောက်ဖျက်မှု ကျူးလွန်သည်
ဆိုကာ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ
၁၂ (၁)(က)၊ နှင့် (ဂ) တို့အရ အိမ်ခန်းမှ ဖယ်ရှား ပေးစေလိုမှု
စွဲဆိုသည်။

မြို့နယ်တရားရုံးက စွဲဆိုသည့် အမှုကို ပလပ်ခဲ့သဖြင့်
ဦးကျော်ဝင်းက ရန်ကုန်တိုင်းတရားရုံးသို့ အယူခံ ဝင်ရာ
အောင်မြင်ခြင်း မရှိ၍ တရားရုံးချုပ်သို့ ဆက်လက် အယူခံ
ဝင်ရောက်သည့်အခါ တရား ရုံးချုပ်က တိုင်းတရားရုံးနှင့် မြို့နယ်
တရားရုံးတို့၏ စီရင်ချက်နှင့်ဒီဂရီ ကို ပယ်ဖျက်၍ ဦးကျော်ဝင်း
စွဲဆိုသည့်အတိုင်း အနိုင်ဒီဂရီ ချမှတ်ပေးလိုက်သည်။

ဤတွင် ဒေါ်အမာက တရားရုံးချုပ်၏ စီရင်ချက်နှင့် အမိန့်
အပေါ် အထူးအယူခံခုံရုံးသို့ အယူခံ တင်သွင်းခဲ့ခြင်း
ဖြစ်သည်။

အထူးအယူခံခုံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ
မူလတရားလို ဦးကျော်ဝင်းက အချင်းဖြစ် ဥပစာ တည်ရှိရာ
ဒေသတွင် အိမ်ငှားက အိမ်ရှင်သဘောမတူဘဲ ထပ်ခိုး
ဆောက်လုပ်နိုင်သည့် ဓလေ့ထုံးစံမရှိကြောင်း အခိုင်အမာ
သက်သေ အထောက်အထားများ တင်ပြခဲ့သည်။

တရားပြိုင် ဒေါ်အမာက အချင်းဖြစ်ဒေသတွင် အချို့ အဆောက်
အအုံများ၌ ထပ်ခိုးများ ရှိကြောင်းသာ တင်ပြပြီး ယင်းထပ်ခိုး
များကို အိမ်ငှားများက အိမ်ရှင် သဘောတူညီချက် မရဘဲ
ဆောက်လုပ်ခြင်းဖြစ်ကြောင်း၊ တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း
မရှိပေ။

ထို့ပြင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးရုံးသို့ ခွင့်ပြုချက်
တောင်းခံခြင်းလည်း မတွေ့ရပေ။

ထို့ကြောင့် အချင်းဖြစ် ဥပစာ တည်ရှိရာ ဒေသတွင် အိမ်ငှား
က အိမ်ရှင်သဘောမတူဘဲ ထပ်ခိုးဆောက်လုပ်သည့် ဓလေ့
ထုံးစံမရှိကြောင်း ပေါ်လွင်ထင်ရှားသည်။

ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ (၁ဝ၈) တွင်
အခြားနည်း ဆန့်ကျင်သည့် ပဋိÓဉ် သို့မဟုတ် ဒေသဓလေ့
ထုံးစံမရှိလျှင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို အငှားချထား
သူနှင့် ငှားရမ်းသူတို့ သည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာ၌
အခွင့်အရေးနှင့် တာဝန်များကို အပြန်အလှန် ရရှိထမ်းဆောင်
ကြရမည်ဖြစ်ကြောင်းပြဋ္ဌာန်း ထားသည်။

ယင်းဥပဒေပုဒ်မ (၁ဝ၈) အရ အငှားချထားသူ၏ သဘောတူ
ညီချက်မရှိဘဲ ငှားရမ်းသူသည် အငှားချထားသည့် ပစ္စည်း
အပေါ် အမြဲတမ်း အဆောက်အအုံ မဆောက်လုပ်နိုင်ပေ။

ယခုအမှုတွင် အိမ်ရှင်ဦးကျော်ဝင်း၏ ခွင့်ပြုချက်မရဘဲ
ဒေါ်အမာ (အိမ်ငှား)က ဥပစာတွင် မူလမရှိသော ထပ်ခိုးဖြစ်
ပေါ်လာစေရန်အတွက် အုတ်နံရံအား ဖောက်ထွင်း၍ ယက်မ
တပ်ဆင်ခြင်း၊ သစ်သံတို့ဖြင့် ရိုက်စွဲ၍ပြုလုပ်ဆောင်ရွက်ခဲ့
ခြင်းသည်။

ဥပစာတွင် မူလက မရှိခဲ့သောအရာကို အခိုင်အမာ
တည်ဆောက်ခြင်း သဘော သက်ရောက်သဖြင့် ပစ္စည်း
လွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ (၁ဝ၈)ပါ အိမ်ငှားတာဝန်
ကိုဖောက်ဖျက်ရာ ရောက်ပေသည်။

ထို့ကြောင့် အချင်းဖြစ် ဥပစာတွင် အိမ်ငှားက ထပ်ခိုးပြု လုပ်ခဲ့
ခြင်းသည် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ (၁ဝ၈) အရ
အိမ်ငှားက တာဝန်ဖောက်ဖျက်ခြင်း ဖြစ်သဖြင့် ဦးကျော်ဝင်း
စွဲဆိုသည့် အတိုင်း အနိုင်ဒီဂရီ ချမှတ်ပေးခဲ့သော တရားရုံးချုပ်၏
အမိန့်ကို အတည်ပြုကြောင်း အထူးအယူခံခုံရုံးက
အမိန့်ချမှတ် ခဲ့ပေသည်။

ထိုအချက်များအရ အိမ်ငှားများအနေဖြင့် သက်ဆိုင်ရာ
စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြု ချက်နှင့် အိမ်ရှင်၏ ခွင့်ပြုချက်
မရဘဲ အဆောက်အအုံ တိုက်ခန်းတို့ကို တိုးချဲ့ပြင်ဆင်
'အခိုင်အမာ' တည်ဆောက်ခဲ့ပါက တရားရုံးတွင် အိမ်နှင်လိုမှု
စွဲဆိုခံရပြီး နေအိမ်မှ ဆင်းပေးရသည့်အဖြစ်မျိုး ကြုံတွေ့နိုင်
သဖြင့် သတိပြု ဆင်ခြင်နိုင်ရန် အကြံပြု ရေးသားလိုက်ပါသည်။

ထီယု ( ဥပဒေ အတိုင်ပင်ခံ )

credit - Zaygwet Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

“အေးစက်နေဆဲ အိမ်ခြံမြေ ဈေးကွက်”

“အေးစက်နေဆဲ အိမ်ခြံမြေ ဈေးကွက်”

၁။ "ဇွန်လအတွင်း အိမ်ခြံမြေ အရောင်းအဝယ် ပြန်ကျ"

အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက
"ဈေးကွက်အနေအထားကတော့ ထင်သလောက်
သိပ်အဆင်မပြေဘူး၊ အေးတိအေးစက် ပုံစံနဲ့ပဲသွားနေတယ်၊
စီမံကိန်းနေရာလေးတွေကတော့ သူ့ဟာနဲ့သူ ဖြစ်နေတယ်၊
တခြားဈေးကွက်ကတော့ အောက်ဈေးကွက်
လက်သေးတွေလောက်ပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

လတ်တလော အရောင်းအဝယ်ပိုင်းမှာ အရင်က
အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဒဂုံမြို့နယ် လေးခုအတွင်းမှာလည်း
အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရပါတယ်။

အောင်စည်ဟိန်း အကျိုးဆောင်လုပ်ငန်းက တာဝန်ရှိသူ
တစ်ဦးက
“ဒဂုံလေးမြို့နယ်က ဖြစ်တော့ ဖြစ်တယ်၊ နည်းသွားတယ်၊
အခုလောလောဆယ် ဒဂုံလေးမြို့နယ်မှာ နည်းနည်းဖြစ်တယ်၊
ဈေးကတော့ သိန်း ၈၀ဝ နဲ့ သိန်း ၁၀ဝ၀ တွေကြား
နည်းနည်း ဖြစ်နေတယ် လို့ ပြောပါတယ်။

အိမ်ခြံမြေဈေးကွက် အချိန်တိုအတွင်း  ပြန်သွက်ဖို့ မျှော်လင့်ဖို့
ခက်ခဲပေမဲ့ အိမ်ခြံမြေ ကဏ္ဍဟာ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
အဖြစ် ရှိနေတာကြောင့် တခြားစီးပွားရေးကဏ္ဍတွေ
လည်ပတ်မှုအား ကောင်းလာတာနဲ့အမျှ ပိုလျှံလာတဲ့ ငွေအား
ဟာ အိမ်ခြံမြေကဏ္ဍဘက်ကို စီးဝင်လာလိမ့်မယ်လို့
မျှော်လင့်ကြ ပါတယ်။

အကွက်အကွင်းကောင်းတဲ့ နေရာတွေက ခေါ်ဈေးများနေဆဲ
ဖြစ်ပြီးတော့ ဈေးအမြင့်တန်းတွေက အရောင်းအဝယ် ပိုအေး
နေဖို့ များတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီ က
သိရပါတယ်။

(မေသက်)

*****

၂။ "ဝါတွင်းကာလ နီးကပ်လာခြင်းကြောင့် ရန်ကုန် အိမ်ခြံမြေ
ဈေးကွက် အေးစက်နေ"

ဝါတွင်းကာလ နီးကပ်လာခြင်းကြောင့် ရန်ကုန်အိမ်ခြံမြေ
ဈေးကွက်အတွင်း အရောင်းအဝယ်များနှင့်အတူ အခန်းငှားရမ်း
မှုများအေးစက်နေကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ
ဝန်ဆောင်မှုအသင်း (ဗဟို) မှ သိရသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုလျော့ကျလာ
ခြင်းနှင့်အတူ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများအရ ဝါတွင်းကာလ
အတွင်း အိမ်ရာပြောင်းရွှေ့ခြင်းများကို လုပ်ကိုင်ခြင်းမရှိခြင်း
ကြောင့် ဈေးကွက်အိမ်ခြံမြေ အရောင်းအဝယ်များအပြင်
အငှားဈေးကွက်ပါ အေးစက်သွားခြင်းဖြစ်ကြောင်း
အကျိုးဆောင်လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန် ဆောင်မှုအသင်းမှ အထွေထွေ
အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က
''အိမ်ခြံမြေအရောင်းအဝယ်က ၂ဝ၁၄ ခုနှစ် နိုဝင်ဘာတည်းက
စတင်အေးစက်ခဲ့တယ်။ ၂ဝ၁၅ ခုနှစ်မှာရွေးကောက်ပွဲကြောင့်
ရင်းနှီးမြှုပ်နှံသူတွေ စောင့်ကြည့်ဆဲကာလဖြစ်ခဲ့တယ်။
၂ဝ၁၆ မှာ ကောင်းမလိုလိုနဲ့ အခွန်ဈေးနှုန်းအပြောင်းအလဲ
ကြောင့် ပြန်အေးစက်ခဲ့တယ်။
အခု ၂ဝ၁၇ က ပြီးခဲ့တဲ့နှစ်ထက်တောင် အေးစက်နေတယ်။
ဝါတွင်းရောက်ရင်တော့ မြန်မာလူမျိုးတွေရဲ့အယူအရ အပြောင်း
အရွှေ့မပြုလုပ်ကြတဲ့အတွက် အိမ်ခြံမြေ အရောင်းအဝယ်က
ပိုမိုအေးစက်လာနိုင်ပါတယ်'' ဟု ဒီမိုကရေစီတူဒေးသို့
ပြောသည်။

ဝါတွင်းကာလအတွင်းနေထိုင်ရာ မပြောင်းရွှေ့ခြင်းသည်
မြန်မာလူမျိုးများ၏ ယုံကြည်ရာဓလေ့ထုံးစံ တစ်ခုဖြစ်ပြီး
ယင်းကာလအတွင်း နှစ်စဉ်အိမ်ခြံမြေဈေးကွက်တွင်
အရောင်းအဝယ်အေးစက်ရုံသာမက ငှားရမ်းမှုမှာလည်း
လျော့နည်းလာကြောင်း သိရသည်။

အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဒေါ်သီတာက
''ဝါတွင်းမှာ တော် တော်များများ အရောင်းအဝယ်ရော အငှားပါ
မလုပ်ကြဘူး။ တချို့တလေတော့ မိုးတွင်းကျမှ ဝယ်ယူ ငှားရမ်း
တာတွေလုပ်ကြတယ်။ သူတို့သဘောထားကြတော့
ဒီအချိန်မှာဝယ်ယူမယ့် အိမ်ကိုဈေးကောင်းနဲ့ ရနိုင်မယ်။
မြေအနေအထား အနိမ့်အမြင့် ရေစီးဆင်းမှု၊ အိမ်အနေအထား
ဥပမာ - မိုးယိုနိုင်တဲ့အခြေအနေတွေကို သိနိုင်တယ်။
ဒါကတချို့တလေပါ။ အများစုကတော့ အရောင်းအဝယ်အငှား
မလုပ်ကြဖူး။ မဖြစ်မနေပြောင်းရမယ့်သူတွေလောက်သာ
ပြောင်းရွှေ့လုပ်ကြတာများပါတယ်'' ဟု ပြောသည်။

လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ပြည်တွင်းရင်းနှီးမြှုပ်နှံ
သူများ၏ ရင်းနှီးမြှုပ်နှံမှု လျော့ကျလာသည့်အပြင် ပြည်ပရင်းနှီး
မြှုပ်နှံသူများ ဝင်ရောက်လိုသော်လည်း ခိုင်မာသော ဥပဒေ
တစ်ရပ်ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့်အတွက် ပြည်ပရင်းနှီး
မြှုပ်နှံမှုမှာလည်း လျော့နည်းလျက်ရှိကြောင်း သိရသည်။

*****

၃။ "ကန်ထရိုက်တိုက်ခန်းများ အရောင်းအဝယ်ကျဆင်း"

ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ ဆောက်လုပ်
ရောင်းချသော ကန်ထရိုက်တိုက်ခန်းများသိသိသာသာ
အရောင်းအဝယ် ကျဆင်းနေကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။

လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချသော ကန်ထရိုက်တိုက်ခန်း
များမှာ လက်ရှိအချိန်တွင် အရောင်းအဝယ်သိသာစွာ
အေးလျက်ရှိပြီး ပုဂ္ဂလိက ဘဏ်များမှ အရစ်ကျစနစ်များဖြင့်
တစ်ဆင့်ရောင်းချပေးမှသာဈေးကွက် ပြန်လည် ကောင်းမွန်နိုင်
ကြောင်း အာရှဆောက်လုပ်ရေး လုပ်ငန်းမှ
အထွေထွေမန်နေဂျာဦးရန်အောင်က ပြောသည်။

''အိမ်ခြံမြေဈေးကွက် ကျဆင်းလာတာနဲ့အတူ တိုက်ခန်းတွေ
ကို ရင်းနှီးမြှုပ်နှံဖို့ထက် နေထိုင်ဖို့သာဝယ်ယူလိုသူတွေ များပြား
လာပြီး တိုက်ခန်းအရောင်းဈေးကွက် ကျဆင်းလာပါတယ်။
တိုက်ခန်းအရောင်းဈေးကွက် အေးစက်နေပါတယ်'' ဟု
၎င်းက ပြောသည်။

ထို့ပြင် အစိုးရက အကောင်အထည်ဖော် ရောင်းချနေသော
တန်ဖိုးနည်းအိမ်ရာများကြောင့်လည်း လက်ငင်းငွေချေ ဝယ်ယူ
ရသော တိုက်ခန်းများကို ဝယ်ယူမှု သိသာစွာ နည်းပါးသွားခြင်း
ဖြစ်ကြောင်း ၄င်းက ပြောသည်။

''နှစ်ရှည်အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးနေတဲ့ အစိုးရရဲ့
တန်ဖိုးနည်း အိမ်ရာတွေ အကောင်အထည်ဖော် ရောင်းချမှု
များပြား လာတာတွေကြောင့်လည်း လက်ငင်းငွေချေ ဝယ်ယူ
ရတဲ့ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရောင်းချတဲ့
တိုက်ခန်းတွေက သိသိသာသာ ဈေးကွက်အေးစက်
လာပါတယ်'' ဟု ၄င်းက ပြောသည်။

အစိုးရ အကောင်အထည်ဖော်ဆောက်လုပ်သော အရစ်ကျ
အိမ်ရာများအတွက် ဘဏ်တိုးနှုန်းမှာ မြင့်မားနေဆဲဖြစ်သော်
လည်း အရစ်ကျ ငွေစသွင်းသည့်အချိန် ကစတင်ကာ
တိုက်ခန်းတွင်နေထိုင်ခွင့်ရရှိခြင်းကြောင့် အိမ်ငှားနေထိုင်
နေရသူများက အစိုးရ အရစ်ကျ အိမ်ရာများကိုသာဝယ်ယူလာ
ကြကြောင်း မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်းမှ
ဒါရိုက်တာ ဦးအောင်မင်း က ပြောသည်။

''နေထိုင်ဖို့အတွက်ပဲ အိမ်ရာဝယ်ယူလိုသူတွေပဲ အိမ်ဝယ်ယူမှု
များပြားလာပြီး အိမ်ပိုင် မရှိသေးတဲ့သူတွေကလည်း အရစ်ကျ
စနစ်နဲ့ ငွေပေးသွင်းနိုင်တဲ့ အစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာတွေ
ကိုပဲ ဝယ်ယူမှု များပြားလာပါတယ်။
အရစ်ကျအိမ်ရာတွေအတွက် နှစ်စဉ် ဘဏ်တိုးနှုန်းကများပြား
နေဆဲဖြစ်ပေမဲ့ အိမ်ရာဝယ်ယူဖို့  ၃ဝ ရာခိုင်နှုန်း လောက်
ငွေပေးသွင်းပြီးတာနဲ့ နေထိုင်ခွင့်ပြုတာတော့ ဝယ်ယူသူတွေ
အတွက် အဆင်ပြေတာပေါ့'' ဟု ၄င်းက ပြောသည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
ဆောက်လုပ်ရောင်းချသောကွန်ဒို မဟုတ်သော တန်ဖိုးသင့်
တိုက်ခန်းများအတွက် အရစ်ကျစနစ်ဖြင့် ရောင်းချနိုင်ခြင်း
နည်းပါးခြင်းကြောင့် အရောင်းဈေးကွက် သိသိသာသာ
ကျဆင်းနေကြောင်း ဦးရန်အောင်ကပြောသည်။

''ပြည်တွင်းဘဏ်တွေကလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်
တွေနဲ့ ပူးပေါင်းပြီး ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေကိုသာ
အရစ်ကျနဲ့ ငွေချေးပေမဲ့ တန်ဖိုးသင့်တိုက်ခန်းတွေဖြစ်တဲ့
သိန်း ၂ဝဝ ဝန်းကျင်တန် တိုက်ခန်း ဝယ်ယူသူတွေကို ချေးငွေ
ပေးတာ မရှိသလောက်ပါပဲ။ အရစ်ကျ ရောင်းပေးတာတွေ
နည်းတာကြောင့်လည်း ကန်ထရိုက် တိုက်ခန်းတွေ
အရောင်းအဝယ်ကျတာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

သို့သော် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး
ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီး
မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက တိုက်ခန်းအရောင်း
အဝယ်ဈေးကွက် ပြန်လည် ကောင်းမွန်လာမည်ဖြစ်ကြောင်း
ဦးရန်အောင်က ပြောသည်။

''ဒီနှစ်မှာ အိမ်ခြံမြေကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းမွန်တဲ့
အပြောင်းအလဲတချို့ကိုစတွေ့ရတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့
သုံးနှစ်လောက်ကတည်းက ကျဆင်းခဲ့တဲ့ အိမ်ခြံမြေဈေးကွက်
ပြန်လည်ကောင်းမွန်ဖို့ ဒီနှစ်က အရှိန်ယူတဲ့နှစ် ဖြစ်နိုင်
ပါတယ်။
ပြီးခဲ့တဲ့နှစ်ကအိမ်ခြံမြေကဏ္ဍ သိသိသာသာ ကျဆင်းခဲ့တော့
ဒီနှစ် ချက်ချင်း ဈေးကွက်ပြန်တက်ဖို့ ခက်ပါတယ်။
လာမယ့်နှစ်မှာတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို
ဝင်ရောက်ပြီးဈေးကွက် ကောင်းမွန်မယ်လို့
ခန့်မှန်းရပါတယ်'' ဟု ၄င်းက ပြောသည်။

ထို့ပြင် တိုက်ခန်းအရောင်းအဝယ်ဈေးကွက် ပိုမိုကောင်းမွန်
စေရန် ပုဂ္ဂလိကဘဏ်များမှ အိမ်ရာဝယ်ယူမည့် သူများကို
အရစ်ကျ ချေးငွေပေးရန် လိုအပ်ပြီး တိုက်ခန်းဝယ်ယူသူများ
အတွက် သင့်တော်သော အိမ်ရာ ချေးငွေအတိုးနှုန်းတစ်ခုကို
သတ်မှတ်ထားသင့်ကြောင်း ဦးရန်အောင်ကပြောသည်။

''ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ တိုက်ခန်းအရောင်းအဝယ်
ဈေးကွက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပုဂ္ဂလိကဘဏ်တွေက
တိုက်ခန်းဝယ်ယူလိုသူတွေ အဆင်ပြေပြေ ဝယ်ယူနိုင်ဖို့
သင့်တော်တဲ့နှစ်ကာလတစ်ခုနဲ့ အရစ်ကျချေးငွေပေးဖို့
လိုပါတယ်။ အိမ်ရာဝယ်ယူသူတွေအတွက်အိမ်ရာချေးငွေ
အတိုးနှုန်းတစ်ခုကိုလည်း အမြန်သတ်မှတ်ဖို့
လိုအပ်နေပါပြီ'' ဟု ၄င်းကပြောသည်။

တိုက်ခန်းအိမ်ရာ ဝယ်ယူသူများကို နှစ်ရှည်အရစ်ကျစနစ်များ
ဖြင့် ချေးငွေများပေးနိုင်ရန် ဘဏ်များအနေဖြင့် စိန်ခေါ်မှုများဖြင့်
ရင်ဆိုင်နေရပြီး အရစ်ကျချေးငွေများကို ထိရောက်စွာပေးနိုင်ရန်
ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့် နှစ်ရှည်ငွေချေးခြင်း
ဆိုင်ရာ ဥပဒေများကို အစိုးရက အတည်ပြုပြဋ္ဌာန်းပေးရန်
လိုအပ်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အိမ်ရာ ချေးငွေများ
အတွက် မည်သည့်ဥပဒေမှ အတည်ပြုပြဋ္ဌာန်းထားခြင်း
မရှိသေးကြောင်း ကမ္ဘောဇဘဏ်မှ ဦးသန်းလွင်က
ပြောသည်။

(တင်ရတနာထွန်း)

credit - Kumudra Journal / Yangon Media Group
& The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

"ကား ဘယ်နားရပ်ရပါ့၊ ရန်ကုန်မြို့မှာ ကားပါကင် ဘယ်လိုရှာရပါ့"

"ကား ဘယ်နားရပ်ရပါ့၊
ရန်ကုန်မြို့မှာ ကားပါကင် ဘယ်လိုရှာရပါ့"


အဖြစ်အပျက် (၁)

ရန်ကုန်မြို့ ဗဟန်းမြို့နယ် လူနေအထပ်မြင့် တိုက်ခန်းတစ်ခုရဲ့
မြေညီထပ် ရှေ့ တည့်တည့်ကွက်လပ်မှာ ကွန်ကရစ်တုံး
အသေးတွေ ဘယ်ညာချထားပါတယ်။

အဖြူရောင်ကားတစ်စီးက အဲသည်နေရာရဲ့ရှေ့မှာရပ်လိုက်ပြီး
ကားမောင်းလာသူက ကားပေါ်ကဆင်းပြီး နေရာဦးထားတဲ့
ကွန်ကရစ်တိုင်တွေကိုရွှေ့ပြီး သူ့ရဲ့ကား
ပါကင်ထိုးလိုက်ပါတယ်။

သူ့ကားပါကင်ထိုးပြီး သိပ်မကြာခင် အချိန်မှာပဲ မြေညီထပ်
အဆောက်အအုံအတွင်းကနေ အင်္ကျီချွတ်နဲ့ လူလတ်ပိုင်း
အရွယ် အမျိုးသားတစ်ဦးက လက်ထဲမှာ တစ်စုံတစ်ရာကိုင်ကာ
ထွက်လာပြီး ကားပါကင်ထိုးသူကို  ဆဲဆိုကြိမ်းမောင်းပါတယ်။

သူကြိမ်းမောင်းနေရင်းပဲ လက်ထဲမှာ ကိုင် ထားတဲ့ပစ္စည်းနဲ့
ကားမှန်ကို ခွမ်းခနဲမြည်အောင် ခွဲချလိုက်ပါတယ်။ အဲသည်
အချိန်မှာ အဆောက်အအုံအတွင်းကနေ အမျိုးသမီးနှစ်ဦးနဲ့
အမျိုး သားကြီးတစ်ဦးထွက်လာပြီး ကားပါကင် လာထိုးသူကို
ဝိုင်းပြီးအော်ဟစ်ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်
စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒါကတော့ ဧပြီလ ၁ ရက်နေ့က ကားပါကင်နေရာလုရာ ကနေ
တစ်တိုက်တည်းမှာ အပေါ်ထပ် အောက်ထပ်နေသူ အချင်းချင်း
အငြင်းပွားမှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့မြေညီထပ်တိုက်ခန်းရှေ့တွေမှာ တိုက်ခန်းပိုင်ရှင်
တွေရဲ့ကားမဟုတ်ဘဲ ရပ်လို့မရအောင် အဲသည်လိုကွန်ကရစ်
တိုင် အသေးစားတွေ၊ ခုံတွေ၊ ကားတာယာတွေ၊ ပုံးတွေ
ချထားတာတွေ ရှိပါတယ်။

အဖြစ်အပျက် (၂)

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာဆိုရင်လည်း နေထိုင်ရာ
တိုက်ခန်းရှေ့နေရာမှာတင် သာမက မျက်နှာချင်းဆိုင်လမ်း
နေရာလွတ်ကိုပါ နေရာဦးထားပြီး ကားပါကင်အတွက်နေရာ
ပြန်ငှားတာ၊ ဈေးဆိုင်တွေကို တစ်ဆင့်ပြန်ငှားတဲ့အဖြစ်အပျက်
တွေလည်း ရှိနေပါတယ်။

နေအိမ်ရှေ့က မြေနေရာလွတ်မဟုတ်ဘဲ ခပ်လှမ်းလှမ်းနေရာ
က မြေနေရာလွတ်တွေကို ငှားရမ်းစားသူတွေက မြေညီထပ်
က တစ်ဦးတစ်ယောက်တည်းပိုင်တာမဟုတ်ဘဲ
အရင်ကတည်းက ရောက်နေတဲ့ အထပ်မြင့်မှာနေတဲ့
သူတွေကတစ်ဆင့် ပြန်ငှားတာတွေ ရှိနေပါတယ်။

သည်လိုငှားတဲ့အခါမှာ ငှားရမ်းခအနေနဲ့ တစ်လကို
ငွေကျပ် ၃၀,ဝ၀ဝ ကနေ ၅၀,ဝ၀ဝ အထိ နေရာအလိုက်
ပေးနေရတယ်လို့ သိရပါတယ်။

အဖြစ်အပျက် (၃)

အထပ်မြင့်တိုက်တွေရဲ့မြေညီထပ်တွေရှေ့ မှာ ကားပါကင်နေရာ
အတွက် သီးသန့်ငှားရမ်းတာတွေ လုပ်ကိုင်ကြပြီး အဲသည်နေရာ
ကို တခြားကားတွေ ရပ်ခွင့်မပြုဘဲ ငှားရမ်းထားတဲ့သူရဲ့ ကားကို
သာရပ်ခွင့်ပြုတာတွေလည်း ရှိပါတယ်။

ငှားရမ်းထားတဲ့သူမဟုတ်ဘဲ အခြားကားတွေ လာရောက်ရပ်တန့်
ထားပါက အိမ်ရှင်ဖြစ်သူကိုယ်တိုင် ကားမရပ်ဖို့နဲ့ ကားပါကင်က
ငှားရမ်းထားတဲ့ ကားတစ်စီးသာ ရပ်ခွင့်ပြုတယ်လို့ ပြောဆိုတာ
တွေလည်း ရှိပါတယ်။

ကား ပါကင်နေရာမှာ ရပ်ရမယ့်ကားနံပါတ် အတိအကျကို ရေးပြီး
ဆိုင်းဘုတ်ပုံစံပြုလုပ်ထားတာတွေလည်း တွေ့ရပါတယ်။

***

"နေရာဦးတယ်"

ရန်ကုန်မြို့တွင်းနေရာ လမ်းတွေထဲက အိမ်ရှေ့တွေမှာ ကားတွေ
ရပ်နားဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာ ကွန်ကရစ်တိုင်တွေ၊
ထိုင်ခုံအကျိုးအပဲ့တွေ၊ ကားတာယာကွင်းတွေနဲ့ နေရာယူ
ထားပါတယ်။

လမ်းတစ်ဖက်တစ်ချက်စီမှာ ကားတွေက နှစ်ထပ်ရပ်ထားပြီး 
လမ်းထဲကို ဝင်လာတဲ့ကားတွေက တစ်စီးနဲ့တစ်စီး ရှောင်လို့
မရသလို လူတွေကလည်း ကားတွေ ကြားထဲကနေ
လမ်းလျှောက်နေရပါတယ်။

လမ်းထဲကို ဝင်လာတဲ့ကားတွေက ခဏရပ်ဖို့ ကားပါကင်နေရာ
လွတ်တဲ့နေရာတွေမှာ ကားမရှိတာကြောင့် ကား မောင်းသူ
တွေက ကားပေါ်ကဆင်းပြီး ချထားတဲ့ပစ္စည်းတွေကို ကိုင်ကာ
နေရာရွှေ့ လိုက်ပါတယ်။

သည်လိုနေရာရွှေ့လိုက်တာနဲ့ တစ်ပြိုင်နက် မြေညီထပ်အခန်း
က နေထိုင်သူတွေ ထွက်လာပြီး သည်နေရာမှာ ကားရပ်လို့
မရကြောင်း နဲ့ ကားပါကင်က သူတို့ပိုင် ကားပါကင်ဖြစ်ကြောင်း
ပြောဆိုကြတာက အများစုကြုံတွေ့ရတဲ့ အခက်အခဲတစ်ခု
ဖြစ်နေပါတယ်။

ရန်ကုန်မြို့က တက္ကစီသမားတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးဝင်းက
"လမ်းထဲမှာ လူစောင့်ရင်းနဲ့နေရာလွတ်လို့ ခဏကားဝင်ထိုး
လိုက်တာ အိမ်ရှင်တွေက ပြေးထွက်လာပြီး ဆဲဆိုလိုက်ကြတာ
ကြားမကောင်းဘူး၊ ခဏလေးရပ်တာ တောင်မှ ပေးမရပ်ဘူး
ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ရင်စည်ပင်က ပြတ်ပြတ်သားသား
အရေးယူဖို့ လိုနေပြီ၊ စိတ်မထိန်းနိုင်တဲ့သူနဲ့တွေ့ရင်
ရိုက်ပွဲတွေ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

***

"ကားပါကင်ကြောင့် လူသတ်မှုဖြစ်"

သည်လိုကားပါကင်ပြဿနာတွေကြောင့် လမ်းမတော်မြို့နယ်မှာ
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က လူသတ်မှုအထိ ဖြစ်ခဲ့တာ၊ စမ်းချောင်း
မြို့နယ်မှာ ကားပါကင်ကိစ္စ စကားများရန်ဖြစ်ရာကနေ
အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ စကားများရာကနေ
ရိုက်နှက်မှုအထိ ဖြစ်ခဲ့ရပြီး အမျိုးသမီး က လက်ကျိုးဒဏ်ရာနဲ့
ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်။

သည်လိုပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ကားပါကင်နဲ့ပတ်သက်ပြီး
တိကျတဲ့ မူဝါဒဥပဒေတွေ ချမှတ်ထားတာ မရှိသေးတာကြောင့်
ဖြေရှင်းဖို့ ခက်ခဲတဲ့ပုစ္ဆာအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က
“လူသတ်တာတွေ၊ ဓားနဲ့ထိုး၊ တုတ်နဲ့ရိုက်တဲ့ပြဿနာတွေ ဖြစ်နေ
တာပဲ၊ စည်ပင်က ပြေလည်အောင် စီစဉ်ပေးသင့်တယ်၊
ကားပါကင်နဲ့ပတ်သက်တဲ့ ဥပဒေကလဲ မရှိသေးဘူး” လို့
ထောက်ပြပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ
နေထိုင်တဲ့ လူဦးရေ ခုနစ်သန်းကျော်ရှိပြီး ကားအစီးရေ ကတော့
ငါးသိန်းကျော်ရှိနေတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ကားအစီးရေ ကိုးသိန်းကျော်
ရှိပြီး အဲသည်အထဲကအစီးရေတစ်ဝက်ကျော်က ရန်ကုန်မြို့မှာ
ရှိနေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန
က ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။

***

"ပန်းကန်ဆေးရေနဲ့ ပက်ခံရ"

ကားပါကင်နေရာတွေမှာ ပြင်ပက ကားတွေ မရပ်အောင်
ချွန်ထက်တဲ့အရာတွေ ချထားတာ၊ ကားဘီးလေလျှော့တာ၊
ကား ဘော်ဒီမှန်တွေကို ခြစ်ရာဖြစ်အောင်လုပ်တာ၊ မှုတ်ဆေး
တွေ သုံးပြီး ကားဘော်ဒီတွေကို ဆေးတွေ ခြယ်တာ၊
ကားရှေ့မှန်တွေပေါ်မှာ ညစ်ပတ်အောင် လုပ်တာတွေကို
ကြုံတွေ့ရတာတွေလည်း ရှိနေပါတယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်တဲ့ ဦးမြင့်မောင်က
“ဒီပြဿနာတွေကို စည်ပင်ဝန်ထမ်းတွေက သိနေတာပဲ၊
စည်ပင်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ညှိနှိုင်းမှ ဖြေရှင်းလို့
ရမယ်၊ ကျွန်တော်ဆိုရင် ကားရပ်မိလို့ အိမ်ထဲကနေ
ပန်းကန်ဆေးရေတွေနဲ့ ပက်တာ ခံရဖူးတယ်”လို့
သူကြုံတွေ့ခဲ့ပုံကို ပြောပါတယ်။

***

"ကားမရှိပေမဲ့ ကားပါကင်ငှားတယ်"

တချို့နေရာတွေမှာတော့ မြေညီထပ်မှာ နေထိုင်သူတွေက
မိမိတို့ရဲ့အိမ်ရှေ့နေရာလွတ်ကို အခြားကားတွေရပ်ဖို့ ငွေကြေး
သတ်မှတ်ပြီး ကားပါကင်ကို ပြန်လည်ငှားရမ်းတာတွေလည်း
ရှိတယ်လို့ သိရပါတယ်။

တချို့ကားပါကင်နေရာတွေမှာ ကားမရပ်ဘဲ ဈေးသည်တွေကို
ဈေးရောင်းဖို့ ငှားရမ်းထားတာတွေလည်း ရှိနေပါသေးတယ်။

***

"ကားပါကင်ထိုးခွင့်မပေးရင် တိုင်လို့ရ"

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ က
ဒုတိယအင်ဂျင်နီယာဌာနမှူး (လမ်းနဲ့တံတား)
ဦးစိုးသိန်းအောင် က
လမ်းတွေမှာ ကားပါကင်နေရာဦးထားတာတွေ၊ ငှားရမ်းထား
တာတွေ တွေ့ရှိပါက မြို့နယ်စည်ပင်သာယာရေး ကော်မတီ
အုပ်ချုပ်ရေးမှူးရုံးကို အသိပေး တိုင်ကြားနိုင်ပြီး ထိရောက်စွာ
အရေးယူ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ကားရပ်ဖို့ သတ်မှတ်ထားတဲ့ပါကင် မရှိတာ ကြောင့် ကြုံရာ
နေရာတွေမှာ ဖြစ်သလို ရပ်နေရတာတွေ၊ တက္ကစီရပ်နားဖို့
နေရာတွေ သီးသန့်မရှိတာကြောင့် တက္ကစီတွေက လမ်းပေါ်
မှာပဲ အချိန်ပြည့်နီးပါး မောင်းနေရတာကြောင့် နေ့စဉ်
ကားကျပ်တာတွေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

အရင်က နေထိုင်ရာ တိုက်တွေရှေ့မှာ ရပ်ဖို့ နေရာ မရှိတဲ့
ကားတွေက ကမ်းနားလမ်းတစ်လျှောက်က နေရာတွေမှာ
အဆင်ပြေသလို ရပ်ထားခဲ့ပေမဲ့ ကမ်းနားလမ်း တစ်လျှောက်
ညဈေးတန်းကိုအကောင်အထည်ဖော်ပြီးတဲ့ နောက်မှာတော့
ရပ်ထားတဲ့ကားတွေအတွက် ကားပါကင် အခက်အခဲတွေ
တွေ့ကြုံခဲ့ရပါတယ်။

***

"မောင်နှမချင်းစကားများရ"

အဆောက်အအုံဆောက်လုပ်ဖို့ ခွင့်ပြုတဲ့အခါမှာလည်း
ကားပါကင်စနစ်ကို ဦးစားမပေးဘဲ ဆောက်လုပ်ခွင့်ပြုတာ
ကြောင့် ကားပါကင်နေရာတွေနဲ့ပတ်သက်ပြီး မောင်နှမချင်း
တွေ၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေ ကြားထဲမှာလည်း
ဆက်ဆံရေးတွေ ထိခိုက်လာရတယ်လို့ စမ်းချောင်းမြို့နယ်မှာ
နေထိုင်တဲ့ မသော်တာမျိုးက ပြောပါတယ်။

သူက
'‘မြေနေရာလွတ်ကို ကန်ထရိုက် အပ်ပြီးတော့ အိမ်ဆောက်ပြီး
မောင်နှမတွေ ခွဲယူဖို့လုပ်တာ၊ ကားမရှိတဲ့သူတွေကလဲ
ကားပါကင် နေရာကို သူတို့နဲ့လဲ ဆိုင်တယ်ဆိုပြီးတော့
ပြောကြတာ ရှိတယ်၊ ဒါတောင်အခုမှ အိမ်က ဆောက်တုန်း၊
ပြဿနာက စတက်နေပြီ”လို့ လက်ရှိကြုံ တွေ့ရပုံကို ပြောပါတယ်။

ကားပါကင်အတွက် နေရာသတ်မှတ်ချက် တိတိကျကျ
မသတ်မှတ်ထားပေမဲ့ မြေညီထပ် နေထိုင်သူအများစုကတော့
သူတို့တွေရဲ့အခန်းရှေ့က နေရာကို သူတို့ပိုင် ကားပါကင်
အဖြစ် သတ်မှတ်ထားကြပါ တယ်။

ကားမရှိတဲ့မြေညီထပ်ပိုင်ရှင်တွေကလည်း သူတို့အခန်းရှေ့က
နေရာတွေမှာ တခြားကားတွေကို အခကြေးငွေနဲ့ ငှားရမ်းပြီး
ရပ်ခွင့်ပြု တာတွေလည်း ရှိနေပါတယ်။

သည်ကားပါကင်နေရာတွေဟာ စည်ပင်ပိုင်မြေဖြစ်ပြီး တစ်ဦး
တစ်ယောက်ကိုမှ သတ်မှတ်ချထားပေးတာမျိုး မရှိဘူးလို့
ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန
(လမ်းနဲ့တံတား) ဒုတိယ အင်ဂျင်နီယာဌာနမှူး
ဦးစိုးသိန်းအောင်က ပြောပါတယ်။

သူက
“ဘယ်သူ့ကိုမှ မပေးထားဘူး၊ အဲဒီမှာ နေရာဦးလို့လဲ မရဘူး၊
နေရာဦးရင် အုပ်ချုပ်ရေးမှူးတွေက အရေးယူလိမ့်မယ်၊ ရှိတဲ့
ချထားတဲ့ပစ္စည်းတွေ သိမ်းမယ်၊ ဆိုင်းဘုတ်တွေ ချတာ၊
တာယာခွေချတာ ဆိုတာက လုပ်လို့မရဘူး လမ်းလယ်မှာ၊
မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်လို့ရတယ်၊ လမ်းထဲမှာ ကားပါကင်
က ဘယ်သူမှမပိုင်ဘူး၊ ကိုယ့်အိမ်ရှေ့ဖြစ်ပေမဲ့ ကိုယ်မပိုင်ဘူး၊
အဲဒါအများပိုင်မြေပဲ၊  စည်ပင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို
တာဝန်ပေးထားပြီးသားပါ”လို့ လက်ရှိကားပါကင်နေရာတွေနဲ့
ပတ်သက်ပြီး ရှင်းပြပါတယ်။

လမ်းတွေထဲမှာတော့ ဗီနိုင်းစနဲ့ မေတ္တာရပ်ခံချက်စာတွေ၊
သတိပေးစာတွေ တိုင်တွေမှာ ချိတ်ဆွဲထားပါတယ်။
အဲသည်သတိပေးစာ တွေထဲမှာဆိုရင်
- မော်တော်ယာဉ်နေရာဦးခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ
ဖြစ်ပေါ်ပါက နေရာဦးသူရဲ့ တာဝန်သာဖြစ်ပြီး နေရာဦးခြင်း
မပြု လုပ်ကြရန်
- မော်တော်ယာဉ်များကို သတ်မှတ်ထားတဲ့ မျဉ်းဝါစည်း
အတွင်းသာ ရပ်နားပေးဖို့၊
- အခြားကားတွေရဲ့ရှေ့မှာပိတ်ပြီး ရပ်ရတဲ့အခါ ဂီယာဖြုတ်ပြီး
ဖရီး (Free) ပြုလုပ်ပေးဖို့နဲ့
- အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အလွယ်တကူ
ဆက်သွယ်နိုင်ဖို့ မိမိကားရှေ့မှန် အောက်မှာ ဖုန်း နံပါတ်ကို
ထင်ရှားစွာ ရေးသားထားဖို့စတဲ့ အချက်တွေ ရေးသား
ဖော်ပြထားပါတယ်။

***

"အခပေးကားပါကင်စနစ်"

ရန်ကုန်မြို့မှာ ကားရပ်ရမယ့်နေရာ၊ ကားရပ်ရမယ့် ပုံစံတွေနဲ့
အခပေးကားပါကင်စနစ် အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်
လို့  ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ
ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က အများပြည်သူပိုင်လမ်းတွေမှာ ယာဉ် မရပ်ရနေရာ၊
ယာဉ်ရပ်ရမယ့် နေရာတွေသတ်မှတ်ပြီး ကားရပ်နားရမယ့်
ပုံစံကိုလည်း လမ်းအကျယ်ပေါ်မူတည်ပြီး ကားကို အရှည်လိုက်
ရပ်တာ၊ ၄၅ ဒီဂရီ ၉၀ ဒီဂရီစသဖြင့် သတ်မှတ်ပြီး ယာဉ်ရပ်နားခ
ကိုပါ သတ်မှတ်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ကားပါကင်တွေ
ကိုလည်း တည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က
"အများပြည်သူပိုင်လမ်းများ အားလုံးမှာ ယာဉ်မရပ်ရမယ့်နေရာ၊
ယာဉ်ရပ်နားရမယ့်နေရာတွေကို သတ်သတ်မှတ်မှတ် ပိုင်းခြား
ပြီးတော့ လမ်းရဲ့အကျယ်အဝန်းကို လိုက်ပြီးတော့ မည်သည့်
ပုံစံမျိုးရပ်မယ်၊ အ ရှည်လိုက် ရပ်မယ်၊ ၄၅ ဒီဂရီရပ်မယ်၊
၉၀ ဒီဂရီ ရပ်မယ်၊ အဲဒီလိုမျိုးတွေ သတ်သတ်မှတ်မှတ် ပိုင်းခြား
မျဉ်းများရေးဆွဲပြီး ယာဉ်ရပ်နားခကို စနစ်တကျကောက်ခံ
ဆောင်ရွက်သွားဖို့ စီစဉ်လျက်ရှိတယ်”လို့ ပြောပါတယ်။

လေးလကျော်ကြာပြီဖြစ်ပေမဲ့ သည်စနစ်က အကောင်အထည်
မဖော်နိုင်သေးဘဲ လက်ရှိမှာလည်း ကားပါကင်နဲ့ ပတ်သက်ပြီး
ခိုက်ရန် ဖြစ်ပွားမှုတွေနဲ့ ယာဉ်ကြောကျပ်တည်းမှုတွေ
ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရန်ကုန်တိုင်းအတွင်းမှာ နေရာ
သတ်မှတ်ပြီးတော့ ယာဉ်ရပ်နားခ၊ ကားပါကင်ကြေး
ကောက်ခံခဲ့ပါ တယ်။

ကားပါကင်ကြေးကောက်ခံတာတွေကို ပုဂ္ဂလိကပေးလိုက်တာ
ကြောင့် သည်ကားပါကင်ကြေး ကောက်ခံတာက နောက်ပိုင်းမှာ
စနစ်တကျမဖြစ်တော့ဘဲနဲ့ အဆင့်ဆင့် ဆပ်ကန်ထရိုက်
ပေးတာကြောင့် နောက်ပိုင်းယာဉ်ရပ်နားခ ကောက်ခံတဲ့စနစ်
ကိုပါ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

(မေသော်တာမောင်၊ အေးအေးအောင်)

credit - Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

"မျှော်လင့်ခြင်းမြို့တော်"

"မျှော်လင့်ခြင်းမြို့တော်"

ခမ်းနားသော၊ ကြီးကျယ်သော သမိုင်းတို့ဖြင့် ထုံမွှမ်းအပ်သည့်
မြို့တော်တစ်ခု ရှိသည်။ ယင်းမှာ ရန်ကုန်မြို့တော် (ဝါ)
ရန်ကုန်မြို့ပင် ဖြစ်သည်။ အလောင်းမင်းတရားက ပြီးခဲ့သည့်
နှစ်ပေါင်း ၂၆၀ ကျော်က ဒဂုံမြို့ကို သိမ်းပြီးနောက် ရန်ကုန်ဟု
အမည်ပေးခဲ့သည်။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပြီးနောက် ရန်ကုန်သည်
အရှေ့တောင်အာရှ၏ စံပြမြို့တော် ဖြစ်သည်။

သို့သော်လည်း စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ
က နေပြည်တော် ဆောက်ပြီးနောက် ယခုအခါ ‘ရန်ကုန်မြို့’ ဟု
အမည်တွင်လာသည်။

ယခုတော့ ရန်ကုန်သည် ရန်အားလုံးကို ထွေးပွေ့ထားရသလို
ဖြစ်နေသည်။ အမှိုက်ပစ်ခြင်းမှအစ မြို့သစ်စီမံကိန်းကြီးများ
အထိ မည်သို့မျှ စနစ်တကျ မရှိလှ။

သို့သော် ပြောင်းလဲလာမည့် မျှော်လင့်ခြင်းမြို့တော်အတွက်
စီမံကိန်းများလည်း အကောင်အထည် ဖော်နေသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မျှော်လင့်ခြင်းတွေကို ထွေးပိုက်
ထားရသည်။ နိုင်ငံတစ်ဝန်းရှိ အကျွမ်းကျင်ဆုံးသော ငွေလိုက်
မုဆိုးကြီးများ ဤမြို့တွင် အခြေစိုက်သည်။ လူငယ်များအတွက်
ပညာရေးနှင့် အခွင့်အလမ်းများ ရှာဖွေရာလည်း ဤမြို့တွင်
ပင်။ သူဌေးဖြစ်လိုသူများကလည်း ဤမြို့တွင် ဘီလီယံနာ
အိပ်မက်မက်ကြပြန်သည်။

တကယ်တမ်းတွင် ယနေ့ခေတ် ရန်ကုန်သည် အထည်ကြီးပျက်
ဖြစ်သည်။ ဘာမှမရှိ။ ဗလာနိတ္ထိ။ လမ်းတွေက ဆိုးသည်။ မီးက
ပုံမှန်မရ။ အဆောက်အအုံတွေက မကြံ့ခိုင်။ အာရှနောက်ဆုံး
လက်ကျန် စီးပွားရေး နှလုံးသည်းပွတ်တွင် ကမ္ဘာအရပ်ရပ်မှ
စီးပွားရေးမုဆိုးများက ခြေချင်းလိမ်နေပြန်သည်။ တစ်ဖက်တွင်
လည်း ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အရှိန်အဟုန်ဖြင့် လှမ်းစပြုနေ
သည်ကို တွေ့ရသည်။ ကမ္ဘာကျော် ကုမ္ပဏီများ အပြိုင်အဆိုင်
ဝင်ရောက်လာသည်။ လုပ်ငန်းရှင်များကလည်း အကွက်
အကွင်းစောင့်ကြည့်နေသည်။ ဆောက်လက်စ အဆောက်
အအုံများ၊ တံတားများ၊ လမ်းများအပြင် လာအိုတစ်နိုင်ငံစာမျှ
ရှိသော လူဦးရေ ခြောက်သန်းကျော် ဈေးကွက်က
မျက်စိကျစရာ။

နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး နောက်ပိုင်းတွင် တိုးပွားလာ
သည့် လူဦးရေကြောင့် မြို့ကြီးက မနိုင်ဝန်ထမ်းသည့် ဟန်ဖြင့်
ငြီးငြူစပြုနေပြီ။ အိမ်ရာသစ်များ အလျှိုလျှို  ပေါ်လာသည်။
မြေကွက်တွေ အလုအယက် ဖော်ကြသည်။ ဟိုစီမံကိန်း၊
ဒီစီမံကိန်းကြားရုံဖြင့် မြေဈေးတွေ မိုးပျံကုန်သည်။

ဤတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မဟာ
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း ၂၀၄၀ ကို စတင်လာသည်။
ယင်းစီမံကိန်းကို ၂၀၁၂ ခုနှစ်မှ စတင်၍ ဂျပန်အပြည်ပြည်
ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)
အကူအညီဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

မဟာရန်ကုန် မြို့ပြစီမံကိန်းတွင်  မြို့သစ်စီမံကိန်းများ၊
စီးပွားရေးဇုန်များ၊  မြစ်ကူးတံတားကြီးများ၊ မြို့ပြင်ပတ်လမ်း၊
မြို့တွင်းပတ်လမ်း၊ အဆင့်မြှင့်တင်ထားသည့် ရထားလမ်း၊
မိုးပျံလမ်းမကြီးများ၊ ရေနှင့်လျှပ်စစ် ရရှိရေး စီမံကိန်းများ
လည်း ပါဝင်သည်။

ဤအရာများအားလုံး၏ အချိန်သတ်မှတ်ချက်မှာ လာမည့်
၂၄ နှစ်အလို ၂၀၄၀ ပြည့်နှစ်တွင် ဖြစ်သည်။ အစိုးသစ်
လက်ထက်တွင် ယင်းမဟာဗျူဟာ စီမံကိန်းကို ပြန်လည်
ပြင်ဆင်ပေးရန် ညွှန်ကြားခဲ့ခြင်းကြောင့် ပြင်ဆင်ရေးဆွဲခဲ့
ကြောင်း JICA ရုံး ကိုယ်စားလှယ် မစ္စတာကိုင် အိချီယိုနာကာ
ဆာဝါက ပြည်တွင်းမီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

မျှော်လင့်ခြင်းမြို့တော်အတွက် လက်ရှိစီမံကိန်းများကို
တို့ထိကြည်ကြပါစို့။

***

"မြို့သစ်စီမံကိန်းများ"

သမ္မတ ဦးထင်ကျော် လက်ထက်တွင် ရန်ကုန်တိုင်းလွှတ်တော်
၌ မြို့သစ်စီမံကိန်းအကြောင်း စတင်ကြားလာရသော်လည်း
ရေရှည်စီမံချက် ဖြစ်သောကြောင့် အဆောတလျင် မပြုလုပ်ခြင်း
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်များထံမှ သိရသည်။

မြို့သစ်စီမံကိန်း ပြီးစီးလျှင်မူ လူဦးရေ ထူထပ်မှုကို ဖြေလျှော့
ပေးနိုင်ဖွယ်ရှိပြီး  အလုပ်အကိုင် အခွင့်အလမ်းများလည်း 
ဖန်တီးပေးနိုင်မည် ဖြစ်သည်။

သို့သော် ရှိပြီးသား မြို့သစ်များကိုမူ ဖွံ့ဖြိုးရန် မတတ်နိုင်သေးဘဲ
မြို့သစ်အတွက် ဘတ်ဂျက်မလုံလောက်သည့် ပြဿနာကိုလည်း
ထည့်သွင်းစဉ်းစားရန် လိုကြောင်း လွှတ်တော် ကိုယ်စားလှယ်
များ ပြောဆိုကြသည်။

“တကယ်လိုအပ်တဲ့ဟာ ဖြစ်ဖို့လိုတယ်။ မလိုအပ်ရင် ဝန်ထုပ်
ဝန်ပိုး ဖြစ်တယ်။ အခု ခုံးကျော်တံတားတွေပဲကြည့်။ ယာဉ်ကြော
ပိတ်ဆို့မှုကို မလျှော့ချနိုင်ဘူး။ ဘတ်ဂျက်ထိတာပဲ ရှိတယ်”
ဟု စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကို
က မှတ်ချက်ပြုသည်။

***

"ဗဟိုမြို့တွင်း စီးပွားရေးဇုန်နှင့် ဒုတိယ ဗဟိုစီးပွားရေးဇုန်"

ဗဟိုမြို့တွင်း စီးပွားရေးဇုန်သည် လက်ရှိဖွံ့ဖြိုးပြီး ဖြစ်သော
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ကို အခြေခံသည်။

လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊
ဗိုလ်တထောင်နှင့် ပုဇွန်တောင် မြို့နယ်တို့ ဖြစ်သည်။
ယင်းမြို့နယ်များသည် မြို့လယ်ဖြစ်၍ စီးပွားရေး အချက်အချာ
ကျသည်။ ထို့ကြောင့် မြေနေရာမရှိ။ ကုမ္ပဏီများနှင့် စီးပွားရေး
ရုံးခန်းများ ဖွင့်ရန် လုပ်ငန်းရှင်များ စုပြုံတိုးနေကြရသည်။
ထို့ကြောင့် အစိုးရက တစ်မျိုး စီစဉ်သည်။ ယင်းသည် မင်းဓမ္မ
ခေါ် ဒုတိယ ဗဟိုစီးပွားရေးဇုန် တည်ဆောက်ရေး စတင်
စဉ်းစားရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

မင်းဓမ္မစီးပွားရေးဇုန်သည် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့်
တော်ဝင်လမ်းထောင့်တွင် တည်ရှိသည်။ စီမံကိန်း ဧရိယာ
အဖြစ် ဧက ၄၀၀ ကျော်သတ်မှတ်ထားသော်လည်း စီမံကိန်း
ပထမအဆင့်အဖြစ် စည်ပင်သာယာပိုင်မြေ ၃၆ ဧက ပေါ်တွင်
တည်ဆောက်ရေး လုပ်ငန်းများ စတင်လျက်ရှိသည်။

စည်ပင်ပိုင်မြေကို ကနဦး နှစ် ၅၀၊ ၁၀ နှစ်သက်တမ်းတိုး
နှစ်ကြိမ်၊ မြေငှားခအဖြစ် တစ်နှစ် အမေရိကန်ဒေါ်လာ
၁၂၀,၀၀၀ ဖြင့် ငှားရမ်းခဲ့သည်။  အဆိုပါ လုပ်ငန်းများကို တင်ဒါ
အောင်မြင်ခဲ့သည့် First Myanmar Construction က
ကိုရီးယားဒီဇိုင်းဖြင့် တည်ဆောက်လျက်ရှိသည်။ စီမံကိန်းကာလ
ငါးနှစ်ကြာမြင့်မည် ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဟု
ခန့်မှန်းထားသည်။စီမံကိန်း ကုန်ကျစရိတ်မှာ အမေရိကန်
ဒေါ်လာ သန်း ၃၅၀ ခန့် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများ
တွင် ဖော်ပြထားသည်။

နေရာအကျယ်အဝန်းနှင့် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှား
နိုင်သည့် အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့သို့ ထပ်မံတိုးဝင်
လာမည့် စီးပွားရေးလုပ်ငန်းများအတွက် အသက်ရှူချောင်စေ
လိမ့်မည်ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သို့သော်လည်း ဧက ၄၀၀ ကျယ်သည့် အဆိုပါ စီမံကိန်း
မြေနေရာများစွာကို ခရိုနီလုပ်ငန်းရှင်ကြီးများက ပိုင်ဆိုင်ထားပြီး
ဖြစ်ကြောင်း  အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်
တစ်ဦးက ပြောကြားသည်။

“ရာခိုင်နှုန်း တော်တော်များများကို ခရိုနီတွေ ခွဲဝေယူပြီး
သွားပါပြီ” ဟု ၎င်းက မှတ်ချက်ပြုသည်။

ထို့ပြင် စီမံကိန်းနေရာသည် တစ်ခေတ်တစ်ခါက တပ်မတော်
ဗိုလ်ချုပ်များ နေထိုင်သည့် ကမ္ဘာအေးဗီလာနှင့် နီးကပ်သည့်
အပြင် မင်္ဂလာဒုံ လေယာဉ်ကွင်းနှင့်လည်း နီးကပ်ပေရာ
လုပ်ငန်းရှင်များအတွက် မျက်စိကျစရာ ဖြစ်လာသည်။

မြန်မာကွန်ဗင်းရှင်းစင်တာထက် ခြောက်ဆခန့်ကြီးပြီး
လူဦးရေ ၄၀၀၀ ကျော် ဝင်ဆံ့သည့် နိုင်ငံတကာအဆင့်
ကွန်ဗင်းရှင်းစင်တာတစ်ခုကိုလည်း တည်ဆောက်လျက်
ရှိသည်။

***

"မြစ်ကူးတံတားကြီးများ"

မြစ်ကူးတံတားကြီးများတွင် ဒလ-ရန်ကုန် တံတားမှာ အကောင်
အထည်ဖော်မည့် အရိပ်အယောင်များ တွေ့မြင်နေရပြီ ဖြစ်သည်။
ယင်းတံတားကြောင့်လည်း ဒလမြို့နယ် အမှိုက်ပုံဘေးနားရှိ
မြေဈေးများပင် မိုးထိအောင် မြင့်တက်ကုန်ကြသည်ဟု
ဒေသခံများက ဆိုကြသည်။

အရှည်ပေ ၆၀၀၀ ကျော် ရှိမည့် အဆိုပါ တံတားကို ရန်ကုန်ဘက်
ကမ်း ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်း
နေရာတို့တွင် ဆက်သွယ်ဆောက်လုပ်မည် ဖြစ်သည်။

စီမံကိန်းကာလ ငါးနှစ်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ပြီးစီး
မည့် အဆိုပါ စီမံကိန်းအတွက်  မြန်မာအစိုးရက အမေရိကန်
ဒေါ်လာ သန်း ၃၀ နှင့် ကိုရီးယားအစိုးရချေးငွေ အမေရိကန်
ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကျော်တို့ဖြင့် တည်ဆောက်
မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။

တံတားကြောင့် ဒလမြို့နယ်ရှိ ဒေသခံများ၏ လူနေမှုဘဝ
မြင့်တက်လာမည်ဟု ဒေသခံများက ယုံကြည်ကြသည်။

ပြည်ပနိုင်ငံများတွင်လည်း မြစ်ကို မြို့လယ်ပို့ထား၍
မြစ်တစ်ဖက်ကမ်းကို မြို့ကွက်ချဲ့ထွင်စေခြင်းဖြင့် ပိုမိုတိုးတက်
လာလေ့ ရှိကြောင်း မြန်မာ့စီးပွားရေး လေ့လာသူ
ဦးလှမောင်က ဆိုသည်။

ထို့ပြင် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ မြို့နယ်များကို အထူး
စီးပွားရေးဇုန်အဖြစ် ဖော်ဆောင်ရန် မြို့သစ်စီမံကိန်းတွင်
ပါဝင်သောကြောင့် ရန်ကုန်မြို့မှာ တောင်ပိုင်းသို့ 
ချဲ့ထွင်သွားမည့် သဘော ရှိနေသည်။

ယင်းသို့ ဆိုပါက ရန်ကုန်မြစ်သည် အင်္ဂလန် လန်ဒန်
မြို့လယ်ခေါင်ရှိ သိမ်းမြစ်ကဲ့သို့ပင် နောင်အခါတွင်
ရန်ကုန်မြို့လယ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

တောင်ပိုင်းခရိုင်ရှိ ချဲ့ထွင်မည့် မြို့နယ်များတွင် ဒလ၊ တွံတေး၊
ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်းနှင့် ကော့မှူးမြို့နယ်တို့ ပါဝင်ရာ
ဒလတံတားသည် ရန်ကုန်မြို့လယ်မှတစ်ဆင့် အဆိုပါ မြို့နယ်
များသို့  သွားရောက်ရန် အဓိကလမ်းကြောင်း ဖြစ်လာမည်။

ကွမ်းခြံကုန်းသည် ပင်လယ်ဆိပ်ကမ်းရှိရာ စက်မှုဇုန်နှင့်
လေယာဉ်ကွင်း စီမံကိန်း တည်ဆောက်ရန် တိုင်းအစိုးရအဖွဲ့
က ရည်ရွယ်ထားပြန်သည်။

ဒလတံတားသည် မင်္ဂလာဒုံ-ဒလ လမ်းကြောင်းသစ်ဖြင့် အသစ်
တည်ဆောက်မည့် ဟံသာဝတီလေဆိပ်ကို ချိတ်ဆက်ထားမည်
ဖြစ်ရာ လုပ်ငန်းရှင်များအတွက် မျက်စိကျစရာ ဖြစ်လာသည်။

သို့သော်လည်း ဒလသည် ရေရှားသည်ဟု နာမည်ကျော်ရာ
နည်းပညာဖြင့် ကျော်လွှားရဖွယ် ရှိနေသည်။

***

"ဟံသာဝတီလေဆိပ်နှင့် မိုးပျံတံတား"

မြန်မာ့အကြီးဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်လာမည့်
ဟံသာဝတီလေဆိပ်ကို ရန်ကုန်မြို့မှ ၆၅ ကီလိုမီတာ အကွာ
တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တင်ဒါအောင်မြင်ထား
သော Yangon-Changi-JGC Consortium ကုမ္ပဏီတို့က
တည်ဆောက်မည် ဖြစ်သည်။

လက်ရှိတွင် သဘောတူညီမှု မူဘောင်ကိုသာ လက်မှတ်
ရေးထိုးထားပြီး ယခုနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ
စတင်နိုင်မည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြား
ထားသည်။

ဟံသာဝတီလေဆိပ် တည်ဆောက်ပြီးပါက ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်တွင် ခရီးသည် သိပ်သည်းမှုကို လျှော့ချနိုင်မည်
ဖြစ်သည်။

သို့သော် ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည်ဟု
ရန်ကုန်တိုင်းအစိုးရက ဆိုထားသည့် နိုင်ငံတကာလေဆိပ်၏
အနေအထားအပေါ် မူတည်၍ ဟံသာဝတီလေဆိပ်၏
အနာဂတ် ပြောင်းသွားဖွယ် ရှိသည်။

ဟံသာဝတီလေဆိပ်နှင့် ရန်ကုန်မြို့ကို မိုးပျံလမ်းဖြင့် ဆက်သွယ်
မည် ဖြစ်သည်။ ရန်ကုန်မြို့လယ်မှ ဟံသာဝတီလေဆိပ်သို့
သွားရာတွင် ယာဉ်ကြောကျပ်တည်းမှုကို ရှောင်ရှားရန်အတွက်
မိုးပျံတံတား စီမံကိန်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းစီမံကိန်းသည် လူအများ စိတ်ဝင်စားမှု ခံနေရသော်လည်း
ဝန်ကြီးဌာနနှင့် JICA တို့က အကြိုလေ့လာဆန်းစစ်မှု ပြုလုပ်
သည့် အဆင့်သာ ရှိနေသေးသည်။ မိုးပျံတံတား စီမံကိန်းကို
ကိုရီးယားနှင့် ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု
ဦးတိုးအောင်က ပြောကြားသည်။

“ဒါပေမဲ့ဗျာ လေဆိပ်ကိုသွားဖို့ တစ်ခုတည်းအတွက်နဲ့ မိုးပျံ
တံတားကြီး ဆောက်ရမယ်ဆိုရင် ဘတ်ဂျက်တွေ အရမ်းကုန်
မှာပေါ့” ဟု UMFCCI  ဒုတိယဥက္ကဋ္ဌ
ဒေါက်တာမောင်မောင်လေးက ဆိုသည်။

***

"သတိပြုရမည့် အကူအညီနှင့် မျှော်လင့်ခြင်း မြို့တော်"

ဒုတိယကမ္ဘာစစ် အပြီးတွင် ကွန်မြူနစ်စနစ်ကို နှိပ်ကွပ်ရန်
အရင်းရှင်နိုင်ငံများ၏ အကူအညီပေးမှုများမှာ ခေတ်စားလာ
သည်။ အကူအညီပေးမည့် အစိုးရများမှာ ဒီမိုကရေစီ ပို့ကုန်
ဖြန့်ဖြူးလိုခြင်း သို့မဟုတ် ၎င်းတို့အစိုးရ အလိုကျစေမည့်
အပြုအမူမျိုး လုပ်ဆောင်မှသာ အကူအညီပေးသည့်
အခြေအနေမျိုး ဖြစ်လာသည်။ နောက်ပိုင်းတွင်မူ နိုင်ငံရေးအရ
မဟုတ်သော်လည်း ၎င်းတို့နိုင်ငံရှိ ကုမ္ပဏီများ အကျိုးရှိစေမည့်
မူဝါဒမျိုး (Trade and  Aid Policy) ဖြင့် အကူအညီများကို
ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးအပ်လာကြသည်။

ဥပမာအားဖြင့် အတိုးမဲ့ချေးငွေ သို့မဟုတ် အတိုးနှုန်းနည်းသည့်
ချေးငွေတစ်ရပ် ရယူလိုပါက စီမံကိန်းနှင့် ဆိုင်သည့် ၎င်းတို့နိုင်ငံ
မှ ကုန်ပစ္စည်းများ ဝယ်ယူရခြင်း၊ ၎င်းတို့နိုင်ငံ အဖွဲ့အစည်းများက 
အကြံပေးပြီး အကြံပေးခ ရယူခြင်းကဲ့သို့ လုပ်ဆောင်
လာကြသည်။

ယင်းတို့အနက် အမေရိကန်နိုင်ငံမှ USAID နှင့် ဂျပန်နိုင်ငံမှ
JICA တို့မှာ နာမည်ကြီးသည်။ 

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ ကို JICA
အကူအညီဖြင့်  အဓိကရေးဆွဲပြီး ပြည်တွင်းတတ်သိပညာရှင်
အချို့လည်း ပါဝင်ခဲ့ကြသည်။

ယင်းစီမံကိန်းကို ဖော်ဆောင်ရန်အတွက်မူ မြန်မာတွင် ငွေကြေး
မလုံလောက်။ အများစုကို ဂျပန်ထံမှ လည်းကောင်း၊ အချို့ကို
ကိုးရီယားနှင့် အခြားသော နိုင်ငံများထံမှ လည်းကောင်း
ချေးယူရမည် ဖြစ်သည်။

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ လျှပ်စစ်ရထား စီမံကိန်းကို ဂျပန်နိုင်ငံ
အကူအညီဖြင့် လုပ်ဆောင်ခဲ့သော်လည်း တစ်လခန့် အကြာ
တွင် ရပ်ဆိုင်းသွားခဲ့ရသည်။ ယင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ
ဝယ်ယူခဲ့ရသည့် ရထားတွဲအဟောင်းများသာ အဖတ်တင်
ခဲ့သည်။

စီမံကိန်း မစတင်မီက လေ့လာဆန်းစစ်သည်မှာလည်း JICA
သာ ဖြစ် သည်။ စီမံကိန်း ရပ်ဆိုင်းရသည့် အကြောင်းပြချက်မှာ
ယာဉ်ကြောပိတ်ဆို့မှုကြောင့်ဟု ဆိုပြန်ရာ JICA သည် ကနဦး
ဆန်းစစ်စဉ်က မမြင်ဟန်ဆောင်၍ ရထားတွဲဟောင်းများ
ရောင်းချခဲ့လေသလောဟု မေးခွန်းများ ရှိလာသည်။ 

“စီမံကိန်းအမှားတွေပေါ့။ သွားပြီလေ။ အစ်ကိုတို့လည်း သိတယ်။
တော်တော်ဆိုးဆိုးရွားရွား ဖြစ်တာ။ အဲဒါမျိုးမဖြစ်အောင် အစ်ကို
တို့က လုပ်ကြရမှာ” ဟု  ရန်ကုန်တိုင်း လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မှတ်ချက်ပြုသည်။

လက်ရှိတွင် ရန်ကုန်-ဒလ တံတား စီမံကိန်းအတွက် ကိုရီးယား
နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကျော်
ချေးယူရာတွင် အမေရိကန်ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိ လူစီး
ရထားတွဲ အသစ် ၁၀၀ ဝယ်ယူရန် ပါရှိသည်။ ယင်းစာချုပ်ကို
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း  နှစ်ဖက်အစိုးရ
တာဝန်ရှိသူများ စာချုပ် ချုပ်ဆိုခဲ့ကြသည်။

“ပြည်ပအကူအညီတွေနဲ့ ပတ်သက်ရင်တော့ သတိထားပြီး
လုပ်ကိုင်စေချင်တယ်” ဟု စီးပွားရေး မူဝါဒရေးရာ ပညာရှင်
ဒေါက်တာအောင်ကိုကိုက သတိပေးပါသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း၂၀၄၀ ဖော်ဆောင်
ရာတွင် ပြည်ပအကူအညီများယူမည် ဆိုပါက သတိထားရန်
လိုသကဲ့သို့ တစ်ဖက်တွင်လည်း ဆိုရှယ်လစ်ခေတ်က ကဲ့သို့
စိတ်ကြီးဝင်မှုများ မပါဘဲ ယူသင့်ယူထိုက်သည့် အကူအညီများ
ကို နိုင်ငံတကာဆီမှ ရယူရမည် ဖြစ်သည်။

တည်ဆောက်ပြီးသော်လည်း အခြေခံအဆောက်အဦ
မပြည့်စုံသည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ သာကေတ၊
တောင်ဒဂုံ၊ မြောက်ဒဂုံ မြို့နယ်တို့ကို ပြည့်စုံအောင် လုပ်ရန်
ထက် မြို့သစ်များ တည်ဆောက်ရန် ပိုမိုဆန္ဒရှိနေကြသည်ကို
နေ့စဉ်သတင်းများက ဖော်ပြနေကြသည်။

“ဒါပေမဲ့ဗျာ။ ဘယ်လိုပဲချဲ့ချဲ့ နိုင်ငံစီးပွားရေး မကောင်းရင်
မရဘူး” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးနိုင်ဝင်းက
ဆိုသည်။

စီမံကိန်းတစ်ခု ဖော်ဆောင်ခြင်းသည် စီးပွားရေးအရ မည်မျှ
အကျိုးဖြစ်ထွန်းမှု ရှိသည်ကို ထုတ်လုပ်မှု စွမ်းရည်တိုးတက်မှု၊
ဆင်းရဲနွမ်းပါးမှု ကျဆင်းလာမှုနှင့် ဆက်သွယ်ရေး မည်မျှတိုးတက်
လာသနည်း ဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် တိုင်းတာနိုင်သည်
ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
စင်ကာပူခရီး၌ လာမည့် နှစ်ပေါင်း ၂၀ တွင် မြန်မာသည်
စင်ကာပူကို ကျော်တက်မည်ဟု ပြောကြားခဲ့သည်။ သို့သော်
စီမံခန့်ခွဲမှု သဘောတရားများအရ မြန်မာသည် စင်ကာပူကို
ကျော်မည်ထက် ရန်ကုန်သည် စင်ကာပူကို ကျော်မည်က
ဖြစ်နိုင်ခြေ ပိုရှိသည်။ အကြောင်းမှာ အစုအဖွဲ့သေးလေ
စီမံခန့်ခွဲရ ပိုလွယ်ကူလေ ဖြစ်သောကြောင့်ပင်။

“စင်ကာပူကို မီအောင်ဆိုတာထက် ကိုယ်နဲ့အခြေအနေတူတဲ့
အိမ်နီချင်း ဗီယက်နမ်တို့၊ ထိုင်းတို့ဆီမှာ ဖွံ့ဖြိုးတိုးတက်အောင်
ဘယ်လိုလုပ်လဲဆိုတာ လေ့လာသင့်တယ်” ဟု
ဒေါက်တာအောင်ကိုကိုက  အကြံပြုသည်။

မည်သို့ပင်ဆိုစေ သုခမြို့တော်ဆီသို့  မရောက်မီ ဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးနိုင်ဝင်း၏ မျှော်လင့်ခြင်းမြို့တော် ၂၀၄၀ ပြည့်နှစ်
ရန်ကုန်မှာ နေချင့်စဖွယ် ဖြစ်နေသည်။

မျှော်လင့်ခြင်းမြို့တော်တွင် မိုးပျံတံတားများ၊ မြေအောက်ရထား
လမ်းများ၊ စိမ်းလန်းသော ဧရိယာများ၊ ခမ်းနားသပ်ရပ်သော
တိုက်တာများ၊ ရန်ကုန်မြစ် တစ်ဖက်တစ်ချက်တွင် မီးရောင်
ထိန်ထိန်ဖြင့် မြစ်ကမ်းဘေး လေညှင်းခံနေသည့် ပြည်သူများနှင့်
စည်ကားလျက်ရှိသည်။

“အခုတောင်မှ မိုးပျံတံတားတွေပေါ်မှာ (ကားနဲ့) ပြေးနေတာ။
စိတ်ကူးတွေနဲ့တင် တော်တော်ကောင်းနေပြီ” ဟု ဦးနိုင်ဝင်းက
ရယ်သွမ်းသွမ်းလျက် ဆိုလေတော့သည်။

(ရဲနိုင်ဦး)

credit - The Voice

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အစီရင်ခံချက်များ”

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အစီရင်ခံချက်များ”

၁။ "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်လခွဲအတွင်း ကန်ဒေါ်လာ
နှစ်ဘီလီယံကျော်ဝင်ရောက်"

နှစ်လခွဲအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ
နှစ်ဘီလီယံကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု
ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

‘‘ဒီနှစ်မှာ အလားအလာ ကောင်းပါတယ်။
ဇွန်လ ၁၆ ရက် ခွင့်ပြုတာအပြင် လက်ထဲမှာ ခွင့်ပြုဖို့ ကျန်နေ
တာလေးတွေ ရှိပါတယ်။
ဒီနှစ်တော့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထား ပါတယ်’’
ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထပ်မံခွင့်ပြုရန် ၁ ဒသမ၆ ဘီလီယံကျော် ကျန်ရှိသေးကြောင်း
ဦးအောင်နိုင်ဦးက ပြောသည်။ ယခု ဘဏ္ဍာနှစ် ဧပြီနှင့်
မေလကုန်အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ
၉၂၃ သန်းခွင့်ပြုခဲ့ပြီး ဇွန်လ ၁၅ ရက် အတွင်း နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ဘီလီယံခန့် ထပ်မံခွင့်ပြုခဲ့ခြင်း
ဖြစ်သည်။

ယခု ဘဏ္ဍာနှစ် နှစ်လအတွင်း နယ်သာလန်နိုင်ငံမှ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားပြီး စုစုပေါင်း ရင်းနှီး
မြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၂၀ ခန့် ရှိသည်။

တရုတ်နှင့် စင်ကာပူတို့က အဆင့်လိုက်ရှိသည်။ အဓိက
ဝင်ရောက်သည့် လုပ်ငန်းများသည် ကုန်ထုတ်လုပ်မှု၊ အိမ်ရာ
နှင့် ဆက်သွယ်ရေးကဏ္ဍတို့ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီး
မြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံကျော်
ဝင်ရောက်ခဲ့သည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ ကန်ဒေါ်လာ
၉ ဒသမ ၄ ဘီလီယံကျော်ဝင်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ကျဆင်းခဲ့ခြင်းသည်
- ကမ္ဘာပေါ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းမှ
ဂယက် ရိုက်ခတ်ခြင်း၊
- မြန်မာနိုင်ငံတွင် အစိုးရ အပြောင်းအလဲဖြစ်ခြင်း၊
- ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းမှုကို စောင့်ဆိုင်းခြင်းနှင့်
- ပြီးခဲ့သည့် နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် မဖွဲ့စည်းနိုင်
ခြင်းတို့ ကြောင့် ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ယခင်ဘဏ္ဍာနှစ် ဧပြီနှင့် မေလတွင် အစိုးရသစ်အကူးအပြောင်း
ဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိခဲ့ပေ။ ဇွန်လမှသာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန် ဒေါ်လာ ၃၁ သန်းစတင်ဝင်ရောက်
ခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်သည်
ဒေါ်လာနှစ်ဘီလီယံဝန်းကျင် ပိုများ နေသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး
ဝင်ရောက်သည့်နိုင်ငံသည် စင်ကာပူဖြစ်ပြီး ယင်းနောက်တွင်
ဗီယက်နမ်၊ တရုတ်နိုင်ငံ တို့က အစဉ် လိုက်ရှိသည်။

အဓိကဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်
ဆက်သွယ်ရေးကဏ္ဍဖြစ်ပြီး ကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ
ဝင်ရောက်ခဲ့သည်။

လက်ရှိ အစိုးရသည် ၂၀၁၇ ဇွန်လ ၆ ရက်တွင် ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်ကို ယခင်အဖွဲ့ဝင် ၁၁ ဦးအစား အဖွဲ့ဝင် ၁၃ ဦးဖြင့်
ပြန် လည်ဖွဲ့စည်းခဲ့သည်။ ယခင်အဖွဲ့ ဝင်တစ်ဦး နေရာတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်နှင့် အလုပ်သမား၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း
အတွင်းဝန် ဦးမျိုးအောင်တို့ဖြင့် ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။

(ထွန်းထွန်းမင်း)

*****

၂။ "မြန်မာနိုင်ငံ အိမ်ခြံမြေကဏ္ဍတွင် စင်ကာပူ အများဆုံး
ရင်းနှီးမြှုပ်နှံ"

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အိမ်ခြံမြေကဏ္ဍမှာ
နံပါတ်ငါး အဆင့်တွင်ရှိနေပြီး စင်ကာပူနိုင်ငံက အများဆုံး
ရင်းနှီးမြှုပ်နှံထားကြောင်း ပြည်တွင်း အိမ်ခြံမြေဝက်ဘ်ဆိုက်
House.com.mm က ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ထုတ်ပြန်မှုတွင် ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာအမေရိကန်ဒေါ်လာ ရှစ်ဘီလျံခန့်
ရှိလာနိုင်ပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေး
ကဏ္ဍနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင်
နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှုများပိုဝင်လာနိုင်ကြောင်းလည်း
ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုတွင် စင်ကာပူ၊ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်၊
ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အများဆုံး
ရင်းနှီးမြှုပ်နှံလျက်ရှိသည်ဟု ၄င်း၏ သတင်းထုတ်ပြန်မှုတွင်
တွေ့ရှိရသည်။

House.com.mm က ၄င်းတို့လေ့လာထားသည့်စစ်တမ်းများ
အရ ယခုနှစ် ၂ဝ၁၇ တွင်ပြီးစီးမည့် အိမ်ခြံမြေစီမံကိန်း
အများအပြားရှိနေပြီး ပြီးစီးနေပြီဖြစ်သည့် အဆင့်မြင့်အိမ်ရာ
စီမံကိန်းများမှ ပေါ်ထွက်လာနေပြီဖြစ်သည့် အခန်းလွတ်များ
လည်း ရှိနေသည့်အတွက် လာမည့် အိမ်ခြံမြေဈေးကွက်
အတွက် ထောက်ပံ့မှု အားကောင်းမည်ဟု ပြောထားသည်။

ထို့ပြင် ၂ဝ၁၇ ခုနှစ်တွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ
ပိုမို အကောင်အထည်ဖော်လာနိုင်ဖွယ်ရှိနေသည့်အတွက်
အဆင့်မြင့်အိမ်ရာဈေးကွက်၊ ရုံးခန်းနေရာ ရောင်းဝယ်ငှား
ဈေးကွက်များမှာ လတ်တလောတွင် ငြိမ်သက်နေသော်လည်း
မကြာခင်အချိန်ကာလများတွင် ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း
ကိုလည်း ဖော်ပြထားသည်။

ထိုအချက်များကို House.com.mm က ပြည်တွင်း၊ ပြည်ပ
အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများနှင့်တွေ့ဆုံမေးမြန်းမှုများ
မှ သုံးသပ် အစီရင်ခံထားသည်ဟု ဆိုသည်။

''မြန်မာနိုင်ငံမှာ အိမ်ခြံမြေ ရောင်းဝယ်ငှား လုပ်ငန်းဟာ
၂ဝ၁၆ ခုနှစ်မှာ အေးနေခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံမှုကတော့
ကျမသွားခဲ့ပါဘူး''ဟု House.com.mm က ဆိုထားသည်။

''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မကြာသေးခင်က
ပြုလုပ်လိုက်တဲ့ အပြောင်းအလဲတွေနဲ့ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်က အိမ်ခြံမြေဈေးကွက်ပေါ်
အများကြီး သက်ရောက်မှု ရှိနေပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှစ်ခုကို အာဆီယံရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ
နိုင်ငံတကာက စံနှုန်းတွေအတိုင်းပူးပေါင်းလိုက်တာကြောင့်
အာဆီယံနိုင်ငံတွေအကြား ရှင်းရှင်းလင်းလင်းနဲ့
ရင်းနှီးမြှုပ်နှံမှုတွေတစ်သားတည်း ပြုလုပ်လာနိုင်ကြမှာပါ''
ဟု House.com.mm ၏ ပူးတွဲတည်ထောင်သူနှင့်
စီမံခန့်ခွဲမှုဒါရိုက်တာ Mr. NiteshKhirwal က ပြောသည်။

အဆိုပါ ဥပဒေအသစ်ကြောင့် စီးပွားရေးလုပ်ငန်းများကို ပိုမို
လျင်မြန်စွာ ဆောင်ရွက်နိုင်ပြီးအမေရိကန်၏ စီးပွားရေး
ပိတ်ဆို့မှု ပယ်ဖျက်ပေးခဲ့မှုတို့ကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီး
မြှုပ်နှံမှုဈေးကွက်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏
အာရုံကို ပိုမိုရရှိခဲ့ကြောင်း ၄င်းက ဆိုသည်။

''ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာခြင်းရဲ့ သက်ရောက်မှု
အနေနဲ့ကတော့ စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်တဲ့
အိမ်ခြံမြေ ဝယ်ရောင်းတွေနဲ့ ငှားလိုနှုန်းတွေ မြင့်မားလာ
နိုင်ပါတယ်။
အထူးသဖြင့် စက်မှုဇုန်ဘက်ခြမ်းတွေမှာ အိမ်ခြံမြေလုပ်ငန်း
တွေ အားကောင်းလာနိုင်ပါတယ်'' ဟု ၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့ပြစီမံကိန်းအသစ်များ အကောင်အထည်
ဖော်မှုများနှင့်အတူ လူဦးရေတိုးပွားလာမှုများကြောင့် မကြာခင်
ကာလများတွင် အိမ်ခြံမြေခေတ်ကို ပြန်ရောက်လာနိုင်တော့
မည်ဖြစ်ကြောင်းလည်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း
လုပ်ကိုင်နေသူများက ပြောသည်။

''နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံ
ဖို့အတွက် မြေနေရာတွေကကျိန်းသေ လိုအပ်လာမှာဖြစ်တာ
ကြောင့် အိမ်ခြံမြေဈေးကွက် အားကောင်းလာနိုင်ပါတယ်။
အထူးသဖြင့် စက်မှုဇုန်မြေကွက်တွေ အရောင်းအဝယ်
ဖြစ်လာနိုင်တယ်။
လောလောဆယ်မှာတော့ အိမ်ခြံမြေဈေးကွက်က
ရောင်း၊ ဝယ်၊ ငှား မျှတနေတဲ့ အနေအထားမှာရှိနေပါတယ်''
ဟု ရန်ကုန်တိုင်းက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များ
က ပြောသည်။

(မြတ်ငြိမ်းအေး)

credit - 7day Daily & The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

“တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများ အတွက် အချက်အလက်များနှင့် သတင်းစုံ”

“တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများ အတွက်
အချက်အလက်များနှင့် သတင်းစုံ”


၁။ "တန်ဖိုးနည်း တိုက်ခန်းတွေဝယ်ဖို့ ဆောက်လုပ်ရေးဘဏ်
ကနေ ချေးငွေဘယ်လိုလျှောက်မလဲ"

အိမ်ခြံမြေဈေးကွက်ထဲကို ငွေမဲတွေ ဝင်ရောက်မှုနဲ့အတူ
အိမ်ခြံမြေဈေးနှုန်းတွေ တရှိန်ထိုးတက်ခဲ့ပါတယ်။

အိမ်ခြံမြေတိုက်ခန်းဈေးနှုန်းမြင့်မားလာတာနဲ့အတူ မြန်မာနိုင်ငံ
အထူးသဖြင့် ရန်ကုန်မြို့မှာ နေတဲ့ လူလတ်တန်းစားတချို့နဲ့
အခြေခံလူတန်းစားတွေရဲ့ အိမ်ရာ ပိုင်ဆိုင်ခွင့် အိမ်မက်ဟာ
အလှမ်းဝေးလာပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့ တစ်မြို့ထဲမှာ
အိမ်ပိုင်မရှိတဲ့ မိသားစု (၅)သိန်းနီးပါ ရှိနေတယ်လို့
သိရပါတယ်။

ဒီလိုအိမ်ပိုင်မရှိတဲ့ မိသားစုတွေအတွက် အစိုးရက
တည်ဆောက်တဲ့ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွေဟာ
မျှော်လင့်ချက်တစ်ခု ဖြစ်လာပါတယ်။

လက်ရှိအချိန်မှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှသေး
ပေမယ့် တိုက်ခန်းတစ်ခန်းကို ကျပ်သိန်း (၁၀၀) ဝန်းကျင်သာ
ရှိပြီး ကိုယ်မှာ စုထားတဲ့ငွေ သိန်း (၃၀)လောက်ရှိတာနဲ့
ကျန်တာကို ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က
(၁၀)နှစ် အရစ်ကျနဲ့ ထုတ်ချေးပေးတာကြောင့် သာမန်
လူတန်းစားတွေအတွက် လက်လှမ်းမှီတဲ့ မျှော်လင့်ချက်လို့
ပြောနိုင်ပါတယ်။

လစဉ်ပေးသွင်းရမယ့် ငွေကလည်း ၁ သိန်းဝန်းကျင်သာ
ရှိတာကြောင့် ရန်ကုန်မြို့ အနေအထားနဲ့ဆို အိမ်ငှားခ
ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် တန်ဖိုးနည်းတိုက်ခန်းတွေ
ကို ဆောက်လုပ်ရေးဘဏ်နဲ့ ချိတ်ဆက်ပြီး ဘယ်လိုဝယ်ခွင့်
ရအောင် လုပ်မလဲ ဆိုတာကို လမ်းညွှန်ပေးပါရစေ။

ဆောက်လုပ်ရေးဘဏ်နဲ့ ဘယ်လိုချိတ်ဆက်မလဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဖွံ့ဖြိုးရေးဘဏ်မှာ ရုံးချုပ်
အပါအဝင် ဘဏ်ခွဲပေါင်း (၁၀)ခု ရှိပါတယ်။

ရန်ကုန်မြို့မှာ ဘဏ်ရုံးချုပ်နဲ့၊ ဒဂုံဘဏ်ခွဲ၊ မင်္ဂလာတောင်ညွန့်
ဘဏ်ခွဲ၊ ရွှေပေါက်ကံဘဏ်ခွဲ၊ ဗိုလ်တထောင်ဘဏ်ခွဲတို့
ရှိပြီးတော့ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်နဲ့
မကွေးမြို့တွေမှာ ဘဏ်ခွဲ တစ်ခုစီ ရှိပါတယ်။

တန်ဖိုးနည်း တိုက်ခန်း ဝယ်ယူဖို့ ဆောက်လုပ်ရေးနဲ့
အိမ်ရာဖွံ့ဖြိုးရေးဘဏ်-CHD Bank နဲ့ ချိတ်ဆက်တော့မယ်
ဆိုရင် ပထမဆုံး လုပ်ရမှာက အိမ်ရာစုဆောင်းငွေစာရင်း
Housing Saving Account ဖွင့်ဖို့ပါပဲ။

အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်ဖို့အတွက် CHD Bank ကို
သွားပြီး ကျပ်တစ်သောင်းနဲ့ အကောင့်စဖွင့်လို့ ရပါတယ်။

အိမ်ရာစုဆောင်းငွေစာရင်းဖွင့်ပြီးပြီ ဆိုရင်တော့ တိုက်ခန်း
တန်ဖိုးရဲ့ (၃၀)ရာခိုင်းနှုန်း ပြည့်အောင်စုဖို့ လိုပါတယ်။

တစ်လကို (၁)သိန်းပဲ တတ်နိုင်တတ်နိုင်၊ (၁၀)သိန်းပဲ တတ်နိုင်
တတ်နိုင် စုသွားလို့ရပါတယ်။ ဒီငွေအပေါ်ကိုလည်း အတိုးရဦး
မှာပါ။

တိုက်ခန်းက ကျပ်သိန်း(၁၀၀)ဝန်းကျင် တန်ကြေးရှိတာကြောင့်
(၃၀)ရာခိုင်နှုန်း ပြည့်ဖို့ဆို ကျပ်သိန်း (၃၀)လောက်တော့
ကိုယ့်ငွေစာရင်းထဲမှာ ရှိဖို့ လိုပါတယ်။

ကိုယ့်ငွေစာရင်းထဲမှာ (၃၀)ရာခိုင်နှုန်းလည်း ပြည့်ပြီ
ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က ဆောက်နေတဲ့
တန်ဖိုးနည်း အိမ်ရာတွေကလည်း ပြီးပြီဆိုရင်တော့ သင့်ကို
အိမ်ရာဝယ်ယူနိုင်တဲ့အကြောင်း ဆက်သွယ် အကြောင်းကြား
လာတော့မှာဖြစ်ပါတယ်။

ဆောက်လုပ်ရေးဘဏ်-CHD Bank နဲ့ ချိတ်ဆက်ထားတဲ့
အိမ်ရာတွေကတော့ ရန်ကုန်မှာ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊
ယုဇနတန်ဖိုးနည်းအိမ်ရာ၊ ကနောင်တန်ဖိုးနည်းအိမ်ရာနဲ့
ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာတို့ဖြစ်ပြီး မန္တလေးမှာဆိုရင်
မြရည်နန္ဒာ အိမ်ရာဖြစ်ပါတယ်။

အခြား မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်နေတဲ့
အခြားအိမ်ရာတွေလည်း ချိတ်ဆက်ထားတဲ့အထဲမှာ ပါပါတယ်။

အတိုးနှုန်းနဲ့ လစဉ်ပေးဆပ်ရမယ့် ငွေပမာဏ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အတိုးနှုန်းကတော့ CHD Bank က ချေးပေးထားတဲ့ ပမာဏ
အပေါ်မှာ တစ်နှစ်ကို (၁၂)ရာခိုင်နှုန်းဖြစ်ပါတယ်။

ပထမဆုံးနှစ်မှာ ချေးငွေအပေါ် ဝန်ဆောင်ခ (၁)ရာခိုင်နှုန်း
ပေးရမှာ ဖြစ်ပါတယ်။

လစဉ် ပြန်ဆပ်ရမယ့် ပမာဏကတော့ သိန်း (၁၀၀)တန်ခန်းဆို
တစ်လ (၁)သိန်းသွင်းရမှာဖြစ်ပြီး မိသားစုဝင်ငွေက အနည်းဆုံး
(၃)သိန်း ရှိရမှာ ဖြစ်ပါတယ်။

သိန်း (၁၅၀)တန်ခန်းဆို တစ်လ (၁.၅၁)သိန်းသွင်းရမှာဖြစ်ပြီး
မိသားစုဝင်ငွေက အနည်းဆုံး (၅)သိန်း ရှိရမှာ ဖြစ်ပါတယ်။

သိန်း (၂၀၀)တန်ခန်းဆို တစ်လ (၂)သိန်းသွင်းရမှာဖြစ်ပြီး
မိသားစုဝင်ငွေက အနည်းဆုံး (၆.၅)သိန်း ရှိရမှာ ဖြစ်ပါတယ်။

သိန်း (၂၅၀)တန်ခန်းဆို တစ်လ (၂.၅၁)သိန်းသွင်းရမှာဖြစ်ပြီး
မိသားစုဝင်ငွေက အနည်းဆုံး (၈)သိန်း ရှိရမှာ ဖြစ်ပါတယ်။

ဒါကတော့ ဆောက်လုပ်ရေးဘဏ်နဲ့ချိတ်ဆက်ပြီး တန်ဖိုးနည်း
တိုက်ခန်း ဝယ်ချင်တဲ့ သူတွေအတွက် အကြမ်းဖျင်း လမ်းညွှန်
ပေးတာဖြစ်ပါတယ်။

ထပ်ပြီး အသေးစိတ်သိချင်သေးရင်တော့
Hotline Phone Number တွေဖြစ်တဲ့ 01-371254၊
01371348(104) နဲ့ 09-771049627 တို့ကို ဆက်သွယ်ပြီး
စုံစမ်းနိုင်ပါတယ်။

(House)

*****

၂။ "တန်ဖိုးနည်းအိမ်ရာများအတွက် ကနဦးပေးသွင်းငွေပမာဏ
လျှော့ချပေးရန် လုပ်ဆောင်နေ"

တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများအတွက် ကနဦးပေးသွင်း
ရသော အိမ်ရာတန်ဖိုးငွေ ပမာဏကို ၃ဝ ရာခိုင်နှုန်းမှ
၂ဝ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ရန် ဆွေးနွေးနေကြောင်း
အိုးအိမ်နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ
ဦးဝင်းဇော်က ပြောသည်။

''တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူတွေအတွက် ကနဦး
လက်ငင်းပေးသွင်းရတဲ့ ငွေပမာဏကိုလျှော့ချပေးနိုင်ဖို့ စတင်
ဆွေးနွေးနေပါတယ်။ ၂ဝ ရာခိုင်နှုန်းထိ လျှော့ချတဲ့ အပြင်
နှစ်ရှည် ငွေချေးပေးနိုင်ဖို့ ဘဏ္ဍာငွေရဖို့ ကြိုးစားနေပါတယ်''
ဟု ၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိကာလတွင် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူ များ
အတွက် အရစ်ကျ ငွေပေးသွင်းချိန်ကို၁ဝ နှစ်အထိသာ
ပေးနိုင်သေးကြောင်း ၄င်းက ပြောသည်။

''ချေးငွေကာလကို သတ်တမ်း ပိုကြာကြာချေးနိုင်မှ လက်ငင်း
ပေးချေငွေကိုပါ လျှော့ချနိုင်မှာဖြစ်ပါတယ်'' ဟု
ဦးဝင်းဇော်က ပြောသည်။

ထို့ပြင် မိသားစုအတွင်း ဝင်ငွေ တစ်လသုံးသိန်း ခန့်သာရရှိ
သော ဝင်ငွေနည်းသူများအတွက် တစ်ခန်းလျှင် ကျပ်သိန်း
၁ဝဝ တန် တန်ဖိုးနည်း တိုက်ခန်းများကို ရောင်းချပေးနိုင်ရန်
လည်းဆောင်ရွက်နေကြောင်း ဦးဝင်းဇော်က ပြောသည်။

အိမ်ပိုင်မရှိသူများနှင့် ကျူးကျော်နေထိုင်နေသူများ အိမ်ရာဝယ်ယူ
နိုင်စေရန်အတွက် ဘဏ်ချေးငွေများကိုနှစ်ရှည်ပေးနိုင်ရန်
တိုင်းဒေသကြီးအစိုးရက ဗဟိုဘဏ် နှင့် ညှိနှိုင်းဆောင်ရွက်
လျက်ရှိပြီး ဗဟိုဘဏ်၏ခွင့်ပြုချက်ရရှိပါက အိမ်ခန်း ဝယ်ယူ
လိုသူများအတွက် အိမ်ရာချေးငွေကို နှစ်ရှည်ပေးနိုင်မည်
ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
က ပြီးခဲ့သော ဧပြီလက ကုန်သည်များနှင့် စက်မှုလက်မှု
အသင်းချုပ်၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု ဝန်ကြီးများနှင့်
လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောခဲ့သည်။

တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရန် တစ်လလျှင် တစ်သိန်းမှ
နှစ်သိန်းကြား ပိုက်ဆံ ကြိုတင်စုဆောင်းရမည်ဖြစ်ပြီး ကနဦး
ပေးသွင်း ငွေပမာဏနှင့် တူညီသော ကြိုတင်စုဆောင်းငွေ
ရှိသည့် သူများကိုဦးစားပေးကာ တန်ဖိုးနည်းအိမ်ရာများကို
ရောင်းချပေးမည်ဖြစ်ကြောင်း ဦးဝင်းဇော်က ပြောသည်။

''အပေါင်ခံပစ္စည်းမယူဘဲ ဘဏ်ကနေ နှစ်ရှည် ချေးငွေပေးရမှာ
ဖြစ်လို့ ဘဏ်နဲ့ ငွေချေးမယ့်သူအကြားယုံကြည်မှုတည်ဆောက်
ထားဖို့ လိုပါတယ်။ တစ်လကို တစ်သိန်းကနေ နှစ်သိန်းကြား
ထိပဲ ငွေကြေးစုဆောင်းရမှာဖြစ်လို့ သတ်မှတ်ထားတဲ့ အခွန်
ဆောင်ရမယ့် ပမာဏဖြစ်တဲ့ လေးသိန်း၊ ငါးသိန်းထက်နည်းလို့
အိမ်ဝယ်ရင်လည်း အခွန်ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်'' ဟု
၎င်းက ပြောသည်။

အိမ်ရာဝယ်ယူရန် ငွေကြေး ကြိုတင်စုဆောင်းသူများသည်
တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ရရှိမည်
ဖြစ်သည်။

အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို အခြေခံလူတန်းစားများ အတွက်
အိမ်ရာကဏ္ဍ တိုးတက်စေရန် ရည်ရွယ်ကာဆောက်လုပ်ရေး
ဝန်ကြီးဌာနက ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် မတည်
ရင်းနှီးငွေ ကျပ်ဘီလျံ ၁ဝဝဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်
တွင် အိမ်ရာဝယ်ယူလိုသူများကို ၁ဝ နှစ် အရစ်ကျအထိချေးငွေ
ပေးခြင်းအပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး
လုပ်ငန်းရှင်များကိုလည်းချေးငွေများ ပေးထားပြီးဖြစ်ကြောင်း
သိရသည်။

(တင်ရတနာထွန်း)

*****

၃။ "တန်ဖိုးနည်းတိုက်ခန်းများ ၁၀နှစ် အရစ်ကျမှ ၁၅ နှစ်သို့
နှစ်တိုးရောင်းမည်"

တန်ဖိုးနည်းတိုက်ခန်းများကို အရစ်ကျ ဝယ်ယူရာတွင် လက်ရှိ
၁၀ နှစ် အရစ်ကျ ထုတ်ချေးပေးရာမှ ယခုနှစ်အတွင်း ၁၅ နှစ်
ခန့်ဖြင့် နှစ်တိုး၍ ထုတ်ချေးပေးမည် ဖြစ်ကြောင်း
ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊
အိမ်ရာချေးငွေ ဌာနမှ သိရသည်။

ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊
အိမ်ရာချေးငွေဌာနမှ လက်ထောက်မန်နေဂျာ ဦးလှမျိုးတင့်က
“အခုက ကျပ်သိန်းတရာတန် အိမ်ကိုဝယ်ရင် ဝင်ငွေက
ကျပ် ၃သိန်းရှိမှဖြစ်မယ်။ ၃ သိန်းအောက် သူတွေအတွက်လည်း
စဉ်းစား နေပါတယ်။ နိုင်ငံတော်ကသော်လည်းကောင်း၊
အခြား International အဖွဲ့အစည်း တခုခုကသော်လည်း
ချေးငွေရအောင် လုပ်နေပါတယ်။ ဒါတွေရရင် နှစ်ရှည် ပေးနိုင်မှာ
ဖြစ်ပါတယ်။ ဆိုလိုတာက အခု ၁ လ ကျပ် ၁ သိန်းနှုန်းနဲ့
၁၀နှစ် အရစ်ကျ ပေးနေတာကနေ ၁ လ ကျပ် ၄၊ ၅၊ ၆ သောင်း
လောက်နဲ့ ၁၅ နှစ်၊ အနှစ် ၃၀ လောက် အထိ ပေးနိုင်ဖို့
ဖြစ်ပါတယ်။ ၁၅ နှစ်ကတော့ ဒီနှစ်ထဲ လုပ်ပေးဖို့ များပါတယ်”
ဟု ပြောသည်။

လက်ရှိတွင် နှစ်ရှည်ချေးငွေ ပေး၍ တန်ဖိုးနည်းတိုက်ခန်းများ
ရောင်းချနိုင်ရန် ပြည်တွင်း၊ ပြည်ပဘဏ်များနှင့် ချိတ်ဆက်
ဆောင်ရွက်နေပြီး လာမည့် ဘဏ္ဍာနှစ်တွင် JICA ထံမှ ချေးငွေ
ရရှိရန် လုပ်ဆောင်နေကြောင်း တန်ဖိုးနည်း အိမ်ရာများ အပြင်
တန်ဖိုးမြင့်ဖြစ်သော ရတနာနှင်းဆီအိမ်ရာကဲ့သို့ ကျပ်သိန်း
၆၀၀ မှ ကျပ်သိန်း ၁၂၀၀ အထိရှိသော တိုက်ခန်းများ ကိုလည်း
ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါတန်ဖိုးနည်းနှင့် တန်ဖိုးမြင့်တိုက်ခန်းများကို အရစ်ကျ
ဝယ်ယူလိုလျှင် ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်တွင် စုဆောင်းငွေစာရင်း ဖွင့်လှစ်ထားရှိရမည် ဖြစ်ပြီး
စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း ပြည့်မီလျှင် ဘဏ်က ၇၀
ရာခိုင်နှုန်းကို နှစ်ရှည်ချေးငွေစနစ်ဖြင့် ထုတ်ချေးပေးကြောင်း
ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ
မာကက်တင်း ဌာန လက်ထောက်မန်နေဂျာ
ဦးဟိန်းဝေနောင် က ပြောသည်။

ဦးဟိန်းဝေနောင်က
“အခုက လိုင်သာယာရွှေလင်ဗန်းရယ်၊ ကနောင်ရယ်၊
ယုဇနရယ် ၃ နေရာကို အရစ်ကျ ရောင်းချပြီးပါပြီ။ တန်ဖိုးနည်း
က ကျပ်သိန်း ၁၀၀ ဝန်းကျင်ပဲရှိပါတယ်။ ၁၀ နှစ်အရစ်ကျနဲ့
ရောင်းချပေးထားပါတယ်” ဟု ပြောသည်။

ဦးလှမျိုးတင့်ကလည်း
“ဒီတိုက်ခန်း ၈ထောင်က ၂နှစ်အတွင်းဖြစ်တယ်။ အခုက
၁ နှစ်ထဲရောက်နေပြီ။ ဆောက်လုပ်တဲ့ တိုက်ခန်း ပြီးစီးမှုအပေါ်
မူတည်ပြီးတော့ အသုတ်လိုက် ရောင်းချမှာ ဖြစ်တယ်။
အခုချိန်ထိ ရောင်းချထားတာ တိုက်ခန်း ပေါင်း
၁ထောင် ကျော် ရှိပါပြီ” ဟု ပြောသည်။

ထိုသို့ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများ အရစ်ကျစနစ်ဖြင့်
ဝယ်ယူရာတွင် ဘဏ်အတိုးနှုန်း မြင့်မားနေသည့် အခြေအနေ
များကို အစိုးရက ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်ပြီး အတိုးနှုန်း
လျော့ကျစေမည့် အစီအစဉ်မျိုး ဆောင်ရွက်ပေးသင့် ကြောင်း
အိမ်ခြံမြေ ရောင်းချသူများနှင့် ဝယ်ယူသူများက အကြံပြု
ပြောဆိုမှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အပ်ငွေအတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းမှ
၁၀ ရာခိုင်နှုန်းအထိ ရှိနေပြီး လက်ရှိတွင် ဆောက်လုပ်ရေးနှင့်
မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ငွေပမာဏအားဖြင့်
၁၀ ဘီလီယံ၊ လူဦးရေအားဖြင့် ၁၄၀၀ ခန့်ကို တန်ဖိုးနည်း
အိမ်ရာများ အရစ်ကျ ရောင်းချပေးထားကြောင်း သိရသည်။

(မျိုးပပစန်း)

credit - house com mm / The Myanmar Times
& Irrawaddy Publishing Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

Sunday, June 18, 2017

“လယ်မြေများကို အကွက်ရိုက် ရောင်းချမည် ဆိုလျှင်”

“လယ်မြေများကို အကွက်ရိုက် ရောင်းချမည် ဆိုလျှင်”

၁။ "ထန်းတပင်မြို့နယ်ရှိ လယ်မြေများ အကွက်ရိုက်
ရောင်းချနေသူများကို အရေးယူမည်"

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် လယ်ယာမြေ
များကို အကွက်ရိုက်ကာ စီးပွားဖြစ် ရောင်းချနေသူများကို
အရေးယူရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း
ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ
ဦးအောင်ဘုန်းကျော်စံဦး က ပြောကြားသည်။

အဆိုပါမြို့နယ်တွင် လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်
မရရှိဘဲ ပလပ်မြေ၊ စာကျက်မြေများနှင့် ကိုယ်ပိုင်လယ်ယာမြေ
များကို အမြတ်ထုတ်မည့်သူများက ဝယ်ယူပြီး အကွက်ရိုက်
ရောင်းစားခြင်းများ၊ လယ်ယာမြေပေါ်တွင် ဆောက်လုပ်ခွင့်
မရရှိဘဲ ကျူးကျော်နေထိုင်သူများကို အရေးယူမည်ဖြစ်ကြောင်း
၎င်းက ဆိုသည်။

“လယ်မြေကို အခြားနည်းသုံးစွဲခွင့် မရဘဲနဲ့ ခြံတွေ အကွက်
ရိုက်တယ်။ လမ်းတွေ ဖောက်တယ်။
အခိုင်အမာ အဆောက်အအုံတွေ ဆောက်တာ ဥပဒေနဲ့အညီ
အရေးယူဖို့ ရှိ၊ မရှိ တိုင်းလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာ
ကို ရောင်းချတဲ့သူတွေကို အရေးယူမယ်လို့ ဝန်ကြီးက
ပြောထားပါတယ်။
အခုလက်ရှိတော့ အရေးယူဖို့ ဆောင်ရွက်နေပါတယ်” ဟု
ဦးအောင်ဘုန်းကျော်စံဦးက ဆိုသည်။

ထန်းတပင်မြို့နယ်တွင် လယ်မြေ တစ်ဧကကို
သိန်းတစ်ရာ၊ နှစ်ရာကျပ်ဖြင့် ဝယ်ယူကာ ပေ ၂၀၊ ပေ ၆၀
နှင့် ပေ ၄၀ ၊ ပေ ၆၀ အကွက်များ ရိုက်ကာ တစ်ကွက်လျှင်
သိန်း ၅၀မှ သိန်းတစ်ရာအထိလည်းကောင်း၊
လမ်းမဘေးနေရာများတွင် သိန်းငါးရာမှ သိန်းတစ်ထောင်
ကျော်အထိ ဈေးခေါ်ကာ အရပ်စာချုပ်ဖြင့် ရောင်းချလျက်
ရှိကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ်ထံမှ
သိရသည်။

ယခုလက်ရှိ ထန်းတပင်မြို့နယ်တွင် လယ်ယာမြေကို
အကွက်ရိုက်ကာ ဝယ်ယူနေထိုင်သည့် ကျူးကျော်အိမ်ခြေ
နှစ်သောင်းခန့်ရှိပြီး အနောက်ပိုင်းတက္ကသိုလ် လမ်းမကြီး၊
ဝါးတရာ အုပ်စုနားတွင် အများဆုံး နေထိုင်လျက်ရှိသည်။

*****

၂။ "မြေများကို အကွက်ရိုက်ရောင်းသည့် ရပ်/ကျေး
အုပ်ချုပ်ရေးမှူး ၁၅ ဦးကို အရေးယူ"

မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ အတွင်းတွင် မြေများအား
အကွက်ရိုက်၍ ရောင်းချနေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး
၁၅ ဦး ခန့်အား အမှုဖွင့် အရေးယူထားပြီး ဖြစ်ကာ လယ်မြေ၊
ဥယျာဉ်ခြံမြေ၊ စားကျက်မြေနှင့် ကျေးရွာပိုင်မြေများအား
အကွက်ရိုက်၍ ရောင်းချခြင်း မပြုလုပ်ရန်အတွက်
အုပ်ချုပ်ရေးမှူးများအား ခံဝန်ချက် ထိုးခိုင်းထားကြောင်း
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

“စုစုပေါင်း ၁၅ ဦးလောက်ကို အရေးယူ ထားတယ်၊ မော်လမြိုင်
ခရိုင်မှာလည်း ရှိတယ်၊ သထုံ ခရိုင်မှာလည်း ရှိတယ်၊ သူတို့ကို
တရားရုံးမှာ တရားစွဲဆို ထားပါတယ်၊ အဂတိလိုက်စားတဲ့
ပုဒ်မနဲ့ပါ” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက
ဧရာဝတီသို့ ပြောကြားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့ စီမံခွင့် ရှိသည့်
စားကျက်မြေ၊ ကျေးရွာပိုင် မြေများနှင့် အခြား မြေများအား
ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအတွက်ဟု ဆိုကာ
ခေါင်းစဉ်တပ်၍ ရောင်းချခဲ့ပြီး ၎င်းရောင်းချရသည့်ငွေကြေးများ
ကို ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲထားသည့်
စာရင်း ဇယားများဖြင့် မပြနိုင်၍ ၎င်းတို့အား အဂတိ
လိုက်စားမှု ပုဒ်မဖြင့် တရားစွဲဆို ထားခြင်း ဖြစ်ကြောင်း
သိရသည်။။

မွန်ပြည်နယ် ရှိ မြို့နယ် ၁၀ မြိုနယ် အတွင်းရှိ ကျေးရွာ
အုပ်ချုပ်ရေးမှူးများအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့
တွင် မွန်ပြည်နယ် အစိုးရ အဖွဲ့က ဆင့်ခေါ်၍ ၎င်းတို့
စီမံပိုင်ခွင့်ရှိသည့် စားကျက်မြေ၊ ကျေးရွာပိုင်မြေများနှင့်
မည်သည့် မြေအမျိုးအစားများကို မဆို တရားဝင်
လျှောက်ထား၍ အခြားနည်း အသုံးပြုခွင့်မရှိပဲ ရောင်းချခြင်းများ
ပြုလုပ်ခဲ့ပါက ပြင်းထန်စွာ အရေးယူခံရမည် ဖြစ်ကြောင်း
ခံဝန်ချက် ရေးထိုးခိုင်းခဲ့ပြီး ဖြစ်သည်။

ထိုသို့ ဖမ်းဆီးအရေးယူထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ
အနက် ပေါင်မြို့နယ်အတွင်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ
အများစု ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့်
ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက
ဧရာဝတီသို့ ဆက်လက် ပြောကြားသည်။

ဝန်ကြီး ဦးထွန်းဌေးက
“ကျနော်တို့ ပြည်နယ်အစိုးရ အဖွဲ့က စီမံခန့်ခွဲ ပိုင်ခွင့်မရှိတဲ့
မြေအမျိုးအစားတွေလည်း ရှိတယ်၊ ဥပမာ စားကျက်မြေတို့
ရွာသီးသန့် မြေတို့ အဲဒီမြေ အမျိုးအစားတွေက သက်ဆိုင်ရာ
ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ စီမံခန့်ခွဲပိုင်ခွင့် အောက်မှာ
ရှိသွားတယ်၊ အကွက်ရိုက်တယ်၊ ရောင်းစားတယ်၊ သူတို့
ကိုယ်ပိုင် စည်းတံဆိပ်တွေ ထုပေးတယ်၊ အထူးသဖြင့်
ပေါင်မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အများစု
ပါဝင်တာကို တွေ့ရတယ်” ဟု ရှင်းပြသည်။

မွန်ပြည်နယ် လွှတ်တော်သို့ ရေးသား ပေးပို့ လာသည့်
တိုင်စာ များအနက် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ မြေကွက်
အကွက်ရိုက် ရောင်းချခြင်း အပါအဝင် မြေယာပြဿနာနှင့်
စပ်လျဉ်းသည့် တိုင်စာများ အများဆုံး ဖြစ်ကာ ၂၀၁၆ ခုနှစ်
အတွင်းတွင် မွန်ပြည်နယ် လွှတ်တော်မှ လက်ခံ ရရှိ
ထားသည့် တိုင်စာ အစောင်ရေ ၁၃၀၀ ကျော် အနက်
မြေယာနှင့် ပတ်သက်သည့် တိုင်စာ ၅၀ ရာခိုင်နှုန်းကျော်
ရှိကြောင်း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာ၊
တင်ပြစာများနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာ
သုံးသပ်ရေး ကော်မီတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူထံက
သိရသည်။

မေလ ၇ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်
ဒုတိယအကြိမ် ဆဋ္ဌမမြောက် ပုံမှန် အစည်အဝေး၌
ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်
ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက မြေကြီးတူး ရောင်းစားမှု၊
အကွက်ဖော် ရောင်းစားမှုနှင့် ပတ်သက်၍ သိရှိလိုသော
ကြယ်ပွင့်ပြ မေးခွန်းအား မေးမြန်းခဲ့ရာ ထိုသို့ ပြုလုပ်နေခြင်း
ကို ဆက်လက် အရေးယူ ဆောင်ရွက်သွားရန် ရှိကြောင်း
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် မွန်ပြည်နယ်
စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး
ဝန်ကြီး ဦးထွန်းဌေး တို့က ဖြေကြားသွားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် မွန်ပြည်နယ် အစိုးရရုံး၌
ပြုလုပ်ခဲ့သည့် အစိုးရ သက်တမ်း ၁ နှစ်ပြည့် လုပ်ဆောင်ချက်
များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌လည်း
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက လယ်မြေအား
အခြားနည်း အသုံးပြုခွင့် မရပဲ အဆောက်အဦ
ဆောက်လုပ်ခြင်း၊ အကွက်ရိုက် ရောင်းချခြင်း၊ လယ်မြေများမှ
မြေတူး၍ အုတ်ဖုတ်လုပ်ခြင်း စသည့် ပြဿနာများ မွန်ပြည်နယ်
အတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း
ပြောကြားထားသည်။

ဟင်္သာနီ (မွန်မြေ)

credit - The Voice & Irrawaddy Publishing Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

"တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား"

"တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား"

''တိုက်ခန်းအရောင်းအဝယ်မှာ အခွန်ဆောင်ရပါသလား''
ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ
လာရောက်ဆွေးနွေးလာပါသည်။

''တိုက်ခန်း ဝယ်ရောင်းလုပ်ဖို့ စိတ်ကူးလို့လား''

စာရေးသူက မိတ်ဆွေအား မေးလိုက်ခြင်းဖြစ်သည်။

''ဝယ်ရောင်းဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး။
ဒါပေမယ့် အခုကာလက တိုက်ခန်းတွေ အဝယ်မလိုက်တော့
ဈေးသင့်တာနဲ့ ဝယ်ထားမလားစိတ်ကူးလို့ပါ''

''မှန်ပါတယ်။ အရင်ကာလထက်တော့
အိမ်ခြံမြေတိုက်ခန်းတွေ အရောင်းအေးနေတာအမှန်ပဲ''

''အချို့က ပြောတော့ အိမ် ခြံ မြေ ဝယ်ရင် အခွန်ဆောင်တဲ့
အတိုင်း တိုက်ခန်းဝယ်ရင်လည်း အခွန်ဆောင်ရမယ်လို့
ပြောတာနဲ့ သူငယ်ချင်းဆီလာဆွေးနွေးတာ''

''အေး၊ လောလောဆယ်ကတော့
အခွန်ဆောင်ခြင်း၊ မဆောင်ခြင်းက အဓိက မဟုတ်ဘူး။
မိမိ ဝယ်မယ့် တိုက်ခန်းဟာ အရှုပ်အရှင်းကိစ္စတွေရှိ၊ မရှိ
စုံစမ်းဖို့က အဓိကပဲ''

''အကြမ်းဖျင်းပြောပြပါဦး၊ ဘယ်အချက်တွေကိုစုံစမ်း မေးမြန်း
ထားရမယ်ဆိုတာ''

''အခုဝယ်မယ်လို့ စဉ်းစားထားတဲ့ အဆောက်အအုံက
အသစ်လား၊ လူနေပြီးသားတိုက်ခန်း တွေလား''

''အသစ်ပဲ၊ အခုမှ ဆောက်ပြီးတာ တစ်လခန့်ပဲရှိမယ်
ထင်တယ်''

''ပထမဆုံး အချက်က မိမိ ဝယ်မယ့် တိုက်ခန်းဟာ
ကန်ထရိုက်တာက အချိုးကျရရှိထားတဲ့ တိုက်ခန်းလား၊
မြေပိုင်ရှင်ရရှိမယ့် တိုက်ခန်းလားဆိုတာ သိထားဖို့ လိုတယ်''

''ကန်ထရိုက်တာရမယ့် အခန်းများထဲက တစ်ခန်းကို
ပြောတာပဲ''

''ကန်ထရိုက်တာ အခန်းဆိုရင်တော့ နည်းနည်းသတိထားဖို့
လိုတယ်၊
ဆောက်လုပ်ရေးလုပ်နေစဉ် ငွေအရင်းအနှီးပြတ်သွားလို့
ပေါင်နှံထားတဲ့ အခန်းတွေရှိတတ်တယ်။
ရေမီးစုံ မစုံ၊ မော်တာ၊ မီတာ သီးခြားစီရှိ မရှိ စိစစ်ဖို့ လိုတယ်''

''ရေက အဝီစိတွင်းလို့ ပြောတယ်။
တိုက်ခန်းတိုင်းမှာ မော်တာ တစ်လုံးစီ၊ မီတာတစ်ခုစီ
တပ်ပေးထားတယ်လို့ သိရတယ်''

''အရေးကြီးဆုံးကတော့ လူနေထိုင်ခွင့်အတွက် ခွင့်ပြုမိန့်၊
စာရွက်စာတမ်းရှိဖို့ပဲ သူငယ်ချင်း''

''အဲဒါတော့ မေးမထားမိဘူး''

''အေး-အဲဒါက အဓိကပဲ၊ လူ နေထိုင်ခွင့် မရသေးဘဲ
တက်နေကြတာ အများကြီးဖြစ်နေတယ်''

''လျှောက်ထားဆဲဆိုရင် ဖြစ်သလား''

''ဒါလည်း သေချာမေးကြည့်ဖို့လိုမယ်၊ လျှောက်ထားတဲ့
စာရွက်စာတမ်းတွေကြည့်ရရင်တော့ သေချာတာပေါ့''

''နေထိုင်ခွင့်မရဘဲနေမိရင် ဘာဖြစ်တတ်သလဲ''

''ဥပဒေကတော့ ဖယ်ရှားတဲ့ အထိ လုပ်ပိုင်ခွင့်ရှိတယ်။
ဒဏ်ငွေ ဆောင်ပြီး နေထိုင်ခွင့်အမိန့် လျှောက်တာလည်း
ရှိပါတယ်''

''ဒါက ကန်ထရိုက်တာက လုပ်ပေးရမှာ မဟုတ်လား''

''ကန်ထရိုက်တာက ကုန်ကျစရိတ် မခံနိုင်တာနဲ့ အခန်းတွေ
အပ်ပြီး ထွက်သွားတာတွေ အမျိုး မျိုးရှိတယ်။
ဒီအချက်ကနောက်တော့ ထပ်ဆွေးနွေးတာပေါ့၊
အခု သူငယ်ချင်းပြောတဲ့ အခွန်အကြောင်း ဆွေးနွေးရအောင်''

''ကောင်းပါတယ် သူငယ်ချင်း''

''ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ
နိုင်ငံသားမည်သူမဆို၊ အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊
တည်ဆောက်ခြင်း ရယူခြင်းနှင့် လုပ်ငန်းသစ်တည်ထောင်ခြင်း၊
လုပ်ငန်းသစ်ထပ်မံ တိုးချဲ့ခြင်း ကိစ္စရပ်တွေမှာ
အခွန်ကောက်ခံတဲ့ နှုန်းထားတွေ ပြဋ္ဌာန်းထားတယ်''

''အခြေပစ္စည်းဆိုတာက ဘာကို ဆိုလိုတာလဲ''

''အိမ် ခြံ မြေ၊ တိုက်ခန်းကို ဆိုလိုတာဖြစ်တယ်။
ဒါကြောင့် တိုက်ခန်းဝယ်ရင် ဥပဒေအရတော့
အခွန်ပေးဆောင်ရမှာပဲဖြစ်တယ်''

''အချို့လည်း ဝယ်ခွန်မဆောင်ဘဲ နေကြတာတွေရှိတယ်
မဟုတ်လား''

''မှန်ပါတယ်။
များသောအားဖြင့် တိုက်ခန်းရောင်းဝယ်တဲ့အခါမှာ ဝယ်ခွန်
မဆောင်ဘဲနေကြတာ များပါတယ်။
မြေကွက်ကိစ္စတွေ ကတော့ အမည်ပေါက်ပြောင်းမယ်ဆိုရင်
ဝယ်ခွန်ဆောင်ပြီးသား ပြေစာပါမှ ဆောင်ရွက်ပေးတာဖြစ်လို့
မဖြစ်မနေ ဝယ်ခွန်ဆောင်ကြတာ ဖြစ်တယ်။
တိုက်ခန်းတွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ့်
တင်းကျပ်တဲ့ စည်းမျဉ်း လုပ်ထုံး လုပ်နည်း ထုတ်ပြန် ထားတာ
မတွေ့ ရဘူး။
ဒီအချက်ကြောင့်လည်း ဝယ်ခွန်မဆောင်ဘဲ ရောင်းဝယ်
နေကြတာ ဖြစ်တယ်''

''သက်ဆိုင်ရာဝန်ကြီးဌာန  က  မြေကွက်တန်ဖိုး စံနှုန်း
သတ်မှတ်ပေးတာရှိတယ် မဟုတ်လား''

''ရှိတယ်၊ အဲဒီစံနှုန်းပေါ် မူတည်ပြီး တန်ဖိုးဖြတ်တာဖြစ်တယ်''

''ဒီလိုဆိုရင် တိုက်ခန်းတွေကို စံနှုန်းထား သတ်မှတ်ပေးတာ
ရှိမှာပေါ့''

''ရှိတာပေါ့၊
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အလိုက် တိုက်ခန်း
အထပ်ပေါ် မူတည်ပြီး တစ်စတုရန်းပေပေါ်မှာ တန်ဖိုး စံနှုန်း
သတ်မှတ်ပေးထား ပါတယ်''

''ဝယ်ခွန်ဆောင်မယ်ဆိုရင် အခုသတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း
ဆောင်ကြရမှာပေါ့''

''မှန်ပါတယ်။
ဝယ်ခွန်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ တန်ဖိုးဖြတ်အဖွဲ့ထံ
တိုက်ခန်းဝယ်ပြီး ရက်ပေါင်း (၃ဝ) အတွင်း လျှောက်ထား
ရပါတယ်။
အဲဒီရက်ကျော်ရင်တော့ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်တယ်''

''အရောင်းအဝယ် စာချုပ် တင်ပြရတာပေါ့''

''မှန်ပါတယ်၊
အရောင်းအ ဝယ် စာချုပ်နဲ့အတူ ဝယ်သူကိုယ်တိုင်
သွားရောက်ပြီး တန်ဖိုးဖြတ်ပေးဖို့ လျှောက်လွှာဖြည့်စွက်
တင်သွင်းရမှာ ဖြစ်တယ်။
အခက်အခဲမရှိအောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြား
ပြသ အကူအညီ ပေးသွားမှာဖြစ်တယ်''

''ဝယ်ခွန်ဆောင်ရင် ဘယ်လို အကျိုးကျေးဇူး ရနိုင်မလဲ''

''ဒါကတော့ ရှင်းပါတယ်။
ပထမဆုံးအချက်ကတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့
ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာဖြစ်ပါ တယ်''

''ပြန်ရောင်းရင်ဘယ်လိုဖြစ်နိုင်သလဲ''

''ပြန်ရောင်းရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့
ရောင်းစဉ်က ရရှိတဲ့ အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင်နှုန်း
ဆောင်ရမှာ ဖြစ်တယ်။
ရောင်းရငွေပေါ်မှာ ဆောင်ရမှာ မဟုတ်ဘူး''

''ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ ဝယ်ခွန်ဆောင်တာ က
ကောင်းတာပေါ့နော်''

''မှန်ပါတယ်။
အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာတွေ၊
အရောင်းထပ်နေတာတွေ ဖြစ်တတ်တယ်။
အဲဒီလို အခြေအနေမျိုးမှာဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက
ပိုင်ဆိုင်ခွင့်ရမှာမို့ အကောင်းဆုံးကတော့ ဝယ်ခွန်ပေးဆောင်
ထားတာ အကောင်းဆုံးပဲ သူငယ်ချင်း'' ဟု
အကြုံပြု ဆွေးနွေးပေးလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)

credit - Zaygwet Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

“သိမ်းဆည်းခံ လယ်မြေများနှင့် ကျူး နောက်ဆက်တွဲ သတင်းများ”

“သိမ်းဆည်းခံ လယ်မြေများနှင့် ကျူး နောက်ဆက်တွဲ
သတင်းများ”


၁။ "သိမ်းဆည်းခံ လယ်မြေများကို မြေပေါက်ဈေးအတိုင်း
လျော်ကြေးပေးမည် မဟုတ်ဟု ၀န်ကြီးချုပ်ပြော"

ရန်ကုန်တိုင်းအတွင်း သိမ်းဆည်းထားသော လယ်မြေများ
အတွက် လျော်ကြေးပေးရာတွင် မြို့ပြမြေပေါက်ဈေးပမာဏ
အတိုင်း ပေးလျော်မည်မဟုတ်ဘဲ လယ်မြေပေါက်ဈေးအတိုင်း
သာပေးမည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

‘‘လယ်တွေကို လယ်ဈေးအတိုင်း ရနိုင်မယ့်အခြေအနေကို
အစိုးရဘက်က ဒီအတိုင်းပဲ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လယ်မြေတွေကို မြို့တော်က မြေဈေး
မရနိုင်ဘူး ဆိုတာ သေချာပါတယ်’’ ဟု
ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သိမ်းဆည်းခံ လယ်မြေများကို မြို့ပြပေါက်ဈေးအတိုင်း
ပေးလျော်မည်မဟုတ်ဘဲ မူလလယ်မြေတန်ဖိုးသာပေးမည်
ဟု ၀န်ကြီးချုပ်က ပြောသည်။

သိမ်းဆည်းခံ လယ်မြေများ လျော်ကြေးပေးရာ၌ ကြားပွဲစား
များ၏ ဆောင်ရွက်မှုများကြောင့်  အခက်အခဲများကြုံရသည်
ဟု ၀န်ကြီးချုပ်က ဇွန်လ ၉ ရက်တွင် ပြုလုပ်သောသတင်းစာ
ရှင်းလင်းပွဲ၌ ပြောကြားသည်။

ရန်ကုန်တိုင်းတွင် မြေဈေးကစားမှုများစွာ ကြုံတွေ့နေရခြင်း
ကြောင့် မြေဈေးကို ထိန်းညှိနိုင်ရန် တိုင်းအစိုးရက
လုပ်ဆောင်ခဲ့ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

ရန်ကုန်မြို့သည် မြို့ပြဧရိယာ ကျယ်ပြန့်လာခြင်းကြောင့်
လယ်သမားများအနေဖြင့် သိမ်းဆည်းခံ လယ်မြေများ
ပြန်ရနိုင်စရာမရှိတော့ကြောင်း ရှင်းပြသည်။

ထို့အပြင် မြေတန်ဖိုးပြောင်းလဲကွာခြားမှုကို အခွင့်အရေးယူ
နေသူများကြောင့် လယ်ယာမြေများတွင် လူနေထိုင်ခွင့်
လန(၃၉) လျှောက်ထားမှုကို စနစ်တကျ စစ်ဆေးမည်ဟု
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က
ပြောသည်။

လယ်ယာမြေများတွင် လူနေထိုင်မှုလျှောက်ထားရာ၌
လယ်သမားမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်များသာ
လျှောက်ထား၍ မြေတန်ဖိုးပြောင်းလဲမှုကို ရယူနေကြောင်း၊
လယ်တစ်ဧက၏ မူလ တန်ဖိုးသည် ကျပ်သိန်း ၂၀၀ ခန့်
ရှိသော်လည်း လန(၃၉)ရရှိပါက ကျပ်သိန်း ၅၀၀ မှ ၁,၀၀၀
အကြား ဈေးမြင့်တက်ကြောင်း ၎င်းက ဆိုသည်။

ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းတွင် လယ်ယာမြေ
များကို လူနေထိုင်ခွင့်လျှောက်ထားကာ ခြံကွက်များဖော်၍
ရောင်းချမှုများရှိခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့က
ပြောကြားသည်။

၂၀၁၂ လယ်ယာမြေ နည်းဥပဒေတွင်
နိုင်ငံတော်အကျိုးငှာ ဖြစ်စေ၊ အများပြည်သူအကျိုးငှာ ဖြစ်စေ
လယ်ယာမြေသိမ်းယူခြင်း ခံရလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်
ရရှိသူက ယင်းလယ်ယာမြေပေါ်၌  အဆောက်အအုံဖြင့်
တိုးတက် ကောင်းမွန်စေရန် ပြုပြင်ခြင်း အပါအ၀င်
မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူ ဆောင်ရွက်ထား
သည့် ကိစ္စရပ်များအတွက် နစ်နာကြေးနှင့် လျော်ကြေးများကို
သက်ဆိုင်ရာမှ နှောင့်နှေးကြန့် ကြာမှု မရှိဘဲ ရရှိစေရန်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို
ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုသို့ လျော်ကြေးပေးရာ တွင်
- လက်ရှိစိုက်ပျိုးထားသည့် စပါးနှင့် အခြား ရာသီသီးနှံများ
အတွက် တစ်ဧက ပျမ်းမျှအထွက်နှုန်းကို အခြေခံလျက် ဒေသ
ကာလပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး၏သုံးဆ၊
- စိုက်ပျိုးထားသည့် နှစ်ရှည်ပင်အတွက် လက်ရှိအပင်တန်ဖိုး
ကို အခြေခံလျက် ဒေသကာလပေါက်ဈေးဖြင့် တွက်ချက်သော
တန်ဖိုး၏ သုံးဆ၊
- လယ်ယာမြေတွင်  အဆောက်အအုံဖြင့် တိုးတက်
ကောင်းမွန်စေရန် ပြုပြင်ခြင်းအပါအ၀င် အခြားဆောင်ရွက်ချက်
များ အတွက် ဒေသကာလပေါက်ဈေးဖြင့် တွက်ချက်သော
တန်ဖိုး၏ နှစ်ဆပေးရမည်ဟု ဖော်ပြထားသည်။

(ပြည်သိမ်း)

*****

၂။ "ကျူးကျော် စမတ်ကတ်များကို ဇူလိုင်လ ၃ ရက်
အပြီးထုတ်ပေးမည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို
စာရင်း ကောက်ယူပြီး စမတ်ကတ် ထုတ်ပေးမှုကို
ဇူလိုင်လ ၃ ရက်အထိသာ ပြုလုပ်ပေးမည် ဖြစ်ကြောင်း
ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ကျူးကျော်စာရင်းများကို ကနဦးစီမံချက်(Pilot Project)အဖြစ်
၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး
ယခုလက်ရှိ မြို့နယ် ၁၃ ခုမှ အိမ်ထောင်စု တစ်သိန်းကျော်ကို
စမတ်ကတ် ထုတ်ပေးပြီးဖြစ်ကြောင်း၊ ကျန်မြို့နယ်များတွင်
လည်း စာရင်း ကောက်ယူကာ စမတ်ကတ်များ ဆက်လက်
ထုတ်ပေးနေကြောင်း ကျူးကျော်စာရင်း ကောက်ယူရေး
အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၃ ရက် နောက်ဆုံးကောက်ဖို့
ညွှန်ကြားထားတယ်။ စာရင်းကောက်ယူတဲ့ အဖွဲ့တစ်ဖွဲ့က
မြို့နယ်တစ်ခုမှာ တစ်နေ့ကို ကျူးကျော် အိမ်ထောင်စု ၂၅၀၊
၃၀ဝ လောက် စမတ်ကတ် ထုတ်ပေးနိုင်တယ်။ ကျန်တဲ့
မြို့နယ်တွေကို သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ပါတယ်”ဟု
၎င်းကဆိုသည်။

ကောက်ယူရန်ကျန်သည့် မြို့နယ်များတွင် ခန့်မှန်းစာရင်းအရ
ကျူးကျော်နေထိုင်သူ အိမ်ထောင်စု သုံးသောင်းကျော်ရှိပြီး
အသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးရာတွင် အဖွဲ့ပေါင်း
ရှစ်ဖွဲ့ဖြင့် ထုတ်ပေးနေခြင်း ဖြစ်သည်။

ကျူးကျော် စမတ်ကတ် ထုတ်ပေးပြီးသည့် ၁၃ မြို့နယ်မှာ
ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒဂုံမြောက်ပိုင်း၊
ဒဂုံအရှေ့ပိုင်း၊ မြောက်ဥက္ကလာ၊ အလုံ၊ မရမ်းကုန်း၊ သန်လျင်၊
ကျောက်တန်း၊ ဒလ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့ဖြစ်သည်။

ယခုလက်ရှိ တောင်ဥက္ကလာနှင့် ဗဟန်းမြို့နယ်မှ ကျူးကျော်
များကို စမတ်ကတ်များ ထုတ်ပေးခဲ့ပြီး ဒေါပုံ၊ ဗိုလ်တစ်ထောင်၊
အင်းစိန်၊ မင်္ဂလာဒုံ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊
ကြည့်မြင်တိုင်၊ လှိုင်၊ လမ်းမတော်၊ သုံးခွ၊ ခရမ်း၊ တွံတေး၊
ကော့မှုး၊ ကွမ်းခြံကုန်းနှင့် လှည်းကူးမြို့နယ်တို့ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင်
နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု 
၁၆၇၇၃၈ စု ရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁၀၅၀ ခန့်
ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ
သိရသည်။

*****

၃။ "ကျူးကျော်များကို နေရာချထားပေးရန် ဧရိယာတစ်ခုကို
ရွေးချယ် သတ်မှတ်ပေးမည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို
နေရာချထားပေးရန် ဧရိယာတစ်ခုကိုရွေးချယ်သတ်မှတ်ရန်
ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းကပြောသည်။

''ကျူးကျော်ပြန်လည်နေရာချထားရေး အစီအစဉ်သစ် တစ်ရပ်
အနေနဲ့ ဧရိယာတစ်ခုကို ရွေးချယ်သတ်မှတ်ဖို့ ဆောင်ရွက်
နေပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံက ခေတ်အဆက်ဆက် ကျူးကျော်
တွေနေတာနဲ့ ကြုံခဲ့ရတယ်။
ရန်ကုန်မြို့ကြီးက တစ်ချိန်က ရွှေတိဂုံဘုရားဝန်းကျင်ကလည်း
ကျူးကျော်တွေပဲဖြစ်ပါတယ်။ ဒီကနေ တဖြည်းဖြည်း နေရာ
ချထားပေးမှုတွေမှာ စနစ်တကျမရှိတဲ့အတွက် အခက်အခဲ
တွေ ခံစားခဲ့ရတဲ့ ပြည်သူတွေလည်း များစွာရှိခဲ့ပါတယ်။
အဲဒါကြောင့်ကျူးကျော်တွေကို စနစ်တကျ နေရာချထားပေးဖို့
ကြိုးစားနေပါတယ်''ဟု ဇွန် ၉ ရက်ကပြုလုပ်သောရန်ကုန်တိုင်း
ဒေသကြီးအစိုးရ၏ အစိုးရသက်တမ်း တစ်နှစ်ပြည့် သတင်းစာ
ရှင်းလင်းပွဲတွင်ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ကျူးကျော်နေထိုင်သူများကို စနစ်တကျ နေရာချထားပေးရန်
ဆောင်ရွက်မည်ဖြစ်သော်လည်းအမှန်တကယ် ကျူးကျော်
နေထိုင်သူများကိုသာ နေထိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး
လိမ်လည်လျှောက်ထားသူများကို စိစစ်အရေးယူမည်
ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ကျူးကျော်မဟုတ်ဘဲ အစိုးရကို လိမ်လည်ပြောဆိုနေတာတွေ
ကို ပြန်လည်စိစစ်ပါမယ်။ ဒါပေမဲ့ကျူးကျော်တွေကို စနစ်တကျ
ပြန်လည်နေရာချထားပေးဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ကျူးကျော်တွေအတွက် စနစ်တကျ စာရင်းကောက်နေပါတယ်။
လိမ်လည်ပြီး ကျူုးကျော်လို့ လုပ်လို့မရပါဘူး။နည်းပညာကို
သုံးပြီး သေချာစိစစ်နေပါတယ်''ဟု ၄င်းက ပြောသည်။

လက်ရှိကောက်ယူရရှိသော စာရင်းဇယားများ အရ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူဦးရေ
လေးသိန်းကျော်ခန့်ရှိနေကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောသည်။

''ကျူးကျော်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သုံးသိန်းကျော်
လောက်ပဲရှိဖို့ မျှော်လင့်ထားပေမဲ့တကယ်တမ်း စာရင်းဇယား
တွေအရ လေးသိန်းကျော်တောင် ရှိနေတယ်။
အဲဒီအရေအတွက်က တကယ့်အစစ်အမှန်အရေအတွက်
ဟုတ်၊ မဟုတ် စိစစ်ပြီး နေရာချထားပေးဖို့ ဆောင်ရွက်ပါ့မယ်''
ဟု ၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်း
ခံထားရသော လယ်ယာမြေများကိုလည်း ပြန်လည်ရရှိရန်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''အားလုံးက မျှော်မှန်းသလို လယ်ယာမြေတွေ ပြန်လည်ရရှိဖို့
လည်း ဆောင်ရွက်ပေးမှာပါ။ ဒါပေမဲ့သေသေချာချာ စိစစ်ပြီးမှ
ဖြစ်မှာပါ။ အချိန်ယူပြီး သေသေချာချာ စိစစ်ရဦးမှာပါ။
တချို့နေရာတွေမှာလယ်ဧက ၄ဝဝ လောက်ကို
လျှောက်ထားသူလယ်သမားဦးရေက ၁,ဝဝဝ ကျော်လောက်
ရှိနေပါတယ်'' ဟု ၄င်းက ပြောသည်။

(တင်ရတနာထွန်း)

credit - 7day Daily / The Voice
& The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

“အမြန်လမ်းဘေး ကျူးများအား ဖယ်ရှားခြင်းနှင့် ကျူးများ အတွက် သတိပေးချက်”

“အမြန်လမ်းဘေး ကျူးများအား ဖယ်ရှားခြင်းနှင့်
ကျူးများ အတွက် သတိပေးချက်”


၁။ "ကျူးကျော်အိမ်ခြေ လေးထောင်လောက်ကို ဖယ်ရှား"

လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု
ရန်ကုန်-နေပြည်တော် အမြန်လမ်းဘေး မှာ ရှိတဲ့ ကျူးကျော်
အိမ်ခြေ (၄)ထောင်လောက်ကို အာဏာပိုင်တွေက စတင်
ဖြိုဖျက်ခဲ့ပါတယ်။

စိမ်းလန်း၊ ဂန့်ဂေါ်ကျွန်း၊ အောင်ရတနာ၊ ရတနာအောင်နဲ့
အောင်သုခ စတဲ့ကျေးရွာတွေက ကျူးကျော်နေအိမ်တွေကို
ရန်ကုန်တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ရဲအင်အား (၂၀ဝ) ကျော်
လောက်အပါအဝင် လူအင်အား တထောင်ကျော်လောက်က
ဖယ်ရှားနေတာ ဖြစ်ပါတယ်။

ဇွန်လ၁၂ရက် မနက် (၆)နာရီခွဲ ဝန်းကျင်လောက်ကတည်းက
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၊ တုတ် ဓား လက်နက် တွေ ကိုင်ထား
တဲ့ အရပ်ဝတ်လူတွေဟာ ကျူးကျော်နေအိမ်တွေကို စတင်
ဖြိုဖျက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအနီးနားမှာ ကျူးကျော်မြေတွေ နေအိမ်တွေ စီးပွားဖြစ်ရောင်းစား
ကြသူတွေရှိပြီး (၄၀) (၆၀) ခန့် မြေတကွက်ကို (၁၀)သိန်း
ဝန်းကျင်နဲ့ အကွက်ရိုက် ရောင်းစားသူတွေဆီကနေ
ပြန်ဝယ်ကြသူတွေက အများစု ဖြစ်ပါတယ်။

အဖျက်ခံရတဲ့ နေအိမ်တွေ တော်တော်များမှာလည်း လူတွေ
နေထိုင်ကြတာလည်း သိပ်မတွေ့ရဘူး။

အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ဒီလို ရဲအင်အား လူအင်အား
အလုံးအရင်းသုံးပြီး ကျူးကျော်အိမ်တွေကို ဖြိုဖျက်တာဟာ
ပထမဆုံးအကြိမ်လို့ ဆိုနိုင်ပါတယ်။

ကျူးကျော်နေသူတွေကတော့ သူတို့အိမ်တွေကို ဖျက်တဲ့သူတွေ
ကို ငိုယိုပြီး အော်ဟစ်ဆဲဆိုတာ ရဲတွေကို လေးဂွနဲ့ လှမ်းပစ်လို့
အရပ်သားလူတွေနဲ့ လုံခြုံရေးရဲတွေကြား အချင်းများခဲ့ပြီး
လူ(၅) ဦးကို ရဲတွေဘက်က ဖမ်းဆီးထိန်းသိမ်းတာတွေ
ရှိခဲ့ပါတယ်။

တကယ်တော့ အမြန်လမ်းဘေး (၃) မိုင် (၄) ဖာလုံက
ထောင်နဲ့ ချီတဲ့ ကျူးကျော်တဲတွေဟာ ဆောက်လုပ်ရေးဝန်ကြီး
ဌာနပိုင် ဖြစ်ပြီး မြေဧက (၁၄၀ဝ) ကျော် အကျယ်အဝန်း
ရှိတာ ဖြစ်ပါတယ်။

ဒီမြေနေရာပေါ်မှာ ရန်ကုန်မြို့အဝင် အထွက် ခေတ္တအနားယူတဲ့
နေရာ အဖြစ် လူနေအိမ်၊ ကျောင်း ဆေးရုံ ဂေါက်ကွင်း အနားယူ
အပန်းဖြေစခန်း တွေ ဆောက်လုပ်မှာ ဖြစ်တဲ့အတွက် ကျူးကျော်
တွေကို ဖြိုဖျက်ရတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းမြို့ပြနဲ့
အိမ်ယာဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က
ပြောပါတယ်။

ဒီစီမံကိန်းကို ပြည်တွင်းကုမ္ပဏီ မဟာမိတ်ကြယ်စင်
(Alliance Star) နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပူးပေါင်း
အကောင်အထည်ဖော်မှာ ဖြစ်ပြီး ထောင်နဲ့ ချီတဲ့ ကျူးကျော်တဲ
တွေကို (၂)လစီမံကိန်းနဲ့ ဖြိုဖျက်သွားမှာ ဖြစ်ပါတယ်။

*****

၂ "နိုင်ငံပိုင်မြေများပေါ် မြို့တည် ရောင်းချနေသူများအား
ဥပဒေနှင့်အညီ အရေးယူမည်"

နိုင်ငံတော်ပိုင်မြေကွက်များကို ကိုယ်ကျိုးစီးပွားအတွက် မြို့တည်
ရောင်းချနေသူများအား ဥပဒေနှင့်အညီ အရေးယူသွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ
သိရသည်။

- အစိုးရပိုင် မြေကွက်များကို ကျူးကျော်ကာ ရောင်းချ
နေခြင်းများအား လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း၊
- သက်ဆိုင်ရာအစိုးရ အနေဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို
ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ဖော်ထုတ်
အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက
ထုတ်ပြန်သော သတင်းအရသိရသည်။

နိုင်ငံတော်မှ ပိုင်ဆိုင်သော မြေနေရာများတွင် ကျူးကျော်နေထိုင်မှု
များနှင့် ရောင်းချနေမှုများကို ဆက်လက်ဖော်ထုတ် အရေးယူ
သွားမည်ဖြစ်ကြောင်း၊
ယင်းအတွက် ထိရောက်သော အရေးယူမှုများ လုပ်ဆောင်
သွားမည်ဖြစ်ပြီး လုပ်ဆောင်နေသော စီးပွားရေး လုပ်ငန်းများ
ကိုလည်း ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

*****

၃။ "နေရာပြန်ငှားသည့် ကျူးများကို စမတ်ကတ်များ
ပြန်သိမ်းမည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်မြေများပေါ်တွင်
နေရာပြန်လည် ငှားရမ်းနေသူများကို စမတ်ကတ်များ
ပြန်သိမ်းမည်ဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်
အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက
ဆိုသည်။

“တချို့မြို့နယ်ဆိုရင် ကျူးမြေကိုပဲ အိမ်တွေ နှစ်လုံး၊ သုံးလုံး
ဝယ်ပြီး ပြန်ငှားစားထားတာတွေ ရှိတယ်။ အဲလို အိမ်ရှင်မျိုးကို
စမတ်ကတ် ပြန်သိမ်းမယ်”ဟု ၎င်းက ဆိုသည်။

* ရန်ကုန်တိုင်းအတွင်း နေထိုင်လျက်ရှိသည့် ကျူးကျော်နေထိုင်သူ
စာရင်း ကောက်ယူရာတွင် မှန်းထားသည့် အရေအတွက်ထက်
ကောက်ယူထားပြီး ဖြစ်သည့်စာရင်းမှာ ပိုမို များပြားနေသဖြင့်
အဆိုပါကိစ္စကို နိုင်ငံတကာ အဖွဲ့အစည်းဖြင့် ပြန်လည်
စိစစ်မည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောကြားထားသည်။ *

ကျူးကျော်စာရင်း ကောက်ခံမှုတွင် မှားယွင်း ကောက်ခံမှုများရှိပြီး
ကျူးကျော်စာရင်းစံနှုန်းတွင် ပါဝင်ခြင်း မရှိသည့် အိမ်ထောင်စုများ
စမတ်ကတ် ထုတ်ပေးထားသည့်ကိစ္စကို ပြန်လည်ဆွေးနွေး
နေကြောင်း ၎င်းက ပြောကြားသည်။

ကျူးမြေဖြစ်သော်လည်း ငွေကြေးတတ်နိုင်သူများက ကျူးမြေများ
ဝယ်ယူကာ အိမ်ဆောက် ငှားရမ်းနေမှုများ ရှိနေပြီး ၎င်းတို့ကို
ကျူးစာရင်းတွင် စမတ်ကတ် ပေးရန် သတ်မှတ်ထားခြင်း မရှိဘဲ
ဌာနဆိုင်ရာ မြေပေါ်တွင် နေထိုင်ခြင်း၊ ကျူးအိမ်တွင် ငှားရမ်း
နေထိုင်ခြင်း၊ ပလပ်ကွက်များတွင် အလျဉ်းသင့်သလို
ဝင်ရောက်နေထိုင်ခြင်းများကို ကျူးအဖြစ် သတ်မှတ်ကာ
စာရင်း ကောက်ခံခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငှားရမ်းထားသူများ (အိမ်ရှင်) ကို ကျူးအဖြစ် မြို့နယ်အချို့က
ကောက်ခံထားမှုရှိပြီး အချို့သော မြို့နယ်တွင် ကောက်ခံထားခြင်း
မရှိကြောင်း၊ အမှန်တကယ် နေထိုင်ရန် အခက်အခဲရှိသူများကို
သာ ပြန်လည် နေရာချထားပေးရေး ဆောင်ရွက်မည်ဖြစ်ကြောင်း
၎င်းက ပြောကြားသည်။

ရွှေပေါက်ကံ မြို့သစ်တွင် ရပ်ကွက် ခွဲပေါင်း ၁၂ ရပ်ကွက်ရှိပြီး
ကျူးကျော်နေထိုင်သူများမှာ ရပ်ကွက် ကိုးခုခန့်ရှိကာ
အိမ်ထောင်စုပေါင်း ၃၀ဝ၀ ခန့် ကျူးကျော် နေထိုင်မှု ရှိကြောင်း
အဆိုပါမြို့သစ် အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရသည်။

“အရောင်းအဝယ်စာချုပ်နဲ့ ဝယ်ယူ နေထိုင်သူ အိမ်ရှင်၊ အိမ်ငှား
တွေကို စမတ်ကတ်တွေလည်း ထုတ်ပေးတယ်။ တချို့ ကျူးမြေ
ပေါ်မှာပဲ ငှားစားထားတဲ့ အိမ်ရှင်ကိုလည်း စမတ်ကတ်တွေ
ထုတ်ပေးတာ တွေ့တယ်”ဟု ရွှေပေါက်ကံမြို့သစ်ဒေသခံ
တစ်ဦးက ဆိုသည်။

စမတ်ကတ်များ ထုတ်ပေးရာတွင် အရောင်းအဝယ် စာချုပ်ဖြင့်
ဝယ်ယူသည့် အိမ်ရှင်ထံ တစ်ဆင့်ခံ ငှားရမ်းနေထိုင်သူများကို
ကျူးအဖြစ် သတ်မှတ်ကာ စမတ်ကတ်များ ထုတ်ပေးထားမှုများ
ရှိသည့်အတွက် စမတ်ကတ် မရရှိသည့် အိမ်ရှင်များနှင့်
အငြင်းပွားမှုများလည်း ရှိကြောင်း မြောက်ဒဂုံမြို့နယ်
ဒေသခံများထံမှ သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှုကို ကနဦးစီမံချက်
(Pilot Project) အရ  ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှ စတင်
ကောက်ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း
မြို့နယ် ၁၃ ခု၌ တရားမဝင် နေထိုင်သည့်
- ကျူးကျော်အိမ်ခြေ ၁၀၅ ၄၄၉ ၊
- အိမ်ထောင်စု  ၁၆၇ ၇၃၈ စုရှိကာ
- ကျူးကျော်နေထိုင်သူ ဦးရေ ၄၃၁ ၀၅၀ ခန့်ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

credit - BBC Burmese / Xinhua Myanmar
& The Voice

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

"မြေအခက်"

"မြေအခက်"

မြေကြီးရရေးက မလွယ်လှပေ။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအတွက်
အဓိကအကျဆုံး အဟန့်အတားမှာ စီးပွားရေးလုပ်ရန်
မြေနေရာဖြစ်သည်။ မြေနေရာတံတိုင်းက စီးပွားရေး
လုပ်ငန်းများကို ယနေ့ထိ ကာဆီးနေဆဲ ဖြစ်သည်။

ယင်းအဟန့်အတားကြောင့်ပင် တပ်ပြန်ခေါက်သွားကြသည့်
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုကြည့်ကာ ငိုချင်လျက် လက်တို့
နေရသည်။ အရှေ့တောင်အာရှတွင် ဈေးအမြင့်ဆုံးဟု
ဆိုသည့်  ရန်ကုန်မြို့ မြေဈေးသည် စီးပွားရေးလုပ်ငန်းများ
ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုအပေါ် ခြိမ်းခြောက်လျက်ရှိသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်း နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံသူများ အဓိက ထောက်ပြသည့်အချက်မှာ
မြေဈေးနှုန်းများ ကြီးမြင့်နေခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့်
လူမှုဖွံ့ဖြိုးရေးအဖွဲ့ (CESD) ၏ အကြီးတန်း နည်းပညာနှင့်
မူဝါဒဆိုင်ရာ လေ့လာသုံးသပ်သူ
ဦးမင်းဇာနည်လင်းက ဆိုသည်။

“ဒီမြေကိစ္စကို (နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက) Blame
အမြဲလုပ်တာရှိတယ်။ မြန်မာနိုင်ငံရဲ့မြေက အာဆီယံမှာ
ဈေးအကြီးဆုံးဖြစ်တယ်။ ရန်ကုန်မြေဈေးက နယူးယောက်က
မြေဈေးထက် ပိုကြီးနေတယ်။ ဒါက စီးပွားရေးလုပ်ငန်းတွေ
အတွက် အခက်အခဲပဲ” ဟု ၎င်းက ဆိုသည်။

ဘဏ္ဍာရေး၊ မြေနေရာ၊ လုပ်သားအရင်းအမြစ်၊ လျှပ်စစ်မီး၊
စီးပွားရေးဆိုင်ရာ မူဝါဒ စသည့် အချက်များကိုကြည့်ကာ
စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံရာတွင် မြေနေရာ ရရှိရေးက
စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
အကဲဖြတ်မှု အစီရင်ခံစာအရလည်း မြန်မာနိုင်ငံတွင်
မြေရရှိရေးမှာ ကြီးမားသည့် အခက်အခဲ ဖြစ်သည်ဟု
ထောက်ပြထားသည်။

အဆိုပါ အတားအဆီးကို ဖြိုဖျက်ရန် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) အစိုးရက အားထုတ်နေသည်။ သင်တင့်
သောဈေးဖြင့် မြေနေရာရစေရမည်ဟု စီမံကိန်းနှင့်
ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက
အာမခံချက်ပေးလေ့ ရှိသည်။ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ
များတွင် ဝန်ကြီးက အထက်ပါအတိုင်း ဆွဲဆောင်သည်။

သို့သော် သပွတ်အူကဲ့သို့ ရှုပ်ထွေးသည့် မြေယာပြဿနာများစွာ
က အမြစ်တည်နေသည်။ လယ်ယာမြေနှင့် မြို့ပြစီမံကိန်း၊
စက်မှုဇုန်များနှင့် ကျူးကျော်ပြဿနာများက မြားမြောင်လှသည်။
ယင်းနှင့်ဆက်စပ်ပြီး အိမ်၊ ခြံ၊ မြေ ဈေးနှုန်းကလည်း လိုက်ပါ
ဂယက် ထနေပြန်သည်။ မြေနေရာကြောင့် စီးပွားရေးလုပ်ငန်း
အပေါ် ရိုက်ခတ်မှုက မည်သို့နည်း။

စီမံကိန်းနှင့် လယ်မြေသပွတ်အူ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ဒီလယ်ကွင်းတွေပဲ” ဟု လယ်သမား ဦးရဲကျော်ဇောက
ပေါင်းမြက်များစွာ ပြန့်ကျဲပေါက်ရောက်နေသည့် လယ်ကွင်းများ
ကို ညွှန်ပြလိုက်သည်။

နေရာကား ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊
ဝါးတစ်ရာစက်မှု ဇုန်အနီးတွင် ဖြစ်သည်။ ဧက ၁၆၀ ကျော်
ရှိသော တစ်ကွင်းတစ်စပ်ထဲ လယ်ကွင်းများ ဖြစ်ပြီး အချို့ကွင်း
များမှာ မိုးစပါး စိုက်ပျိုးရန် ထွန်ယက်လျက်ရှိသည်။

ဦးရဲကျော်ဇောကမူ မိုးစပါးစိုက်ရန်ထက် အခြားစီမံချက်တစ်ခု
ကို ပိုစိတ်ဝင်စားလျက် ရှိသည်။ ယင်းစီမံချက်မှာ ပြီးခဲ့သည့်
ရက်သတ္တပတ်အတွင်း ဂယက်ရိုက်ခဲ့သည့် ဘုရင့်နောင်
ကုန်စည်ဒိုင် ပြောင်းရွှေ့ရေး ဖြစ်သည်။

၎င်းတို့မြေယာများပေါ်တွင် ကုန်စည်ဒိုင် ပြောင်းရွှေ့လာမည်ဟု
သတင်းစကား ကြားသဖြင့် ရှေ့ဆက်သွားရမည့် အနာဂတ်
အစီအစဉ်များကို ၎င်းက တွက်ချက်နေသည်။ ၎င်းသည်
စီမံကိန်း မြေနေရာတွင် မြေရှစ်ဧကခန့် ပိုင်သည်။

“စီမံကိန်းကို မကန့်ကွက်ဘူး။ ဒါပေမဲ့ လျော်ကြေး ၅၀ ရာခိုင်နှုန်း
(ဂရန်ပေါက်ပြီး မြေ) ပေးဖို့ တောင်းဆိုထားတယ်” ဟု သူက
ဆိုသည်။

မျှော်လင့်ထားသည့်အတိုင်း လျော်ကြေးရလျှင် သူပိုင်ဆိုင်
သည့် မြေရှစ်ဧကအနက် တစ်ဝက်ရမည် ဖြစ်သည်။ သို့သော်
မြေတန်ဖိုးမှာမူ အဆများစွာ ပိုတက်လာမည် ဖြစ်သည်။
၎င်းကိုယ်တိုင် လယ်ယာမြေကို အခြားမြေအဖြစ် အသုံးချခွင့်
(လန ၃၉) မလျှောက်ထားရဘဲ စီမံကိန်းမြေတွင်
မြေပိုင်ဆိုင်နိုင်သည်။

အဖိုးတန်မြေ ပိုင်ဆိုင်သူများတွင် သူလည်း ပါဝင်လာမည်
ဖြစ်သည်။ ယင်းမှာ စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့်
နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်သည်။ စီမံကိန်းတစ်ခုခု
စတင်သည်နှင့် ယင်းနေရာရှိ မြေများမှာ အလိုလို
ဈေးတက်သည်မှာ မလွဲပေ။

ထိုအခြေအနေကို ကွက်ကျော်မြင်သူများနှင့် သတင်းဦးရသူတို့
က မြေနေရာ လက်ဦးဝယ်ယူကြသည်။ အထင်ရှားဆုံး
သာဓကဆိုလျှင် ရန်ကုန်မြို့သစ် စီမံကိန်း စတင်ရာတွင်
လက်သွက်လွန်းသော လုပ်ငန်းရှင်များက မြေဝယ်ယူ
ထားပြီး ဖြစ်နေသည်။

စီးပွားရေး မဟုတ်သော စီးပွားရေး ပုံစံတစ်ရပ်ကြောင့် ငွေထုပ်
ပိုက်သွားသူများက ဒုနှင့်ဒေး။

စက်မှုဇုန်များတွင်လည်း အလားတူ ဖြစ်သည်။
ကုန်ထုတ်လုပ်ရန်ထက် မြေနေရာရရန်သာ ပထမ ဦးစားပေး
ကြသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ခု
ရှိပြီး ယင်းဇုန်များ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ကုန်ထုတ်
လုပ်မှုကို ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘဲ မြေဈေးကသာ
တစ်နှစ်ထက် တစ်နှစ် ပိုမြင့်လာကြောင်း လုပ်ငန်းရှင်များက
ဝေဖန်ကြသည်။

ဇုန်အသစ်များ လာမည်
။။။။။။။။။။။။။။။။။။။။။။။။။။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ထိုအခြေအနေကို
စဉ်းစားသုံးသပ်နေပြီး ကုန်ထုတ်လုပ်ငန်းများ အမှန်တကယ်
ရင်းနှီးမြှုပ်နှံမည့်ဇုန်များ ဖော်ထုတ်နိုင်ရန် စီစဉ်နေသည်ဟု
တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန်ကဲ့သို့ ဒလမြို့နယ်တွင် အခြေပြုပြီး
ပင်လယ်ပြင်ကို မျက်နှာမူသည့် စီးပွားရေးဇုန်တစ်ခု အကောင်
အထည်ဖော်ရန် ပြင်ဆင်နေသည်ဟု သူက ဆိုသည်။

ထို့အပြင် လယ်ယာမြေများကို အခြားနည်းလမ်းဖြင့် အသုံးချခွင့်
လန (၃၉) လျှောက်ကာ အိမ်ရာနှင့် အခြားစီမံကိန်းများ
ဖော်ထုတ်မှုကို သုံးသပ်နေသည်။

လန (၃၉) ကို လယ်သမားများက မလျှောက်ဘဲ လုပ်ငန်းရှင်များ
ကသာ လျှောက်ထားခြင်းကြောင့် ပြန်လည်သုံးသပ်ခြင်း
ဖြစ်သည်။ လန (၃၉) ကျလျှင် မူလလယ်မြေတန်ဖိုး သိန်း ၃၀၀
ဆိုလျှင် သိန်း ၅၀၀ မှ ၁၀၀၀ အထိ ဈေးတက်သွားသည်။

“လန ၃၉ ရပြီး လယ်မြေကို အခြားနည်းလမ်းဖြင့် အသုံးပြုခွင့်ပြုဖို့
လိုက်လံကြိုးပမ်းနေမှုကို သေသေချာချာ စိစစ်ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် စီးပွားရေးအတွက် အရေးပါသော ကုန်ထုတ်လုပ်ငန်းများ
ရင်းနှီးမြှုပ်နှံရန် နေရာများ ဖန်တီးမည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်တွင်
ကုန်ထုတ်ဇုန်များ ခွင့်ပြုပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ သို့ဆိုလျှင်
မြေပေါလာမည်။ မြေပေါလျှင် လုပ်ငန်းများ ဝင်လာပေလိမ့်မည်။

ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်း
ရင်းနှီးလုပ်ကိုင်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ
မြေနေရာငှားရမ်း အသုံးပြုခွင့် ရှိသည်။ ပုဂ္ဂလိကမြေ၊ အစိုးရက
စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေနှင့် နိုင်ငံတော်ပိုင် မြေ သို့မဟုတ်
အဆောက်အအုံများကို  ငှားရမ်းအသုံးပြုနိုင်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရသည့်နေ့မှ
နှစ်ပေါင်း ၅၀ အထိ ငှားရမ်းအသုံးပြုနိုင်သည်။ သက်တမ်းတိုးခွင့်
နှစ်ကြိမ် (တစ်ကြိမ်လျှင် ၁၀ နှစ်) ထပ်မံတိုးမြှင့်နိုင်သည်။

မြန်မာနိုင်ငံသား လုပ်ငန်းရှင် ဖြစ်ပါက ၎င်းပိုင်ဆိုင်သည့်
မြေနေရာတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ မြေငှားရမ်းရာတွင်
စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း အက် ဥပဒေ မှတ်ပုံတင်၍
ငှားရမ်းအသုံးပြုနိုင်မည် ဖြစ်သည်။

လက်ရှိအခြေအနေမှာ မြေအတွက် အခက်အခဲမှာ ပြေလည်စ
ပြုပြီ ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်
(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးမျိုးသက်က
ဆိုသည်။

သီလဝါ အထူးစီးပွာရေးဇုန်တွင် SME လုပ်ငန်းများ မြေနေရာ
ငှားရမ်းနိုင်မည့် အခွင့်အရေးများ ဖန်တီးထားပြီး ပြည်ပရင်းနှီး
မြှုပ်နှံမှု လုပ်ငန်းများကိုလည်း မြေနေရာအခက်အခဲကို
ဖြေရှင်းပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းထားသည်။

“(မြေနေရာရရှိရေး) အစိုးရက ဖြေရှင်းပေးမယ် ပြောနေတာ
ပဲလေ။ ခင်ဗျားတို့ ကြိုက်တာလာလုပ် ဖြေရှင်းပေးမယ်။ ဒါပေမဲ့
လာလုပ်မယ့်သူကိုက နည်းနေတာ” ဟု ဦးမျိုးသက်က
ဆိုသည်။

လက်ရှိအနေအထားတွင် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာခြင်းက
မြေကြောင့် မဟုတ်ဟု ၎င်းက ယူဆထားသည်။

အစိုးရ၏ ခိုင်မာအားကောင်းသော မူဝါဒများ မရှိခြင်း၊ ရှိသည့်
မူဝါဒများမှာ ရှင်းလင်းတိကျမှု မရှိခြင်းနှင့် လုပ်ထုံးလုပ်နည်း
ဆိုင်ရာ အခက်အခဲများကြောင့် ရင်းနှီးမြှုပ်နှံမှု လျော့ကျ
လာသည်ဟု ဦးမျိုးသက်က သုံးသပ်သည်။

“အစိုးရအပေါ် ယုံကြည်မှု အားနည်းတယ်။ ပြည်ပကတောင်
မဟုတ်ဘူး။ ပြည်တွင်းက လုပ်ငန်းရှင်တွေတောင် ပေါ်လစီတွေ
ရှင်းရှင်းလင်းလင်း မဖြစ်တော့ ဝါးတားတား ဖြစ်နေတယ်” ဟု
၎င်းက မှတ်ချက်ပြုသည်။

ဦးမျိုးသက်က ထိုသို့ဆိုသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှု
ဖိတ်ခေါ်ပွဲများ၊ ပြည်တွင်းလုပ်ငန်းရှင်များ တွေ့ဆုံပွဲများတွင်
အပြောများကြသည်က မြေယာရရှိရေးပင် ဖြစ်နေပြန်သည်။

“မြေကြီးကိုင်ထားတဲ့သူက ဈေး ဘာညာအော်နေတာ။ စက်မှုဇုန်
တွေမှာ ဒီလောက်ကြီး Demand မဟုတ်ဘူး။ ဒီလောက်မြှုပ်နှံ
ကြတာ မရှိဘူး။ Business က Slowdown ဖြစ်နေတာလေ”
ဟု ၎င်းက ဆိုသည်။

ဆိုလိုသည်က မြန်မာ့စီးပွားရေး အခြေအနေမကောင်းဟူ၍။

မြင့်ဆဲ မြင့်မြဲ အိမ်၊ ခြံ၊ မြေဈေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မြန်မာ့စီးပွားရေး နှေးလာသည်နှင့် အိမ်၊ ခြံ၊ မြေဈေးမှာလည်   
နှေးသွားသည်ဟု အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ဆန်း အစိုးရသစ် တက်လာချိန်တွင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းသဖြင့် ပြည်တွင်းအိမ်၊ ခြံ၊ မြေ
ဈေးကွက်လည်း အရောင်းကျခဲ့ကြောင်း အိမ်၊ ခြံ၊ မြေ
ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော iMyanmar House com ၏
အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။

၂၀၁၇ ခုနှစ်တွင် အရောင်းအဝယ် ပြန်ကောင်းလာသည်။

၂၀၁၆ ခုနှစ် ပထမ ငါးလပတ်နှင့် ၂၀၁၇ ပထမ ငါးလပတ်
ကာလကို နှိုင်းယှဉ်ပါက ယခုနှစ်တွင် အရောင်းအဝယ်
၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ပိုတက်လာသည်ဟု သူက
ဆိုသည်။

သို့သော် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းသည် ၂၀၁၆ ခုနှစ် မတိုင်ခင်
အရောင်းအဝယ်ဖြစ်သည့် ဈေးအောက် ၂၀ ရာခိုင်နှုန်းမှ
၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

“ဈေးကျတာက ဈေးကွက်ထဲမှာ အိမ်ခြံမြေပိုင်တဲ့သူက ငွေလို
တယ်။ ဈေးကွက်ထဲမှာ အရင်ဈေးနဲ့ ရောင်းရင် မထွက်ဘူး။
ဒါကြောင့် ဈေးလျှော့ရောင်းတဲ့အတွက် အကျဘက် ဦးတည်
လာတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ်တွင် အိမ်၊ ခြံ၊ မြေ ဈေးကွက် ပြန်လည်ဦးမော့လာ
နိုင်သည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက ခန့်မှန်းသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည်ဟု
၎င်းတို့က မျှော်လင့်ထားပြီး အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်
ပိုသွက်နိုင်သည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာလျှင် စက်ရုံအလုပ်ရုံများ
အတွက် မြေလိုမည်။ ရုံးခန်းနှင့် လူနေထိုင်ရန် တိုက်ခန်းနှင့်
နေအိမ်များ လိုအပ်သည်။ လိုအပ်ချက် များလာသဖြင့်
ဈေးကွက်လည်း ပိုကောင်းနိုင်သည်။

သို့သော် အိမ်၊ ခြံ၊ မြေ လောကသားများ အထူးစိတ်ဝင်စားသည့်
ကွန်ဒိုမီနီယံ နည်းဥပဒေ အတည်ပြုနိုင်ရန် လိုအပ်မည်
ဖြစ်ကြောင်း Your Property Finder ကုမ္ပဏီ၏ အုပ်ချုပ်မှု
ဒါရိုက်တာ ဒေါ်ချမ်းမြသူက ဆိုသည်။

“Rule and Regulation တွေ အပိုင်းမှာ Condo Law အတည်
ပြုပြီးရင်တော့ မြန်မာနိုင်ငံရဲ့ Real Estate ပိုင်းက တော်တော်
လေး ပွင့်လင်းမယ်။ ဝယ်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေလည်း
ယုံကြည်မှုရှိရှိ ရွေးချယ်လို့ရမယ်လို့ ယုံတယ်” ဟု
၎င်းက ဆိုသည်။

ကွန်ဒိုမီနီယံ ဥပဒေကို ၂၀၁၅ ခု နှစ်ကုန်ပိုင်းတွင် အတည်ပြုခဲ့ပြီး
နည်းဥပဒေ ဆက်လက်အတည်ပြုရန် ကျန်နေသေးသည်။
အဆိုပါ ဥပဒေတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူ
ပိုင်ဆိုင်ခွင့် ၄၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။

အိမ်၊ ခြံ၊ မြေ ဈေးကွက်တစ်ခုလုံး လာမည့်ကာလတွင် အကျဘက်
ဦးတည်နိုင်သည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းသည်။ သို့သော်
အစိုးရက အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည့် မြို့ပြနှင့်
စက်မှုဇုန်စီမံကိန်းများကြောင့် မြေယာအသုံးပြုမှု ပိုမိုမြင့်မား
လာဦးမည် ဖြစ်သည်။

ယင်းအတွက် ထွက်ပေါ်လာနိုင်သည့် မြေနေရာများသည်
စီးပွားရေး လုပ်ငန်းများ၏ အခက်အခဲ ဖြစ်နေသော မြေရရှိရေး
အတားအဆီးကို ဖြေလျှော့နိုင်မည်ဟု မျှော်လင့်ရသည်။

ထို့အပြင် တိုင်းနှင့် ပြည်နယ်များရှိ လုပ်ငန်း လုံးဝ အကောင်
အထည်မဖော်သည့် စီမံကိန်းမြေများကို ပြန်လည်သိမ်းယူမည်
ဟု အစိုးရက ပြောဆိုထားခြင်းကြောင့် ယင်းလုပ်ငန်းများ
တစိုက်မတ်မတ် အကောင်အထည်ဖော်နိုင်လျှင် ကုန်ထုတ်
လုပ်ငန်းများ အတွက် မြေနေရာများ ဖန်တီးနိုင်မည်ဟု
ဦးမင်းဇာနည်လင်းက ဆိုသည်။

လက်တွေ့အခြေအနေကိုကား စောင့်ကြည့်ရပေဦးမည်။

မြေရှိမှ ငွေချေးမယ်
။။။။။။။။။။။။။။။။။။။။။။

စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့လုပ်ငန်းများ အတွက်
ငွေချေးယူရာတွင် အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှု တစ်ခုခုကို
ပေါင်နှံချေးယူရသည်။

အိမ်၊ ခြံ၊ မြေ မပိုင်ဆိုင်သူများမှာမူ စီးပွားရေးလုပ်ရန်
ဘဏ်ချေးငွေမရ။ အပေါင်ပစ္စည်း မလိုဘဲ ငွေချေးနိုင်သည့်
(Credit Guarantee Insurance CGI) ရှိသော်လည်း
တွင်တွင်ကျယ်ကျယ် ဖြစ်မလာသေးပေ။

ငွေချေးရာတွင် မြေပိုင်ဆိုင်မှု အထောက်အထား (မြေဂရန်)
စစ်ဆေးသည်။ ယင်းအထောက်အထားကို ဘဏ်များ၏
ရှေ့နေများက စိစစ်အတည်ပြုပြီး ပေါင်နှံမည့် ပစ္စည်းကို ရာပြတ်
တန်ဖိုး သတ်မှတ်ကာ ချေးငွေပမာဏ မည်မျှထုတ်ပေးမည်ကို
ဆုံးဖြတ်သည်။

ဈေးနှုန်းသတ်မှတ်ရာတွင် လက်ရှိ ဈေးကွက်ပေါက်ဈေး၊ ဗိုက်နာ
ရောင်းဈေး (Forced Sale Value) စသည့် ဈေးနှုန်းများပေါ်
တွင် မူတည်ပြီး ရာခိုင်နှုန်းအလိုက် ချေးငွေထုတ်ပေးခြင်း
ဖြစ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ်တွင် Ex-Chairman
အဖြစ် လုပ်ကိုင်ခဲ့သူ ဦးမြသန်းက ဆိုသည်။

ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management)
အရ ဘဏ်လုပ်ငန်းနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး ချေးငွေ
ဆပ်မှု ကောင်းမွန်သူကို ရာပြတ်တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းအထိ
ပေးလေ့ရှိသည်။

ဥပမာ သိန်းတစ်ထောင်တန် မြေပိုင်ရှင်ကို သိန်း ၇၀၀ အထိ
ထုတ်ချေးပေးကြောင်း ၎င်းက ဆိုသည်။ ဆုံးရှုံးနိုင်ခြေရှိသည့်
လုပ်ငန်းရှင်ကိုမူ ၃၀ ရာခိုင်နှုန်းသာ ထုတ်ချေးပေးသည်။

လက်ရှိတွင် စီးပွားရေး နှေးကွေးသဖြင့် မြေအပေါင်ခံငွေကြေး
အရင်းအနှီး ရယူမှုနည်းသွားသည်။

မြေယာအရေး စိတ်မအေးသေးပါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နိုင်ငံတစ်ဝန်းရှိ မြေယာများ၏ မူရင်းပိုင်ဆိုင်သူသည် နိုင်ငံတော်
ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၇)က
အတိအလင်း ဆိုသည်။

ကိုလိုနီခေတ်အတွင်းကမူ ‘မြေယာသည်သာ လွတ်လပ်ရေး’
ဟူ၍ မြေယာပိုင်ဆိုင်လျှင် သူ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ကြောင်း
အတွေးအခေါ်များလည်း ပေါ်ထွက်ခဲ့ဖူးသည်။

လက်ရှိတွင်လည်း လက်နက်ကိုင်များနှင့် တိုက်ပွဲသည် သူ့ဒေသ၊
ကိုယ်ဒေသ နယ်မကျော်ရ ဟူသည်မှာ မြေနှင့်လည်း
ဆက်စပ်ပြန်သည်။

နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် မြေကိုအမှီပြု၍ တောင်းဆို
ကြခြင်းပင်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်ဒေသ။
နောက်ဆုံးပြောရလျှင် ‘ခွဲထွက်ခွင့်’ စကားရပ်သည်ပင်
မြေနှင့် မကင်း။

ဤမျှမကသေး။ နိုင်ငံတစ်ဝန်း လွှမ်းခြုံသည့် လယ်ယာလုပ်ငန်းခွင်
ကို ကြည့်ပါ။ တစ်ဦးချင်းမှသည် ရွာလုံးကျွတ်နီးပါး ဆန္ဒပြနေသည့်
လယ်သမားများ၊ လယ်ပြန်ရရေး ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒပြ
သည့် လယ်သမားများမှသည် ထောင်မကြောက် တန်းမကြောက်
အထိ ပြုလုပ်နေကြသည်က မြေအတွက်ပင်။

ယနေ့ကျဆင်းနေသည့် စီးပွားရေးကဏ္ဍတွင်လည်း ရှုပါ။
လုပ်ငန်းလုပ်ရန် မြေရှားသည်။ စက်မှုဇုန်များရှိ ဂိုဒေါင်ငှား စား
သူများနှင့် ဇုန်မြေပိုင်ရှင်ကြီးများ လက်ထဲတွင်သာ။

အကွက်အကွင်းကို ဦးထားသည်။ သတင်းဦး အသုံးချသည်။
မြေကို ကြိုဝယ်သည်။ ပဒေသရာဇ်ခေတ် မြေရှင်များအလား။
တကယ်အလုပ်လုပ်မည့် သူက အော်ဟစ်တောင်းနေရ
ပြန်သည်။

မြေအရေးမှာ မြန်မာအတွက် စိတ်မအေးဖွယ်ပင်။

အစိုးရသည် မြေအခက်ကို ဖြေရှင်းရန်အတွက် မည်မျှစွမ်းနိုင်
မည်နည်း။

ကဏ္ဍစုံ မဟုတ်သော်မှ စီးပွားရေးကဏ္ဍမှ မြေအခက်ကိုဖြင့်
ကျန်ရှိသည့် အစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း
ဖြေရှင်းနိုင်ခဲ့လျှင်ဖြင့် ...

ထိုအချက်နဲ့ ပတ်သက်ပြီး ဒေါက်တာမျိုးသက်က ယခုလို
ဆိုသည်။
“အထိုက်အလျောက် အပေါင်းလက္ခဏာမြင်တယ်။
အချိန်တော့ ယူရဦးမယ်”

(နိုင်လင်းအောင်)

credit - The Voice Myanmar

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater