Sunday, June 4, 2017

“ဘုရင့်နောင်ကုန်စည်ဒိုင် နောက်ဆုံးသတင်းနှင့် အဆောက်အအုံအချို့ ပြန်လည်ဖြိုဖျက်ရမည့် မြကျွန်းသာ”

“ဘုရင့်နောင်ကုန်စည်ဒိုင် နောက်ဆုံးသတင်းနှင့်
အဆောက်အအုံအချို့ ပြန်လည်ဖြိုဖျက်ရမည့် မြကျွန်းသာ”


၁။ "ဘုရင့်နောင်ကုန်စည်ဒိုင် ၂ နှစ်အတွင်း
အပြီးပြောင်းရမည်"

ဘုရင့်နောင် ကုန်စည်ဒိုင်ရှိပွဲရုံများအတွက် မြေဂရန်
ငှားရမ်းမှု သက်တမ်း တိုးမြှင့်ပေးရန် ညှိနှိုင်းမှုကို
ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆန်လိုက်ခြင်းကြောင့်
ပွဲရုံများ အနေနှင့် လက်ကျန်စာချုပ်သက်တမ်း ၂နှစ်အတွင်း
အပြီးပြောင်းရမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်
မဲဆန္ဒနယ် အမှတ် (၁) ၏ တိုင်းလွှတ်တော်ကိုယ်စားလှယ်
ဦးရန်ရှင်းက ပြောကြားသည်။

ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်း၏ မြေငှား
ဂရန်များကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း
အစိုးရအဖွဲ့ မေလအတွင်း ညှိနှိုင်းခဲ့ရာတွင် ဝန်ကြီးဌာန
အနေနှင့် မြေဧရိယာများကို အသုံးပြုရန် ရှိနေခြင်းကြောင့်
ထပ်မံငှား မပေးခြင်းဖြစ်ကြောင်း ဦးရန်ရှင်းက
ပြောဆိုသည်။

“ငှားရမ်းကာလ ထပ်တိုးပေးဖို့ ညှိနှိုင်းတာ အဆင်မပြေဘူး၊
ဒီမြေတွေက တိုင်း အစိုးရအဖွဲ့ အနေနဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့
မြေနေရာ မဟုတ်တော့ စာချုပ်ပါအတိုင်း ရွှေ့ရမှာပဲ။
ပွဲရုံတွေက အခြေတကျ ရှိနေပြီးတော့ ဈေးကွက်ခိုင်မာ
နေတော့ ဘယ်ပြောင်းချင်မလဲ”ဟု
၎င်းက ဆက်လက် ပြောကြားသည်။

ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံများကို ရွှေပြည်သာမြို့နယ်
အတွင်းရှိ ဝါးတရာသို့ ရွှေ့ပြောင်းပေးရန် တိုင်းအစိုးရ
အဖွဲ့က စီစဉ်ထားရာ အစိုးရသစ် လက်ထက်တွင်
ဆောင်ရွက်သွားမည့် ရန်ကုန်မြို့ ပြဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်းများ၌ မြို့တွင်း မြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်း
စီမံကိန်းများ၊ ရန်ကုန်တောင်ပိုင်းခရိုင် စီမံကိန်းများအပြင်
ဝါးတရာတံတား စီမံကိန်းလည်း ပါဝင်ကြောင်း
ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ပြောဆိုသည်။

“တပ်မတော်ဘက်က စာချုပ်နဲ့ ငှားဖို့ သဘောမတူတော့
ကုန်စည်ဒိုင်ဝင်းက ပြောင်းတော့ပြောင်းရမှာပဲ။ ဒါပေမဲ့
ပွဲရုံနေရာတွေက အခြေကျပြီးသားမို့ ပြောင်းရွှေ့ဖို့ ၂ နှစ်နဲ့
မပြီးပြတ်ရင် အချိန် ထပ်ပေးဖို့ တိုက်တွန်းပေးမယ်”ဟု
၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံစက်မှု အသင်းချုပ်ရုံး၌ မေလ ၂၀ ရက်နေ့က
ပြုလုပ်ခဲ့သော ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေး
လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဘုရင့်နောင် ပွဲရုံနှင့်
ကုန်တင်ယာဉ်ရပ်နားစခန်း ပြောင်းရွှေ့ရမည်မှာ
၉၀ ရာခိုင်နှုန်းခန့် သေချာနေပြီဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်း ပြောကြားခဲ့ခြင်းမှာ ကုန်စည်ဒိုင်ဧရိယာရှိ
ပွဲရုံများ အလျင်အမြန် ပြောင်းရွှေ့ပေးရန် ရည်ညွန်းပြောဆို
ခြင်း မဟုတ်ကြောင်း၊ ကုန်တင်ယာဉ်ရပ်နားစခန်း ဖယ်ရှား
ရမည်မှာ ၉၀ ရာခိုင်နှုန်းခန့် သေချာနေပြီဟု ပြောခြင်း
ဖြစ်ကြောင်း ဦးရန်ရှင်းက ထပ်လောင်း ပြောဆိုသည်။

“ကားကြီးဝင်း (ကုန်တင်ယာဉ် ရပ်နားစခန်း) ပြောင်းလိုက်
ရင် ပိုကောင်းသွားမှာ ဆိုတော့ အဆင်ပြေတယ်။ ပွဲရုံတွေ
ပြောင်းဖို့ ဘယ်လိုမှ အဆင်မပြေဘူး။ လောလောဆယ်
ပွဲရုံတွေ ပေါင်းပြီးတော့ ဦးဆောင်ကော်မတီ ဖွဲ့ထားတယ်။
ဒီအဖွဲ့ကနေ ကာကွယ်ရေး ဝန်ကြီးဌာနကို မြေဂရန်
သက်တမ်းတိုး ငှားပေးဖို့ တောင်းဆိုမယ်”ဟု
Ake Si Tan General Trading ကုမ္ပဏီလီမိတက်မှ
ဥက္ကဋ္ဌ ဦးခင်ဟန်က မှတ်ချက်ပြုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီက မြေပိုင်ရှင်
ဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာနထံမှ နှစ် ၃၀ စာချုပ်ဖြင့်
ငှားရမ်းကာ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နား
စခန်းကို ၁၉၉၀ ပြည့်နှစ်ကစ၍ အသုံးပြုခဲ့ကြောင်း၊ အဆိုပါ
စာချုပ်အရ ၂၀၂၀ ပြည့်နှစ်တွင် စာချုပ်သက်တမ်း
ကုန်ဆုံးမည်ဖြစ်ရာ ကာကွယ်ရေးဝန်ကြီး ဌာနအနေနှင့်
ထပ်မံ ငှားပေးရန် ညှိနှိုင်းမှုကို ငြင်းဆန်ထားခြင်းဖြစ်ကြောင်း
ယင်း ကော်မတီထံမှ သိရသည်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင်ရှိသော ဘုရင့်နောင်
ကုန်စည်ဒိုင်တွင် ပွဲရုံဆိုင်ခန်းပေါင်း ၁၀ဝ၀ နီးပါးရှိပြီး
မြန်မာနိုင်ငံ၏ အကြီးဆုံး လက်ကား ကုန်စည် ဈေးကွက်
တည်ရှိရာ နေရာဖြစ်သည်။

*****

၂။ "မြကျွန်းသာဥယျာဉ်အတွင်းရှိ အချို့အဆောက်အအုံများ
ပြန်လည်ဖြိုဖျက်ရမည်"

မြကျွန်းသာဥယျာဉ်အတွင်းရှိ အဆောက်အအုံ စီမံကိန်းများ
အနက် စာချုပ်ပါသတ်မှတ်ချက်ဖောက်ဖျက်၍ အင်လျားကန်နှင့်
နီးကပ်စွာ တည်ဆောက်ထားသည့် အဆောက်အအုံများကို
ဖြိုဖျက်ခိုင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်
ဦးမောင်မောင်စိုး က ပြောသည်။

စီမံကိန်းလုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများသည်
အဆောက်အအုံများ တည်ဆောက်ရာတွင်စာချုပ်ပါ သတ်မှတ်
ချက်ကို ဖောက်ဖျက်ပြီး အင်းလျားကန်နှင့် အလွန်နီးကပ်စွာ
တည်ဆောက်ထားခြင်းကြောင့် ရေရှည်တွင် အင်းလျားကန်၏
အနေအထား ပျက်စီးယိုယွင်း သွားလိမ့်မည်ဟုလည်း
မေ ၂၂ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်
အစည်းအဝေးတွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ အလေ့အကျင့်အရ တကယ် တန်ဖိုးရှိတဲ့
မြစ်ချောင်းတို့၊ ကန်တို့ကိုကျောပေးဆောက်ပြီး အိမ်သာ
လုပ်တယ်။
အခု မြကျွန်းသာမှာ ဆောက်နေတဲ့ အဆောက်အအုံတွေ
ဆိုရင်လည်း ရေထိန်းနံရံမပြောနဲ့ ရေထဲအထိဆင်းပြီး
လုပ်နေတယ်။
ပေ ၃၀ က အနည်းဆုံးတော့ကွာရမယ်။ ဖျက်လည်း ဖျက်ရ
ပါလိမ့်မယ်။ ခွင့်လည်း ခွင့်မပြုပါဘူး။ နောက်တစ်ခုက
ရှေ့နဲ့နောက်နဲ့လည်း ပြောင်းရပါလိမ့်မယ်"ဟု
၎င်းက ပြောသည်။

မြကျွန်းသာ ဥယျာဉ်အတွင်းတွင် နိုင်ငံတကာ အဆင့်မီ
ကစားကွင်း၊ ဈေးဝယ်စင်တာ၊ ရေပေါ်ဂေါက်ကွင်းနှင့်
စားသောက်ဆိုင်များ ဆောက်လုပ်ရန် ယခင်အစိုးရက
ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း အများပြည်သူ
ကန့်ကွက်မှုများကြောင့် ထိုစီမံကိန်းများကို ရပ်ဆိုင်း
ထားခဲ့ရသည်။

မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်
ရထားသည့် ကုမ္ပဏီ ရှစ်ခုမှာ Inya Palace, Magic Land,
Ryaji, Nay La Pwint, Eden Group,
Good Shan Brother,Myanmar Golden Star နှင့်
Max Myanmar ကုမ္ပဏီတို့ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်
စီးပွားရေးကော်မတီ ဥက္ကဋ္ဌဖြစ်သည့်လွှတ်တော်
ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက Ryaji ကုမ္ပဏီသည် မြေပြင်
အနောက်ဘက်ရှိ ကုန်းပတ်မှာရေထိန်းနံရံ နယ်နိမိတ်အထိ
ထိစပ်နေပြီး Magic Land ကုမ္ပဏီမှာလည်း မြေအောက်ခန်း
တစ်ထပ်အပါအ၀င် နှစ်ထပ်တိုက်အဆောက်အအုံမှာ
ရေထိန်းနံရံ နယ်နိမိတ် ပေ ၃၀ အတွင်းသို့နှစ်ပေရောက်ရှိ
နေသည်ဟု လွှတ်တော်သို့ အသိပေးခဲ့သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ၏ အဆိုအရ
Ryaji , Magic Land ကုမ္ပဏီတို့အပြင် Nay La Pwint နှင့်
Myanmar Golden Star ကုမ္ပဏီတို့က ဆောက်လုပ်
လျက်ရှိသည့်အဆောက်အအုံများသည်လည်း စာချုပ်ပါ
သတ်မှတ်ချက်ကို ဖောက်ဖျက်ကာ အင်းလျားကန်နှင့်အလွန်
နီးကပ်စွာရှိနေသည်ဟု သိရပြီး ယင်းအဆောက်အအုံများ
ကိုလည်း ဖြိုဖျက်မည်ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက
လွှတ်တော်ကို ပြောကြားထားသည်။

"စာချုပ်ထဲမှာ ခွင့်ပြုချက်နဲ့ ကွဲလွဲနေကြောင်း စစ်ဆေးတွေ့ရှိ
ရပါက ချက်ချင်း ဖျက်သိမ်းပေးရမယ်လို့ ပါရှိပါတယ်" ဟု
ဒေါ်စန္ဒာမင်းက ပြောသည်။

ထို့ပြင် မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း လက်ရှိ စတင်
ဆောက်လုပ်ခြင်း မရှိသေးသော Eden Group နှင့်
Max Myanmar ကုမ္ပဏီတို့ကိုလည်း အများပြည်သူအကျိုးငှာ
မြေငှားရမ်းမှုကိစ္စရပ်များကို ပြန်လည်ရုပ်သိမ်းပေးနိုင်ရန်
အတွက် ၎င်းကုမ္ပဏီများနှင့် သက်ဆိုင်ရာဌာနတို့ ပြန်လည်
ညှိနှိုင်းပေးနိုင်ခြင်း ရှိမရှိကိုလည်း အစိုးရအား
မေးမြန်းခဲ့သည်။

သို့သော် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လုပ်ငန်း
အကောင်အထည် မဖော်ရသေးသည့်ကုမ္ပဏီများအပါအ၀င်
လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများကို လုပ်ကိုင်ခွင့်
ပြန်လည်ရုပ်သိမ်းမည်မဟုတ်သော်လည်း လုပ်ငန်းမလုပ်ကိုင်
နိုင်တော့သည့် ကုမ္ပဏီများကိုမူ လုပ်ကိုင်ခွင့် ပြန်လည်
ရုပ်သိမ်းမည်ဟု လွှတ်တော်သို့ ပြန်လည်ဖြေကြားခဲ့သည်။

"မလုပ်နိုင်ရင်တော့ ပြန်အပ်၊ လုပ်နိုင်လျက်သားနဲ့ သိမ်းရင်
လည်း မကောင်းဘူး။ ကျွန်တော်တို့ချမှတ်ထားတဲ့ စည်းကမ်း
အတိုင်း လုပ်နိုင်တယ်ဆိုရင်တော့ ကြိုဆိုတယ်" ဟု
၎င်းက ပြောသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ ဦးဆောင်သည့် အစိုးရ
လက်ထက်တွင် မြကျွန်းသာအပန်းဖြေဥယျာဉ်ကို အဆင့်မြှင့်
တင်ရန်ဟုဆိုကာ အဆိုပါ ကုမ္ပဏီရှစ်ခုကို နှစ် ၆၀ ငှားရမ်းမှု
စနစ်ဖြင့် လုပ်ငန်း လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုကာ
ငှားရမ်းခဲ့သည်။

သို့သော် ၎င်းတို့ကို စာချုပ်ပါ စည်းမျဉ်းများအတိုင်း မဟုတ်ဘဲ
စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံများကိုပါ
ဆောက်လုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

Max Myanmar ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးချစ်က
ဆောက်လုပ်ရေးလုပ်ငန်းများကိုရပ်ဆိုင်းထားရသည်မှာ
ယနေ့အချိန်ထိဖြစ်ပြီး မည်သည့် ဆောက်လုပ်ရေးလုပ်ငန်း
ကိုမှအကောင်အထည်ဖော်နေခြင်း မရှိသေးဟု
မတ် ၂၂ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

ကုမ္ပဏီများနှင့် ယခင်အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့်
စာချုပ်အရ လုပ်ငန်းများ၏ ပထမအဆင့်ကို၂၀၁၅ ခုနှစ်
မတ်လတွင် အပြီးတည်ဆောက်သွားရမည်ဖြစ်ပြီး ဒုတိယ
အဆင့်ကိုမူ ယခုနှစ်အတွင်းအပြီးတည်ဆောက်ရမည်
ဖြစ်သည်။

(ရဲမွန်နှင့် အေးငြိမ်းဝင်း)

credit - The Voice & The Myanmar Times

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment